ကံဆိုသည်မှာ
ကံဆိုတာဘာလဲ
“ကံဆိုတာ အလုပ်”
“ကံဆိုတာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု့ မကောင်းမှု့တွေ ကိုယ့်ဆီကို ပြန်လာတာ”
“အတိတ် ဘ၀က ကံပေါ့ဗျာ”
“ဘုရားသခင် အလိုတော် အတိုင်းပေါ့ဗျာ”
ကံနှင့် ပတ်သက်သမျှ မှတ်ချက်များကို ထိုကဲ့သို့ ဖတ်ဖူး မှတ်ဖူး ပါသည်။
ကျွန်တော် မကြာခဏတွေးဘူးပါသည်။ လူတစ်ဦးနဲ့ တစ်ဦး ကံအပေါ်မူတည်ပြီး အခြေအနေခြင်း မတူကြပုံ အကြောင်းပါ။
ကျွန်တော်တို့ ဘ၀တွေကို မောင်းနှင်နေသည့် အရာမှာ ကံ၊ဥာဏ်၊၀ိရိယ ထိုသုံးခု ဖြစ်ပါသည်။ ထိုသုံးခုထဲတွင် သေချာစဉ်းစားကြည့်ပါက ကံသည် ကျွန်တော်တို့ လတ်တလောအားဖြင့် မည်သို့မှ ထိန်းချုပ်၍မရပါ။ သိလည်း မသိနိုင်ပါ။ ဥာဏ်ကိုတော့ အတော် အသင့် ထိန်းချုပ်လို့ရသည်။ အတော် အသင့် ဟုဆိုရခြင်းမှာ မွေးကတည်းက ဥာဏ်ရည် မမှီသောသူ အဖြစ် မွေးလားခဲ့ လျှင် မည်သို့မှ မတတ်နိုင်ပါ။ အဲ သူလိုကိုယ်လို လူအဖြစ်မွေးလာခဲ့ရင်တော့ ဥာဏ်ရည်မြင့်မားအောင် လုပ်ဖို့က မိမိ တာဝန်ပင်ဖြစ်သည်။ လူမှာ ထိန်းချုပ်လို့ ရတာ ၀ိရိယတစ်ခုသာရှိသည်။ ၀ိရိယကတော့ မိမိ ကိုယ်ပိုင် ဖြစ်သည်။ မိမိပေါ်မှာပဲ မူတည်သည်ဟု ပြောလို့ရသည်။ ဟော အဲသလို ကိုယ်က ပိုင်သလိုလို ရှိသော ၀ိရိယကြတော့ အကန့် အသတ်ရှိသွားပြန်သည်။ လူတစ်ယောက်က တစ်ခုခုကို လုပ်နေတယ်ထားပါတော့။ ဘယ်လောက် ၀ိရိယကောင်းကောင်း တစ်ရက်ကို ၂၄ နာရီထက် ပိုကြိုးစားလို့ မရပြန်ဘူးဗျာ။ ဒါတောင် အလွန်ဆုံး ပြောထားတာ။ အဲဒီ အထဲက စားချိန် အိပ်ချိန်တွေ နှုတ်ရဦးမှာ။
အဲဒီတော့ လူတစ်ယောက် တစ်ခုခုကို ဖြစ်ဖြစ် မြောက်မြောက်လုပ်ဖို့ ဆိုရင် ကံ၊ဥာဏ်၊၀ိရိယ သုံးခုလုံး စုံမှကိုရမှာ။ ဘယ်ဟာက ရာခိုင်နုန်းပိုများများ ပါနေသလဲဆိုတာတော့ လူတစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ဘူး။ဒါပေမယ့် တစ်ချို့ ကံကောင်းတဲ့သူများကျတော့ လည်း ဥာဏ်သမားနဲ့ ၀ိရိယသမား လိုက်လို့မမှီသလို ဥာဏ်ဝိရိယကောင်းရင်လည်း တော်ရုံတန်ရုံ ကံကို ကျော်လွှားလို့ ရပြန်ရောဗျာ။
