Wednesday, December 31, 2008

မင်္ဂလာနှစ်သစ် ၂၀၀၉

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။
တစ်နှစ်ကုန်သွားပြန်ပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်ပါတယ်။ ဒါမှမဟုတ်တော်တော် မြန်တယ်လို့ ထင်ရပါတယ်။
စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။
“ ဘယ်ကိုသွားသွား အသွားခရီးထက် အပြန်ခရီးက ပိုမြန်တယ်လို့ ထင်ရတတ်တယ်“တဲ့
အဲဒီတော့ သင် အချိန်တွေကုန်တာ မြန်နေတယ်လို့ ထင်ရင်တော့ အပြန်ခရီးကို ရောက်နေပြီလို့ မှတ်ယူလိုက်ပါတဲ့။

ပြီးတော့ စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ ဒီလိုရေးထားတယ်။
တကယ်တော့ အချိန်တွေက မြန်တယ်လို့ ကျွန်တော်တို့ အသက်အရွယ်ကြောင့်ထင်ရတာတဲ့။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသက် (၅) နှစ်တုံးက (၁) နှစ်ဆိုတာ ကျွန်တော်တို့ ဘ၀မှာ ဖြတ်သန်းခဲ့တဲ့ အချိန်ရဲ့ ငါးပုံတစ်ပုံ (၁/၅)၊ ကျွန်တော်တို့ ၁၀ နှစ်ဆိုရင် (၁) နှစ်ဆိုတာ ကျွန်တော်တို့ အသက်ရဲ့ ဆယ်ပုံ တစ်ပုံ (၁/၁၀)၊ တကယ်လို့ အသက်ငါးဆယ်ဆိုရင်တော့ အပုံ ငါးဆယ်ပုံတစ်ပုံ (၁/၅၀)။ ဒါကြောင့် အသက်ကြီးလာလေလေ အချိန်က ပိုမြန်တယ်လို့ ထင်ရလေလေပဲတဲ့။

နှစ်သစ်မှာ အားလုံးချမ်းမြေ့ပါစေ။


Read More...

Monday, December 29, 2008

ကြားဖူးနားဝ ဟာသများ

ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး ၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။


သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

Read More...

Friday, December 26, 2008

သရဲပုံပြင်

“အမလေး ထုတ်တန်းပေါ်မှာ လျှာတန်းလန်းကြီးနဲ့“
“ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ နောက်မှာ မည်းမည်းရှည်ရှည်ကြီး“
“သစ်ပင်ပေါ်က ဇောက်ထိုးကြီးဆင်းလာတာ“
စသဖြင့် ကျွန်တော်တို့ သည် သရဲအကြောင်းများစွာကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြသည်။ သင်သည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား များကြည့်ရှု့ပါက The Ring ကဲ့သို့ သော တီဗွီထဲမှ ထွက်လာသော သရဲမ၊ Grudge ကဲ့သို့သော ဂျပန်သရဲကား၊ The Eye ကဲ့သို့သော မျက်စိအစားထိုးထားသူ ကောင်မလေး မှ နာနာဘာဝမျိုးစုံမြင်နေရသော သည်းထိတ်ဖွယ်သရဲကား စသည်တို့ ကိုတွေ့ရပေလိမ့်မည်။ ထို့အတူ အင်တာနက် စာမျက်နှာတွင်လည်း တကယ့်သရဲ အစစ်ပုံဆိုပြီး ဓါတ်ပုံ၊ဗွီဒီယို၊ အသံများစွာ ကြည့်ရှု့ နားဆင်နိုင်သေး သည်။ ဟုတ်မဟုတ်မည်သူမှ ရေရေရာရာမသိ။ ဆိုလိုချင်သည်မှာ နာနာဘာ ၀၊သရဲတစ္ဆေနှင့် ပတ်သက်သော အကြောင်းအရာများသည် ကျွန်တော်တို့ အတွက် အစိမ်းသက် သက်မဟုတ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်မြင်နေကြားနေရသည်။

သို့ဖြစ်၍ သရဲတစ်ကယ်ရှိလားဟုမေးသော်
“ဟာသေချာပေါက်ရှိတာပေါ့“ ဟူသော ယတိပြတ်အဖြေမျိုး။
“တကယ်မရှိပါဘူးကွာ အလကား လူတွေကိုက လျှောက်ပြောနေတာ“ ဟူသော တစ်ဖက်သတ်အဖြေ။
“ရှိမရှိက မင်းစိတ်ပေါ်မှာမူတည်တယ်။ မင်းကရှိတယ်လို့ ယူဆရင်ရှိတယ်၊ မရှိဘူးလို့ယူဆရင်မရှိဘူး“
ဟူသောမရေမရာအဖြေ။
“ရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒီကိစ္စက တို့လူတွေနဲ့ တိုက်ရိုက် မပတ်သက်နိုင်ဘူး“ ဟူသော ၀ါး တားတား အဖြေမျိုး တွေသာ ကြားခဲ့ရပါသည်။
သေချာပေါက်ရှိတာပေါ့ဆိုသော လူကိုလည်း သေချာပေါက်ပြောစမ်းပါဆိုလျှင်ဝါးတားတားပင်။ သရဲ ဆိုတာလုံးသလားရှည်သလားပြားသလား သေချာမပြောနိုင်။ ကြားဖူးနားဝသာပြောနိုင်သည်။ မရှိဘူးဆို တဲ့သူကို ဒါဆို သင်္ချိုင်းကုန်းက ဇရပ်မှာ တစ်ယောက်ထည်းသွားအိပ်ပြဗျာ ဟုပြောလျှင့် ဘုကြည့် ကြည့်ပြီး “တို့ကဒီလို အကျိုးမရှိတာတွေမလုပ်ဘူး“ ဟုပြောတတ်သည်။ မရေမရာဝါးတားတား လူများကိုမေးမိ လျှင်ပိုဆိုးသေး။ အစကတည်းက ကိုယ်က လည်ချင်ချင်ပါဆို ပိုရှုပ်ကုန်သည်။
ကျွန်တော့် အနေနဲ့ကတော့ ခေတ်ပညာတတ်လူငယ် သိပံ္ပသမားဟု ကိုယ့်ကိုကိုယ်ယူဆထား သဖြင့် အမှန်အတိုင်းဝန်ခံရလျှင် သရဲတစ္ဆေကို ယုံသည်ဟုပြောရမှာ ရှက်သည်။ သို့သော် သေချာတာ တစ်ခုက ကျွန်တော် သရဲကြောက်တတ်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် မယုံဘူးဆိုသောသူသည် မည်သည့် နည်းနှင့်မျှမကြောက်နိုင်။ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ရှိသည်ဟုယုံကြည်နေသဖြင့်သာ ကြောက်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ညဘက်အပြင်မထွက်နဲ့ ကျားဆိုးကြီးရှိတယ်ဆိုလျှင် ထိုကလေးတကယ်မထွက်ရဲပေ။ ရှိသည်ဟု သူယုံကြည်သောကြောင့်ဖြစ် သည်။ ကျွန်တော့်ကို ထိုသို့ပြောလားလျှင်ကား ရယ်မိမည်သာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျားဆိုးကြီး တကယ်မရှိဟု တစ်ရာရာခိုင်နှုန်းသေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သရဲတစ္ဆေမရှိဘူး ဆိုတာ ရာနှုန်းပြည့်သေချာလျှင်ကြောက်စရာမလိုပါ။ သင်ခဏရပ်ပြီးစဉ်းစားကြည့်ပါ။ သင်ကြောက်တတ် မကြောက်တတ်ဘူးလား။ ကြောက်တတ်လျှင် သင်သရဲတစ္ဆေရှိသည်ကို ယုံကြည်၍ဖြစ်သည်။
သရဲတကယ်မကြောက်တတ်ဘူးဆိုသောသူ တစ်ဦးသာတွေ့ဖူးသည်။ ဒါတောင်ကိုယ်တိုင်တွေ့ဖူးခြင်းမ တဆင့်ခံသာ ကြားဖူးခြင်းဖြစ်သည်။ ထိုသူသည် ပင်လယ်ဘူးဖက်က ဆေးရုံဝန်ထမ်းဟုသိရသည်။ သူသည် သရဲကို လုံးဝမယုံ။ ထို့အတွက် မည့်သည့် လောင်းကြေးလုပ်လုပ် လုပ်ရဲသည်။ ရင်ခွဲရုံတွင် လောင်းကြေးဖြင့် တစ်ယောက်ထဲအိပ်ပြသည်။ သင်္ချိုင်းသို့သွားပြီး လောလောလတ်လတ်သေထားသောသူ ၏အုတ်ဂူတွင် ထုံးသွားဝိုင်းပြသည်။ စသဖြင့် လောင်းကြေးထပ်တိုင်းသူနိုင်သည်သာဖြစ်သည်။ ထူးဆန်းပေစွ။ သူ့လို စိတ်စွမ်းအင်မျိုး တစ်ခါတစ်လေတော့ရချင်သည်။
တကယ်တော့ သရဲကြောက် မကြောက် ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အခြေအနေဖြင့်လည်း ဆိုင်သည် ဟုထင်ပါသည်။ စိတ်အင်အားမြင့်မား နေသည့်အချိန်တွင် သိပ်မကြောက်ပဲ စိတ်အင်အား နိမ့်ကျ နေသည့် အချိန်တွင်ပိုပြီး ကြောက်တတ်သည်ဟုထင်ပါသည်။ ကျွန်တော်ဆိုလျှင် The Ring ဇာတ်ကားကို ကြည့်ပြီး နှစ်ပတ်လောက် အိပ်နေကျ အိပ်ခန်းတွင်ပင် ညအိပ်ရသည်မှာ ခပ်လန့် လန့် ဖြစ်နေသည်။ မယုံမရှိပါနှင့်။ သို့သော် ဇာတ်ကားကြည့်သည်ဆိုသည်မှာ သမန်ကာရှန်ကာမကြည့်ပဲ ရသခံစားပြီး တစ်ကားလုံးကို တစ် ကွက် မှ မလွတ်တန်း သေသေချာချာ တစ်ယောက်တည်းကြည့်ကြည့်ပါ။ လူတော်တော်များများ ထိုကဲ့သို့ ဖြစ်မည်ဟုထင်ပါသည်။ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင်ကျွန်တော် ထက် စိတ်အင်အား ပိုကောင်း သည် ဟု ချီးကျူးပါသည်။
စိတ်အင်အားဆိုမှာ ဘာကိုဆိုလိုသည်းဟုမေးသော် ကျွန်တော်လည်းသေချာမသိပါ။ စိတ်ပညာရှင်များ ဆိုလျှင်တော့သေချာရှင်းပြ နိုင်မည်ထင်ပါသည်။ ဘာသာရေးလုပ်လျှင်တော့ စိတ်အင်အား ပိုကောင်းမည် ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြောကြတာရှိသည်။ ဘာသာရေးလုပ် တယ်ထား ပါတော့ ဗုဒ္ဓဘာသာ ဘုရားစာရွတ်လို့ ခရစ်ယာန်သရဲက ကြောက်ပါ့မလားဟု ပြောတတ်ကြသည်။ ကျွန် တော်တော့ ထိုသို့ မထင်ပါ။ ဘာသာရေးဆိုသည်မှာ မိမိက တကယ်ယုံ ကြည်လျှင် သူ့နည်းသူ့ဟန်နှင့် အနည်းနဲ့အများတော့ အကျိုးရှိမည်ဟုထင်ပါသည်။ တစ်ခုခုကို ယုံယုံကြည်ကြည်လုပ်လျှင် စိတ်အင်အား ကောင်းလာမည်ဖြစ်သည်။ ဥပမာ ရန်သူကို ကာကွယ်ရန်အတွက် သင့်မှာ လှံဖြစ်စေ၊ဓါးဖြစ်စေ၊ သေနတ် ဖြစ်စေ လက်နက်တစ်ခုခုရှိဖို့သာလိုပါသည်။ မည်သည့် လက်နက်မဆို အသုံးဝင်ပါသည်။
ထို့ကြောင့် တစ္ဆေသရဲနာနဘာဝ ကိစ္စများသည် မည်သူကမှ အတိအကျ ရှိသည်မရှိဘူးဟု မဆုံးဖြတ်နိုင် သေးဘူးဟုထင်ပါသည်။ ပညာရှင်အချို့ က Research လုပ်နေသောလည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် လက်ခံနိုင်သော အဖြေမပေးနိုင်သေးပါ။ မည့်သည့် ဘာသာရေးကမှလည်း တိကျသော ငြင်း၍မရသော အဖြေမပေးနိုင်ပါ။ လောလောဆယ်တော့ သင်၏စိတ်၊ ခံယူချက်အပေါ်မူတည်မည်ဟုထင်ပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Thursday, December 25, 2008

ကျွန်တော်မသိတဲ့ ကျွန်တော်

မိမိကိုယ်သာကိုးကွယ်ရာဟု မြတ်စွာဘုရားကဟောခဲ့ပါသည်။ သို့ဆိုလျှင်မိမိကိုယ်မိမိ မည်သို့ကိုးကွယ် နည်း။ ကိုယ့်ဓါတ်ပုံကို တစ်ပေပတ်လည် ပုံကြီးချဲ့ပြီး ခပ်မြင့်မြင့်တစ်နေရာမှာ ချိတ်ထားပြီး နေတိုင်းရှိခိုးရင် ကောင်းမလား။ထို့သို့လည်းမဖြစ်သေးပါ။ အိမ်မှာ ကိုယ့်မိန်းမနဲ့ ကိုယ့် သားသမီးချည်းပဲဆိုရင် ဖြစ်နိုင်ချေရှိ သေး။ အဖေ၊အမေ၊ဦးလေး၊ဒေါ်လေး၊ ဘိုးဘွားတွေ ရှိနေလျှင်ထိုနည်းသည် မဖြစ်နိုင်။ သေချာစဉ်းစားကြည့် တော့လည်း ကိုယ့်ကိုကိုယ်ကိုးကွယ်ရအောင် ကိုယ်တိုင် ကိုငါဘာလဲ၊ဘယ်ကလာသလဲဆိုတာမသိ။ ဘာကောင်လဲဆိုတာမသိ။ ကိုယ်တိုင်က သူများလေးစားစရာ မကောင်းသည့် အပြင် ကိုယ်ကိုကိုယ်တောင် သိပ်မကြိုက် ချင်။ နောက်တော့မှ နည်းနည်းတွေးတတ်ခေါ်တတ်တဲ့ မိတ်ဆွေတစ်ယောက်က ရှင်းပြမှနားလည်သည်။ အဲလိုမဟုတ်ဘူးကွ။ မိမိကိုယ်မိမိ ကိုးကွယ်ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ဝိရိယ နဲ့ ကြိုးစား ပြီး လုပ်ရမှာကိုပြောတာ။ တို့ဘုရားက လမ်းပဲညွှန်ပြတာကွတဲ့။ သူက နောက်ထပ်အများကြီးဆက်ပြောပါ သေးသည်။ ကျွန်တော်က ခပ်ထိုင်းထိုင်းဆိုတော့ ဒီလောက်ပဲနားလည်လိုက်တယ်။

တစ်ချို့ကလည်း ကျွန်တော်တို့တွေ အားလုံးကို တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်က ဖန်တီး သည်ဟု ယုံကြည်ကြသည်။ ကျွန်တော်တော့ ဥာဏ်မမှီသဖြင့် သိပ်များများစားစားမသိပါ။ အကယ်၍တစ်စုံတစ် ယောက်က ဖန်တီးသည် ဆိုလျှင်လည်း ထိုသူ့ကို မေးခွန်းများစွာ (လူပြိန်းမေးခွန်းများသာဖြစ် ပါလိမ့်မည်) မေးချင်နေ ပါသည်။ ပထမဆုံးတစ်ခု ကတော့ သတ္တ ၀ါခြင်း သတ်ရတာ မကောင်းသော် လည်း အဘယ့် အတွက် ကြောင့် သူများအသားကို စားကောင်းအောင်ထွင်ထားပါသနည်းဟု။ ကျွန်တော်က အစားမက်သည်။ အသားလည်းကြိုက်။ ဘာဘီကျူးတို့ဘာတို့ဆိုကြားတာနှင့် သားရေယိုသည်။ သို့သော် ၀က်သတ် နွားသတ်တာရံဖန်ရံခါ မြင်ရလျှင် စားထားသမျှမြိုမကျဖြစ်ရသည်။ သို့သော် ဗိုက်ဆာလျှင် ပြန်စား ဖြစ်စမြဲ။ ထို့ကြောင့် ထိုတီထွင်သည့် တစ်စုံတစ်ယောက်များရှိခဲ့ရင် နည်းနည်းလောက် ပြန်ပြင်ပေး ဖို့တောင်းဆိုချင်သည်။ ဥပမာ ၀က်ပေါင်ခြောက်တို့၊ ဘဲကင်တို့ဆိုတာ အပင်တစ်ပင်ပင်က ခူးစားရတာမျိုး။ ပုဇွန်ထုတ် ဆိုတာမျိုးကအိမ်မှာ ပန်းအိုးသေး သေးလေးနှင့် စိုက်လို့ ရတာမျိုး။ ကျွန်တော် လက်လှမ်းမှီ သလောက်စဉ်းစားကြည့်တာပါ။ ဆရာကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ ရှိမှာပါ။ တကယ်တော့ ကျွန်တော်တို့ကမှတော်သေးတယ်။ စိတ်ဖြတ်နိုင်ရင် အသီးအရွက်ကြည့်ပဲ စားလို့ ရသေးတယ်။ အသားမှ မစားရင်သေမယ့် သတ္တ ၀ါတွေကရှိ သေးဗျ။ ကျားတို့၊ ခြင်္သေ့တို့။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ထက် တစ်ခုသာသွားပြန်ရော။ ကျွန်တော်တို့လို မစဉ်းစားတတ်တာလေ။ အဲဒီတော့ စိတ်ညစ်စရာမလိုဘူးပေါ့ဗျ။ စားစရာရှိစားလိုက်ရုံပဲ။ ပြီးတော့ လည်း ဘာဘာညာညာ တွေးနေစရာ မလိုဘူး။ ဒါလည်းတစ်မျိုးကောင်းတာပဲ။ မြင်ဘူး တယ်မဟုတ်လား ကျားတွေ၊ခြင်္သေ့တွေ သားကောင်ကို ကိုက်သတ်တာ အရှင်လတ်လတ်စားတာ။ မမြင်ဘူးရင် YouTube မှာ ရှာကြည့်ဗျာ။ အများကြီးပဲ။ တစ်ခါတစ်လေဆို သားကောင်ကမသေသေးဘူး။ စားတဲ့ သူကစားနေပြီ။ တကယ့် ဒုက္ခပဲဗျာ။ တစ်ချို့ကတော့ ဒါသဘာဝပဲတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီလိုပဲ ဖြစ်ရမှာပတဲ့။ ဒါမှ မစားရင် အဲဒီ ခြင်္သေ့က သေမှာပဲ တဲ့။ ကျွန်တော်ကတော့ အဲဒီလိုပြောတဲ့သူကို ခြင်္သေ့ စားခိုင်းပြီး အင်တာဗြူးလိုက်ချင်တယ်။ ဒါသဘာဝ နိုင်သေးလားလို့။ The Root ၀တ္ထုထဲမှာတော့ ဒုက္ခတွေ တနင့် တစ်ပိုးခံစားနေရ တဲ့ လူမည်း ကျွန်တစ်ယောက်က ညည်းတွားဖူးတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကသာ ဖန်ဆင်းတယ်ဆိုရင် သူကတော့ မာန်နတ်ကိုပဲ ကိုးကွယ်တော့မယ်တဲ့။ သူပြောတာလည်း ဟုတ်သလိုလိုပဲ။ သေချာတော့ မပြောတတ်ဘူးလေ။ ကိုယ်က ဒီလောက်ပဲတွေးတတ်တာကိုး။
ဆရာကြီးတစ်ယောက်ကတော့ သေချာရှင်းပြတယ်။ အတိတ်ကံကြောင့်တဲ့။ ကံ ကံ၏အကျိုးတဲ့။ အဲလိုမလုပ်ပါနဲကဗျာ လူပြိန်းနား လည်အောင်ရှင်းစမ်းပါလို့ပြောတော့ မင်းအရင်ဘ၀တွေ က လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ပဲတဲ့။ အကြောင်းကြောင့် အကျိုးဖြစ်တာတဲ့။ ကျွန်တော် အရင်ဘ၀တွေက ဘာတွေလုပ်သလဲမှတ်မှ မမှတ်မိပဲဗျာလို့ပြောတော့။ မှတ်မိစရာမလိုဘူး။ နောက်ဘ၀တွေ မှာကောင်းချင် ရင် ဒုက္ခအားလုံးချုပ်ငြိမ်းချင်ရင် အခုကောင်းတာလုပ်တဲ့။ ဒီလိုမှ မဟုတ်ရင် မင်း သံသရာမှာပဲ လည်နေမယ်၊ငရဲကျမယ်။ သံသရာမှာ ဒီလို ဒုက္ခတွေရှိတယ် ဆိုပြီးသေချာရှင်းပြတယ်။
နားတော့ သေချာမလည်ဘူး။ ကြောက်တော့ကြောက်တယ်ဗျာ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သ လောက်တော့ ကောင်းအောင် လုပ်တယ်။ ဒါပေမယ့်ဗျာ တစ်ခုတော့ ဘ၀င် မကျတာ ရှိတယ်။ အကျိုး ကြောင့် အကြောင်း ဖြစ်တယ်ဆိုရင် အရင်ဘ၀က လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို သိခွင့်ရ ဘာလုပ်လို့ဘာဖြစ်တယ် ဆိုတာ ဆရာစာရှင်း သလို ဘလက်ဘုတ်မှာ အမှတ်စဉ် တစ်နှစ်သုံလေး တပ်ပြီး ရှင်းပြရင် ပိုနားလည်မလား လို့ပါ။ အဲဒါမှ ရှောင်သင့်တာလည်း သေချာသိ လုပ်သင့်တာလည်း သေချာသိ ပိုကောင်း မှာပေါ့နော်။ အဲလိုပြောတော့ အဲဒီ ဆရာကြီးက ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ် ကောင်လိုကြည့်တယ်။ ပြီးတော့ သူကပြောတယ် မင်းဒါတွေကို သေချာနားလည်ချင်ရင် မင်းတစ်သက် သင်တောင်မမှီဘူးတဲ့။ အဲဒီတော့ ငါပြောသလိုပဲမှတ်ထားတဲ့။ ကျွန်တော်လည်း ဒါနဲ့ သူပြောတာကိုပဲ စာနဲ့ကိုသေချာရေးမှတ်လာခဲ့တယ်။ ကိုယ်ကမှ လိုက်မမှီတာကို။ ဟုတ်ဖူးလား။
ကျွန်တော်တို့ ဘာလို့ ဒီမှာရောက်နေတယ်။ ဘာလုပ်ရမယ်။ ဘာတွေဖြစ်မယ် ဆိုတာ ဘယ်သူက စီစဉ်နေလဲမသိဘူး။ ဒီမှာဗျာ ဆင်းရဲတဲ့သူက ဆင်းရဲ။ ချမ်းသာတဲ့သူကချမ်းသာ။ သေတဲ့သူကသေ။ ရှင်တဲ့သူကရှင်။ ကျွန်တော်ကောင်းတယ်လို့ထင်တဲ့သူတွေက ဒုက္ခရောက်၊ ကျွန်တော်ဆိုးတယ်လို့ ထင်တဲ့သူတွေက ချမ်းသာ။ ရှုပ်နေတာပဲဗျ။ ကျွန်တော့်လို လူပြိန်းတွေးတွေးရင်တော့ စနစ်ကို မကျဘူးဗျာ။ မှားရင်လည်း ခွင့်လွတ်ဗျ။ ကျွန်တော်က ဒီလောက်ပဲ စဉ်းစားတတ်တာ။ ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို မှာတော့ ဒေါက်တာငွေရက ဒီလိုပြောထားတယ်။
“ကျွန်တော် မကြောက်ပါ။ မခံချင်တာဘဲ ရှိသည်။ သည်ကိစ္စနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသူ ရှိလျှင် ထိုသူကို ကျွန်တော် ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်သည်။ သို့သော် တရားခံ ရှာမရပါ။ ပြီးတော့ ဘယ်ကို တိုင်တည်ရမည်လဲ။ ကျွန်တော့်မှာ တိုင်စရာလည်း မရှိ၊ တည်စရာလည်း မရှိ။ ကျွန်တော်က မသေချာတာတွေနှင့် အဆက်အဆံ မလုပ်ခဲ့။ ကျွန်တော့်ဘာသာ လူချည်းသက်သက် နေခဲ့သည်“ တဲ့။
ဒေါက်တာငွေရကို တွေ့ပါကကျွန်တော်ပြောချင်တာတစ်ခုသာရှိပါသည်။ အဲဒီ ပုဂ္ဂိုလ်ကိုများ တကယ် လို့တွေ့ ခဲ့ရင် ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦးလို့။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Wednesday, December 24, 2008