ဥပမာပြောရရင် ဘုရင်နဲ့ အမတ်ချုပ်ကြီးတွေ နန်းရင်းဝန်တွေနဲ့ ယှဉ်လိုက်ရင် များသောအားဖြင့် အမတ်ချုပ်ကြီးတွေ နန်းရင်းဝန်တွေက ပိုတော်ကြတယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တိုင်းပြည်ရဲ့ အထွတ် အထိတ်ဘာလို့ မဖြစ်သလဲ။ ဘုရင်မျိုးအဖြစ် မွေးမလာလို့ပဲ။ ကံပဲ။ တစ်ချို့ဆိုရင် မွေးကင်းကဘုရင့်သားကိုတောင်မှ ရင်ခွင်ပိုက်ဘုရင် အဖြစ်ထားပြီး ကျန်တဲ့သူတွေက တိုင်းပြည်ကို အုပ်ချုပ်ရသေးတာ။ ဥာဏ်ဘယ်လောက် သာသာ ကံလိုသေးတယ်ဆိုတာ ပြောချင်လို့ပါ။
ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ လူတစ်ယောက်က ဆပ်ကပြဖို့ အတွက် ကုလားအုပ်တွေကို နောက်ပြန်လျှောက်ဖို့ သင်ပေးတယ်တဲ့။ တော်တော်ကို မလွယ်ဘူးဆိုပဲ။ အဲဒီလူက နှစ်ပေါင်းအတော်ကြာ နေ့မအိပ် ညမအိပ်နဲ့ သင်လိုက်တာ ကုလားအုပ်ငါးကောင်က နောက်ပြန်လျှောက် တတ်သွားသတဲ့။ အဲဒါနဲ့ သူလည်း အထူးဆန်းဆုံး ဆပ်ကပွဲပြမယ်လို့ ကြေညာပြီး ရုံသွင်းပါလေရောတဲ့။ ပြပွဲလည်း စရော သူနဲ့ ကုလားအုပ်တွေက နောက်ပြန်လျှောက်ပြီး စင်ပေါ်တက်လာပြီး ကုလားအုပ်တွေက ဆက်ပြီး နောက်ပြန်လျှောက်ပြသတဲ့။ ပြီးတော့ အထူးဆန်းဆုံး ပြကွက်က ဒါပါပဲ ဆိုတော့ ပရိတ်သတ်က ၀ိုင်းဆဲကြသတဲ့။ ခဲတွေနဲ့ တောင် ပေါက်ကြသတဲ့။ ခက်တာက ပရိတ်သတ်က ကုလားအုပ်ကို နောက်ပြန်လျှောက်အောင် ကမ္ဘာပေါ်မှာ ဘယ်သူမှ မသင်နိုင်သေးဘူးဆိုတာ မသိကြဘူးတဲ့။ သိကြရင်လဲ ဆပ်က လာကြည့်တယ်ဆိုတာ ထူးထူးဆန်းဆန်းတွေကို ပဲကြည့်ချင်ကြတဲ့အတွက် ကြိုးတန်းလျှောက်ပြ တာတို့ ဘာတို့ကို ပိုပြီး စိတ်ဝင်စားမှာပဲလေ။ သူကြိုးစားတာနဲ့ လိုအပ်ချက်နဲ့ မကိုက်ဘူးဖြစ်သွားတာ ပေါ့။ အဲဒါကြောင့် ၀ိရိယ ဘယ်လောက် ကောင်းကောင်း ဥာဏ်မပါရင် လည်း မဖြစ်ပြန်ဘူး။
ဥာဏ်မရှိရင်တော့ ဘယ်ဟာ မှအောင်မြင်ဖို့ မလွယ်ဘူးဆိုတာကတော့ ရှင်းနေလို့ ဥပမာတွေ ဘာတွေ မရှာတော့ပါဘူး။
အဲဒီ အထဲမှာမှ လူတွေ ထိန်းချုပ်လို့ မရတဲ့ ကံအကြောင်းကို ဆွေးနွေးချင်တာ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ကံကိုထိန်းချုပ်ဖို့ ကြိုးစားကြတယ်လို့ ဆိုရင် လက်ခံကြမလားမသိဘူး။ နောင်ဘ၀ကံကောင်းဖို့(သံသရာမှာ ကောင်းဖို့) ဆိုပြီး ယခုဘ၀မှာ ကိုသိုလ်ကောင်းမှု့လုပ် အလှူ အတန်းတွေ လုပ်ကြတယ်။ အဲဒါ ကံကို တနည်းအားဖြင့် ထိန်းချုပ်ဖို့ လုပ်ကြတာပဲလေ။ တခြားဘာသာဝင်တွေက တော့ ဘယ်လို ထိန်းချုပ်ဖို့ ကြိုးစားသလဲ သေချာလေ့လာ မကြည့်ဖူးဘူး။ သူတို့ လည်း များသောအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတယ့် သဘောမျိုးတော့ ရှိကြတာပဲလေ။
“ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်”
ဒါပေမယ့် လည်း ယခုဘ၀မှာ ကောင်းတာတွေလုပ်နေရဲ့ မကောင်းတာဖြစ်နေတဲ့သူတွေ၊ ဘာမှ မလုပ်ရသေးပဲနဲ့ မကောင်းတာဖြစ်နေသူတွေ (ဥပမာ မွေးကတည်းက ကိုယ်လက် မသန်စွမ်း)၊ မကောင်းတာတွေလုပ်နေရဲ့နဲ့ လောကီစည်းစိမ်တွေခံစားနေရသူတွေ ဒုနဲ့ဒေးပါ။ အဲလိုလူတွေကို ကြတော့ အရင်ဘ၀က ကုသိုလ်ကံလို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်ခုဂွကျနေတာက အရင်ဘ၀က ဘယ်သူက ဘာလုပ်ခဲ့တယ်ဆိုတာ မသိနိုင်တာပဲ။ သိရင်ပိုကောင်းမလားလို့ပါ။ အရင်ဘ၀က ဖြစ်ခဲ့ လုပ်ခဲ့တာတွေကို ဘလက်ဘုတ်မှာ တစ်နှစ်သုံးလေ တန်းစီရေးပြီး မင်းအရင်ဘ၀က နံပါတ် တစလုပ်ပ်ခဲ့လို့ အခုဘ၀မှာ ဒီဟာ ဖြစ်တယ်။ နောင်ဘ၀မှာ နံပါတ်နှစ်လုပ်လို့ ဟိုဟာ ဖြစ်တယ်။ အဲသလို ရှင်းပြရင် ဘယ်လိုနေမလဲ မသိဘူး။
သေချာစဉ်းစားကြည့်တော့လည်း အဲလိုကြီးသိနေတော့ လည်း သိပ်တော့ အဆင်မပြေသေးဘူး။ ဥပမာ ဘွားအေသေလို့ မြေးနေရာမှာ ပြန်ဝင်စားရင် သူ့ သမီးကို အမေလို့ ပြန်ခေါ်ရမှာကျတော့ သိနေရင် ဂွမကျဘူးလား။ တကယ်လို့ ပီအိတ်(ခ်ျ)ဒီ ဒေါက်တာတစ်ယောက် သေပြီး နောက်တစ်ခါပြန်မွေးလို့ အားလုံးကို မှတ်မိနေတယ်ဆိုရင် မွေးကတည်းက သူ့ကို ပီအိတ်(ခ်ျ)ဒီ ပေးရမလား။ သူဌေးကြီးတစ်ယောက် ကသေသွားပြီးတော့ ဆင်းရဲသား ဗိုက်ထဲမှာဝင်စားပြီး