နှလုံသားမရှိသည့် မြို့တော်

သင်ငါးမျှား ဖူးပါသလား။ သို့တည်းမဟုတ်ငါးမျှား သူတစ်ယောက်၏ ခံစားချက်မည်သို့ရှိသည် ဟုသိပါသလား။ ငါးမျှားခြင်းအလုပ်မှာ မမြင်ရသော ရေထဲမှ တစ်စုံတစ်ခု(ငါး)ကို ရရှိရန် စိတ်လှုပ်ရှားစွာ ကြိုးစားရ ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ရေထဲသို့ငါးမျှားချိတ်ချလိုက်ယုံဖြင့် မည်သည့် ငါးအမျိုး အစားရမည် အလေးချိန်မည်မျှရှိမည် မည်သည့် အချိန်တွင်ရမည် အစရှိသဖြင့် ကြိုတင်သိရှိနေပါက သင်၏ ငါးမျှားခြင်း အလုပ်သည် စိတ်ဝင်စားစရာကောင်းတော့မည် မဟုတ်ချေ။ ထိုကဲ့သို့သော ဘာမှန်းမသိသော အရာကို မှန်းဆ၍ ကြိုးစားရခြင်းကို ကျွန်ုပ်တို့နှစ်သက်ကြပါသည်။

အကယ်၍ကျွန်ုပ်သည် ခြုံပုတ်တစ်ခုအနားတွင်ထိုင်နေလျှင်ထိုခြုံပုတ်ထဲမှာ မြွေပဲထွက်လာမလား၊ ကင်းပဲထွက်လာမလား သို့တည်းမဟုတ်ထိုခြုံပုတ်ထဲတွင် ရတနာသိုက်ပဲရှိနေမလား ထိုကဲ့သို့ သောခံစား မှု့မျိုးရှိချင်သည်။ လူတို့ ပြုပြင်ဖန်တီးထားသော ပန်းခြံထဲရှိခြုံပုတ်သည်ကား ရာနုန်းပြည့် စိတ်ချရသည်။ မည်သည့် မြွေမည်သည့် ကင်းမှမရှိသလို မည့်သည့်ရတနာသိုက်မှလည်းမရှိပါ။ လုံခြုံမှု့ အပြည့်အ၀ရှိသလို ရင်ခုန်စရာလည်းမရှိပါ။ သို့အတွက် အန္တရာယ်ရှိသောနေရာကို ပို၍နှစ်သက်ပါသလား ဟုမေးလာသော် ဤ သို့ဖြေရပါလိမ့်မည်။ ဥပမာအားဖြင့်ဖြေသော ကျွန်တော် တောလည်ထွက်လျှင် တကယ့်တော အစစ်ကို သာ လည်ချင်ပါသည်။ လှော်ကားဥယျာဉ်လိုမျိုးလူတို့ ဖန်တီးထားသည့် ဥယျာဉ်မျိုးကို သားကောင်မျိုးစုံ မည် မျှပင် ရှိပါစေ၊ မည်မျှပင်လုံခြုံစိတ်ချရပါစေ သဘောမကျပါ။ တကယ့်တော အစစ်ကို အကာအကွယ် လက်နက်ဆေးဝါး အပြည့် အစုံဖြင့်သွားခြင်းကို ပိုမိုနှစ်သက်ပါသည်။ ထို့ကြောင့် လက်တွေ့ ဘ၀ တွင်လည်း အန္တရာယ်ရှိပါစေဦး မိမိအရည်အချင်း၊ မိမိ၏ကြိုးစားအားထုတ်မှု့ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင် သောအခွင့် အလမ်းရှိသည့် နေရာ တွင်သာ နေထိုင်လိုပါသည်။
ကျွန်ုပ်နေထိုင်သော နှလုံးသား မရှိသည့်မြို့တော်သည် ရာနုန်းပြည့် လုံခြုံ သည်။ ရုပ်ဝတ္ထုပစ္စည်း အတွက် စိုးစဉ်းမှ ပူပန်စရာမရှိ။ လေကောင်းလေသန့်အတွက် နောက်ဆုံးပေါ် လေအေးပေး စက်ကြီး များရှိသည်။ ရှု့မျှော်ခင်းကြည့်ရန်အတွက် အကောင်းစား ရုပ်မြင်သံကြားစက် ကြီများရှိသည်။ လမင်း၏ အလင်းရောင်မလို။ ထိုထက်ပိုလင်းသော နီယွန်မီးလုံးမြောက်များစွာရှိသည်။ သစ်ပင်ပန်းမန်များ အမျိုးစားစုံ လင် စွာမြောက်များစွာ ရှိသော်လည်း ပန်းအိုး အကြီးစားထဲတွင် စိုက်ထားသော လွတ်လပ်စွာရှင် သန်ခွင့်မရသော သစ်ပင်များ ဟုသာမြင်မိသည်။ အရာရာအတွက် အကောင်းစား ရုပ်ဝတ္ထု ပစ္စည်းများ ရှိသည်။ သို့သော် လည်း ရင်ခုန်စရာမရှိပါ။
စာရေးဆရာကြီးတစ်ဦးရေးသားသည် ကိုဖတ်ဖူးပါသည်။ ငှက်လှောင် အိမ်ကလေး ကို မည်မျှ မွမ်းမံ ပါစေ အထဲမှ ငှက်ကလေးကိုအစာရေစာ ၀၀လင်လင်မကျွေးလျှင် အဘယ်မှာ အဓိပ္ပာယ်ရှိပါ မည်နည်း ဟုဆိုထားသည်။ ကျွန်တော်နေထိုင်သော နှလုံးသားမရှိသည့် မြို့တော်တွင် ရွေပိန်းချ လှောင်အိမ်များ အတွင်းမှ ပိန်လှီပြီး အသွေးအမွှေးမလှတော့သော ငှက်ကလေး မြောက်များ စွာ တွေ့ခဲ့ ရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

ကာတွန်း(၁)

ရယ်စရာ တွေးစရာ ကာတွန်းလေးတွေပါ။
http://www.time.com/time/cartoons


http://www.funny-games.biz/pictures/745-silly-colleagues.html



http://www.funny-games.biz/pictures/808-terror-school.html


http://www.funny-games.biz/pictures/852-human-evolution.html

Read More...

Sunday, December 21, 2008

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၂)


ကျွန်တော့် အမေကို အခြားသူများက ကပ်စေးနဲသည်ဟု ဆိုကြလေသည်။ အချို့ကမူ စည်းစနစ်ကျသည် ဟုဆိုသည်။ ကပ်စေးနဲ သည်ဟုဆိုလျှင် အပျက်သဘောတွေးခြင်းဖြစ်ပြီး စည်းစနစ်ကျသည်ဟု တွေးလျှင် အပြုသဘောတွေးခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့် အမေသည် အနည်းငယ် နှမြောတတ် သူတစ်ဦးဟုထင်ပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ အိမ်ထောင်ရှင်မတစ်ဦးအနေနှင့် အလေ အလွင့် နည်းပါးစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းရမည် မဟုတ်ပါလား။ ကျွန်တော်တို့အိမ်တွင်လည်း မည် သူ ကမှ စေ့စေ့စပ်စပ်မရှိသဖြင့် အမေမှ မထိန်းသိမ်းလျှင်လည်း အလေအလွင့်က တော်တော်များ မည် ဖြစ်သည်။ ထို့ကြောင့် အမေ၏ နှမြောတတ်သော အကျင့်သည် ကျွန်တော်တို့ မိသားစုထဲတွင် အရေးပါသလို တစ်ခါ တစ်ခါရယ်စရာ (အကောင်းဘက်ကပြောခြင်းဖြစ်သည်)လည်း ဖြစ်တတ်လေသည်။

တစ်ညသော် ကျွန်တော်တို့ မိသားစု အားလုံးအိပ်ယာဝင်ကြသည့် အချိန်တွင် အောက်ထပ် ဧည့်ခန်းထဲမှ အသံကြားသဖြင့် ကျွန်တော် ဆင်းကြည့်ရာ အမေ့ကို ဆက်တီခုံပေါ်တွင် တစ်ယောက်တည်း ထိုင်ပြီး ဘုရားစာ ရွတ်နေသည်ကိုတွေ့ ရသည်။ တွေ့ရိုးတွေ့ စဉ်မဟုတ်သဖြင့် ကျွန်တော်အံ့သြသွား ပြီး အမေ့ကိုမေးလိုက်သည်။ “ အမေ မအိပ် သေးဘူးလား ဘာလုပ်နေတာတုံး“ အမေကမော့ ကြည့်ပြီး “အေးဒီမှာ ခြင်ဆေး ခွေလေး မကုန်သေးလို့ထိုင်နေတာ“
ကြည့်လိုက် တော့ ခြင်ဆေးခွေလေးက လက်တစ်ဆစ် လောက်သေးသေးလေး ကျန်နေခြင်းဖြစ်သည်။ မီးငြိမ်းလိုက် လျှင်လည်း နောက်တစ်ခါ ပြန်ထွန်းရမည် မဟုတ်တော့ချေ။ အမေက ဒီခြင်ဆေးခွေလေးကို သူ့ဟာသူ ကုန်သွား အောင်ထွန်းထားခဲ့ရမည်ကို လည်း မသိစိတ်က နှမြောနေပုံရသည်။ အမေ့ စိတ်ကူးထဲတွင် ခြင်ဆေး ထွန်းထားလျှင်လူထိုင်နေမှ အကျိုးရှိမည်ဟူသော အချက်သာ လောလော ဆယ်ရှိနေသည်ဟုထင်သည်။ ထိုကြောင့် အိပ်ချင်ရက်နှင့် အပင်ပန်းခံပြီး ပေထိုင်နေခြင်းဖြစ်လေသည်။ တစ်ခါအလေ လူများမှာ အဲလို အတွေးလွန်ပြီး အတွေးချော်သွားတတ်သည်။
ထိုနည်း၎င်းပင် ကျွန်တော်၏ အစ်ကိုဝမ်းကွဲတစ်ယောက်လည်းဖြစ်ဖူးသည်။ သူသည် ကျွန်တော့် အမေဖက်မှ ဖြစ်ပြီး လူလတ်ပိုင်းစီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ စီးပွားရေးတွက်တွက်တတ်သည်။ တစ်ခုခုရင်းနှီးပြီး လျှင် အကျိုးအမြတ် တစ်ခုခုတော့ ပြန်ရမှ ဖြစ်မည် ဟူသော သူမျိုးဖြစ်သည်။ တစ်ခါသော် နိုင်ငံခြားဇာတ်ကားတစ်ကား ရုပ်ရှင်ရုံတွင် ပြသရာသူကအရင်ကြည့်ပြီး အလွန်ကောင်းသဖြင့် ဆွေမျိုး များကြည့်ရန် နောက်ရက်တွင် လက်မှတ်ငါးစောင်ဝယ်ခဲ့ လေသည်။ ရုပ်ရှင်သွားခါနီးတွင် တစ်ယောက်က အရေးကြီး ကိစ္စပေါ်လာသဖြင့် မလိုက်နိုင်ခဲ့ရာ အခြားလူတစ်ယောက် ကို လူစားထိုးရန်ရှာဖွေရာ ကံဆိုးစွာ ပင်ဆွေမျိုးမိတ်ဆွေများထဲမှ မည်သူကမှ မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ရုပ်ရှင်ရုံတွင် ပိုနေသော လက်မှတ်တစ်စောင်ကို ပြန်ရောင်းရန် ကြိုးစားရာလည်း ၀ယ်မည့် သူရှာမတွေ့ပါ။ ကြံရာမရသည့် အဆုံးတွင် ထိုအစ်ကို သည် အနွေးထည်လေး ၀တ်ပြီး ရုပ်ရှင်ရုံထဲသို့လိုက်ထိုင်ကာ ဇာတ်ကားပြီးသည် အထိထိုင်ခုံတွင် ထိုင်အိပ်နေပါသည်။ ၀ယ် ထား သည့် ထိုင်ခုံ အလဟသ အဖြစ်မခံနိုင်လို့ တန်အောင် အပင်ပန်းခံပြီး ထိုင်ခုံပေါ်တွင် လာအိပ်ခြင်းဖြစ်လေသည်။
လူများမှာ အကြောင်းအရာတစ်ခုတည်းကို ဂရုစိုက်လွန်းလျှင် ထိုကဲ့သို့ ရံဖန်ရံခါဖြစ်တတ်လေသည် ဟုထင်ပါသည်။ ထိုကိစ္စများ ကိုနောင်တွင် ပြန်ပြောသော အခါရယ်စရာ အကြောင်းအရာများအဖြစ် ကျန်ရစ်ခဲ့ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ဟုသာရေရွတ် လိုက်ပါတော့သည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

Saturday, December 20, 2008

ကြားဖူးနားဝဟာသများ

ကြားဖူးနားဝဟာသများဖြစ်ပါသည်။ မူပိုင်ရှိလျှင် အသိပေးပါရန်။
သူရဲကောင်းရွေးခြယ်ပွဲ
တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ် ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင် ၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စပါပြီခင်ဗျား။ “

ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။ ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ် ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့ အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။ ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။

(နိုင်ငံခြားဟာသ)
နယ်စပ်မျဉ်း
ပိုလန်နိုင်ငံနှင့် ရုရားနိုင်ငံ နယ်စပ်မျဉ်းဆွဲသော အဖွဲ့ သည် လယ်သမားကြီး တစ်ဦးပိုင်ဆိုင်သော လယ်မြေများသည် နယ်စပ်မျဉ်း ကိုခွနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိုလယ်သမား ကြီး အား သွားရောက်မေးမြန်းလေသည်။
“ခင်ဗျားရဲ့ လယ်မြေတွေကို ပိုလန်ဘက်ထည့် ဆွဲရမှာလားရုရှားဘက်ကို ထည့် ပေးရမလား “ ဟုမေးရာ ထိုလယ်သမားကြီးက အတန်ကြာ စဉ်းစားပြီး
“အင်း ပိုလန်ဘက်ပဲထည့် လိုက်ဗျာ ရုရားဆောင်းကျွန်တော်မခံနိုင်ဘူး“ ဟူ၏။
www.walkinginthedesert.blogspot.com

Read More...

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၁)

ဆရာဆွေမင်း(ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းထဲမှ မုဆိုးကျော် ဦးတွတ်ပီ၏ တပည့်ကျော် ဗိုက်ကလေး ပြောနေကျ စကား “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ကိုခေါင်းစဉ်အဖြစ် အသုံးပြုထားပါ သည်။
*********************************************************************
ဖော်ပြပါပုံမှာ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရှိဆေးရုံ တွင်ရှိသော ကြော်ငြာသင်ပုန်းတစ်ခုပုံဖြစ်လေသည်။ ဆေးရုံများတွင် ထိုကဲ့သို့သော ကြော်ငြာသင်ပုန်းများ ဌာနတိုင်းလိုလိုတွင်ရှိသည်။ ထိုကြော်ငြာသင်ပုန်းရှိ စာများမှာ ထိုဆေးရုံတွင် တတ်ရောက်ကုသခဲ့သော လူနာများ ဆေးရုံမှ ဆင်းသောအခါတွင် ရေးသားသွားခဲ့ ကြသော ကျေးဇူးတင်လွာများဖြစ်ပါသည်။ လူနာကိုယ်တိုင်သော်ဖြစ်စေ၊ လူနာ၏ ဆွေမျိုးမိတ်ဆွေများမှ ဖြစ်စေ ဆေးရုံတွင် နေထိုင်စဉ်အတွင်း တွင် ဆေးရုံရှိ ဆရာဝန်ကြီးများ၊ သူနာပြုများ နှင့် အခြားသော ၀န်ထမ်း များမှ မိမိတို့ကို နွေးနွေးထွေးထွေး ပျုပျုငှာငှာ ဖြင့် ဆွေမျိုးရင်းနှင့် မခြား ပြုစုစောင့်ရှောက်ခဲ့ပုံ များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသား က ကျေးဇူးတင်လွာကဒ်ပြားလေးများ ကပ်ထားခဲ့ခြင်းဖြစ်လေသည်။ ထိုကြော် ငြာသင်ပုန်းကို ကြည့်ပြီး ကျွန်တော်လို အပြင်လူပင် ကြည်နူးပီတိဖြစ်မိပါသည်။ ကာယကံရှင် ဆေးရုံဝန်ထမ်းများ ဆိုလျှင်အဘယ်မျှ ကြည်နူးလိုက်မည်ကို မှန်းဆ၍ရနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံရှိဆေးရုံအတော်များများကို လည်း ဆွေမျိုး မိသင်္ဂဟများဖြင့် ပတ်သက်၍ရောက်ဖူးခဲ့ပါ သည်။ ဆရာဝန်၊ဆရာမ၊ ဆေးရုံဝန်ထမ်းအများအပြားကို ဆက်ဆံဖူးပါသည်။ သူတို့ဆီမှ ဆေးရုံများနှင့် နှိုင်းယှဉ်ကြည့် ပြီး ထိုကဲ့သို့ ကြောငြာသင်ပုန်းထားရှိလျှင် ကောင်းမလားဟု မိတ်ဆွေတစ်ဦးနှင့် တိုင်ပင်ကြည့်ရာ သူက ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လိုကြည့်ပါသည်။
သူတို့ ဆေးရုံများမှ ကြော်ငြာသင်ပုန်းများကို ကြည့်ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ဟုသာ ရေရွတ်မိပါတော့သည်။
ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
www.walkinginthedesert.blogspot.com

Read More...

Friday, December 19, 2008

ဗုဒ္ဓရုပ်ပွားတော်များပေါ်ထွန်းလာခြင်း -အပိုင်း(၂)

Translate from Prof. P.C. Jain "Evolution of the Buddha Image Exotic Inidia "http://www.exoticindia.com/article/lordbuddha
***************************************************
ရုပ်ထုကိုးကွယ်မှု့ ပေါ်ပေါက်လာပုံ

Indus and Harappan (3000 - 1500 BC) ရှေးဟောင်းသုတေသန တူးဖော်ရေး လုပ်ငန်းခွင် များမှ မိန်းခလေးတစ်ဦးကခုန်နေပုံ၊ ဣတ္တိ လိင် ဘုရား၊ လူပုဂ္ဂိုလ်တို့၏ တံဆိပ် တုံးများ၊ တိရိ စ္ဆာန်ရုပ် ထုများ နှင့် အမျိုးမျိုးသော ရွှံ့ရုပ်များ များကို တူးဖော်တွေ့ရှိရပြီး ၄င်း ရုပ်ထု များသည် ဘာသာရေးနှင့် တိုက်ရိုက်သက်ဆိုင် ခြင်းမရှိ ဟုယူဆရလေသည်။ ထိုကြောင့် ရုပ်ထုကိုးကွယ် ခြင်းများ သည် Vedic ခေတ်ဦး မတိုင်မှီက စတင်ပေါ်ပေါက်လာသည် ဟုယူဆရလေသည်။ သို့သော် လည်း ထိုရုပ်ထု ကိုးကွယ်မှု့များသည် ဘာသာရေးသဘောတရား ခံယူချက်၊ အဘိဓ္ဓမာ မပါရှိပဲ လူတို့သည် နေရာဒေသ၊ ပတ်ဝန်းကျင်အခြေအနေ အလိုက်မိမိတို့ နှင့် သက်ဆိုင်သော မိမိတို့ ယုံကြည်သော အရာများကို မှန်းဆ ကိုးကွယ်ခြင်းသာဖြစ်ခဲ့သည်။ ' Lokapala ', or 'Dikpalas', Nāga or Yaksha အစရှိသော မိမိတို့ကို ကာကွယ်စောင့်ရှောက်နေသည် ဟုလူ သားတို့ ယုံကြည်ကြသော နတ်ဘုရားရုပ်ထုများကို ကိုးကွယ်ခြင်းသာ ဖြစ်ခဲ့လေသည်။

BC (၄)ရာစုမှ (၁)အတွင်း တွေ့ရှိခဲ့ရသော Yakshas and Nagas ရုပ်ထုများအရ ရုပ်ထုကိုးကွယ် ခြင်း သည် မည်မျှ ခေတ်စား၍လာသည်ကို မှန်းဆ၍ရလေသည်။ ဗုဒ္ဓနှင့် ဗုဒ္ဓ၏ ၀ါဒ သည်ကား ရုပ် ထု ကိုးကွယ်ခြင်းကို အားပေးခြင်းမပြုခဲ့ပေ။ သို့သော်လည်း ထိုခေတ်ကာလကတည်း က ဗုဒ္ဓရုပ် ပွား တော် ထုလုပ်ရန်အတွက် လူအများက လိုလားခဲ့ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ရုပ် ထုများသည် တကယ်မရှိတော့သည့် အရာကို၊ရှိမရှိ မသေချာခဲ့သည့် အရာ စသည်တို့ ကို လက် ဆုပ်လက်ကိုင်ပြနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သောကြောင့်ဖြစ်လေသည်။ ထိုကြောင့် ဗုဒ္ဓကို သက်ဝင် ယုံကြည်သူများအနေဖြင့်လည်း ဗုဒ္ဓ မရှိတော့ သည့်နောက်ပိုင်းတွင် ဗုဒ္ဓရုပ်ထု ထုလုပ် ခြင်း အားဖြင့် ဗုဒ္ဓ၀ါဒ ပြန့်ပွားတည်မြဲရေးတွင် တစ်နည်းတစ်လမ်း အကျိုးသက်ရောက်မှု့ရှိသည် ဟု ယူဆခြင်း မှာ လည်း သဘာဝကျလေ၏။

စိတ်ကူးထဲမှ နာမ်ရုပ်နှင့် အကောင်အထည်ရှိသော ရုပ်ပွားတော်

အထက်တွင်တင်ပြခဲ့သည်အတိုင်း ဗုဒ္ဓ ရုပ်ပွားတော် များသည် စိတ်(နာမ်) ကိုအခြေခံသော ကိုးကွယ်မှု့ မှ အကောင်အထည်ရုပ်ထု ကို ကိုးကွယ်မှု့ အဖြစ် ပြောင်းလဲပေါ်ပေါက်လာ ခြင်းဖြစ် သည်။ ယေဘူယျအားဖြင့် ကိုးကွယ်မှု့ဆိုင်ရာ ရုပ်ထုများသည် ပထမအဆင့်တွင် စိတ်ကူး ပုံရိပ်ထဲတွင် အရင်ဖြစ်ပေါ်ပြီး မှ ဒုတိယအဆင့် တကယ့်ရုပ်ထု အဖြစ်သို့ ပေါ်ပေါက် လာ ခြင်းဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်များသည် ပထမအဆင့်မှ ဒုတိယအဆင့်သို့ကူးပြောင်းရန် နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ခဲ့လေသည်။ ဗုဒ္ဓရုပ်ပွားတော်သည် BC (၁)ရာစုရောက်မှ စတင်ပေါ်ပေါက်ခဲ့သဖြင့် ထိုသို့ပြောင်းလည်းနိုင်ရန် နှစ်ပေါင်း ၅၀၀ မှ ၆၀၀ အတွင်းကြာ မြင့်ခဲ့သည် ဟုဆိုနိုင်လေသည်။ ဗုဒ္ဓရုပ်ပွားတော်များအခြားကိုးကွယ်ယုံကြည်မှု့များ၏ ခြားနားချက်မှာ ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်မှုသည့် ကိုးကွယ်ယုံကြည်မှု့အတွက် လူတို့က အသစ်တီထွင်ထားခြင်းမဟုတ်ပဲ သက်ရှိ ဗုဒ္ဓကို ရည်စူး၍ ထုလုပ်ထားခြင်းသာဖြစ်လေသည်။

ပထမအဆင့်ဖြစ်သော လူတို့၏စိတ်ကူးပုံရိပ်ထဲမှ ကိုးကွယ်မှု့နှင့် ဒုတိယအဆင့်ဖြစ်သော ဆင်းထု တော်ကိုကိုးကွယ်ခြင်းတို့သည် ကွဲပြားခြားနားပြီး သူ့အဓိပ္ပာယ်နှင့်သူရှိလေသည်။ ယေဘူယျအားဖြင့် ဆိုသော် မည်သည့် ရုပ် ၀တ္ထုပစ္စည်းကမှ ဗုဒ္ဓကို ကိုယ်စားမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ၏ ၀ါဒသည် ရုပ်ဝဒနှင့်ဆန့်ကျင်လျှက်ရှိသောကြောင့်ဖြစ်သည်။ ဗုဒ္ဓ ဟောကြားခဲ့သော “ဓမ္ဓ ကိုမြင်သောသူသည် ငါဘုရားကိုမြင်၏။ ငါဘုရားကို မြင်သောသူသည် ဓမ္မကိုမြင်၏“ ဆိုသည်ကို ကိုးကား၍ ဗုဒ္ဓရုပ်ပွားတော်သည် ဗုဒ္ဓ ၏ဓမ္မပြန့်ပွားရေးအတွက် လိုအပ်သည် ဟုအချို့က ဆိုခဲ့လေသည်။ထို့အပြင် တရားရှိသော ပုဂ္ဂိုလ်၊ သီလရှိသောပုဂ္ဂိုလ် သည်သာလျှင် ကိုးကွယ်ထိုက်သော ဗုဒ္ဓ၏ ရုပ်ပွားတော်ကို ဖန်တီးနိုင်သည် (ဖန်တီးသင့် သည်) ဟု လည်း ဆိုကြလေသည်။
ဗုဒ္ဒ၏ ရုပ်ပွားတော်မြတ်သည် ရုပ်ဝါဒကို အခြေခံထားခြင်းမဟုတ့်ပဲ ထမဆုံး အကြိမ်စတင် ပေါ်ပေါက်စဉ်ကတည်းကပင် နက်နဲပြည့်ဝသော အဓိပ္ပာယ် ရှိခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ဗုဒ္ဓ ရုပ်ပွား တော် ထုလုပ်ပူဇော်ခြင်းဆိုင်ရာ အတတ်ပညာများသည် (ပန်းချီ၊ပန်းပု စသည်ဖြင့်) တစ်ခုနှင့် တစ်ခု ကွဲပြားခြားနားကြသော် လည်း သတ်မှတ်ထားသော အဓိပ္ပယ်ပြည့်ဝသော စံရှိသဖြင့် မည်သည့်နည်းဖြင့် ဖော်ပြစေကာမူ မူရင်း အဓိပ္ပယ်မှ သွေဖယ်သွားရန် ခဲယဉ်းလေ သည်။ သို့ကြောင့် ပင် Lankavatara Sutra သည် ဗုဒ္ဓနှင့် ပတ်သက်သော သရုပ်ဖော်ပုံများကို ဖော်ပြရာ တွင် အဖြူအမည်းဖြင့်သာ ဖော်ပြစေခဲ့သည်။ ဗုဒ္ဓ၏ရုပ်ပွားတော်သည် မြင်သော သူ သည် ဗုဒ္ဓကိုမြင်ခြင်း ဓမ္မကိုမြင်ခြင်း စသော ဂုဏ်သတ္တိ နှစ်မျိုးဖြင့် ပြည်စုံရန်လိုအပ်ပေသည်။ ထိုကြောင့် ဗုဒ္ဓ၏ ရုပ်ပွားတော်မြတ်သည် အခြားမည်သည့် ကိုးကွယ်မှု့ဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်း များဖြင့်မှ နှိုင်းယှဉ် ၍မရအောင် အဖက်ဖက် ကပြည့်စုံလျှက်ရှိတော့လေသည်။

အိန္ဒိယ ယဉ်ကျေးမှု့တွင် ဗုဒ္ဓ အငွေ့ အသက်များပါဝင်နေခြင်း

အာသောက ဘုရင်ကြီးလက်ထက် Mauryan ခေတ်(322 - 180 BC) တွင် ပထမဆုံး ဗုဒ္ဓဘာသာ ၏ အငွေ့ အသက် သည် ယဉ်ကျေးမှု့ အနုပညာရပ်များတွင် ပါဝင်လာခဲ့လေသည်။ ဗုဒ္ဓ ယဉ်ကျေး မှု့ အနုပညာတွင် ဖော်ပြပါအတိုင်း တိရိစ္ဆာန်ရုပ်များပါဝင်နေခြင်းသည် ဗုဒ္ဓ အဘိဓမ္မာ၏ အဓိက သော့ ချက် တစ်ခုဖြစ်သော သတ္တ၀ါအားလုံးကို ရင်ဝယ်သားကဲ့သို့ သဘောထားခြင်းကို ဖော်ပြ လေ၏။
Shunga မင်းဆက်များသည် ကျောက်တုံးပေါ်တွင် ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်၊ သူ၏ အဘိဓမ္မာ နှင့် အခြား ဗုဒ္ဓနှင့် သက်ဆိုင်သော အရာများကို ထုလုပ်ခြင်းဖြင့် ဗုဒ္ဓယဉ်ကျေးမှု့ အနုပညာကို ခိုင်မြဲစေ ခဲ့ သည်။ သို့သော်လည်း ဗုဒ္ဓ၏ရုပ်ပွားတော် ထုလုပ်ပူဇော်ခြင်းကို ကား နောက်နှစ်ပေါင်း သုံးရာ လောက်အထိစတင်ခြင်းမပြုခဲ့သေး ချေ။

စိတ်ကူးပုံရိပ်ကို စတင် အကောင်အထည် ဖော်ခြင်း

BC (၁)ရာစုကို ကား ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော် ပေါ်ပေါက်လာခဲ့သော အချိန်ဟု မှတ်တမ်း တင်ကြလေသည်။ သို့သော်လည်း Chilla II ရှေးဟောင်း သုတေသန တူးဖော်ရေးလုပ်ငန်း အရ ၄င်းအဆိုသည် အပြည့်အ၀မှန်သည်ဟု မဆိုနိုင်ပဲ ထိုထက် စောနိုင်သည် ဟု ယူဆရပြန် လေ သည်။ ထိုမှ တူးဖော်ရရှိသော ရုပ်ထုတစ်ခုသည် ဗုဒ္ဓ၏ ဦးခေါင်းတော် ဟုယူဆရပြီး အခြားတစ်ခု သည်ကား လူသား၏ ကိုယ်လုံးဟု ယူဆရလေသည်။ Ajanta လိုင်ဂူ၊ Pitalkhora, Kanheri, Bhaja,နှင့် Karla တို့မှ တွေ့ရှိချက်များ အရ အထက်ပါအဆို သည် မှန်နိုင်ဖွယ်ရာရှိလေသည်။ ဘီစီ(၂) စုမှ လှိုင်ဂူများတွင် မူဗုဒ္ဓရုပ် ပွားတော်ဟု ယူဆနိုင်သည့် အထောက် အထားများကို တိတိကျကျမတွေ့ရှိခဲ့ရသော်လည်း ဘီစီ (၁) စုတွင်ကား ထင်ထင်ရှားရှားတွေ့ရှိခဲ့ရလေသည်။ ဤသို့ဖြင့် ဗုဒ္ဓ၏ ရုပ်ပွားတော် ထုလုပ်သင့် သည် မထုလုပ်သင့် ဘူးဆိုသော အငြင်းပွားချက် သည် နောက်ဆုံးတွင် ထုလုပ်ရန်သင့်လျှော်သည် ဟူသော အဖြေဖြင့် အဆုံးသတ်သွားပါသည်။
ဆက်ရန်……

Read More...

Thursday, December 18, 2008

သိကြားမင်းပေးသော စေတီ နှင့် အရက်သမားဘဇံ

“ဟေ့ကောင်ဘဇံ မင်းပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ကွာ“
“ဟ ငါကဟုတ်လို့ဟုတ်တယ်ပြောတာကွ ဘာမှလိမ်စရာ အကြောင်းမရှိဘူး မင်းမယုံတာတော့ မတတ်နိုင်ဘူး“
ကျွန်တော်အိမ်ရှေ့ ကွပ်ြပစ်ပေါ်တွင် ထိုင်ပြီး ရေနွေးသောက်နေစဉ်တွင် အိမ်ရှေ့မှ ဖြတ်သွားသော အရက် သမားဘဇံနှင့် သူ့သူငယ်ချင်း ကောင်းကြီး မူးမူးရူးရူးဖြင့်စကားများ နေကြခြင်းဖြစ်သည်။ ဤဇာတ်လမ်းကို မပြောမှီ ကျွန်တော့်နှင့် ရွာအကြောင်းကို မိတ်ဆက်ပေးပါမှ စာဖတ်သူတို့ ဇာတ်လမ်း ကိုပြည့်ပြည့်၀၀ နား လည်မည်ဟုထင်ပါသည်။ ကျွန်တော်သည် ဤရွာ၏ တစ်ဦးတည်းသော ကျောင်းဆရာ ဖြစ်ပါသည်။ စာတို ပေ စကလေး ဖတ်ပြီး အထိုက်အလျှောက် ဗဟုသုတပြည့်စုံသဖြင့် ရွာခံများက ကျွန်တော့် ကို ဆရာလေး ဟု ခေါ်ပြီး လေးစားကြပါသည်။ ဒီရွာတွင် ရွာဦးဆရာတော် ဦးသောဘိတ သည် သြဇာ အရှိဆုံး ဖြစ်သည်။ သူပြီး လျှင် ဆေးဆရာ ဗေဒင် ဆရာကြီး ဦးဆောင်း သည် သြဇာ အရှိဆုံးဖြစ်သည်။ ရွာသူကြီး ပင်လျှင် သူတို့ နှစ်ဦး၏ သြဇာကို မလွန်ဆန်ဝံ့ပါချေ။

ဇာတ်လမ်းမှာ ဆရာကြီး ဦးဆောင်း၏ အိမ်မက်မှ စလေသည်။ တစ်ရက်သော် ဆရာကြီး သည် ထူးဆန်း သော အိမ်မက် မက်မြင်သည်ဟုဆရာတော် ဦးသောဘိတကို လျှောက်တင်လေသည်။ ထိုအိမ်မက် ထဲတွင် ရွာ အရှေ့ဘက် ချောင်းကလေး၏ ဘေးတောင်ကုန်းတွင် စေတီတစ်ဆူ ဘွားကနဲ ပေါ်လာသည်။ ထိုစေ တီ ပေါ်လာပြီး နောက်ရွာသူရွာသားအားလုံး သည် အနာရောဂါမှန်သမျှ ကင်းရှင်းကာ အားလုံး ချမ်းသာသုခရ ကြသည်ဟု ဆိုလေသည်။ တိုက်ဆိုင်စွာပင် ဆရာတော် ဦးသောဘိတကလည်း ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရသည်ဟု အိမ်မက်မက်မြင်သည် ဟုဆို၏။ ထိုနေ့မှ စ၍ ဆရာတော်နှင့် ဆရာ ကြီး ဦးဆောင်း တကြိတ်ကြိတ် ဖြင့်ထိုကိစ္စကို တိုင်ပင်ကြလေသည်။ ဆရာကြီး ဦးဆောင်း အိပ်မက် မက်မြင် သည် ဟုဆိုသော တောင်ကုန်းလေးသို့ သွားကြည့်ကြလေသည်။ တောင်ကုန်းလေးမှာ တောင်က တုန်း လေးဖြစ်၏။ သူတို့သည် ထိုတောင်ကုန်းပေါ်တွင် စေတီတည်ထားရန် ရည်ရွယ်ပြီး တိုင် တစ်တိုင်ပင် နေရာ သတ် မှတ်သော အနေဖြင့် စိုက်ထားခဲ့သည်။ ထိုနေ့မှ စ၍ စေတီတည်ထား ရန် ရံပုံငွေရှာကြလေသည်။ ရွာသူရွာသားများသာ မက ရွာနီးချုပ်စပ်များကပါ အလှူခံထည့်ဝင် ကြလေသည်။ ရွာသားများကလည်း ယုံယုံကြည် ကြည် လေးလေးစားစား ဖြင့် တတ်အားသမျှ လှူကြလေသည်။
တစ်ရက်သော် ညဦးပိုင်းမှ စပြီး မိုးသည်း ထန်စွာရွာသွန်းလေသည်။ လျှပ်စီးများလည်းပစ် မိုးခြိမ်းသံမှာ လည်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဖြစ်သည်။ ထိုညတွင်ပင် ထိုတောင်ကုန်း ပေါ်ရှိ တိုင်ကို မိုးကြိုးပစ်လေသည်။ နံနက်လင်း သော် ဆရာကြီး ဦးဆောင်း တို့ သွားကြည့်ကြရာ စေတီတည်မည့်နေရာနှင့် သိပ်မဝေးသောနေရာတွင် ကြက်ဥကဲ့သိုသော ကျောက်တုံး ကဲ့သို့သောဖြူဖြူ လုံးလုံးဝန်းဝန်းအရာ လေးတစ်ခုကို ရွံ့မြေထဲတွင် တစ်ဝက်မြုတ်နေသည်ကို ထူးဆန်း စွာတွေ့ရသည်။ အချို့က ဤအရာကို မိုကြိုးသွားဟုထင်ကြသည်။ ဆရာကြီးဦးဆောင်းက မူ သိကြား မင်း က ပေးသော ဌာပနာဟုဆိုသည်။ ဆရာတော်ကလည်း တန်းခိုးကြီးသော စေတီတစ်ဆူ တည်ရန်နတ် ကောင်းနတ်မြတ်များ က မစသည် ဟု တစ်ထစ်ချယုံကြည်နေသည်။ ရွာသူရွာသားများ လည်း ထိုအတိုင်း ပင်ယုံကြည်ကြလေသည်။ ဆရာတော်နှင့် ဦးဆောင်းတို့မှာ နေ့ချင်းညချင်းပင် ကြီးကျယ်မြင့်မြတ်သော သူတော်စင်ကြီးများကဲ့သို့ ဖြစ်လာခဲ့လေသည်။
ထိုဌာပနာကို မည်သူမှ မထိရ မကိုင်ရလေအောင် စေတီ မတည်မှီအထိ ခြံစည်းရိုး ခတ်ထားသည်။ အစောင့်ပင် အလှည့်ကျထားသေးသည်။ အဖြစ်အပျက်မှာ အထက်ပါ အတိုင်းဖြစ်လေ၏။
ဘဇံတို့၏ အငြင်းပွားသံ ကြားသဖြင့် ကျွန်တော်က စိတ်ဝင်စားသဖြင့်
“ဟေ့ကောင့် ဘဇံကြီးတို့ ဘာဖြစ်နေတာတုံး“
“ဟာကျောင်းဆရာ ဒီကောင်ဒီမှာ မတော်တရော်တွေပြောနေလို့ဗျ“
ကောင်းကြီးက ပြောပြောဆိုဆို ခြံထဲသို့ ၀င်လာလေသည်။ ဘဇံလည်း သူ့နောက်မှ လိုက်လာသည်။ ကောင်းကြီးက ဆက်ပြောသည်။
“ဒီလိုဆရာရေ ဘဇံက ပြောတာ စေတီရဲ့ ဌာပနာဆိုတာ မိုးကြိုးသွားလည်း မဟုတ်ဘူး၊ သိကြားမင်းပေးတာလည်း မဟုတ်ဘူး သူချောင်းစပ်က ကောက်လာတဲ့ ကျောက်ခဲတဲ့ အလကား ငမူး ငရဲကြီးအောင် သူများ ကုသိုလ် အရှိန်အ၀ါကြီးတာ ကို မနာလိုလို့“
ကောင်းကြီးပြောတာကြားပြီး ကျွန်တော် ခေါင်းကြီးသွားလေသည်။
“ဟေ့ကောင်ငါက တကယ်ဟုတ်လို့ပြောတာ မူးလို့ပြောတာမဟုတ်ဘူး မင်းက သာမူးနေတာ….“
“ကဲကဲ နေကြဦး“ ကျွန်တော်က ၀င်ဟန့်လိုက်ရသည်။
“ဘဇံမင်းက ဘာလို့ အဲဒါကို မင်းကောက်လာတဲ့ ကျောက်တုံးလို့ ပြောတာတုံး သူကြီး ကြားသွားရင် မင်းနာဦးမယ်။ငါ့ကို သေချာပြောပြ “
“ဆရာရေ အဲဒီကျောက်တုံးက ကျွန်တော် ချောင်းစပ်မှာရေချိုးပြီး အပြန်တွေ့လို့ ကောက်လာတာ လုံးလုံး ဖြူဖြူ လေး လှလို့ ၊ပြီးတော့ အရက်သောက်ပြီးပြန်လာတော့ မှောင် နေပြီ၊ အဲဒီနေ့က ကျွန်တော် တော် တော် မူးနေတယ်ဆရာရဲ့“ အမှန်တော့ ဘဇံ မမူးတဲ့နေ့ မရှိပါ။ သူကဆက်ပြောသည်။
“ဆရာလည်း သိတဲ့အတိုင်း အတိုင်း ကျွန်တော့် အိမ်က အဲဒီ စေတီတည်မယ့် တောင်ကုန်းနဲ့ ဆို တစ် ခေါ်လောက်ပဲရှိတာ၊ ကျွန်တော် မြန်အောင်ဆိုပြီး လမ်းအတိုင်းမပြန်ပဲနဲ့ အဲဒီတောက်ကုန်းပေါ်က ဖြတ် ပြန်တာ၊ မိုးကလည်းရွာ၊မှောင်ကလည်း မှောင်ဆိုတော့၊ကျွန်တော်လည်း ကြောက်ကြာက် နဲ့ သုတ်သုတ် လျှောက်နေတုန်း အဲဒီ စေတီတည်မဲ့နားကျတော့ ချော်လဲတာပဲ အဲဒါ မနည်း လူးလဲထပြီး အိမ်ပြန်လာတာ၊ ကျောက်တုံးက အဲဒီမှာ ကျကျန်နေခဲ့တာဆရာ၊ အဲဒါသိကြား မင်းပေးတဲ့ ကျောက်တုံးမဟုတ်ဘူး၊ ကျွန် တော့် ကျောက်တုံး ဘဇံရဲ့ ကျောက်တုံး“ ဘဇံကမူးမူးနှင့် အော်သည်။
“နောက်နေ့မနက်ကျ တော့ မနေ့က အသောက်များသွားတာနဲ့ မိုးမိထားတဲ့ ဒဏ်နဲ့ဆိုတော့ နေ့ခင်းကျမှ အိပ်ရာနိုးတယ် နိုးတော့ မှ အဲဒီတောင်ကုန်းမှာ လူစုစုတွေ့လို့ သွားကြည့်တော့ ဆရာ သိတဲ့အတိုင်းပဲ ဆရာ ကြီး ဆောင်းတို့ ဆရာတော်တို့နဲ့ ရွာသားတွေ ရောက်နေကြပြီ လေ။ ကျောက်တုံးလေးကို ခြံ တောင် ခတ်ထားပြီးပြီ။ ကျွန်တော်တို့လည်း ပြောဦးမလို့ပဲ အနားကပ်ပြီး ပြောမလို့ရှိသေး တယ် သူကြီး က ဘဇံမင်း ဘာလာရှုပ်တာလဲဆိုပြီး နားရင်းအုပ်လိုက်လို့ ဘယ်လိုမှ မပြောသာတော့ ဒီလိုပဲ မသိသလို နေလိုက်တာဗျ။“
သူ့စကားကြားပြီး ကျွန်တော့်ရင်ထဲက အလုံးကြီးတတ်လာသည်။ ဒီကိစ္စက တော်ရုံတန်ရုံပြဿနာမဟုတ်။
“မင်းဟာက ဟုတ်ရဲ့လားကွာ“ ကျွန်တော်က သေချာအောင်မေးကြည့်သည်။
“ဆရာမယုံရင် ကျောက်တုံး အောက်ကိုလှန်ကြည့် ကျွန်တော်ပျင်းလို့ ဓါးနဲ့ ဘဇံလို့ ခြစ်ထားတာရှိတယ်“
ဘဇံကတော့ အသေအချာပြောသည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဒီကိစ္စသေချာခဲ့လျှင် ဆရာတော် ကြီးနှင့် ဆရာကြီး ဦးဆောင်းမှာ ခေါင်းဖော်ရဲတော့မည်မဟုတ်ပေ။ အမှန်တကယ် ယုံကြည်ကိုးကွယ်ခဲ့သော ပတ်ဝန်းကျင်မှ ရွာသူရွာသားများ မည်သို့ဖြစ်သွားမည်နည်း။ ဘဇံအတွက် လည်း ကောင်းမည်မဟုတ်ပေ။ ကျွန်တော်သက်ပြင်းချမိသည်။
ကောင်းကြီးက၀င်ပြောသည်။
“မင်းပြောတာတော့ ငါမယုံဘူးဘဇံ“
“မင်းမယုံရင် ကျောက်တုံးကို သွားလှန်ကြည့်ပါလား“
“ဟကြည့်လို့မှ မရတာ သူကြီးက ငါ့ကိုသတ်မှတ်ပေါ့ သူကြီးမသတ်ခင် အနားကရွာသားတွေ ၀ိုင်း ရိုက် တာ နဲ့သေမှာ“
ကောင်းကြီးကပဲဆက်ပြောသည်။
“ဆရာကျွန်တော်ကတော့ ဘဇံပြောတာမယုံဘူး ဒီကောင်အရင်က လည်း ဒီလို မဟုတ်တရုတ်ဇာတ် လမ်း တွေ ထွင်ဘူးတယ်။ အဲဒါထားပါတော့ ဘာလိုပဲဖြစ်ဖြစ်ဒီနေရာမှာ စေတီဖြစ်သွားရင် ရွားသားတွေ အတွက် အကျိုးရှိတာပေါ့။ ကျွန်တော်တို့ရွာမှာ စေတီမှ မရှိပဲ။ စေတီတည်တော့ လည်း ဒီလို တန်ခိုး ကြီးစေတီ ရတော့ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရွာက နာမည်ရတယ်ဗျ။“
ကျွန်တော်ကဘဇံနှင့် ကောင်းကြီးကို ၀င်ပြောရသည်။
“ကဲကဲ ဟေ့ကောင်တွေ ဒီကိစ္စဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မသိစေနဲ့ဦးဟုတ်ပြီလား ငါစဉ်းစား ကြည့် လိုက် ဦးမယ်။ မင်းတို့ ကတိပေးရင် ငါ အရက်ဖိုးပေးလိုက်မယ်“ ဟုဆိုကာ သူတို့ နှစ်ယောက်ထံမှ ကတိတောင်းပြီး အရက်ဖိုးပေးလိုက်လေသည်။ ကောင်းကြီးပြောသည်မှာ လည်းဟုတ်သည်။ ရွာသားတွေက ဤစေတီအတွက် တော်တော် ရင်းနှီးထားသည်။ တော်တော်လည်း မျှော်လင့် ထားသည်။ ဘဇံပြောသလိုသာ ဖြစ်သည်ဆိုလျှင် ဒီရွာသည် လည်း ပတ်ဝန်းကျင်တွင် လှောင်ပြောင်ခံရတော့ မည်ဖြစ်သည်။ သူတို့ ၏ယုံကြည်မှု့ ကို ပျက်ရယ်ပြုလိုက်သလိုဖြစ်ပေလိမ့် မည်။
နေ့ခင်းပိုင်းလောက်ကြမှ ထိုတောင်ကုန်းဆီသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းတွင် ရွာတောင်ပိုင်း မှ မအေးမြနှင့်တွေ့သည်။ သူက
“ဆရာ တောင်ကုန်းကိုသွားမလို့လား“
“ဟုတ်ပါ့ ဒါနဲ့ ညည်းအမေရောနေကောင်းလား“
မအေးမြအမေသည် မအေးမြတို့ အဖေသူ့ ခင်ပွန်းဆုံးသွားကတည်း က စိတ်အနည်းငယ် နောက်သွား ခဲ့သည်။ ရူးတော့ မရူးပါ။ တစ်ယောက်ထဲစကားပြောပြောနေခြင်းဖြစ်သည်။ မအေးမြက ဖြေသည်။
“ကောင်းတယ်ဆရာ ဌာပနာ ပေါ်လာပြီးကတည်းက ခေါ်သွားပြီးသွားဖူးတာ အခု အမေက ဌာပနာကို အရမ်းယုံပြီး အဲဒီမှာ ပုတီးစိတ် တရားထိုင်နဲ့ အရင်နီးပါး ပြန်ကောင်းလာပြီးဆရာ၊ ဆရာတော်ကြီးတို့ ဆရာကြီးဦးဆောင်းတို့ ကျေးဇူးပါပဲ“
ကျွန်တော် မအေးမြ၏ အဖြေစကားကြောင့် ရင်လေးသွားသည်။ ဘဇံပြောတာများဟုတ်နေခဲ့လျှင်။ သို့သော် ဘဇံက အမူးသမား သိပ်တော့ မယုံရ။
ကျွန်တော် တောင်ကုန်းသို့ ရောက်သည့် အချိန်သည် နေ့ခင်းဖြစ်သဖြင့် လူသိပ်မရှိသေး။ အခြားအချိန် ဆိုလျှင်တော့ ရွာမှလူများ၊ ရွာနီးချုပ်စပ်က လူများဖြင့် စည်းကားလှလေသည်။
ထိုကျောက်တုံး ကို အမိုးနှင့် အကာနှင့် လုပ်ထားသည်။ ဌာပနာကို မည်သူမှ ကိုင်ခွင့်မရ။ နီးနီးကပ်ကပ် ပင် ကြည့်ရှု့၍မရ စေရန် အသေအချာ ကာထားလေ သည်။ လူများကန်တော့ လို့ရရန် ဖျာလည်းခင်း ထား လေ ၏။ အမွှေးတိုင် ဖယောင်းတိုင်၊ ဆွမ်း၊ရေချမ်း၊ ပန်းစီးများလည်း မြောက်များစွာ လှူဒါန်းထားသည် ကိုတွေ့ရသည်။ ဤကျောက်တုံးကို ငုံပြီးစေတီတည်မည်ဟု သိရသည်။
ယခုမူ သူကြီးအစောင့်ချထားသော ကာလသားသုံးယောက်သာ ရှိသည် ။နှစ်ယောက်မှာ အနီးရှိဖျာပေါ်တွင် အိပ်နေပြီး တစ်ယောက်မှာ ဆေးလိပ်ထိုင်ဖွာနေသည်။ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ဖို့ ဆုံးဖြတ် လိုက် သည်။ ဒီကိစ္စက လွယ်တော့ မလွယ်လှ တစ်စုံတစ်ဦးသိသွားပါ က ကျွန်တော် ဒီပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ခဲယဉ်းသွားနိုင်သည်။ အကယ်၍ဘဇံပြောသလိုမှန် နေခဲ့လျှင်ရော ကျွန်တော်ဘာ လုပ်မည်နည်း။ ဘဇံပြောသည့် ကျောက်တုံးကို ဓါးဖြင့် ခြစ်ထားသည့် နေရာသည် တွေ့ချင်မှ တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးသည်ရွံ့ မြေထဲတွင် တစ်ဝက် မြုတ်နေသည်။ ကျွန်တော်ကြည့်လျှင် လည်း ကမန်းကတန်းသာ ကြည့်ရမည်ဆိုတော့ သိပ်တော့ မသေချာလှ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျွန်တော်က ဆေးလိပ်ဖွာနေ သောကာလသားတစ်ယောက်ကို
“ရော့ကွာ ဒေါ်ဖော့ဆိုင်မှာ ဆေးလိပ်သွားဝယ်စမ်း ငါဒီမှာ ၀တ်ပြုလိုက်ဦးမယ် မင်းတို့ဖို့ရောဝယ်ခဲ့“ ဆိုပြီး ပိုက်ဆံပေးပြီး လွတ်လိုက်လေသည်။ သူထွက်သွားမှ ဘေးဘီကို သေချာကြည့်ပြီး ဘယ်သူမှ မရှိဘူးဆို တာသေချာမှ အကာကလေးကို ကျော်ကာ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ပြီး နေရာတကျချပြန် ချထားလိုက်လေသည်။
………….
ကျွန်တော် ဘဇံပြောသလိုတွေ့ခဲ့သလား ဟု စာဖတ်သူမိတ်ဆွေ အနေနဲ့ သိချင်ပါလိမ့်မည်။ သို့သော်လည်း ဤ ကိစ္စသည် ရွာသားတွေ အတွက် လည်း အကျိုးမရှိ၊ ဆရာတော် ဦးသောဘိတ လည်း အကျိုးမရှိ၊ ဦးဆောင်း အတွက်လည်း အကျိုးမရှီ၊ ဘဇံအတွက်လည်း အကျိုးမရှိ၊ ယုတ်အစွဆုံး ကျွန်တော့် အတွက် လည်း အကျိုး မရှိဟု ယုံကြည်သဖြင့် ကျွန်တော် နုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