ပြန်မွေးလာရင် အဲဒီဆင်းရဲသားရဲ့ ကလေးက သူ့ပစ္စည်းတွေပါဆိုပြီး တောင်းရင်ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် သေချာ စဉ်းစားကြည့်တော့ အရင်ဘ၀တွေဘာတွေ တကယ်ရှိခဲ့ရင်တောင်မှာ ပြန်မသိမှ ဖြစ်မှာလို့ ထင်တာပဲ။ အဲ ပြန်မသိပဲနဲ့ အရင်ဘ၀က လုပ်ခဲ့တဲ့ အပြစ်တွေကို မင်းဒီဘ၀မှာ အပြစ်ပေးမယ်ကွာဆိုတာကြတော့ လည်း တစ်မျိုးကြီးပဲ။ ကလေးတစ်ယောက်ကို အဖေက ရိုက်တော့ ကလေးက မေးတယ်တယ်။ အဖေသားကို ဘာလို့ရိုက်တာလဲပေါ့။ အဲဒါဖေက တုတ်နဲ့ နောက်တစ်ချက်ထပ်ရိုက်ပြီး မင်းဟာမင်းသိ နောက်ဆိုဒီထက်နာမယ် လို့ဆိုသတဲ့။ တစ်မျိုးကြီးပဲနော်။
ပြီးတော့ ကြားဖူးသေးတယ် အမေတစ်ယောက်ထဲဝမ်းထဲက တစ်ပြိုင်နဲ ထွက်လာတဲ့ အမွှာပူးနှစ်ယောက် တစ်ယောက်ကသေပြီး တစ်ယောက်ကံရှင်သတဲ့။ မွှေးလာကတည်းက ကံကွာပုံပြောပါတယ်။ ဗေဒင်တို့ ဘာတို့ အလိုအရဆိုရင် လ၊ရက်၊နှစ် နက္ခတ် အားလုံးအတူတူပဲ။ အကျိုးပေးကြတာ ဆန့်ကျင်ဘက်ပဲ။
များသောအားဖြင့် အောင်မြင်နေတဲ့ သူတွေက ကံကို မယုံကြပါဘူး။ ကံဆိုတာ အလုပ်လို့ပဲ ယုံကြတယ်။ ငါလုပ်ရင် လုပ်သမျှဖြစ်မယ်လို့ ထင်ကြပါတယ်။ ဥာဏ် နဲ့ ၀ိရိယသမားတွေပေါ့။ ကျွန်တော်လည်း အရင်က အဲဒီဘက်ကို ပိုယုံခဲ့တယ်။ ဒါပေမယ့်ကြာလာတာနဲ့ အမျှမမြင်ရတဲ့ကံဆိုတာ လူ့ဘ၀မှာ ရာနုန်း အတော်များပါလားဆိုတာ သတိထားမိလာသလိုပဲ။ လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ အချိန်မှာ ဘာသာရေးကို မေ့မယ် မိသားစုရဲ့ အေးမြတဲ့ မေတ္တာကို မေ့နေမယ်၊ ငါသာလျှင် အဓိကလို့ ထင်တတ်ကြ ပြီး ကံဆိုတာလည်း ရှိသေးတယ်ဆိုတာကို သတိမရတတ်ကြဘူးလို့ထင်ပါတယ်။ အောင်မြင်နေတဲ့ ဆိုတဲ့အခြေနေတွေ တနည်းနည်းနဲ့ ဆုံးရှုံးသွားတော့မှာ သံဝေဂရသွားကြတာတွေ အများကြီးပါ။ လူတော်တော်များများက ဘ၀ကို ကံတစ်ခုတည်းနဲ့ မောင်းနှင်နေကြတယ်ဆိုတာ သတိထားမိကြလား မသိဘူး။ ကျွန်တော့် ပတ်ဝန်းကျင်မှာတော့ အနည်းနဲ့ အများတွေ့ဖူးပါ့ဗျာ။ ကံတစ်ခုထဲနဲ့ ပဲဘ၀ကို တည်ဆောက်ထားကြတာ။ တစ်ချို့လည်း တစ်သက်ပတ်လုံး ကံကောင်းတဲ့ သူတွေလည်း တော်တော်များများ ရှိမယ်ထင်တယ်။
ဒါပေမယ့် အဲဒီလို ဖြစ်ချင်တိုင်း ဖြစ်တယ်လို့ ထင်ရတဲ့ ကံဆိုတာက ဗရမ်းပတာ ဖြစ်နေတာ မဟုတ်ပါဘူးတဲ့။ ဗုဒ္ဓဘာသာ အလိုအရဆိုရင် အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုရမလားပဲ။ ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းကလည်း God didn’t play dice ဘုရားသခင်က ကြွေအံ မစားဘူး လို့ပြောသွားပါတယ်။ သူဆိုလိုတာက ဘယ်အရာမဆို ဖြစ်ချင်တိုင်း ဗရမ်းပတာ ဖြစ်နေတာမဟုတ်ဘူး။ သူ့ဟာသူ စနစ်တကျဖြစ်နေတာဆိုတဲ့ သဘောလို့ထင်ပါတယ်။ အဲလိုဆိုတော့ ကျလည်း ကျွန်တော်တို့ ထိန်းချုပ်မရဘူးဆိုတဲ့ ကံက စနစ်တကျ ဖြစ်သင့်လို့ ဖြစ်နေတာတဲ့ဗျာ။ တခြားဘာသာဝင်တွေ အဆိုအရ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းဆိုသလိုပေါ့။ အဲလိုစဉ်းစားရင် လူလောကရဲ့ မတရားမှု့တွေ ယုတ်မာမှု့တွေ မကောင်းမှု့တွေ အားလုံးက ဖြစ်သင့်လို့ ဖြစ်တာလား။ ဘုရားသခင် အလိုတော် အတိုင်းလား လို့မေးစရာရှိပါတယ်။
ဒီအကြောင်းတွေပြောပြတော့ ကျွန်တော့်မိတ်ဆွေ ဘာသာရေးဆရာတစ်ယောက်ကတော့ ပြောတယ်။ အဲလိုတွေ ပြောနေတာ မင်းဗုဒ္ဓဟောခဲ့တာတွေကို သေချာမသိသေးလို့ပဲတဲ့။ မင်းလေ့လာဖို့ လိုသေးတယ်တဲ့။ ဟုတ်မှာပါ။ အခုဟာက လူပြိန်းအတွေးတွေနဲ့ လျှောက်တွေးကြည့်ထားတာ။
မိုးတိမ်ညို
15,May,09

4 comments:
ကံ၊ ကံ၏အကျိုးကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်တဲ့အတွက် ထီ အပတ်စဉ် ထိုးနေပါတယ်။ (အဟီး…. နောက်တာပါဗျိုး)။
ကံအကြောင်းနဲ့ လူဝင်စားအကြောင်းတွေ ပြောရင် စိတ်ဝင်စားစရာကောင်းတယ်။ Ethan Bortnick ဆိုတဲ့ ချာတိတ်ဆိုရင် ငယ်ငယ်လေးနဲ့ စန္ဒယားကို တီးလိုက်တာ၊ တဖက်ကမ်းကို ခတ်နေတာပဲ။ (သူ့လက်သံကို ယူကျုမှာ ရှာကြည့်နိုင်ပါတယ်။) ကျနော်တို့ကျတော့လည်း ဂီတကို ပါရမီမပါဘူး။ လက်ကွက်တွေကို ကောင်းကောင်းမှတ်မိတယ်။ ကျင့်တယ်။ စည်းဝါးကိုက်အောင် မတီးတတ်ဘူး။ ဉာဏ်နဲ့ဝီရိယလည်း မကယ်နိုင်ဘူး။