စာကြွင်း။ စေတီအတွက် ရံပုံငွေ မကြာမှီလုံလောက်သွားပြီး စေတီစတင် တည်ဆောက်ရာ နောက်နှစ်လ အကြာတွင် ဘုရားပွဲ လုပ်ပြီး စေတီကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စေတီ၏ အမည်မှာ သိကြားပေး စေတီ ဟုတွင်သည် ဟုသိရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
www.walkinginthedesert.blosgpot.com

Read More...

Wednesday, December 17, 2008

ဗုဒ္ဓရုပ်ပွားတော်များပေါ်ထွန်းလာခြင်း-အပိုင်း(၁)

Prof. P.C. Jain ၏ Evolution of the Buddha Image ကို Exotic Inidia ၏ခွင့်ပြုချက်အရ http://www.exoticindia.com/article/lordbuddha မှယူပြီး တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ချွတ်ယွင်း ချက်များရှိလျှင်ခွင့်လွတ်ကြပါ။
******************************************************
ဗုဒ္ဓရုပ်ပွားတော်များပေါ်ထွန်းလာခြင်း
ဗုဒ္ဓ၏ရုပ်ပွားတော်မြတ်၊ အခြားအရာများနှင့် မတူ လုံးဝ တော်လှန်ပြောင်းလဲခဲ့သော၊ သမားရိုးကျများထဲမှ ခွဲထွက်ခဲ့သော၊ တုနှိုင်း၍မရသော၊ စိတ်ပိုင်းဆိုင်ရာယုံ ကြည်မှု့၏ ပြယုတ်တစ်ခုဖြစ်သော၊ ရှေးဟောင်းအိန္ဒိယ ယဉ်ကျေးမှု့ အနုပညာဖြစ်သော ဗုဒ္ဓ ရုပ်ပွား တော်ထုလုပ်ကိုးကွယ်ရန်ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါကတည်းကပင် လူတို့၏ စိတ်ကူးသန္တာန်တွင် တည်ရှိနေခဲ့သည်။ ထိုလူတို့၏ စိတ်ကူးပုံရိပ်ထဲ တွင်တည်ရှိခဲ့သော ရုပ်ပွားတော်များမှ ကျောက်ဖြင့် ထုလုပ်သော သို့မဟုတ် ရွှံ့ဖြင့် ပြုလုပ်သော ရုပ်ပွားတော် အဆင့်သို့ရောက်ရှိရန်အတွက် နှစ်ပေါင်း (၆၀၀) ခန့် ကြာမြင့် ခဲ့လေသည်။ ကြီးကျယ်မြင့်မြတ် လှသော UdaYana ဘုရင်ကြီး၏ ဒဏ္ဍာ ရီအရ ဗုဒ္ဓဘုရားရှင် သက် တော်ထင်ရှား ရှိ
စဉ်အခါက တည်းက ဗုဒ္ဓ ကို သက်ဝင်ယုံကြည်သူများ သည် ဗုဒ္ဓရုပ် ပွားတော် ကို ထုလုပ်ကိုးကွယ်ရန်ရည်ရွယ်ခဲ့ကြသည်ဟုဆိုလေသည်။ ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘုရား ရှင် သက်တော် ထင်ရှားရှိစဉ်အခါကတည်းက နေရာဒေသ အများအပြား သို့ပြန့်နှံ့ခဲ့ပြီး သက်ဝင်ယုံကြည်သူများစွာရှိခဲ့ရာ ထိုသူများက ဗုဒ္ဓကို မိမိတို့၏ ယုံကြည်မှု နားလည်မှု့ အတိုင်းကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ခဲ့လေ၏။ သို့ကြောင့် ပင် ဗုဒ္ဓမရှိ တော့သည့် နောက်ပိုင်းတွင် ဗုဒ္ဓတည်ရှိခဲ့သည်ကို ရည်ရွယ်ဖော်ညွှန်းသော ဗုဒ္ဓရုပ်ပွားတော် ထောင်ပေါင်းများစွာ ပေါ်ထွန်းလာခဲ့လေသည်။ ထိုရုပ်ပွားတော်များသည် ဗုဒ္ဓကိုသက်ဝင်ယုံကြည်သူများ၊ ကမ္ဘာအနှံ့အပြားရှိ ဗုဒ္ဓ ဓမ္မရောက်ရှိသော နေရာများတွင် သက်ရှိ ဗုဒ္ဓ အလားစံပယ်တော်မူနေခဲ့ကြလေသည်။
အမှန်တကယ်အားဖြင့် ရုပ်ပွားတော်ထုလုပ်ကိုးကွယ်ခြင်းကို ဗုဒ္ဓကိုယ်တော်တိုင်က ခွင့်ပြုခဲ့သလား မပြုခဲ့ဘူးလားဆိုသည်မှာ အငြင်းပွားဖွယ်တစ် ရပ်ဖြစ်လေ၏။ သို့ကြောင့် လူတို့သည် ဗုဒ္ဓနှင့်သက်ဆိုင်သော အရာများ ဗုဒ္ဓ၏ဘ၀ဇာတ်ကြောင်း စသည်တို့ ကို ထုလုပ်ဖော်ပြခဲ့သော်လည်း ဗုဒ္ဓရုပ်ပွားထုလုပ်ခြင်းကိုမူ အချိန်အတော်ကြာသည်အထိ ကန့်သတ်ထားခဲ့လေသည်။ စိတ်ကို အခြေခံသော ဗုဒ္ဓ၏တရားတော်၊ အယူအဆများနှင့် ဖြောင့်ဖြောင့်ကြီး သွေဖယ်နေသော ရုပ်ထုကိုးကွယ်မှု့ ဆီသို့ ဦးတည်နေသော ရုပ်ပွားတော်ကို ထုလုပ်ပူဇော်ရန် သည် ချက်ခြင်းမဖြစ်လာနိုင်သေးပါ။

ပထမဆုံးသော ရုပ်ထုကိုးကွယ်မှု့

ရုပ်ထု ထုလုပ်ပူဇော်ကိုးကွယ်ခြင်းနှင့် သဘာဝအလျှောက်ဖြစ်ပေါ်နေသော ထူးခြားသည့် ရုပ်ဝတ္ထုပစ္စည်းတို့ကို ကိုးကွယ်ရာအဖြစ်ပူ ဇော်ပသခြင်း သည် မတူကွဲပြားသည်ကို မှတ်ယူသင့်ပါသည်။ လူတို့ ပထမဆုံးကိုးကွယ်သော ရုပ်ထုသည် လူတို့က မိမိယုံကြည်ရာကို ရည်စူး ၍ ထုလုပ်ပူဇော်ထားခြင်းမဟုတ်ပဲ သာဝအလျှောက်ဖြစ်ပေါ်နေသော ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်ရာ အဖြစ်ကိုးကွယ်ကြခြင်းဖြစ်လေသည်။ Neolithic (12000 -8000 BC) ခေတ်တွင်လူတို့ ပထမ ဆုးံ ကိုးကွယ်သောရုပ်ထုကိုရှာဖွေ တွေ့ရှိသည်ဟုဆိုကြပါသည်။ အကာအကွယ်မဲ့ ကူညီမည့်သူမဲ့နေသော လူသားများသည် မမြင်နိုင်သော ဘေးအန္တရာယ်များ၊ သဘာဝလွန်စွမ်းအားများမှ မိမိတို့ကို မိမိတို့ကာကွယ်ရန် အလို့ငှာ ကယ်တင်ရှင်စွမ်းအားရှင်များကို ရှာဖွေကိုးကွယ်ခဲ့ကြလေသည်။ အသွင်သဏ္ဍာန် ထူးခြားသောကျောက်တုံးများကို မမြင်နိုင်သော ကယ်တင်ရှင် စွမ်းအားရှင်အဖြစ် ကိုးကွယ်ခဲ့ ကြလေသည်။ ပုံတွင်ဖော်ပြထားသော သဘာဝအလျှောက်ဖြစ်ပေါ်နေသော ကျောက်တုံးသည် သမိုင်းတစ်လျှောက်လုံး တွင်လူတို့ပထမဆုံးကိုးကွယ် ခဲ့သော ရုပ်တုဖြစ်တန်ရာ၏။ သဘာဝအလျှောက်ဖြစ် ပေါ်နေသော သို့မဟုတ်လူတို့ ဖန်တီး ပြုလုပ်ထားသော ကိုးကွယ်ရာ အရာဝတ္တုများ၊ ၄င်းတို့ ကိုကိုယ်စားပြုသော နတ်ဘုရားများ သည် ဗုဒ္ဓမပွင့်မှီအချိန်ထိ အဓိပ္ပယ် ရှင်းရှင်းလင်းလင်းမဖြစ်ကြ သေးချေ။ ဆက်ရန်။ ................

Read More...

Monday, December 15, 2008

သူတို့ကိုယ်တို့ အချိန်ဓလေ့ - မောင်သစ်ဆင်း

ဆရာမောင်သစ်ဆင်း၏ သူတို့ကိုယ်တို့ အချိန်ဓလေ့ပါ။ တန်ဖိုးရှိသော စာဖြစ်ပါသည်။

(၁)
ဆရာမြသန်းတင့်၏ကျေးဇူးကြောင့် ‘ရှားလော့ဟုမ်း’ ၀တ္ထုများကိုဖတ်ရသည့်အခါ ထူးထူးခြားခြား သတိပြုမိလာသော
အချက်တစ် ခုကိုတွေ့ရပါသည်။ “သူတို့ဆီက အချိန်ဓလေ့” ဖြစ်၏။
ရှုပ်ထွေး နက်နဲလှသော အမှုတစ်ခုကို ရှားလော့ဟုမ်း ကိုင်တွယ် ဖြေရှင်း ရာတွင် ထိုအချက်ကို အမြဲတမ်း လိုလို အသုံး
ချခဲ့ကြောင်းတွေ့ရသည်။ ရှားလော့ဟုမ်းသည် သူတို့ဆီက တိကျ မှန်ကန်လှစွာသော ဆက်သွယ်ရေး စံနစ် (မီးရထား၊
ကြေးနန်း …စသည်) နှင့် သတ်မှတ် ထားသည့် အချိန်အတိုင်း မလွဲမသေပြုမူ လှုပ်ရှား လုပ်ကိုင် လေ့ရှိသည့် သူတို့လူ့
အဖွဲ့အစည်း၏ နေ့စဉ်ဘ၀သဘာဝတို့ကိုထည့်သွင်းအခြေပြု၍ အမှုအပေါ်စဉ်းစားနည်းကို တည်ဆောက်လေ့ရှိသည်။
အမှုသွားအမှုလာဖြစ်စဉ်၊ ယုတ္တိဗေဒ၊ အသေးအဖွဲ့ကလေးများကိုမြင်တတ်မှု၊ ဗဟုသုတ ကျယ်ပြန့်မှု အစရှိသည်တို့သည် ရှားလော့ဟုမ်း ၀တ္ထုများ၏ ပါဝင်နေကျ အချက်များ ဖြစ်သော်လည်း ရံဖန်ရံခါ၌ ‘အချိန်သဘော’ သည် အမှု၏ အဓိက ကွင်းဆက်ဖြစ်နေတတ်သည်။ ထိုသဘောကို ရှားလော့ဟုမ်း ၀တ္ထု (၁၀) ပုဒ်တွင် အနည်းဆုံး သုံးပုဒ်ခန့်၌ တွေ့ရတတ်သည်။
စာပေ၏သမိုင်းတန်ဖိုးများကို အမှတ်စဉ်ရေး ထိုးကြည့်မည်ဆိုလျှင် သမိုင်းတန်ဘိုးသည် နောက်ဆုံးနေရာတွင်ရှိနေနိုင်ပါလိမ့်မည်။
စာပေအရာ မသွင်းကြသော စာအုပ်များ၌ပင် သူ့ခေတ် လူ့အဖွဲ့အစည်း၏ သဘာဝကို အရိပ်အငွေ့မျှ လောက့်တော့ တွေ့နိုင် တတ်သေး၏။

ရှားလော့ဟုမ်းဝတ္ထုများက ဆာအာသာကိုနင်ဒွိုင်း တို့ရပ်ရွာ၏အချိန်စနစ်ကို အလိုအလျောက်ပြောပြသည်မှာ သဘာဝကျပါသည်။ သူတို့ဆီက အချိန်စနစ်ဆိုသည်မှာ ဒီလိုပါလားဟု သိလိုက်ရ၏။
ရှားလော့ဟုမ်းကိုမြန်မာမှုပြုခဲ့သည့် ဆရာကြီးရွှေဥဒေါင်း၏ ‘စုံထောက်မောင်စံရှား’ ၀တ္ထုများကိုဖတ်ရသည့်အခါတွင်ကား ဆရာကြီး
တို့ခေတ်၏ အချိန်စနစ်ကို တွေ့ရပြန်ပါသည်။


“လာဗျို့ ကိုသိန်းမောင်၊ သုံးနာရီနှစ်ဆယ် လော်ကယ် မီသေးတယ်။ ခပ်သုတ်သုတ် လျှောက်ရင် ဘူတာကို နှစ်မိနစ် နဲ့ ရောက်ပါ
တယ်ဗျ”

“ပါဆယ်ထုပ် ရတာက ကြာသာပတေး နေ့မှာ ရတာဆိုတော့ ဗုဒ္ဓဟူးနေ့ကပို့လိုက်ဟန်တူပါရဲ့၊ ဒီတော့ နားရွက်တွေဖြတ်ခြင်းဟာ
တနင်္လာ၊ အင်္ဂါနေ့လောက် ဖြစ်မှာပဲ”

ရှား ။ ။ (သူ့ခြေထောက်ကို ကြည့်လျက်) “အင်းစိန် ဘက်က လော်ကယ်ရထားနဲ့ လိုက်ခဲ့မှတ်တယ်”
လူငယ် ။ ။ “မှန်ပါတယ်ခင်ဗျာ”
ရှား ။ ။ “ပြီးတော့ လန်ချား ဆက်စီးခဲ့တယ် ဟုတ်စ”
လူငယ် ။ ။ “ဟုတ်ပါတယ်ခင်ဗျာ”
ရှား ။ ။ “ဒီ ရွှံ့မျိုးဟာ မြေနီကုန်းဘက်နဲ့ အင်းစိန်ဘက်မှာ ရှိတတ်တာပဲ။ အချိန်ကလည်း ရှစ်နာရီ ဆိုက်တဲ့ အင်းစိန် လော်ကယ် ရထားကဆင်းပြီး လန်ချားနဲ့ လာရင်ရောက်လောက်တဲ့အချိန်”

“အမှုက နက်နဲတဲ့အပိုင်းရောက်လာတယ်ဆိုပေမယ့် တကယ်သဘာဝကျကျစဉ်းစားတတ်ရင် သိပ်မခက်လှပေဘူး။ သူ့မျက်နှာကို
အ၀တ်နက်နဲ့အုပ်ထားခံရတယ်ဆိုသော်လည်း အသံကိုတော့ကြားရတာပဲလေ။ တိုင်ကပ်နာရီကရှစ်နာရီထိုးသံကို ကြားတယ် သိပ်မကြာခင်မှာ မနီးမဝေးက ရထားဥသြဆွဲသံ ကြားရတယ် ဆိုကတည်းက အမှုကပြီးသွားပြီ၊ သူရောက်နေတာ ဘောက်ထော်ဘူတာနားကအိမ်တစ်အိမ်မှာပဲပေါ့။ ရထားအချိန်စာရင်း ကို ကျုပ်ကြည့်ပြီးပြီ။ နေရာသိမှတော့ ကျန်တာတွေက လွယ်သွားပါပြီဗျာ”

“ကျုပ်က ကြေးနန်းကြိုပြီး ရိုက်လိုက်တယ်လေ။ သူမရောက်ခင် ကြေးနန်းဟာ ကြိုပြီး ရောက်သွားတော့ တရားခံ ဘယ်ပြေးလွတ်
လိမ့်မလဲ”
xxxxxxxxxxxxxxx
“လူသတ်သမားဟာ လက်မှုပညာမှာ အတော်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပေပဲဗျ၊ စားပွဲတင်နာရီကို လူသတ်ကိရိယာ အဖြစ် ဖန်တီးထား
တာ၊ ကိုဘလှအောင် ဟာ မနက်ရှစ်နာရီ လေးဆယ့် ငါးမိနစ်မှာ ရုံးခန်းကိုရောက်တာ သူ သိထားတယ်။ နာရီကို တီထွင်ထားတာက ကိုးနာရီ ထိုးတာနဲ့ နာရီ အံဝှက်တံခါးလေး ပွင့်ပြီး စပရင်ကန်အားနဲ့ အဆိပ်အပ် ထွက်လာအောင် စီမံထားတာပဲ၊ ကိုဘလှအောင်ဟာ သူ့ရုံးခန်းစားပွဲ မှာ ထိုင်ပြီး ဆယ့်ငါးမိနစ်အကြာ ကိုးနာရီတိတိမှာ အဆိပ်အပ်ကြောင့် သေသွားရတာပါ။ တရားခံကတော့ အဲဒီနေ့မနက်က နာရီကို စားပွဲပေါ် လာထားသွားတဲ့သူပါပဲ”
(အခုနေများ ကျွန်တော့ကို ထိုနည်းလမ်းအားဖြင့် လုပ်ကြံရန်ကြံစည်ခဲ့လျှင်တော့ လူသတ်သမားမှာ နာရီတီထွင်ရကြိုးနပ်လိမ့်မည်
မဟုတ်ပါ။ အဆိပ်အပ်ထွက်ပြီး လေးဆယ့်ငါးမိနစ်အကြာမှ ကျွန်တော်က ဘုမသိဘမသိဖြင့် ရုံးခန်းသို့ရောက်ရှိလာလိမ့်မည် ဖြစ်၏။ ဤကား စကားချပ်။)

မောင်စံရှား ၀တ္ထုများကိုဖတ်ရင်းနှင့် စိတ်ထဲမှာ တွေးစရာတစ်ခုပေါ်လာပါသည်။ ‘ရှားလော့ဟုမ်း’ တွေထဲက ‘အချိန်’ အကြောင်းပြု
ဝတ္ထုမျိုးတွေကို အရင်းအတိုင်းမြန်မာမှု ပြုခဲ့ခြင်းမှာ အချိန်စနစ်ခြင်းတူခဲ့ကြလို့လား။
ရှေ့မီနောက်မီ လူကြီးသူမတစ်ဦးအား အကျိုးအကြောင်းပြောပြ မေးမြန်းကြည့်ပါသည်။
“အဘတို့တုန်းက အဲဒီလိုပဲ အချိန်မှန်ကြသလား”
“မှန်တာပေါ့ မောင်ရယ်၊ စောင့်ရတယ်ဆိုတာ သိပ်မရှိလှပါဘူး။ ဆက်သွယ်ရေးစံနစ်က ကွက်တိဖြစ်အောင်လုပ်ထားတာ”
“လူတွေကလည်း သူ့အချိန်နဲ့သူ ကွက်တိဖြစ်ကြသလား”
“တို့တုန်းက လူကြီးလူကောင်းဆိုတာ ဒီလိုလူမျိုးတွေပေါ့ကွာ၊ သူ့ဟာနဲ့သူကွက်တိဖြစ်အောင်နေကြတာပဲ”
ကွက်တိ … ကွက်တိ။
ဆရာကြီး ရွှေဥဒေါင်းသာ ရှိနေသေးလျှင် မောင်စံရှား ကိုစောစောစီးစီးရေးခဲ့မိခြင်းအတွက်အလွန်တရာ ၀မ်းမြောက်ဝမ်းသာဖြစ်နေ
မည်လားမသိ။ ယခုအချိန်မှာ ရေးမည်ဆိုလျှင်တော့ ‘ခေတ်ပြိုင် ယုတ္တိ’ မရှိဟု ဝေဖန်ကြလိမ့်မည် ထင်သည်။
မည်သို့ပင်ဖြစ်စေ တိကျမှန်ကန်စွာလည်ပတ်လှုပ်ရှားနေသော အချိန်စနစ်တစ်ခုအတွင်း၌ ကျွန်တော်တို့ဘိုးဘွားများနေထိုင်ခဲ့ကြ
ဘူးသည်ဟူသော သမိုင်းတစ်ကွက်ရှိခဲ့၏။

(၂)
မြန်မာမှုနယ်ပယ်၌အချိန်၏တန်ဘိုးနှင့်ပတ်သက်၍ စကားပုံများ၊ ဆုံးမစာများ၊ နီတိများ၊ ဆိုရိုးစကားများကြွယ်ဝစွာရှိခဲ့ပြီးဖြစ်သည်။
ဗုဒ္ဓသာသနာ အဆုံး အမ၌ တည်ခဲ့ကြသော ရှေးမြန်မာ ကြီးများ၏ လက်ဆင့်ကမ်း သတိ ပေးချက်များ ဖြစ်ပါသည်။ သို့ရာတွင် ‘အချိန် သတိ’ (Time Conseious) သည်ကျွန်တော်တို့၏ အမျိုးသား ဗီဇလက္ခဏာတစ်ခုဖြစ်မလာသေးပါ၊ အကျင့်စရိုက်တစ်ခု ဖြစ်မလာသေးပါ။ ‘မြန်မာတွေ အချိန်တိကျတယ်’ ဟူသော စကားမျိုး ကမ္ဘာ့ပါစပ်ဖျား၌ ရေပန်းမစားသေးပါ။ မြန်မာ့ ပါးစပ်ဖျားမှာတော့ ‘မြန်မာစံတော်ချိန်လေကွာ’ ဟူသော ပြက်လုံးသာ တွင်ကျယ်ခဲ့ပါသည်။
ဘာကြောင့်များ ဒီလိုဖြစ်ရတာပါလိမ့်။ အချိန်သတိလျော့နည်းခြင်းသည် လူမျိုး၏ဗီဇကြောင့်လား။ သို့မဟုတ် လူမျိုး၏ ဘ၀ကြောင့်
လား။ သို့မဟုတ် ထိုနှစ်မျိုစလုံးကြောင့်လား။

(၃)
“သူတို့ဆီက စက်နာရီ အရင် စပေါ်လို့ သူတို့က ကိုယ့်ထက်ပိုပြီး အချိန်မှန် ကြတာလို့တော့ ပြောလို့ မရဘူး။ ဗီဇ စရိုက်အရေး ကြီး
တယ်၊ တို့ကပေါ့တယ်၊ မလေးနက်ဘူး၊ မေ့လွယ်ပျောက်လွယ်ရှိတယ်။ ဆင်ခြင်တွေးခေါ်ဘို့ပျင်းတယ်။ ခံစားမှုနောက်ကိုပဲ အလွယ်တကူလိုက် တတ်ကြတယ်။ ဒီလိုစရိုက်မျိုးရှိတဲ့လူဟာအချိန်ပေါ်မှာသာမကဘူး တခြားဘာကိစ္စပေါ်မှာမှ လေးလေးနက်နက် သဘောထားတတ်မှာ မဟုတ် ဘူး။ ပညာရေးနဲ့ ထိန်းဘို့လိုတယ်။” ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးကဝေဖန်ပါသည်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ ဤသို့ရှုမြင်၏။ “ဘ၀ချင်းမတူကြဘူးဗျ၊ ကျွန်တော်တိှု့ဆီမှာလူတစ်ယောက်ရပ်တည်ဘို့လွယ်ကူ
ခဲ့တယ်။ သူတို့ဆီမှာကခက်တယ်။ ကျွန်တော်တို့ဆီမှာ ဗြောသံ စည်သံ တညံညံနဲ့ မုဆိုးမတောင် ဘုရားတည်နိုင်ခဲ့တဲ့ အချိန်တုန်းက သူတို့မှာ ပင်လယ် ထဲထွက်၊ ပင်လယ်ဓားပြ လုပ်ပြီး တိုင်းပြည်ကို ပံ့ပိုးပေးခဲ့ရတဲ့ အခြေအနေ၊ သူတို့က ဘ၀နာခဲ့ကြတယ်။ ‘အထိနာ’ တော့ ‘အသိသာ’ တာပေါ့ဗျာ။ နောက်ပိုင်းကိုလိုနီနယ်ချဲ့ဘ၀ရောက်ရတာပါပဲ၊ စီးပွားရေးသဘောတွေပါ၊ အခုလည်း သူတို့ဆီမှာ ကြည့်၊ လူတွေဟာ သုတ်သုတ် သုတ်သုတ်နဲ့ မအားကြဘူး။ ဆင်မယဉ်သာ ပုံစံမျိုးလုပ်နေရင် ဒုက္ခရောက်သွားမယ်၊ သူတို့အတွက် အချိန်ဟာ ငွေဖြစ်နေတာကိုး၊ အချိန်အတိ အကျ မလုပ်ချင်လို့ ကိုမရဘူး။ ဘ၀ပုံစံက အဲဒီလို။ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အချိန်ဟာ မက်လုံးဖြစ်သွားတယ်။ ငွေဖြစ်သွားတယ်၊ ဘ၀ ကတောင်းဆိုလာတဲ့ အခါ အချိန်ကို မလေးစားချင်လို့မရ၊ လေးစားလာရတာပဲ၊ ကြာတော့ အကျင့်ဖြစ်သွားရော”
အမှန်တော့ ကျွန်တော့်မှာ ပြဿနာ ဟောင်းကြီးထဲသို့ ပြန်လည်တိုးဝင် ကြည့်နေခြင်း သာဖြစ်ပါသည်။ ဘ၀ က အသိကို ပြဋ္ဌာန်း
သလား၊ အသိကဘ၀ကို ပြဋ္ဌာန်းသလား ဟူသောပြဿနာကအစ၊ ဗီဇနှင့် ပတ်ဝန်းကျင်အလယ်၊ စိတ် နဲ့ ရုပ် ဘယ်ဟာအဓိကလည်း ဟူသော ပြဿနာဟောင်း ကြီး၌ အဆုံးသတ်ရဖွယ်ရှိပါသည်။ ထားလိုက်ကြပါစို့။
“ဗီဇ ကြောင့်ပဲဖြစ်ဖြစ်၊ ဘ၀ကြောင့်ပဲဖြစ်ဖြစ်၊ အချိန်ပြဿနာ မှာတော့ ကျွန်တော်တို့မှာ အဲဒီနှစ်မျိုးလုံး အားနည်းချို့တဲ့ခဲ့တာအမှန်
ပဲ” ဟု သမိုင်းကထိက တစ်ဦးက ဆိုပါသည်။

(၄)
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ကဖေးဆိုင်တစ်ဆိုင်၌ မြန်မာ အမျိုးသားတစ်ဦး ကော်ဖီ သောက်နေ၏။ ကော်ဖီတစ်ငုံသောက်လိုက်
စီးကရက် တစ်ရှိုက် ဖွာလိုက်၊ လမ်းမဆီသို့ ငေးလိုက် နှင့် အတွေးထဲတွင် ကျွံကျ နစ်မြုပ် နေလေသည်။ အတန်ကြာသော သူ လှုပ်ရှား လာပြီး ကော်ဖီဖိုးရှင်းရန် စားပွဲထိုးကို ခေါ်လိုက်၏။ စုစုပေါင်း လေးဒေါ်လာ ကျပါသည် ဟုဆိုသောအခါ သူမျက်လုံးပြုးသွားလေသည်။
“ဟ … မနေ့က ငါသောက်ခဲ့ပါသေးတယ်၊ ကော်ဖီ တစ်ခွက် တစ်ဒေါ်လာပါ၊ သုံးဒေါ်လာက ဘယ်က ပိုလာတာလဲ”
စားပွဲထိုးကစားပွဲဘေးသို့လက်ညှိုးညွှန်ပြ၏။ သူငုံ့ကြည့်လိုက်၏။ စားပွဲဘေးဘောင်တွင်တပ်ဆင်ထားသည့်အချိန်မှတ်နာရီတစ်လုံး။
“တကတည်း သောက်ကျိုးနည်းဗျာ၊ ကျွန်တော်က ကိုယ့်ဆီ တုန်းကလို တမေ့ တမော ထိုင်ခဲ့ မိတာကိုးဗျ၊ သူတို့ ဆီမှာက ကြာတဲ့
အချိန် အတွက် အခ ပေးရတယ်၊ ကိုယ်ထိုင်နေတဲ့အချိန်အတွင်း ဂရုစိုက်စောင့်ကြည့်ခတွေ ဘာတွေ ညာတွေနဲ့ ဆိုတော့ လေးဒေါ်လာပေးခဲ့ရ သဗျို့။ နောက်တော့ ကြာကြာမထိုင်ရဲတော့ဘူးဗျ” ဟု စာရေးဆရာ ဟိန်းလတ်က ရယ်ရယ်မောမော ပြောပြပါသည်။
ထို့အတူပင် ရေဆင်းတက္ကသိုလ်က ဆရာဦးမောင်မောင်စံ (စာရေးဆရာ ကြည်မင်း၊ ကျော်စောမင်း) သြစတေးလျသို့ ဘွဲ့လွန်သွား
ယူစဉ်က တစ်နေ့တွင် မြို့ထဲ ထွက်လည်ရာ သူ့မိတ်ဆွေ တစ်ဦးရှိသည့် ရုံးဌာနတစ်ခု အနီးသို့ရောက်လာ၏။ ကြုံတုန်း ၀င်တွေ့ဦးမည်ဟူသော အတွေးနှင့်ရုံးထဲဝင်တွေ့လေသည်။ မစ္စတာဘယ်သူဘယ်ဝါနှင့် တွေ့လိုပါကြောင်း ပြောပြပြီးအပြင်ခန်း၌ စောင့်နေသည်။ မကြာမီသူ့မိတ်ဆွေ ထွက်လာ၏။
“ဟေး … မစ္စတာ စံ၊ ဘာ ကိစ္စရှိလဲ”
“အထူးအထွေ မရှိပါဘူး … ကြုံလို့ဝင်လာတာပါ”
“မဟုတ်ဘူးလေ၊ ကျွန်တော် ဘာလုပ်ပေးစရာရှိသလဲ”
“ဘာမှ မရှိပါဘူး၊ ကျွန်တော် ကြုံလို့ …”
“သြော် … ကျွန်တော့်ဆီလာလည်တာထင်တယ်”
“အဲ … ဟုတ်ပါတယ်”
“ဒါဆို ခဏစောင့်ပါဦးနော်”
မဂ္ဂဇင်းစာအုပ် အချို့ယူပေးကာ အပြင်ခန်း၌စောင့်ခိုင်းပြီး အထဲပြန်ဝင်သွားသည်။ တစ်နာရီလည်း ထွက်မလာ၊ နှစ်နာရီကြာလည်း
ပေါ်မလာ။ လူတစ်ချို့က ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြ၏။ နောက်ဆုံးနေ့လည်စာစားချိန်ရောက်မှ ကိုယ်တော်ချောက ပြုံးပြုံးကြီးထွက်တော်မူလာလေသည်။
“လာ .. မစ္စတာစံ ကော်ဖီသွားသောက်ရအောင်” တဲ့
အဲဒီကတည်းက ကျွန်တော် ပညာရလိုက်တယ်။ သူတို့ဆီမှာကကိစ္စ အထူးမရှိဘဲနဲ့ အလုပ်ခွင်ကို သွားတွေ့လေ့မရှိကြဘူး။ အလုပ်
ခွင်မှာ ဧည့်သည် လာခဲတယ်။ တစ်ယောက် နဲ့တစ်ယောက် တွေ့ချင်ရင် ကြိုပြီး ချိန်းကြတာပဲ၊ ဘယ်နေ့ ဘယ်နှစ်နာရီ မှာ လာတွေ့ မယ်ပေါ့၊ အဲဒါလည်း ချိန်းတဲ့အချိန် အတိအကျ သွားရတယ်။ နောက်ကျလွန်းရင် မကြိုက်ဘူး။ စောလွန်းရင်လည်းမကြိုက်ဘူး။ နောက်ကျရင် သူ့အချိန် ကိုကိုယ်ကဖြုန်းပစ်ရာရောက်တယ်။ စောလွန်းရင်လည်း ကိုယ့်အချိန်ကို ဖြုန်းပစ်ရာရောက်တယ်။ ကိုယ်က စောင့်နေရတော့မှာကိုး။ တစ်ခါက ပါမောက္ခချုပ်နဲ့ တွေ့ဘို့ချိန်းထားတဲ့အခါ ကျွန်တော် အချိန်အတိအကျ သွားပြီး တံခါး ခေါက် လိုက်တယ်။ အထဲက အသံထွက် လာတယ်။ “Ok, my son, Mr. San, Come in” တဲ့၊ ဒီအချိန်မှာ တံခါးခေါက်တာ ဘယ်သူဆိုတာ သူ သိပြီးသားလေ”
ပြီးခဲ့သည့် မေလထုတ် ကလျာမဂ္ဂဇင်း တွင်ပါရှိသော ပတ္တမြားခင်၏ ဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရာတွင် အမေရိကန် သို့အလည်
ရောက်လာသည့် အဆိုတော် ဒေါ်မာမာအေး၏ အမြင်ကိုတွေ့လိုက်ရသည်။
“ကျွန်တော်က (ဒေါ်မာမာအေး) မြန်မာ့အသံမှာ ၀န်ထမ်းလုပ်လာတာဆိုတော့အချိန်ကို စက္ကန့်ပိုင်း အထိ တိုင်းတတ်တယ်၊ ဒီမှာက
အချိန်ကုန်မြန်လိုက်တာမမခင်ရာ၊ မြန်မာပြည်မှာတုန်းကလည်း ဒီလက်ပတ်နာရီပဲပတ်တာပဲ၊ အမေရိကားမှာလည်းဒီလက်ပတ်နာရီ ပဲပတ်တာပဲ။ ဘာဖြစ်လို့ အချိန်တွေက မြန်နေ ရတာလဲလို့ တစ်ခါတစ်ခါ စဉ်းစားမိတယ်၊ မြန်မာပြည်မှာလို လူတွေဝတ္တရား မကျေနိုင် ကြတာ ဟာအချိန် မပေး နိုင်ကြလို့ဆိုတာ သဘောပေါက်လာတယ်”
ရင်ခေါင်းခွဲစိတ်ကု ဆရာဝန်ကြီး ဦးခင်မောင်အေးကလည်း အင်္ဂလန်အတွေ့အကြုံကိုပြန်ပြောင်းပြောပြပါသည်။
“ထူးဆန်းတာ တစ်ခုရှိတယ်ဗျ၊ အင်္ဂလန်မှာ ဆောင်းတွင်းကျလာရင် နာရီအချိန်တွေကိုပြင်ပစ်တယ်၊ အဲဒါ လေးငါးလ လောက်ကြာ
တယ်၊ ရေဒီယို ရုပ်မြင် သံကြားကနေ ကြေငြာပြီး ပြင်တာ၊ ဒီလိုဗျ ဟိုမှာဆောင်းတွင်း ကျရင် ရှစ်နာရီလောက်ထိ နေမမြင်ရသေးဘူး၊ မှောင်နေ တုန်းပဲ၊ ညနေကျတော့လည်း နှစ်နာရီလောက်ဆိုနေ၀င်သွားရော၊ ဒီတော့သူတို့က နံက် ၇ နာရီကို ၈ နာရီလို့ပြင်တယ်၊ ညနေ လေးနာရီဆိုရင် ငါးနာရီပေါ့ .. သဘော ကတော့ အစောကြီး ထရတယ်လို့ မထင်ရအောင် လုပ်တယ်နဲ့ တူပါတယ်။ တကယ် အလုပ်ချိန် ကတော့ အတူတူပါပဲ။ စစချင်းတော့ ဆန်းသလိုပေါ့ဗျာ။ နောက်တော့လည်း အသားကျသွားတာပါပဲ”
“ကျွန်တော် နေတဲ့နေရာနဲ့ ဆေးရုံနဲ့ကမဝေးဘူးဗျ၊ လှမ်းမြင်နေရတာပဲ၊ ဒါပေမဲ့ ကျွန်တော်က ၅ မိနစ်လောက် နောက်ကျ နေတတ်
တယ်၊ သူတို့က နောက်ကျလေ့ မရှိဘူး။ လူနာ လှည့်ကြည့် ကြတဲ့ အချိန်မှာ ၅ မိနစ် လောက် နောက်ကျ သွားရင် Case တစ်ခု လောက်တော့ လွတ်သွားရော၊ နောက်မကျအောင် ကြိုးစားရတယ်”
“သူတို့ကအလုပ်ချိန်မှာ တကယ်အလုပ်လုပ်ကြတယ်၊ နားချိန်မှာ တကယ်နားကြတယ်၊ အလုပ်ချိန်မနက် ၇ နာရီက ညနေ ၅ နာရီ
အတွင်းမှာ နားချိန် ၂ ချိန်ရှိတယ်။ အဲဒီအချိန်မှာ အပြည့်အ၀ နားကြတာပဲ၊ အလုပ်အကြောင်း မပြောဘူး။ မခိုင်းဘူး။ တစ်ခါတုန်းက နားချိန်မှာ ဆေးရုံဝန်ထမ်းတစ်ယောက်ကို အလုပ်အကြောင်းကျွန်တော်သွားပြောမိတော့ ‘ဒါဟာ သူ့ကိုယ်ပိုင်အချိန်ပါ၊ မနှောင့်ယှက်ပါနဲ့’ လို့ပြောတယ်ဗျ။ အလုပ်ခွင်မှာတော့ အဆင့်ဆင့် လေးစားမှုရှိပါတယ်၊ နားချိန်မှာတော့မရဘူး”
“ပြီးတော့သူတို့က တစ်နှစ်မှာ တစ်လ ခွင့်ပေးထားတယ်။ မယူချင်လို့မရဘူး။ ယူကိုယူရတာ၊ အဲဒီအချိန်မှာ သွားချင်ရာသွား၊
လည်ချင်ရာလည်၊ လုပ်ချင်ရာလုပ်၊ ဆေးရုံနဲ့လူနာတွေအကြောင်း ခေါင်းထဲမထည့်နဲ့ လုံးဝမေ့ထားလိုက်တော့၊ သူတို့အယူအဆက အလုပ်တစ်ခုကို ကြာရှည် လုပ်နေရရင် ငြီးငွေ့ပြီး စွမ်းရည် ကျသွားတတ်တယ်။ ဒါကြောင့် အပြောင်းအလဲသဘော ကိုယ်လုပ်ချင်တာ၊ စိတ်ဝင်စားတာ တစ်ခုခု ပြောင်းလုပ်စေချင်ကြတယ်”
“Change of work is rest” ဟူသော နပိုလီယံ ၏ စကား တစ်ခွန်း ကို သတိ ရမိ ပါသည်။ သို့သော် ယခု အချိန် ကျွန်တော့် အား
“မောင်မင်း ရုံးတာဝန်တွေနဲ့ ပင်ပန်း ငြီးငွေ့နေပြီ၊ အလုပ်ခွင် စွမ်းရည် ပြန်တက် လာအောင် ခရီးထွက်ပြီးအနားယူချေပါ” ဟု ခွင့်ပြုတိုက်တွန်း လာမည်ကိုတော့ စိုးရိမ်မိပါသည်။ အကြောင်းမှာ ပြည်တွင်း ခရီးသွားရမည်ကို ကျွန်တော်လွန်စွာ ကြောက်ရွံ့နေ၍ ဖြစ်ပါသည်။ ခရီးထွက်ခြင်းသည် အပန်းဖြေခြင်းဟု မယုံကြည်တော့သည်မှာလည်း ကြာပါပြီ။ အပန်းမပြေရုံမက ရှိစုမဲ့စု အားတွေပင် ကုန်လာနိုင်ပါသေးသည်။
သူတို့ဆီက ဆက်သွယ်ရေးစံနစ်မှာ ချောမွေ့အောင်၊ အချိန်မကုန်အောင် စီမံထားကြောင်းကို ကြုံရသူများက တညီတညွတ်တည်း
ပြောကြသည်။ ဘတ်စ်ကားတွေ၊ ရထားတွေ အချိန်မှန်ပုံ၊ လူ့ဂုဏ်သိက္ခာ နှင့်အညီ စီးရပုံ၊ စနစ်ကျပုံများကို ပြောပြသည်မှာ နားထောင်ကောင်းလှပါသည်။
“ဂျပန်မှာ ရုံးတက် ကျောင်းတက်နဲ့ လူစည်ကားတဲ့ အချိန်ဆိုရင် ရထားတွေက ၃ မိနစ် တစ်စီး ထွက်ပေးတယ်၊ လု မတက်ကြဘူး။
တန်းစီပြီး တက်သွားကြတာပဲ၊ လုတက်စရာလည်း မလိုဘူးလေ။ သုံးမိနစ်လောက်စောင့်လိုက်ရင် ရထားတစ်စင်းထပ်ဝင်လာတာကိုး၊ ခရီးဝေး တွေမှာဆိုရင် ဥပမာ အိုဆာကာ နဲ့ နာဂိုရာ ဆိုပါတော့၊ မိုင် လေးငါးရာလောက် ခရီးဝေးတွေမှာ ငါးမိနစ် တစ်စီးထွက်တယ်။”
“ပြီးတော့ လက်မှတ်စစ်တာက အဆင့်မြင့်တယ်၊ ဘူတာအ၀င်ဝက လက်မှတ်စစ်တဲ့အပေါက်လေးထဲကို လက်မှတ်ထိုးထည့်လိုက်၊
တံခါးပွင့်သွားမယ်၊ လက်မှတ်က ဟိုဘက်မှာ ပြန်ထွက်လာတယ်။ ဒါကိုမြင်တော့ ကိုယ်က ‘လူနှစ်ယောက် လက်မှတ် တစ်စောင်နဲ့ ၀င်သွားရင် ဘယ့်နှယ်လုပ်မလဲ’ ဆိုတော့ သူတို့က ‘၀င်ကြည့်လေ’ တဲ့၊ ၀င်ကြည့်တော့မရဘူးဗျ၊ ခေါင်းလောင်းတွေမည်ပြီး ဘူတာရဲတွေပြေးလာ ကြတယ်၊ ကိုယ်ကလည်းမကျေနပ်တာနဲ့ ‘ဒါဖြင့် လူနှစ်ယောက် ကုန်းပိုးပြီးဝင်မယ်ဗျာ’ ဆိုတော့ သူတို့က ရယ်လိုက်တာလေ၊ မလုပ်ပါနဲ့တော့တဲ့၊ သူတို့ဆီ မှာ လက်မှတ်တစ်စောင်အတွက်လောက်နဲ့ ဒီလောက်မလုပ်ကြပါဘူးတဲ့ဗျာ”
မီးရထားဝန်ကြီးဌာန ကုန်စည်ဌာနမှ ဦးသန့်ဇင်မောင် ၏ ဂျပန်လေ့လာရေး အတွေ့အကြုံ တစ်ကွက်ဖြစ်ပါသည်။