ဘ၀ကူးတဲ့အခါ…. (ဖယောင်းတိုင်ကို မီးကူးတဲ့ ဥပမာအတိုင်း) အသစ်ဖြစ်တာလည်း မဟုတ်။ အဟောင်းအတိုင်းလားဆိုတော့လည်း မဟုတ်။ အဟောင်းရဲ့ ကံကသာ ဟိုဖက်မှာ အသစ်ဖြစ်တာကို ထောက်ကူတယ်လို့ ပြောတာ ကြားဖူးတယ်။ ဟိုဖက်မှာ ဘ၀သစ်ဖြစ်ပြီးတဲ့အခါကျပြန်တော့ ကိုမိုးတိမ်ညိုပြောသလို အတိတ်ကို မသိနိုင်ပြန်။ အဲသလို မသိနိုင်မှတော့ ဒီဘ၀ကလုပ်တဲ့ဒဏ်ကို ဟိုဖက်ကျမှ ခံရလည်း ခံမယ်ကွာလို့ ပြောရမလိုဖြစ်နေပြီ။ ငါမှ မဟုတ်တော့တာလေ။
သည်တော့ မြတ်ခိုင်တို့ ကိုင်စွဲတဲ့ ၀ါဒလို “သေရင် ပြီးပြီ” လို့ပဲ တွေးရမလိုလို။
စဉ်းစားမိတာကို ပြောတာပါ။
အခုမှ အားလို့လာဖတ်နိုင်တယ် မိုးတိမ်ညို
ခင်မင်လျက်
This article is out of reach for me.
Bino
ဘယ်လိုပဲနေနေလေ......
ယုံထားတာက....
အရင်ဘ၀ .....ကံကောင်း+အခုဘ၀...အလုပ်ကောင်း
အကောင်းဆုံးဖြစ်...
အရင်ဘ၀ကံညံ့..+.အခုဘ၀အလုပ်ကောင်း....အသင့်အတင့်ကောင်း...
အရင်ဘ၀နဲ့အခုဘ၀ကိုမျှကြည့်မယ်ဆိုရင်...
အရင်ကံကကိုယ်ကမသိနိုင်တော့..အခုဘ၀အလုပ်ကောင်းဖို့က အဓိက(ပြောရင်းနဲ့ပြင်းနေတော့လည်းခက်တယ်)
ဒါပေမယ့်အရင်ဘ၀ကံကိုအရိပ်အခြေတော့ကြည့်တတ်ရင်မြင်တယ်....
(ခြွင်းချက်တော့ရှိပါတယ်...ဘာလဲဆိုတော့ရုတ်တရက်အကျိုးပေးတဲ့ကံ)
အဲဒါကလွဲရင်တော့ကျန်တာက....ကံကောင်းနေတဲ့အချိန်မှာတော့ အကုသိုလ်ကအကျိုးမပေးနိုင်သေးသလို...
ကံနိမ့်နေတဲ့အချိန်မှာကုသိုလ်ကအကျိုးမပေးနိုင်သေးပဲစောင့်နေရတယ်တဲ့......
ဒါကြောင့်ကိုယ့်ကံကိုသတိလေးနဲ့စောင့်ကြည့်ပြီးလုပ်မယ်ဆိုရင်ကောင်းမယ်လို့ထင်ပါတယ်..
ဒါပေမယ့်အရမ်းကြီးတဲ့ကုသိုလ်..အကုသိုလ်ကတော့
ရှောင်ဖို့ခက်ပါတယ်...လူ့ဘ၀ဆိုတာဇာတ်ခုံပေါ်မှာ
သရုပ်ဆောင်နေရသလိုပါပဲ...ဒါပေမယ့်လူတွေက
အရာရာတိုင်းကိုသူတို့လုပ်လို့ဖြစ်တယ်လို့ထင်နေကြတယ်ထင်တယ်....တကယ်တော့ကံ(အရင်ကံ+အခုအလုပ်ကံ)က အကွက်ကျကျအကျိုးပေးတတ်တာပါ..
ကိုယ့်ထက်တောင်အစီအစဉ်ချတာတော်သေးတယ်....:P
Post a Comment