(၅)
“စည်းကမ်း ကြီးတာ၊ ကိုယ်ကျင့်သိက္ခာ စောင့်စည်းတာ၊ ခံစားမှုကို ထိန်းချုပ် နိုင်တာ၊ အချိန်ကို ရိုသေ လေးစား တာတွေ မှာတော့
ကမ္ဘာမှာ အင်္ဂလိပ်တွေက နာမည် အကြီးဆုံးပဲ၊ အမေရိကန်တို့ ဘာတို့က ဒီလောက်မဟုတ်ဘူး။ ဒါတောင် အင်္ဂလိပ် တွေလည်း အခုတော့ နဲနဲ လျော့လာကြပြီ ထင်ပါရဲ့။ တကယ်တော့ဗျာ ကျွန်တော်တို့ ဗုဒ္ဓအဆုံးအမ မှာလည်း အချိန်ရဲ့တန်ဘိုးကို အများကြီး ဟောပြောထားတာပါ” ဟု ဆရာတက်တိုးက ပြောပြပါသည်။
စဉ်းစားဖွယ်ကောင်းပါသည်။ ကျွန်တော်တို့သည် ပုဂံခေတ်ကတည်းက ဗုဒ္ဓဘာသာ အဆုံးအမအောက်တွင် နေထိုင်ကြီးပြင်းလာခဲ့
ကြသည်။ အချိန်နှင့် ပတ်သက်သော ဘာသာရေး အဆုံးအမများကိုလည်း တမြည်မြည် သင်အံ ခဲ့ကြရသည်။ ထို့ပြင် သမိုင်း တစ်ကွေ့၌ စနစ်စည်းကမ်းကြီး၍ အချိန် တိကျလှသည်ဟု နာမည်ကြီးသော အင်္ဂလိပ်နှင့်လည်း နှစ်ပေါင်းတစ်ရာ ခန့်နေထိုင်ခဲ့ကြဖူးသည်။ သို့ပါလျက်နှင့် ကျွန်တော်တို့၏ ‘အချိန်သတိ’ မှာမည်သို့ဖြစ်နေလေသနည်း။ အဘယ့်ကြောင့် ‘မြန်မာစံတော်ချိန်’ ဟူသော ကိုယ့်ကိုယ်ကို ပြန်သရော် ရသည့် ပြက်လုံးတစ်ခု ပေါ်ပေါက်ခဲ့ရပါသနည်း။
“ဒီလိုဗျ ကျွန်တော် တို့က မိရိုးဖလာ ဗုဒ္ဓဘာသာ အနေနဲ့ပဲ နေလာ ခဲ့ကြတာ၊ ဗုဒ္ဓ အဆုံး အမကို ခြေခြေ မြစ်မြစ် နက်နက် ရှိုင်းရှိုင်း
လေ့လာ ဆည်းပူးခဲ့တာက လူနည်းစုပဲ ဖြစ်ခဲ့တယ်၊ အများစုကတော့ အပေါ်ယံကြော လောက်နဲ့ပဲ ပြီးနေကြတာကိုး၊ နတ်တွေ၊ တန်ခိုးရှင် တွေနဲ့ပဲ ရောထွေးပြီး အချိန်ကုန်ခဲ့ကြတာ၊ ဒါကတစ်ကြောင်း၊ နောက်တစ်ကြောင်းကအင်္ဂလိပ်နဲ့အတူနေခဲ့ရပေမဲ့ အင်္ဂလိပ်ဆီကကောင်းတဲ့ အကျင့် တွေကို မရခဲ့ဘူးဗျ၊ ဘာဖြစ် လို့လည်း ဆိုတော့ မယူခဲ့ ကြလို့၊ ယူနိုင်စွမ်း မရှိခဲ့ ကြလို့၊ ကျွန်တော်တို့က အင်္ဂလိပ်ကို မုန်းတာကိုး၊ လူကိုလဲ မုန်း တယ်၊ သူတို့ရဲ့ တိကျတဲ့ စည်းကမ်းတွေကိုလည်း မုန်းတယ်၊ အင်္ဂလိပ်နဲ့ ပတ်သက်တာ အားလုံးကိုမုန်းတာပဲ၊ အမုန်းကို ကျော်လွန်ပြီး မကြည့် နိုင်ကြတော့ သူတို့မြင်သလို ကျွန်တော်တို့ မမြင်နိုင်ခဲ့ကြဘူး ဒါကြောင့် ရန်သူဆီကကောင်းတဲ့အချက် တွေကို မရလိုက်ကြတာပါပဲ။ ရခဲ့တဲ့လူ တွေကိုလည်း ဘိုဆန်တယ်၊ ကိန်းကြီးခန်းကြီးနိုင်တယ် ဘာညာနဲ့ ကျွန်တော်တို့ မကြိုက်နိုင်ခဲ့ကြဘူးလေ”
အမုန်းကို ကျော်လွန်ပြီး မကြည့်နိုင်ခဲ့ကြဘူးတဲ့ ရင်ထဲမှာ စိမ့်ကနဲ ဖြစ်သွား ရပါသည်။ ထိုစကားသည် နယ်ပယ်တိုင်းနှင့် သက်ဆိုင်
လိမ့်မည်ထင်သည်။ တစိမ့်စိမ့်စဉ်းစားနေရင်း က ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြောပြခဲ့ဘူးသည့် ဖြစ်ရပ်လေးတစ်ခု ခေါင်းထဲဝင်လာပြန်သည်။
စစ်မဖြစ်ပွားမီ အချိန်ကဖြစ်သည်။ ရုံးတစ်ရုံး၌ စာရေးတစ်ဦးသည် စားပွဲတွင် စာအုပ်ထူကြီးတစ်အုပ်နှင့်အလုပ်ရှုပ်နေ၏။ ထိုစာအုပ်
ကြီးမှာ ကားလ်မာ့ခ်၏ ‘အရင်း’ ကျမ်းကြီးဖြစ်လေသည်။ သူသည်ထိုကျမ်းကြီးကို အပတ်တကုတ်ဘာသာပြန်ဆိုနေ၏။ ထိုစဉ်ခိုက်တွင် အထက်အရာရှိ အင်္ဂလိပ်ကြီးသည် ထိုစာရေး၏ စားပွဲဘေးသို့ လာ၍ရပ်သည်။ စာအုပ်ကြီးကို တစ်ချက်ကြည့်သည်။ ဘာသာပြန် စာမူများကို တစ်ချက်ကြည့်သည်။ စာရေးက မော့ကြည့်လိုက်ချိန်မှာတော့ ဘာတစ်ခွန်းမှ မပြောဆိုဘဲ ရုံးခန်းဆီသို့ လှမ်းသွားပြီဖြစ်၏။ စာရေးက လုပ်မြဲအလုပ်ကို ဆက်လုပ်နေလိုက်၏။
ခဏကြာသော် မင်းစေတစ်ဦးက စာရေးဆီသို့ချည်းကပ်၍လာသည်။ မင်းကြီးက တွေ့လိုပါကြောင် အကြောင်းကြားခြင်းဖြစ်သည်။
စာရေးသည် လေးပင်စွာ ထရပ်လိုက်သည်။ သူသိလိုက်ပြီ။ အင်္ဂလိပ်တွေ မုန်းတီးသော ကွန်မြူနစ်စာအုပ်ကို ဘာသာပြန်ဆိုမိခြင်း အတွက် သူတစ်စုံတစ်ရာ ဖြေရှင်းရတော့မည်။
အရာရှိရှေ့၌ထိုင်မိချိန်တွင် သူယုံကြည်သော ၀ါဒဘက်က အစွမ်းကုန်ခုခံရန် သူပြင်ဆင်ပြီးဖြစ်သည်။
“ခင်ဗျား စောစောက ဘာလုပ်နေပါသလဲ”
“စာအုပ်တစ်အုပ်ကို ဘာသာပြန်နေတာ”
“ဘာစာအုပ်လဲ”
“ကားလ်မာ့ခ် ရဲ့ အရင်းကျမ်း”
“ကောင်းတယ်၊ ကမ္ဘာကို ကိုင်လှုပ်တဲ့စာအုပ်တွေထဲက တစ်အုပ်ပဲ၊ ဖတ်ရတာ အခက်အခဲများ ရှိသလား”
စာရေးသည် ခေတ္တမျှတွေဝေသွားကာ “နည်းနည်းတော့ ရှိပါတယ်”
“ကောင်းပြီ ခင်ဗျားကို အခုခေါ်ပြောရတာက ဒီစာအုပ်ကိုဘာသာပြန်ချင်တယ်ဆိုရင် အိမ်မှာယူပြီးဘာသာပြန်ပါ။ လိုအပ်တဲ့နေရာ
မှာ ကျွန်ုပ်ကိုလည်း အသုံးပြုနိုင် ပါတယ်။ ရုံးချိန်မှာတော့ ရုံးအလုပ်ကိုပဲ လုပ်စေချင် ပါတယ်။ ရုံးမှာ လုပ်စရာတွေ ရှိနေပါတယ်။ ကျွန်ုပ်လည်း မြန်မာစာအုပ်တစ်အုပ်ကို အင်္ဂလိပ်လိုပြန်ဆိုဖို့ကြိုးစားနေပါတယ်။ ရုံးချိန်မဟုတ်တဲ့အားလပ်ရက်တစ်ရက်မှာ ခင်ဗျားနဲ့တိုင်ပင်ချင်ပါသေးတယ် ဒါပါပဲ၊ သွားနိုင်ပါပြီ”
အရင်းရှင်တို့၏ အားကောင်းသောပရိယာယ်တစ်ခုဟူ၍တော့ ကျွန်တော်ဖြင့်မခံစားမိရိုးအမှန်ပါ။ အလုပ်ခွင်အချိန်ကိုလေးစားသော
စိတ်၏ပေါက်ဖွားရာ ရေခံမြေခံများအကြောင်းကို ကျွန်တော်တွေးနေမိပါသည်။

(၆)
ဤသို့နှင့်ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်၍လာသည်။ ဆက်သွယ်ရေးစံနစ်များ တိုးတက် မြန်ဆန်လာမှုနှင့် စီးပွားရေး ဖွံ့ဖြိုးကြီး
ထွားလာမှုတို့မှာ တစ်သားတည်းဖြစ်၍ ဖြစ်၍လာသည်။ ဖွံ့ဖြိုးတိုးတက်မှု၌အထိရောက်ဆုံးနည်းနာများ၊ စီမံခန့်ခွဲမှုများကို အပြိုင်အဆိုင် ရှာဖွေ၍လာကြသည်။ ယိုပေါက်၊ ဟာကွက်မရှိစေရအောင် ထောင့်စေ့စေ့ အသေးစိတ်လေ့လာကြသည်။ ဤတွင် အချိန်ကို အကျိုး ရှိအောင်ဘယ်လို သုံးမလဲဟူသော အချိန်ကို စီမံခန့်ခွဲမှု (Time Management) သည် ကဏ္ဍတစ်ရပ်အနေနှင့် ပါဝင်လာသည်။
“စီမံခန့်ခွဲမှု ဘာသာရပ်မှာ အချိန်ကိုထည့်စဉ်းစားလာကြတာဟာ သူတို့ဆီမှာတောင်သိပ်မကြာလှသေးဘူးဗျ။ ကျွန်တော်တို့ဆီမှာ
တော့ ထည့်မစဉ်းစားကြသေးပါဘူး။ အချိန်ကိုနားမလည်ဘဲလည်း လုပ်လို့ကိုင်လို့ရနေသေးတော့ မစဉ်းစားကြဘူးပေါ့၊ နေလို့ဖြစ်နေ သေးတာကိုး၊ အဲ … ကမ္ဘာကြီးထဲ ၀င်တိုးကြည့်မှ မလွယ်မှန်း သိကြလိမ့်မယ်။ အခုပုံစံ မျိုးနဲ့တော့ နိုင်ငံတကာနယ်ပယ်မှာ ၀င်ဆန့်ဖို့ မလွယ်သေးပါဘူး” ဟု စီးပွားရေးတက္ကသိုလ်မှ ဆရာဦးတင်သောင်းက ဆိုပါသည်။
“အမှန်တော့ သူတို့နဲ့ ကျွန်တော်တို့က ဉာဏ်ရည်မှာ ဘာမှမကွာလှပါဘူးဗျာ၊ တချို့နေရာတွေမှာ ကျွန်တော်တို့ကတောင် သာချင်
ပါသေးတယ်၊ ဒါပေမဲ့ဗျာ” ဆရာဦးခင်မောင်အေးက ဆက်မပြောတော့ဘဲ မဲ့မဲ့ကလေး ပြုံးနေလေသည်။
ဤအကြောင်းများကို ပြန်ပြောပြတော့ ကွန်ပျူတာသင်တန်း တက်နေသည့် ကောင်မလေးက ဆံပင်များကို ၀ဲကနဲခါရမ်းလိုက်၏။
“ဒီမယ် … အမေရိကန်မှာ တစ်နေ့လုပ်ခ အနည်းဆုံးတစ်နာရီ ၄.၃၅ ဒေါ်လာရှိတယ်။ နှစ်ဒေါ်လာနဲ့ ထမင်းစားလို့ရတယ်၊ အဲဒီလို
များ အချိန်ဟာ ငွေဖြစ်ကြည့်စမ်းပါ။ သင့်တော်တဲ့လုပ်ခကို နာရီနဲ့ပေးတဲ့ အလုပ်မျိုးတွေပေါ်လာစမ်းပါ။ ကျွန်မတို့ အချိန်တွေအလဟဿ ဖြုန်းပစ်နေရအောင် ကျွန်မတို့က ဘာသားနဲ့ထုထားတာမို့လဲ၊ အချိန်ကိုရှိခိုးနေမှာပေါ့။ သူတို့လို ကိုယ့်စားရိတ်နဲ့ ကိုယ်ကျောင်းတက်ကြမှာပေါ့ရှင်”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘဲ အငေးသား ကြည့်နေစဉ် လက်ဖက် ရည်ဆိုင် ကက်ဆက် ထဲမှ ‘ဗဒင်’ ၏ ကြေကွဲဖွယ် ရေရွတ်
မည်တမ်းသံထွက်ပေါ်လာပါသည်။
“တို့ကတော့တို့ကတော့”တဲ့။

မောင်သစ်ဆင်း

သင့်ဘ၀၊ ၁၉၉၄၊ ဇူလိုင်

Read More...

Sunday, December 14, 2008

အကျဉ်းသား ၏အကျပ်အတည်း (prisoner’s dilemma)

တစ်ချို့အခြေအနေတွေကို ပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနှင့်။ တစ်ချို့အခြေအနေ တွေမှာ လူတွေရဲ့တုံပြန်မှု့တွေ အပြုအမူတွေဟာ သာမာန်အခြေအနေနဲ့မတူတာကို တွေ့ရပါတယ်။ သူတို့ တွေကိုကြည့်ပြီးတော့ ငါဆိုရင်တော့ ဒီလိုမဖြစ်ပါဘူး လို့ဆုံးဖြတ်ချက်မစောလိုက်ပါနှင့်။ သင်လည်း အဲဒီ နေရာရောက်ရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရင်စဉ်းစားကြည့်ပါ။ ဥပမာ ရှေ့တန်းမှာ ရောက်နေတဲ့စစ်သား တစ်ယောက်လူရက်ရက်စက်စက်သတ်ရဲတယ်။ ဓါးနဲ့ လဲ ထိုး သတ်ရဲတယ် သေနတ်ဒင်နဲ့လည်းရိုက်သတ်ရဲတယ်။ တန်းစီပြီးလည်းပစ်သတ်ရဲတယ်။ ငါသာ ဆို ရင် တော့လုပ်ရဲမှာ မဟုတ်ဘူး(လုပ်မှာ မဟုတ်ပါဘူး) လို့မထင်နဲ့။ အောက်မှာ ပြထားအခြေ အနေ တွေ ကို စဉ်းစားကြည့်ပါ။

(၁) မိသားစုနဲ့လပေါင်းများစွာခွဲပြီး အငတ်ငတ် အပြတ်ပြတ်နေနေရတယ်
(၂) လပေါင်းများစွာအကြောက်တရားနဲ့နေနေရတယ်
(၃) တစ်ဘက်ရန်သူကြောင့် ဒါတွေဖြစ်တယ်လို ရိုက်သွင်းခံထားရတယ်
(၄) ရန်သူတွေကို ချေမှုန်းနိုင်မှ အေးအေးဆေးဆေး ပြန်နေနို်င်မယ်လို့ ယုံကြည်နေတယ်
(၅) သေခြင်းတရားနဲ့ နေစဉ်ထိတွေ့နေရတယ်
အဲဒီအခြေအနေမှာရှိတဲ့ လူတစ်ယောက်ရဲ့စိတ်က သာမာန်အချိန်မှာ ရှိတဲ့စိတ် အခြေအနေနဲ့ မတူ နိုင်ပါဘူး။ အဲဒီလိုအခြေအနေမှာဆိုရင်သင်လည်း သတ်ရဲမယ် ကျွန်တော်ဆိုလည်းသတ်ရဲမှာပဲ။ စဉ်း စား ကြည့်ပါ။ နိုင်ငံတစ်နိုင်ငံမှာ စစ်ဖြစ်ကြပြီဆိုရင် ပုံမှန် အခြေအနေမှာ ရိုးသားအေးဆေး တဲ့ လယ်သ မားကြီးတွေ၊ အလုပ်သမားကြီး တွေ၊ ဘာသာရေးကိုင်းရှိုင်း တဲ့အိမ်ထောင်ဦးစီးတွေ တောင်မှ သွေး ဆာ နေတဲ့ လူသတ်သမားတွေ ဖြစ်လာ နိုင်ပါတယ်။
အဲဒါ prisoner's dilemma နဲ့သွားတူတယ်။ အဲဒီမှာ ဘာကို ဆိုလိုထားသလဲဆိုတော့ ရာဇ ၀တ်မှု့ တစ်ခုကျုး လွန်ထားတဲ့ အကျဉ်းသား နှစ်ယောက် ကိုစစ်ဆေးတယ်။ သူတို့ကို တစ်ခန်းစီခွဲပြီး စစ်တယ်။ ဘယ်သူက အမှန်ကိုပြောပြီး ဘယ်သူကကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် ကိုသစ္စာဖောက်မလဲ။ အမှန်ကို ဖော်တဲ့သူကို လွတ်ငြိမ်းခွင့်ပေးပြီး ကျန်တဲ့သူကိုထောင်ချမယ်။ နှစ်ယောက်လုံး မဖော်ရင် လည်း ထောင်ကျမယ်။ အောက်က ဇယားအတိုင်းဖြစ်မယ်ဆိုပါစို့။ အကျဉ်းသား (က) နဲ့ အကျဉ်းသား (ခ) တို့ရှိပါတယ်။ သူတို့ကိုစစ်တဲ့ အချိန်မှာ နှစ်ယောက်လုံးက အမှန်ကို ၀န်ခံလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း တစ်ယောက်ကို ထောင်ဒဏ် (၁) နှစ်ဆီပဲကျပါမယ်။ (က) ကထုတ်ဖော်ပြီး (ခ) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(က) လွတ်ပြီး (ခ) က (၅)နှစ်ကျပါမယ်။ အဲလိုပဲ (ခ) ကထုတ်ဖော်ပြီး (က) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(ခ) လွတ်ပြီး (က) က (၅)နှစ် ကျ ပါမယ်။နှစ်ယောက်လုံးကနှုတ်ပိတ်နေရင် တစ်ယောက်ကို (၁)နှစ်ဆီကျမယ်။ ဘယ်နည်းက အကောင်း ဆုံးဖြစ်မယ်ထင်ပါသလဲ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် အပေါ်သစ္စာရှိတာ အကောင်းဆုံးလို့ ထင်ရပေ မယ့် ကိုယ်ကတစ်ဘက်လူရဲ အခြေအနေကို မသိတဲ့ အတွက် အခြေအနေအရ သစ္စာဖောက်တာ ဟာ ကိုယ့် အတွက် အသက်သာဆုံးလိုဖြစ်နေပါတယ်။ အကျဉ်းသားတစ်ယောက် ခြင်းစီ အနေနဲ့ သစ္စာ ဖောက်လိုက်ရင် ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် လွတ်နိုင်ပါတယ်။ ရေငုံနှုတ်ပိတ်နေလိုက်ရင် တော့ ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် (၅) နှစ်ကျနိုင်ပါတယ်။ ကဲစဉ်းစားကြည့်ပါ။ သင်ဆိုရင်ရော ဘယ် လမ်း ကိုရွေးမလဲ။
အခုခေတ်မှာ အခြေအနေ အတော်များများ ဟာအဲဒီ prisoner’s dilemma လိုဖြစ်နေပါတယ်။ ကိုယ့် အတွက်ကိုယ် ကြည့်မှ သာအဆင်ပြေနိုင်တယ်ဆိုတဲ့ အခြေနေပါ။
အဲဒီလိုပဲ တကယ်လို့ လူတစ်ယောက်ဟာ မကောင်းမှု့ဒုစရိုက် တစ်ခုကိုလုပ်ပြီး ငွေရှာနေတယ်ဆိုပါဆို့။ အဲဒီကိစ္စ ကိုအပေါ်ယံအားဖြင့်ကြည့်ရင်တော့ အဲဒီလူကို အပြစ်မြင် ကြမှာပါ။ ဒါပေမယ့်သေသေချာချာစဉ်းစားကြည့်ပါ။ သူ့အိမ်က ကလေးကထမင်းဆာ လို့ငိုနေမယ်၊ ကျောင်းတတ်နေတဲ့ ကလေးကလည်း စာအုပ်ဖိုးတောင်းနေမယ် ဆိုရင် သူဘယ်လို လုပ်မလဲ။ အဲဒီ လူ အနေနဲ့ တခြားနေရာ က၀င်ငွေလည်း မရှိ၊ သမာအာဇီဝနဲ့ ရှာလို့ရတဲ့ မစို့မပို့ ၀င်ငွေ လေးတစ်ခုတည်းမှာပဲ မှီခိုနေ ရတယ် ဆိုရင် သူဘယ်လိုလုပ်မလဲ။ သူ့နေရာမှာ သင်ဆိုရင်ရော ဘယ်လို လုပ်မလဲ။ အစာငတ်နေ တဲ့ ကိုယ့်ရင်သွေးကို ပစ်ထားရလောက်အောင် နှလုံးသားမာကျော ဖို့တော့ လူအများစု အတွက်သိပ် မလွယ်ပါဘူး။ အဲဒီတော့ သူဘာလုပ်မလဲ။ အရှက်၊ သိက္ခာ၊ တရားမျှတမှု ကိုဘေးချိတ်ပြီး ရတဲ့နေရာကငွေရှာရတော့ တာပါပဲ။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလိုနည်းနဲ့ ငွေရှာပြီး အဆင်ပြေတဲ့သူတွေ ရှိနေတော့ အဲဒီအခြေအနေကနေရုန်းထွက်ဖို့ မလွယ်ပါဘူး။ အောက်ပါဇယားကိုကြည့်ပါ။ သင်ဆိုရင်ကောဘယ်လမ်းကိုရွေးမလဲ။
အဲလိုနဲ့ နှစ်တွေကြာသွားတဲ့ အချိန်မှာ အဲဒီလူ တစ်ယောက် ရဲ့ စိတ်ဓါတ်က ဘယ်လောက်ပျက်စီး သွားမလဲဆိုတာ မှန်းကြည့်ပါ။ အဲဒီလူ ရဲ့ အုပ် ထိန်းမှုအောက် မှာ ကြီးပြင်းလာတဲ့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်ဆိုရင်ရော ဘယ် လိုဖြစ်မယ်ဆိုတာ မတွေးဝံ့စရာပါပဲ။
သေချာတာ တစ်ခုက လူတစ်ယောက်ကို သမာအာဇီဝနဲ့ သာလုံလုံလောက်လောက် ရအောင်ဖန်တီးပေး ကြည့်။ လူတစ်ရာမှာ ကိုးဆယ့်ကိုး ယောက်ကမကောင်းမှု့ လုပ်ဖို့ လက်တွန့်လိမ့်မယ်။ အာမခံရဲပါတယ်။ တစ်ချို့က စောဒကတက်နိုင် ပါတယ်။ အဲလို စားဝတ်နေရေးမပြေလည်တာ သူညံ့လို့ပေါ့။ အစကတည်းက ကြိုးစားပြီး တော် အောင်လုပ်ပေါ့။ ဥပမာ ဆရာဝန်၊အင်ဂျင်နီယာဖြစ်အောင်လုပ်။ စီးပွားရေး လုပ်နိုင်အောင်လုပ်ပေါ့တဲ့။ ဒါပေမယ့် ဒါက ပြသနာရဲ့ အဖြေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူ့အဖွဲ့အစည်းတစ်ခုက ဘီဂိတ်တွေ၊ အိုင်းစတိုင်း တွေနဲ့ကြည့် ပဲတည်ထောင်ထားတာ မဟုတ်လို့ပါပဲ။ ဆိုလိုချင်တာက လူ့အဖွဲ့အစည်းတစ်ခုက လူတော်တွေနဲ့ ကြည့် ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သာမာန်လူ တွေ အတွက်လည်း သူတို့နဲ့ ထိုက်တန်နဲ့နေရာရှိဖို့လိုပါလိမ့်မယ်။
အဲဒီလိုဖြစ်ဖို့အတွက် စနစ်တစ်ခုလုံး ကဖန်တီးမှ ရမှာပါ။ လူတစ်ယောက်ခြင်းကပဲ ပြုပြင် နေရင် သိပ်အရာမရောက်ပါဘူး။(လူတွေကောင်းဖို့ မလိုဘူးဟု ဆိုလိုခြင်းမဟုတ်ပါ စနစ်တစ်ခု လုံးပြင်မှာသာရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ )

အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
“Try to see the structure than events. “
“လတ်တလော အဖြစ်အပျက်ကလေးတွေထက် စနစ်တစ်ခုလုံးကို ခြုံပြီးကြည့်နိုင် အောင်ကြိုးစားပါ“ လို့ဘာသာပြန်ရ ရင်အဆင်ပြေမလားပဲ။

လူတိုင်းလူတိုင်း Prisoner’s dilemma ကရုန်းထွက်နိုင်ကြပါစေ။

ကိုးကား။ http://en.wikipedia.org/wiki/Prisoner%27s_dilemma

မှက်ချက်။ ဥာဏ်မှီလက်လှမ်းမှီသလောက်တင်ပြခြင်းဖြစ်ပါသည်။ ဝေဖန်အကြံပေးမှု့ကို ကြိုဆိုပါ၏။

မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။
http://www.walkinginthedesert.blogspot.com/

Read More...

Saturday, December 13, 2008

ကြားဖူးနားဝဟာသများ

ကြားဖူးနားဝဟာသများဖြစ်ပါသည်။ မူပိုင်ရှိလျှင် အသိပေးပါရန်။ ကျေးဇူးတင်ပါသည်။

သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….

www.walkinginthedesert.blogspot.com
ဒီဇင်ဘာ၊၂၀၀၈။

ဖိုးသူတော် နှင့် ဂဏန်းများ

တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။ နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။ ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ် ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။

www.walkinginthedesert.blogspot.com
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Friday, December 12, 2008

မရဏာနုဿတိ ( ဖေမြင့် )

ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို ကို အောက်ဖော်ပြရာ web site မှာတွေ့ပါတယ်။ အရမ်းကောင်းလို့မျှဝေလိုက်ပါတယ်။
ဤနေရာတွင်ဖတ်ပါ။

Read More...

စစ်မီးထဲ မှစန္ဒယားဆရာ


Wladyslaw Szpilman သည်ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ပိုလန်ပြည်တစ် ပြည်လုံးတွင် အတော်ဆုံး စန္ဒယား ဆရာတစ်ဦးဖြစ်သည်။ သူမိတ်ဆွေတစ်ဦးကမူ တစ်ကမ္ဘာလုံးရှိအတော်ဆုံးများတွင်ပါဝင်သည် ဟုပင် ဆို သည်။ သူတို့မိသား စုသည်သာမာန်မိသားစုများကဲ့သို့ ရိုးရိုးအေးအေးသာနေသည်။ အနုပညာသမား ဖြစ် သောကြောင့် သူ့ကို နည်းနည်းပျော့သည်ဟုထင်ရသည်။ သူ့ညီကတော့သူနှင့် ဆန့်ကျင်ဘက် ဖြစ်လေ သည်။ သူတို့မိသားစု သည် ပိုလန်နိုင်ငံတွင် ချစ်ချစ်ခင်ခင်သိုက်သိုက်ဝန်းဝန်းနေကြလေသည်။ သို့သော် သူတို့ မိသားစု ကမ္ဘာလေးသည် ဒုတိယကမ္ဘာ စစ်မီးတောက်လောင်ပြီး နာဇီ ဂျာမနီတို့ ပိုလန်ပြည်ကို သိမ်းပိုက်သော အခါ တွင်ပျက်စီးသွားရသည်။ နာဇီတို့ သည် ဂျူးလူမျိုးတို့၏ အခွင့် အရေးကို တစ်စတစ်စ ချုပ်ခြယ် လာ ကြ သည်။ စာသောက်ဆိုင် အချို့တွင် ဂျူးလူမျိုးများ မ၀င်ရဟူသော ဆိုင်းဘုတ်ကို ပြောင်ပြောင်တင်းတင်း ပင်ချိတ်ဆွဲ လာကြသည်။ ဂျူးလူမျိုးများကို လက်မောင်းတွင် ဒေးဗစ်ကြယ်ပါရှိသော လက်ပတ်ကို ပတ်စေ သည်။ ဂျာမာန်စစ်သားများ ကအမျိုးမျိုး နှိပ်စက်စော်ကားကြသည်။ နောက်ဆုံးတွင် ဂျူးလူမျိုးများ၏ နေအိမ် အားလုံးကို သိမ်းယူပြီ ဂျူးလူမျိုးများကို ဂက်တို ghetto ဟုခေါ်သော သီးသန့်ရပ်ကွက် များတွင်နေရာချ ထား ပေး ခဲ့သည်။ ယခင်က အေးချမ်းစွာနေထိုင်ခဲ့သူများ သည် ဂက်တို များတွင် အတိဒုက္ခ ကြီးစွာ နေထိုင် ခဲ့ရသည်။ Wladyslaw Szpilman တို့မိသားစုသည် စုတ်ပြတ်နေသော ဂက်တိုရှိ တိုက်ခန်းကျဉ်း လေး ထဲတွင်စိတ်ဆင်းရဲခြင်းကြီးစွာနေခဲ့ရသည်။

နာဇီတို့ ကဂျူးလူမျိုး အခြင်းခြင်းနှိပ်ကွပ်ရန် ဂျူးရဲတပ်ဖွဲ့ကို ဖွဲ့စည်း ပေးခဲ့သည်။ ထိုအဖွဲ့ သည် နာဇီတို့၏ အကျိုးကိုသာ ဆောင်ရွက်သော အဖွဲ့ဖြစ်သည်။ ထိုရဲတပ်ဖွဲ့ထိတွင် Wladyslaw Szpilman ၏မိတ်ဆွေတစ်ဦးပါခဲ့လေရာ သူတို့ ညီအစ်ကို ကိုထိုသူက စေတနာဖြင့် ရဲအဖွဲ့ ထဲသို့ဝင်ရန် ဖိတ်ခေါ်ခဲ့လေသည်။ သို့သော် Wladyslaw Szpilman တို့ကကိုယ့်လူမျိုးခြင်းနှိပ်စက်နေ သောအလိုတော်ရိ အဖွဲ့ထဲသို့ဝန်ရန်ငြင်းဆိုခဲ့သည်။ နာဇီတို့၏ရက်စက်မှု့သည် တစ်စတစ်ပိုမိုဆိုး ၀ါးလာ သည်။ ဂက်တိုများထဲသို့ဝင်ပြီး အကြောင်းမဲ့ညှင်းပန်းနှိပ်စက်မှု့များ သတ်ဖြတ်မှု့များ ပြုလုပ်ခဲ့သည်။ နောက် ဆုံးတွင် ဂတ်တိုမှ လူများကို သေမင်းတမန် အကျဉ်းစခန်းများသို့ ပို့ခဲ့သည်။ Wladyslaw Szpilman တစ်ယောက်သည်သာ သူ၏မိတ်ဆွေ ဂျူးရဲ ၏အကူအညီဖြင့် အကျဉ်းစခန်းသို့ မပါသွားခဲ့ပါ။ သူသည် ဒုက္ခအမျိုးမျိုးဖြင့် ရှောင်တိမ်းပုန်းအောင်းနေခဲ့ရသည်။ သူ့၏မိတ်ဆွေ (သူ့ ဂီတကို လေးစား သော) ဂျာမာန်တစ်ချို့ကလည်း သူ့ကို ကယ်တင်ခဲ့လေသည်။ ၀ါဆောမြို့သည် စစ်မြေပြင်ဖြစ်သော အခါမြို့ပျက်ထဲတွင် သူတစ်ယောက်ထဲ ဖြစ်သလိုပုန်းအောင်းနေခဲ့ရသည်။ သူ့ကို ဂျာမာန်စစ်ဗိုလ်တစ် ယောက်ကတွေ့သွားခဲ့သော်လည်း ကံကောင်းထောက်မစွာထို စစ်ဗိုလ်သည် အနုပညာ ၀ါသနာပါသော၊ နှလုံးသားရှိသော စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့သည်။ ထိုစစ်ဗိုလ်ကပင်သူ့ကို ကယ်တင်ခဲ့လေသည်။ နောက်ဆုံးတွင် ဂျာမာန်တို့စစ်ရှုံးပြီး ရုရှားတပ်နီတော်က ပိုလန်ပြည်ထဲဝင်လာသည့် အချိန်မှ Wladyslaw Szpilman ၏ ဒုက္ခအဆုံးသတ်သွားခဲ့ရသည်။
ဂျူးလူမျိုးတို့သည် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက နိုင်ငံ ပျောက်ခဲ့ရသည်။ ထိုကြောင့် ယခုအချိန်တွင် အတိဒုက္ခရောက်ခဲ့ရလေသည်။ ထိုကြောင့် မိမိနိုင်ငံနှင့်လူမျိုးသည် မိမိတို့အတွက် မည်မျှပင် ရေးပါကြောင်း သဘောပေါက်မိပါသည်။ ထို့ကြောင့် မိမိကို ကိုယ်စားပြုသော နိုင်ငံတစ် ခုရှိခြင်းအတွက် ပထမဆုံးအကြိမ် ကျေးဇူးတင်ရကောင်းမှန်း၊တန်ဖိုးထားရကောင်းမှန်း သိခဲ့ရပါသည်။ ထိုဇာတ်လမ်းထဲတွင် Wladyslaw Szpilman ၏မိတ်ဆွေ ဂျူးရဲ သည် အလိုတော်ရိ ပုဆိန်ရိုးဖြစ် နေသော်လည်း Wladyslaw Szpilman အပေါ်တွင်တော့ မိတ်ဆွေ စစ်ပီသခဲ့သည် ကို အံသြစွာ တွေ့ခဲ့ရပါသည်။ ထို့ပြင် နှလုံသားရှိသော နာဇီစစ်ဗိုလ်ကိုလည်း လေးစားမိပါသည်။ ယုတ်မာ ဆိုးသွမ်းနေသော နာဇီတို့ အထဲတွင်လည်း လူကောင်းသူကောင်းရှိ နေသည်ကို ကြည်နူးစွာ တွေ့လိုက်ရပါသည်။ သူသည် ဘက်မှားနေသော လူကောင်းဖြစ်လိမ့်မည် ဟုထင်ပါသည်။ နာဇီတို့ တို့ထဲတွင်လည်း လူတစ်စုကသာ ဆိုးသွမ်းယုတ်မာနေခြင်းဖြစ်ပြီး လူကောင်းသူကောင်းများလည်း အများကြီးရှိမည်ဟုထင်ပါသည်။ ထို့ပြင် “ ပညာ“ သည် လူတစ်ယောက် ၏ဘ၀အတွက် မည်မျှ အကျိုးပြုနိုင်ကြောင်းမီးမောင်းထိုးပြထားပါသည်။ Wladyslaw Szpilman အသက်ရှင် သန်ရပ်တည်နိုင်ခြင်းမှာ သူ၏ အနုပညာကြောင့်သာဖြစ်သည်။ သူ့ကိုကူညီသူ အများစု မှာ သူ၏ အနုပညာကို လေးစားမြတ်နိုးသော သူများသာ ဖြစ်သည်။ အကယ်၍ သူ့တွင် ထို အနုပညာ သာမရှိ ခဲ့ဘူးဆိုလျှင် သူသည်လည်း အခြားသူများကဲ့သို့ ပင် စစ်၏သားကောင်အဖြစ် မထင်မရှား သေဆုံးသွားခဲ့ မည်သာဖြစ်ပါသည်။
ဤဇာတ်လမ်းကို Wladyslaw Szpilmanကရေးသားခဲ့ပြီး ဒါရိုက်တာ Roman Polanski က ၂၀၀၂ တွင်ရိုက်ကူးခဲ့ပါသည်။ Wladyslaw Szpilman အဖြစ် Adrien Brody ကသရုပ်ဆောင်ခဲ့ပါသည်။
ဤ movie သည် Classic ဆိုသည့် စကားလုံးထက် ပိုမိုသော စကားလုံးရှိလျှင် ထိုစကားလုံးဖြင့်သာ ထိုက်တန်ပါကြောင်း။။
ဒီဇင်ဘာ၊၂၀၀၈။
walkinginthedesert.blogspot.com

Read More...

Thursday, December 11, 2008

ရ၀မ်ဒါ လူမျိုးတုံးသတ်ဖြတ်ပွဲ

Hotel Rwanda ဇာတ်လမ်းသည် အာဖရိက အလယ်ပိုင်း ရ၀မ်ဒါနိုင်ငံ တွင် ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်ပွဲ အကြောင်း ကို ဒါရိုက်တာ Terry George ရိုက် ကူးထားသော ဇာတ်လမ်းဖြစ်သည်။
ရ၀မ်ဒါနိုင်ငံရှိလူမျိုးရေး ပြသနာကြောင့်လူပေါင်း မြောက်များစွာ သေကျေ ပျက်စီးခဲ့ရပါသည်။ Hutu လူမျိုးနှင့် Tutsi လူမျိုးတို့ ပဋိပက္ခ ဖြစ်သည်။
ရ၀မ်ဒါနိုင်ငံသည် ယခင်က ဘယ်(လ)ဂျီရမ် နိုင်ငံ၏ ကိုလိုနီဖြစ်သည်။ Hutu လူမျိုးက ၉၀%ရှိသည်။ သို့သော် ဘယ်(လ)ဂျီရမ်တို့ အုပ်ချုပ်စဉ်က Tutsi လူမျိုးတို့ ကအာဏာရှိခဲ့ပြီး Hutu လူမျိုးတို့ အပေါ်ကြီးစိုးခဲ့သည်။ ဘယ်(လ)ဂျီရမ်တို့ ထံမှလွပ်လပ်ရေးရသော အခါတွင်ကား Hutu လူမျိုးတို့က အာဏာရခဲ့လေရာ လူမျိုးတုံးသတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာခဲ့လေသည်။ လူပေါင်း ၈၀၀၀၀၀ မှ ၁၀၀၀၀၀၀ ထိသေဆုံးခဲ့ ရသည်ဟု ခန့်မှန်းကြသည်။
ထိုဇာတ်ကားထဲတွင် Hôtel des Mille Collines ၏မန်နေဂျာ Paul Rusesabagina အဖြစ်သရုပ် ဆောင်ခဲ့သော (Don Cheadle), က Hutu လူမျိုးဖြစ်သော်လည်း သူ့ ဇနီး Tutsi လူမျိုးနှင့် အခြား Tutsi လူုမျိုးတို့ ကို အသက်စွန့်ပြီး အမျိုးမျိုး အကာအကွယ်ပေးခဲ့လေသည်။ သူ၏ ဟိုတယ်သည် Tutsi ဒုက္ခသည်တို့၏ ခိုလှုံရာဖြစ်ခဲ့သည်။ သူ၏ ဇွဲသတ္တိ အနစ်နာခံမှု့တို့ကြောင့် Tutsi လူမျိုး မြောက်များစွာကို ကယ်တင်နိုင်ခဲ့သည်။ United Nation မှလည်း ကူညီဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။ အတိုင်းအတာတစ်ခု အထိတော့ ကူညီနိုင်ခဲ့သည်။ ဇာတ်လမ်းက သဲထိတ်ရင်ဖိုစရာကောင်းသည်။ Tutsi လူမျိုးတို့ ကိုကယ်တင် ရန် မည်သို့ လာဘ်ထိုးခဲ့ရပုံ၊ လှည့်ကွက်များသုံးခဲ့ရပုံ၊ လူသားတို့၏ရက်စက်မှု့များ စသည်ဖြင့် အစအဆုံး စွဲခေါ်သွားနိုင်သော ဇာတ်လမ်းတစ်ခုဖြစ်သည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Wednesday, December 10, 2008

လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများ


အထက်ပါပုံကို ကြည့်ပြီးလျှင် အမေဇုံတောမှ လူသားစားလူရိုင်းများ၏ပုံလော ဟုထင်စရာရှိပါသည်။ မဟုတ်ပါ။ ဤပုံ သည် ဒါရိုက်တာ Bernardo Bertolucci ရိုက်ကူးသော Little Buddha (1993)ဇာတ်ကားထဲမှ ဘုရားမပွင့်မှီ အချိန် တွင်တွေ့ရသော ပဉ္စ၀က္ကီ ငါးဦး၏ ပုံဖြစ်ပါသည်။ အကယ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် ဤနေရာတွင် ပင်နှလုံးခုန် ရပ်သွားနိုင်ပါသည်။
ဗုဒ္ဓစာပေများ အရ ပဉ္စ၀က္ကီငါးဦးတို့ ၏သရုပ်ဖော်ပုံများကို ဖော်ပြရာတွင် သင်္ကန်း အပြည့်အစုံ ဦးပျည်း ကတုံးနှင့် ကြည်ညိုဖွယ်ရာသာ ဖော်ပြကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ စာပေများရှိ ပဉ္စ၀က္ကီငါးဦးပုံတို့မှာ ဘုရားပွင့်ပြီး အချိန် ကိုသာရည်စူး သရုပ်ဖော်ထားခြင်း ဖြစ်သောကြောင့်ဟု ထင်ပါ သည်။ သို့သော် ဘုရားပွင့် ပြီးပြီးချင်း အချိန် ဓမ္မစကြာ တရားဦးကို ဗောဓိပင် အောက်၌ ဟောကြား တော်မူ သော အချိန်တွင် ထို ပဉ္စ၀က္ကီငါးဦးတို့ ၏ပုံမှာ သင်္ကန်း၊ဦးပျည်း ကတုံးဖြင့် ဖြစ်နိုင်ပါသလား။ သို့မဟုတ် အထက်ပါပုံ အတိုင်းဖြစ်နိုင်ပါသလား။
ကျွန်ုပ်တို့ လက်လှမ်းမှီသလောက် စဉ်းစားကြည့်သော် ဘုရားပွင့်တော်မူသော နေရာသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် (ယခု နီပေါနိုင်ငံ)၊ 485BC ၊ထိုအချိန်က ယခုခေတ် သံဃာ ကဲ့သို့သော အဆင်အပြင်မှာ မပေါ်သေး၊ ထိုအချိန်က အိန္ဒိယတွင် စိတ်အကျင့် ကိုကျင့်သောသူများ ၊လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများသည် ယခုခေတ် ကျွန်ုပ်တို့သိသော ဆာဒူးကဲ့သို့သော ပုဂ္ဂိုလ်များ သာဖြစ်နိုင်လေသည်။ သံဃာဆိုသည် မှာ ဘုရားပွင့်ပြီးမှ ပေါ်လာခြင်းဖြစ်သည်။
ပဉ္စ၀က္ကီငါးဦး၏ပုံမှာ မည်သို့ပင်ဖြစ်စေကာမူ အရေးမကြီးပါ။ အဓိကကျသည်မှာ ဗုဒ္ဓတရား တော်သာ ဖြစ်သည်ဟု စောဒကတတ်နိုင်ပါသည်။ ထိုအချက်လည်းမှန်ပါသည်။ သို့သော်လည်း ထိုခေတ်က ပထမဆုံးသော ဗုဒ္ဓ၀ါဒကို လက်ခံသူများ သည် အဘယ်ကဲ့သို့သော သူများဖြစ်သနည်းဟု လေ့လာသင့်ပါသည်။ ထိုကြောင့် ဓမ္မစကြာတရားဦး ဟောသည့် ပုံစံ ကို သရုပ်ဖော်ရာတွင် မည်သည့်ပုံစံကို သရုပ်ဖော်သင့်သနည်း။ ယခင်ပုံစံအတိုင်း ကြည်ညိုဖွယ်ရာ သံဃာများ၏ ပုံစံသရုပ်ဖော်လျှင် အပြည့်အ၀ မှန်နိုင်မည်လား။ အကယ်၍ အထက်ပါပုံ အတိုင်း သရုပ်ဖော်လျှင်ရော ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ သဘောထားမည်နည်း။ ပိုပြီး အကျိုးရှိမလား၊ မရှိဘူးလား။ စဉ်းစားကြည့်ဖို့ဖြစ်ပါသည်။


ကိုးကား http://www.buddhist-temples.com/gautam-buddha.html
http://en.wikipedia.org/wiki/Buddhism
Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

မျိုးချစ်

I was long fear that my sin would return to me one day and the cause is more than I can bear.
Mel GibsonThe Patriot ဇာတ်ကားထဲ မှ ပထမဆုံးဇာတ်လမ်းအဖွင့် စကားပြောဖြစ်လေသည်။ Benjamin Martin (Mel Gibson) သည် French and Indian War တွင်တိုက်ခိုက်ခဲ့စဉ်က ရက်ရက်စက်စက် လူသတ် ခဲ့ဖူးသည်။ ထိုမကောင်း မှု့က သူ့ကိုခြောက်လှန့်နေခြင်းဖြစ်သည်။ သူသည် American Revolution အစတွင် စစ်တိုက်ရန်ငြင်းဆိုခဲ့သည်။ သူ့တွင် ကလေး (၇)ယောက်ရှိ၍ ဟုအကြောင်းပြသည်။ ထိုဇာတ်ဝင် ခန်းမှ The war is not only fought by the childless man ဆိုသည့် စာသားကိုလည်း သဘောကျမိသည်။ သို့သော်သူသည် စစ်ကို ရှောင်ခဲ့သည်။ သူ၏သားအကြီးကတော့ သူ့ အမိန့်ကို ဆန့်ကျင်ပြီး စစ်ထဲဝင်သွားသည်။
သူသည် စစ်ဖြစ်နေသော်လည်း ယခင်အတိုင်းငြိမ်းချမ်း စွာနေဖို့ကြိုးစားခဲ့ သည်။ သို့သော် ကံတရားက သူ့ကို မျက်နှာသာမပေးပါ။ သူ၏သားတစ်ယောက်ကို အင်္ဂလိပ် စစ်ဗိုလ်က ပစ်သတ်လိုက်သည့် အချိန်မှာတော့ သူမနေသာတော့ပါ။ စစ်ပွဲတွင် ပါဝင်ကာရွပ် ရွပ်ချွန်ချွန်တိုက်ခဲ့သည်။ နောက်ဆုံး တွင် အမေရိကန် တို့က အနိုင်ရရှိခဲ့သည်။
ဤဇာတ်လမ်းကို ယခင်က သိပ်နားမလည်ခဲ့ပါ။ Partiot ဆိုသည်မှာ မျိုးချစ်ပုဂ္ဂိုလ် ဟုနားလည်ထားပါသည်။ ကျွန်တော့်အမြင်မှာ Benjamin Martin ကမျိုးချစ် မဟုတ် ပါ။ သူ့မိသား စုကိုထိသဖြင့် စစ်ထဲကိုပါဝင် လာခြင်း ဖြစ်သည်ဟုယူဆသည်။
နောက်မှ သဘောပေါက်မိသည်။ Partiot ဟုနာမည်ပေးထားခြင်းမှာ မိမိ နိုင်ငံ၊ လူမျိုးကို ချစ်မြတ်နိုးရန်၊ ကာကွယ်ရန်၊ တာဝန်များကိုကျေပွန်စွာ ထမ်းရွက်ရန် ရည်ညွန်း ထားပါ သည်။ ကိစ္စတစ်ခုကို မိမိနှင့် မဆိုင်ဟု ဘဘောထားလို့ မရပါ။မိမိ မှီတင်းနေထိုင်သော ဒေသအတွင်းမှ ကိစ္စ အားလုံးသည် မိမိနှင့် သက်ဆိုင်သည် သာဖြစ်သည်။ ကိုယ်က မသက်ဆိုင် ဟုသဘောထားခဲ့ပါက ထိုကောင်းခြင်း ဆိုးခြင်း သည် မိမိဆီကို တစ်နေရာရာ တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သက်ရောက်မှု့ရှိမည်သာဖြစ်သည် ဟု ဆိုလိုထားခြင်းဖြစ် ပါသည်။ ရသပေးစွမ်းနိုင်သော၊ အသိပညာ ရရှိနိုင်သော ဇာတ်ကားကောင်း တစ်ကားဖြစ်ပါသည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

ရွာဦးစေတီ



ပေနှစ်ပင်ရွာသူကြီး ဦးလှမောင်သည် အိမ်ရှေ့ ကွပ်ပစ်တွင်ထိုင်ကာ ရေနွေးကြမ်းနှင့် မြို့ မှ တကူးတက မှာယူထားသော နဂါးနှစ်ကောင်ဆေးပေါလိပ်ကို ဖွာရှိုက်ရင်းတောင်တောင်အီအီ အတွေးနယ်ချဲ့နေမိသည်။ သူကြီးဦးလှမောင် ဟုဆိုသော်လည်း သူ၏အသက်မှာ လေးဆယ်ပင် မပြည့်တတ်သေး။ ဦးလှမောင်ဖခင် သည်လည်း ဤရွာ၏ သူကြီးပင်ဖြစ်ခဲ့သည်။ သူ၏ဖခင်သူကြီးဆုံးသောအခါ ရွာသူရွာသားများက တစ်ညီတစ်ညွတ်ထဲပင် ဦးလှမောင်အား သူကြီး အဖြစ်ရွေးခြယ်ခဲ့ ကြခြင်းဖြစ်သည်။ ဦးလှမောင်သည် ရွာရှိအတန်းပညာသင် ဖူးသူ အနည်းစုထဲမှာ ပါလေသည်။ သူသည်ခရိုင်မြို့ကြီး တွင်ပင် အတန်းကျောင်းတတ်ဖူးသည်ဟုသိရသည်။ ဘယ်နှစ်တန်း ထိတတ်ဖူးသည်ကို မူမည်သူမှ အတိအကျမသိကြချေ။
ဦးလှမောင်သည် ဆေးလိပ်ကိုရှိုက်ဖွာရင်းဖြင့် ဤရွာကို အဘယ်ကြောင့် ပေနှစ်ပင်ရွာဟု ခေါ်သနည်း ဟုစဉ်းစားနေမိသည်။ တစ်ရွာလုံးတွင် ပေပင်နှစ်ပင်တည်းရှိသဖြင့် ပေနှစ်ရွာဟု အမည်တွင်ခြင်း မဟုတ်သည်မှာတော့ သေချာသည်။ အဘယ်ကြောင့် ဆိုသော် ဤရွာတစ်ဝိုက်တွင် ပေပင်ပေါင်းမြောက် များစွာ ရှိသောကြောင့်ဖြစ်သည်။ ရွာရှိ ရှေ့ မှီနောက်မှီလူကြီးများ ကိုမေးမြန်းကြည့်ရာ လည်းမည်သူမှ သူကျေနပ်လောက် အဖြေနိုင်ကြချေ။ တစ်ချို့ လူကြီးများက ဆိုလျှင်
‘မောင်လှမောင်ရာ မင်းမလဲ လွယ်တာကို ခက်အောင်လုပ်နေပြီ နာမည်ဆိုတာ ပညတ်ချက်ပဲ ပေနှစ်ပင်ပဲခေါ်ခေါ်ပေ အပင်နှစ်ရာပဲခေါ်ခေါ် မထူးပါဘူးကွာ’ ဟုပင်ပြောကြသည်။ သို့သော် ဦးလှမောင်သည် ရှေးရိုးစွဲလူကြီးများကဲ့ သို့ အရာရာကိုမျက်စိမှိတ်လက်ခံနိုင်သူတစ်ဦးမဟုတ်ချေ။ သူက ‘ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ကြုံရင်ကြုံသလို စုံစမ်နေဦးမှာပဲ’ ဟုပြောတတ်သည်။
တကယ်တော့ ဤကိစ္စက ပြသနာမဟုတ်ပါ။ ရပ်ရေးရွာရေးကိစ္စ အချို့ တွင်သာ ရွာရှိရှေးရိုးစွဲလူကြီးများ နှင့် ဦးလှမောင်မကြာခဏ ကတောက်ကဆ ဖြစ်ရသည်။ တော်တော်များများ အခြေအနေမျိုးတွင် လူကြီးများကသာ အလျှော့ပေးရသည်ကများသည်။ အဘယ်ကြောင့်ဆိုသော် ဦးလှမောင်က ဗဟုသူတအတန်အသင့် ပြည့်စုံ၍ ချက်ကျလက်ကျပြောတတ်သည်ကတစ်ကြောင်း၊ တစ်ချို့အကြောင်းအရာများတွင် ဦးလှမောင်ပြောသည်မှာ မှန်နေသည်ကတစ်ကြောင်းတို့ ကြောင့်ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကပင် ‘အိမ်း မောင်လှမောင်ကတို့များထက် တော့ဗဟုသုတစုံပါတယ်ကွာ၊ ဒီတော့ မင်းပဲဆုံဖြတ်လကွာ’ ဟုပင်ပြောယူရသည်။
ယခုလည်းရပ်ရွာကိစ္စတိုင်ပင်ကြရင်း သူကြီးဦးလှမောင်နှင့် လူကြီးတစ်ချို့ အငြင်းပွားကြလေသည်။ ကိစ္စက ရွာလုံခြုံရေးကိစ္စဖြစ်သည်။ ခေတ်ကာကလည်း အင်္ဂင်္လိပ် အပြေး ဂျပန်အ၀င်ဖြစ်သဖြင့် ခေတ်ဆိုးကြီး ဖြစ်သည်။ အစိုးရအုပ်ချုပ်ရေး ယနရားကလည်း ရပ်ဆိုင်းသလောက်ဖြစ်နေသည်။ ထိုကြောင့် ကျေးရွာများမှာ မိမိလုံခြုံရေးမိမိတာဝန်ယူရသည့် အခြေအနေဖြစ်နေသည်။ ထိုကြောင့် သူကြီးဦးလှမောင်က ကျေးရွာရှိ ရံပုံငွေကို ကာကွယ်ရေးအတွက် ရွာစည်းရိုးခတ်မည်၊ လက်နက်အချို့စု ဆောင်းမည်ဟုတင်ပြသည်။ ရွာလူကြီးများကလည်း လက်ခံပါသည်။ သို့သော် သူတို့က ရံပုံငွေထဲမှ တစ်ချို့ တစ်ဝက်ကို ရွာဦးစေတီမွမ်းမံရေးအတွက်သုံးချင်သည်။ ဤသည်မှာ နှစ်စဉ်လုပ်နေကျ အလုပ်ဖြစ်သည်။ စေတီမှာလည်း ပြုပြင်သင့်နေပြီ။ သုတ်ထားသော ထုံးများကလည်းကွာနေပြီ။ အချို့နေရာများ ဆိုရင် အင်္ဂတေတောင် အနည်းငယ်ကွာကျနေပြီဖြစ်သည်။ ဤစေတီသည် ဟိုးဘုရင်ခေတ်ကတည်းက တည်ထားခဲ့သောစေတီဟုဆိုကြသည်။ ထိုခေတ်က မင်းသားကြီးတစ်ပါးသည် စစ်ထွက်ခါနီးတွင် ဤအရပ်တွင် လာပြီး စစ်ရေးလေ့ကျင့်သွားသည်။ ထို့နောက် ရန်အပေါင်းကို အောင်မြင်နိုင်ရန် အလို့ ငှာ အဓိဌာန်ပြီး ဤ ရန်အောင်မြင် စေတီကို တည်ထားခဲ့သည်ဟုဆိုသည်။ မှန်မမှန်မည်သူမျှတော့ အတိုအကျမသိကြချေ။
မည်သို့ ပင်ဖြစ်စေကာမူ ထိုစေတီသည် ရွာသူရွာသားတို့၏ အားကိုးအားထားရာတစ်ခုဖြစ် လေသည်။ ရွာသားတို့သည် အကြောင်းကြီးငယ်ရှိသည်များကို ဤစေတီ၌ ပူစော်ဆုတောင်းလေ့ရှိသည်။ ရပ်ဝေးသို့သွားရောက်မည့်သူများ၊ လယ်ထွန်ကောက်ရိတ်ပျိုးကြဲ စသည့်ဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်ထောင်ပြုမည်သူများပါမကျန် ဤစေတီ၌ ဦးစွာဆုတောင်းလေ့ရှိကြသည်။ ထိုသို့ ဆုတောင်းပူစော်လိုက် မှသာလျှင်မိမိလုပ်မည့် လုပ်ငန်းများတွင် အနှောက်အရှက်ကင်းရှင်းအောင်မြင်နိုင် မည်ဟုယုံကြည်ကြလေသည်။
ဤတွင်ဦးလှမောင်၏ ဘာသာရေးခံယူချက်ကိုသိရှိရန်လိုအပ်ပေသည်။ ဦးလှမောင်သည် မိရိုးဖလာအား ဖြင့်ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လေသည်။ သူ၏မိဘများမှာ ဘာသာရေးကိုင်းရှိုင်းသော သူများဖြစ်ကြသည်။ ဦးလှမောင်ငယ်စဉ်ကတော့ မိဘများကိုးကွယ်သော ဘာသာကိုကိုင်းရှိုင်းခဲ့ပါသည်။ သို့သော်မြို့ကျောင်းတတ်ပြီးသည့် အချိန်မှစ၍ သူ၏အမြင်မှာ တစ်မျိုးပြောင်းခဲ့သည်။ ထိုအချိန်က ကွန်မြူနစ်ဝါဒကလည်း မြန်မာနိုင်ငံတွင် စတင်ခေတ်စားသည့် အချိန်ဖြစ်သည်။ ထို့ကြောင့်တောမှ ကျောင်းသားလေး ကိုလှမောင်ကိုလည်း ထိုဝါဒကဖမ်းစားဟန်တူသည်။ သူသည် မြို့မှ ပြန်ရောက်သည့် အချိန်မှစ၍ ရုပ်ဝါဒီဆန်လာလေသည်။ သို့သော် သူ့၏မိဘများ ရှိစဉ်အခါကတော့ သူ၏ခံယူချက်ကို ပြောင်ပြောင်တင်းတင်း မဖော်ထုတ်ရဲခဲ့ပေ။ နောက်ပိုင်းတွင်မူ သူ၏ခံယူချက်ကို သွယ်ဝိုက်၍ တစ်မျိုးတိုက်ရိုက်တစ်ဖုံဖောက်ထုတ်ခဲ့လေသည်။ သို့သော်လည်းသူသည် ဘာသာမဲ့လုံးလုံးတော့လည်း မဟုတ်ချေ။ သူက
'ကျွန်တော်က ဘာသာမဲ့တော့ မဟုတ်ဘူးဗျ ဒါပေမဲ့ မိရိုးဖလာကိုးကွယ်တဲ့သတွေနဲ့ တော့ ယုံကြည်ပုံခြင်းမတူတာ' ဟုပြောတတ်လေသည်။
ယခုစေတီပြင်မည့်ကိစ္စတွင်လည်း ဦးလှမောင်နှင့် ရွာလူကြီး အချို့ အမြင်မတူကြ။ ဦးလှမောင် ကအရေးကြီးတာ အရင်လုပ်ချင်သည်။ ယခုအချိန်တွင် လက်နက်က အရေးကြီးသည်။ ထိုအုတ်ခဲစေ တီက မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ဟုယူဆသည်။ ထိုကြောင့် စေတီကို ယခုမပြင်နိုင် နောင်နှစ် ပြေလည်မှပြင်မည်ဟုဆိုသည်။ ရွာလူကြီးတစ်ချို့ ကဦးလှမောင်နှင့် ပြိုင်ငြင်းရန်ကြိုးစားသေး သော်လည်း ဦးလှမောင် ၏သြဇာကို မလွန်ဆန်နိုင်သည်ကတစ်ကြောင်း၊ ဦးလှမောင်ပြောသည်မှာ အထိုက်အလျှောက် နည်းလမ်းကျနေသည် တစ်ကြောင်းတို့ကြောင့် လက်လျှော့လိုက်ရသည်။ ရွာရှိ အသက် အကြီးဆုံး ဦးထော် က
ူ “မောင်လှမောင်ရဲ့ ဒီစေတီက တကယ်တန်ခိုးကြီးတာကွ၊ ဒါကိုမင်းလက်ခံရမယ်၊ မင်းလက်မခံရင်တောင် ရွာသားတွေရဲ့ယုံကြည်မှု့ကို မင်း လေးစားရမယ်“ ဟုပြောလေသည်။ သို့သော်လည်း ဦးလှမောင်က သူ၏ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါ။
ပေနှစ်ပင်ရွာ ကလေးကို ကာကွယ်ရန်လက်နက် အပြည့်စုံရရှိခဲ့သော်လည်း ထုံးကွက်ကြားစေတီလေး ကိုမြင်ရသော ရွာသူရွာသားများမှာ သိပ်စိတ်မချမ်းသာကြချေ။
ဤသို့ဖြင့်စစ်မီးကြီး သည်ပေပင်ရွာကလေးသို့ နီးသထက်နီးလာလေသည်။ သို့သော်လည်း ကံကောင်းသော ရွာကလေးမှာ ယခုအချိန်အထိ
အန္တရာယ်အငွေ့ အ သက်မတွေ့ရသေး။ သို့သော်မကြာမီတွင် ရွာသားများသည် စစ်ရိပ်စစ်ငွေ့များတွေ့လာရလေသည်။ အဝေးဆီမှ ပေါက်ကွဲသံ ကြားရခြင်း၊ ရံဖန်ရံခါ လေယာဉ်ပျံများကို တွေ့ရခြင်း တို့ကိုကြုံတွေ့ရလေသည်။ ဦးလှမောင်ကလည်း လုံခြုံရေး အစီအမံများကို စနစ်တကျချမှတ်လေသည်။ ရွာကို စည်းရိုးခတ်သည်။ ရွာရှိအားကောင်းမောင်းသန်များ စုစည်းပြီး လုံခြုံရေး အဖွဲ့ ဖွဲ့သည်။ ကင်းအလှည့်ကျစောင့်သည်။ ဗုံးဒဏ် ကာကွယ်ရန် အချို့နေရာများတွင် ကတုတ်ကျင်းများပင် တူးစေသည်။ ဦးလှမောင်၏အုပ်ချုပ်မှု့ အောက်တွင် အားလုံးသည် စနစ်တကျရှိနေလေသည်။
တစ်နေ့တွင်ကား လေယဉ်ပျံတစ်စီးသည် မည်ကဲ့သို့ မျက်စိလည်လမ်းမှား သည်မသိ။ ရွာတောင်ဘက်ပိုင်း ကုန်းမြင့်ပေါ်ရှိ ဦးသော်က အိမ်ပေါ်သို့ ဗုံးတစ်လုံးကျဲချလေသည်။ ထိုအချိန်က နေ့လည်ခင်းထမင်းစားချိန်ဖြစ်သဖြင့် ဦးသောက်က အိမ်မှ အိမ်သားအားလုံး အိမ်တွင်ရှိနေကြရာ အားလုံးသေဆုံးသွားလေသည်။ လေယာဉ်ပျံဝေးသွားမှ ဦးလှမောင်နှင့် ရွာသားများ ဦးသော်ကအိမ် သို့သွားရောက်ရှင်းလင်းကြလေသည်။ အိမ်သားများမှာ အလောင်းပင်ရှာမရတော့ချေ။ ရွာသားများ ကြောက်ရွံ့နေကြသည်။ ဦးလှမောင် ကမကြောက်ရန် အမျိုးမျိုးအားပေးသည်။ ကတုတ်ကျင်းများ ကို အိမ်တိုင်း တူးစေ၍ နောက်တစ်ကြိမ်လေယာဉ်ပျံသံ ကြားလျှင် ကတုတ်ကျင်းများထဲသို့ အမြန်ဆင်းရန်ညွှန် ကြားလေသည်။ တစ်ရက်နှစ်ရက် အကြာတွင် ရွာသားများ ယခင်အတိုင်းတည်တည်ငြိမ်ငြိမ်ပြန် ဖြစ်သွားသည်။ ဦးလှမောင်၏ စီမံကွပ်ကဲမှု့အောက်တွင် တစ်ရွာလုံးစနစ်တကျဖြစ်နေသည်ကို ကြည့်ပြီး ဦးလှမောင်တစ်ယောက်ကျေနပ်နေသည်။
သို့သော် အခြေအနေက ကြာကြာမခံပါ။ ပြသနာ ကတစ်နေ့ညကစလေသည်။ တစ်နေ့ညတော့ လေယာဉ်ပျံသံကြားရပြီး ရွာထိပ်သို့ဗုံးကျဲချလေသည်။ မည်သည့်နေရာကိုဗုံးထိမှန်သည်ကိုကား မသိရချေ။ နံနက်လင်းမှ ရွာသားမျာစုပြီး ဗုံးကျသည့်နေရာကိုရှာဖွေကြလေသည်။ ဗုံးထိမှန်သည့်နေရာကား ရန်အောင်မြင် စေတီဖြစ်လေသည်။
ဦးလှမောင်နှင့်ရွာလူကြီး အချို့ရောက်သွားသော အချိန်တွင်စေတီတည်ရှိရာကုန်းမြင့်ပေါ်တွင် ရွာသူရွာသားများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ အားလုံးသည် သွေးမရှိတော့သောမျက်နှာများရပ်နေကြ သည်။ စေတီကားမရှိတော့ချေ။ စေတီနေရာတွင်ချိုင့်ခွက်ကြီးနှင့် အုတ်အကျိုးအပဲ့များသာကျန်ခဲ့လေသည်။ ယခင်ကဤနေရာတွင်စေတီတည်ရှိသည်ဟုသိထားသည့်သူများသာ စေတီတည်နေရာကို မှန်းဆနိုင်မည်ဖြစ် သည်။ ရွာသားအားလုံးသွေးပျက်နေကြသည်။ အချို့လူကြီးများက တို့ရွာတော့ ကပ်ဆိုက်တာပဲဟုငြီးငြူကြသည်။ မိန်းမနှင့်ကလေးများက ငိုကြသည်။ အားလုံး၏စိတ်ထဲတွင် မကြာခင်၌ ကပ်ဆိုးကြီးတစ်ခုကျရောက်တော့မည်ဟုစွဲမှတ်နေကြသည်။
နောက်ရက်ကစပြီးရွာတွင်မည်သူမျှ အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့။ အားလုံးက သည်အကြောင်းပဲတွေးနေကြသည်။ သူကြီးဦးလှမောင်က အခြေအနေကိုထိန်းရန်ကြိုးစားသည်။ ရွာသားများကို အားပေးသည်။ သူက
“ခင်ဗျားတို့ ဒီလောက် အယူမသီးကြနဲ့ ဒီအုတ်ခဲနဲ့ဆောက်တဲ့ စေတီက ကျွန်တော်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ပါဘူး“ ဟုပြောသည်။ ဦးလှမောင်ပြော သော်လည်း ရွာသားတို့၏ အကြောက်တရားကို မလွှမ်းမိုးနိုင်ခဲ့။ ထိုအချိန် မည်သူကစလိုက်သည် လည်းမသိ “စေတီပျောက် ရွာမှောက်“ ဆိုသည့် တဘောင်လိုလို စကားကလည်း ရွာသားတို့၏ အကြောက်ဒီရေကိုတိုးမြှင့်စေခဲ့သည်။ ရွာသားများက ဘေးကင်းရွာသို့ ပြောင်းရွေ့ရန်ဦးလှမောင် ကိုပြောသည်။ သို့သော် သူကြီးကလက်မခံ။
“ အကယ်၍ ခင်ဗျားတို့အားလုံး ပြောင်းသွားရင် ကျုပ်တို့ရွာလေး ပျက်သွားမှာပေါ့။ ဘယ်လောက်ကြာမလဲမသိတော့ လယ်တွေကောကုန်မယ်။ ရေတွင်းတွေပျက်စီးမယ်။ ကျွဲနွားတိရိစ္ဆာန်တွေအားလုံးကိုရောဘယ်လို လုပ်မလဲ၊ အခုဘာမှမဖြစ်သေးပဲနဲ့ ခင်ဗျားတို့ဘာလို့ပြောင်းရမှာလည်း၊ကျုပ်တို့ရွာကို ကျုပ်တို့ ကာကွယ်နိုင်တာပဲ“။ ဦးလှမောင် ဘယ်လောက်ပြောပြောရွာသားတွေနားမ၀င်ချင်တော့။
ရွာတောင်ပိုင်းမှ ဆေးဆရာ ဦးဖိုးထိန် တို့မိသားစု တိတ်တဆိတ်ပြောင်းပြေးသော အချိန်မှ စ၍ အခြေအနေကို ဘယ်လိုမှ ထိန်းမရတော့။ မိသားစုတစ်စုပြီးတစ်စုပြောင်းပြေးကုန်ကြသည်။ နောက်ဆုံးတွင် ဦးလှမောင်တို့မိသားစု နှင့် ရုတ်တရက် မပြောင်းနိုင်သေးသော မိသားစုအချို့သာ ကျန်ရစ်ခဲ့လေသည်။
ဦးလှမောင်သည် စေတီပျက်အုတ်ခုံပေါ်တွင်ထိုင်ပြီး အတွေးနယ်ချဲ့နေမိသည်။ အင်း ဦးသော်ကတို့ မိသားစုသေတုံးက ရွာသားတွေက မကြောက်ပဲနဲ့ ဘာဖြစ်လို့ ဒီစေတီပြိုမှ ကြောက်သွားရတာလည်း။ ဒီစေတီက တကယ်တန်ခိုးရှိလို့လား။ အဲဒီလိုတန်ခိုးရှိတယ်ဆိုရင်လည်း တန်ခိုးက စေတီမှာရှိတာလား လူတွေမှာရှိတာလား။ လူတွေကယုံကြည်လို့ အဲဒီယုံကြည်မှု့ကနေ တန်ခိုးဖြစ်သွားတာလား။ ဒါမှမဟုတ်အဲဒီယုံကြည်မှု့ကိုပဲတန်ခိုးလို့ခေါ်တာလား။ လူတွေမယုံကြည်ရင်ရော အဲဒီစေတီက တန်ခိုးရှိသေးသလား။ ဦးလှမောင်တွေးရင်း ခေါင်းရှုပ်လာသည်။
“အင်း ဘယ်လိုပဲဖြစ်ဖြစ်စေတီက တန်ခိုးရှိတယ်ပဲပြောရမှာပေါ့လေ“ ဟုငြီးငြူရင်း ပေနှစ်ပင်ရွာသူကြီးဦးလှမောင်သည် စိတ်ညစ်ဟန်ဖြင့် ခေါင်းတရမ်းရမ်း ဖြင့် ကျန်ရှိနေသော ပစ္စည်းများ ထုတ်ပိုးရန် အိမ်ဘက်ဆီသို့ လေးကန်စွာ ထွက်ခွာသွားလေသတည်း။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP