MRT စီးခြင်း အနုပညာ
MRT စီးခြင်း အနုပညာ ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ MRT စီးရင်း တွေးမိသည်များကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် MRT စီးသွားဖြစ်သည့် အချိန်များတွင် MRT ပေါ်တွင် တွေ့ရသော လူအမျိုးမျိုးကို ဟိုငေးဒီငေး ငေးရင်းဖြင့်သော်လည်းကောင်း၊ ငိုက်မြည်းလျှက်သော် လည်ကောင်း၊ သီချင်းတစ်ပုဒ်ပုဒ်နားထောင် လျှက်သော် လည်းကောင်း စီးလေ့ရှိပါသည်။ MRT ပေါ်တွင် တွေ့ရသော လူများမှာလည်း အမျိုးမျိုးအထွေထွေ၊ အသက်ကြီးသူ ငယ်သူ မိန်းမ ယောက်ကျား တစ်ချို့ကသုတ်သုတ် သုတ်သုတ် တစ်ချို့က လေးလေးပင်ပင် တစ်ချို့က စကားဖောင်ဖွဲ့လျှက် တစ်ချို့က တိတ်တိတ်ဆိတ်ဆိတ်။ MRT ပေါ်တွင် ယျေဘူယျ ကြည့်ပါက မတ်တပ်ရပ်လျှက် စီးသူများသည် ထိုင်စီးသူများထက် ပိုများပါသည်။ ထိုင်ခုံ အရေအတွက်မှာ နည်းသောကြောင့်ဟု ထင်ပါသည်။
ကျွန်တော်အနေနှင့်တော့ MRT ကို ထိုင်စီးသည်မှာ အလွန်နည်းပါသည်။ ဒါလည်း ကိုယ့်အကြောင်းနှင့်ကိုယ် သာဖြစ်ပါသည်။ အမြဲတမ်းထိုင်နေရသော အလုပ်လုပ်ရသဖြင့် အပြင်ထွက်သည့်အခါလေးတွင် မတ်တပ်ရပ် လျှက် နေချင်သည်။ ထို့အပြင် MRT ပေါ်တွင် ထိုင်စရာနေရာရဖို့ဆိုသည်မှာ အခြားသူများနှင့် အနည်းနှင့် အများတော့ လုရသည်သာဖြစ်သည်။ ထိုသို့လည်း နည်းနည်းလေးမှ လုချင်စိတ်က မရှိ။ ၄င်းအပြင် မိမိထက် ပို၍ ထိုင်ရန်လိုအပ်သော သူများကိုလည်း ထိုင်ပါစေတော့ ဟူသော စေတနာ လည်းရာနုန်း တော်တော်များများ ပါ သည်ဟု ပြောရဲပါသည်။ တစ်ချို့တွေ့ရသောသူများကတော့ MRT ပေါ်ရောက်သည်နှင့် ထိုင်ရမည့်နေရာကို မျက်လုံးဒေါက်ထောက်ပြီးရှာကြပါသည်။ နေရာတစ်ခုလောက်လွတ်ရင်း လျှပ်ပျက်သလို အမြန်နုန်းနှင့် စွေ့ကနည်း ၀င်ထိုင်တတ်ကြပါသည်။
ဒီနေ့ MRT စီးတော့ သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ယဉ်ထားသော လူလတ်ပိုင်း အရွယ်တစ်ဦးကို သတိထားမိပါသည်။ သူက ရထားပေါ် စတတ်လာကတည်းက ထိုင်ရန်နေရာကို မျက်လုံးဒေါက်ထောက်ကာ ဦးရန် ပြင်နေပါသည်။ စရပ်ကတည်းက ထိုင်ခုံများရှိရာနေရာ အနီးတွင် အသင့်အနေအထား နှင့်ရပ်နေပါသည်။ သူ့ပုံစံကြည့်ရသည်မှာ တာထွက်တော့ မည့် အပြေးသမားကဲ့သို့ အသင့်ရှိနေပါသည်။ ကျွန်တော်နှင့်တော့ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျွန်တော်ကတော့ လူရှုပ်သည့် ထိုင်ခုံများနှင့် ခပ်ဝေးဝေး ချောင်တစ်ချောင်တွင် သာ ခပ်ဆိပ်ဆိပ်ရပ်လျှက် စီးပါသည်။ မည့်သည့်ထိုင်ခုံကိုမှလည်း ဦးရန်စိတ်ကူး မရှိသောကြောင့် ဖြစ်သည်။
ကျွန်တော်သူ့ကို သာသတိထား ကြည့်မိနေပါသည်။ ခဏကြာသော် သူ့ရပ်နေသော နေရာ အနားမှ လူတစ်ယောက်ထသွားတော့ သူက ထိုထိုင်ခုံကို အလျှင် အမြန်ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သူ့ကို ကြည့်ပြီး ပြုံးမိပါသည်။ သြော် ဒီနေရာလေး ခဏထိုင်ဖို့ အတွက် ဒီလောက်တောင် ကြိုးစားရသလားပေါ့။ ခဏနေတော့ ကျွန်တော့် အထင်နည်းနည်းမှားသွားသည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘူတာ တစ်ခုတွင် ဘွားဘွားတစ်ဦးတက်လာတော့ သူက ရုတ်တရက် ထပြီး ထိုဘွားဘွားကို နေရာ အလျှင် အမြန်ပေးပါသည်။ ဒီလိုဆိုတော့ လည်း ဘယ်ဆိုးလို့တုံး ဟု ကျွန်တော် တွေးမိပြန်သည်။
အတန်ကြာတွင် ဘူတာတစ်ခုတွင် ထိုဘွားဘွားဆင်းသွားတော့ သူက ထိုနေရာကို အလျှင် အမြန်ပြန်ဦးပြန်ပါသည်။ ထိုဘွားဘွားကတော့ သူ့ကို ကျေးဇူး ကျေးဇူး ဟု တစ်ဖွဖွပြောရင်း ဆင်းသွားပါသည်။ခဏကြာတော့ အန်ကယ်ကြီးတစ်ဦးတက်လာပြန်လေသည်။ ထိုအခါတွင်လည်း သူက အလျှင်အမြန် ထပေးပြီး ထိုအန်ကယ်ကြီးကို နေရာပေးပြန်လေသည်။ အနီး အနားမှာ လူများကလည်း သူ့ကို ကြည့်ပြီး တော်တော် တော်တဲ့ ကောင်လေးဟု မှတ်ချက်ချနေသယောင်ထင်မိပါသည်။
ဗုဒ္ဓဘာသာ အလိုအရဆိုလျှင် ထိုသူသည် ယနေ့အဖို့ တော်တော်ကုသိုလ်ရနေပြီဟု မြင်မိပါသည်။ ထိုသို့ တွေးမိမှ ကျွန်တော်ဒုက္ခကောင်းကောင်းရောက်ပါတော့သည်။ အဖြစ်ကဒီလိုပါ။ သူကကုသိုလ်တွေ ရပြီဆိုပါတော့။ သူက သူများတွေနှင့် နေရာအလုအယကက်ဦးပြီး ထိုင်သည့် အချိန်တွင် ထိုင်ရသေးသည်။ ကျွန်တော်ကတော့ အစကတည်းက သူများတွေ ထိုင်ပါစေတော့ ဟုသော စေတနာ ဖြင့် နေရာ မဦးခဲ့။ တစ်ချိန်လုံး မတ်တပ်ရပ်လိုက်ရသည်။ သူ့လို ကိုယ်ထိလက်ရောက် မကူညီပေမယ့် စေတနာကတော့သူ့ထက် မနည်းပါ။ ထိုသို့ဆိုလျှင် သူကကုသိုလ်ရပြီး ငါ့ ကြတော့ ကုသိုလ်မရဘူးလားပေါ့။ ငါကပိုတောင် အပင်ပန်းခံရသေးတယ်ပေါ့။ တစ်ချိန်လုံး ရပ်လိုက် ရတာလေ။ ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။
နောက်ဘူတာရောက်တော့ သူလည်း ဆင်းသည် ထိုအန်ကယ်ကြီးလည်း ဆင်းသည်။ သူကရထား အထွက်မှာ ထိုအန်ကယ်ကြီးကို တွဲများပင် ခေါ်သွားလိုက်သေးသည်။ ထိုအန်ကယ်ကြီးကလည်း မြန်မာလို ဆိုရင်တော့ သာဓုတစ်ခေါ်ခေါ်ပေါ့။ ပတ်ဝန်းကျင်မှ လူများကလည်း ပီတိမျက်လုံးများနှင့် ကြည့်နေသလိုလို။ ကျွန်တော် တွေးရင်း မနာလိုသလိုဖြစ်လာသည်။ တစ်ခုခုတော့ မှားနေသလိုလို။ သေချာစဉ်းစားကြည့်လိုက်တော့ ဒါလူရည်လည်တာပဲ ဟုတွေးမိသည်။ သူများကို ကူညီချင်လျှင် ကိုယ်က ကူညီနိုင်တဲ့ နေရာရောက်အောင် အရင်လုပ်ပေါ့။ ကိုယ့်မှာ ဘာမှ မရှိပဲ သူများကို ကူညီဖို့ဆိုတာ မဖြစ်နိုင်။ အဲတစ်ခုခုရှိဖို့ဆိုလျှင် နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ကြိုးစား ရမည်ပေါ့။ အခုတော့ ကိုယ်က ကူညီချင်စိတ်ရှိတယ်ဆိုရင်တောင် ကိုယ်ကူညီတာက လူမသိသူမသိ။ အင်း ကူညီတာက လူသိဖို့လည်း မလိုပါဘူးလေဟုလည်းတွေးမိသည်။ ဒါပေမယ့် သူ့ကူညီပုံမျိုးက ပိုအကျိုး ရှိသလိုလို။ သူနဲ့ ကျွန်တော်နဲ့ အခွင့်အရေးအတူတူရပေမယ့် သူကအဲဒီအခွင့်အရေးကို ပိုအကျိုးရှိအောင် အသုံးချနိုင်တာပဲ။ အပြင်လောကမှာဆို ဒီလူတော်တော်အောင်မြင်မှာပဲ လို့ မဆီမဆိုင်တွေးမိသေးသည်။
ကျွန်တော်တွေးရင်းတွေးရင်း သဘောကျလာသည်။ အင်းငါလည်း သူ့လိုလုပ်ကြည့်ဦးမှဆိုပြီး ထိုင်ခုံတွေရှိသည့် နေရာ အနားသို့ မသိမသာရွေ့သွားသည်။ နေရာတစ်နေရာလွတ်တော့ စွေ့ကနည်း ၀င်ထိုင်လိုက်ပါသည်။ အင်းပထမအဆင့်တော့ အောင်မြင်သွားပြီ။ ငါသူများကို ကူညီဖို့နေရာတစ်နေရာရသွားပြီ ဟုတွေးနေတုံး တာဝန်သိ ပြည်သူတစ်ဦးဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးက ပုခုံးပုတ်ပြီး “ညီလေး ဒီအန်ကယ်ကြီးကို နေရာပေးလိုက် ပါကွာ မင်းကလူငယ်ပဲ” ဟု လာပြောလေသည်။ ကျွန်တော်အလန့်တကြား ကြည့်လိုက်မှ ဟုတ်ပါ့ဗျား ကျွန်တော့် အနားမှ တောင်ဝှေးနှင့် အန်ကယ်ကြီးတစ်ယောက် တုန်ချိတုန်ချိနှင့် ရပ်နေလေသည်။ ဘယ်အချိန်ကတက်လာမှန်း မသိ။ ခက်တာပဲ။ ပတ်ဝန်းကျင်မှ သူများကလည်း မသိမသာ ခိုးကြည့်နေကြလေသည်။ ကျွန်တော်ကပဲ အန်ကယ်ကြီးနှင့် နေရာလုနေသလို။ ကျွန်တော် ရှက်ရှက်နှင့် အလျှင်အမြန် ထပေးလိုက်ရလေသည်။ အန်ကယ်ကြီးကလည်း ၀တ်ကျေတန်းကျေ ကျေးဇူးပဲဟု ပြောလေသည်။ သူကလည်း ထင်မပေါ့။ ဒီသူငယ်နဲ့ သူများပြောမှပဲ ထပေးတယ်။ မသိတတ်လိုက်တာလို့။ ကျွန်တော်တော်တော် စိတ်ညစ်သွားသည်။
အင်း တရားရှာကိုယ်မှာသာတွေ့ဆိုသလိုပေါ့။ ကျွန်တော့်အမှားပဲလေ။ ကျွန်တော်က မမြင်တာပဲ။ ကူညီချင် ရုံနဲ့ တော့ မရသေးဘူး။ လည်ဦးမှ။ နပ်ဦးမှ။ အထာသိဦးမှ။ ဟိုတစ်ယောက်က ငါ့ထက်လည် လို့ နပ်လို့ အိုကေတာပဲ။ ငါကသူ့လို မရည်အချင်းမရှိတော့ ခံပေါ့ ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါသည်။ သူများလို အရည်အချင်းမရှိပဲနဲ့ မတုနဲ့လေဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ သူ့လိုလုပ်ချင်ရင်လည်း ရထားကို ကိုယ့်အတွေးလေနဲ့ ကိုယ်အေးအေးလူလူစီးရမည်မဟုတ်။ ရှေ့တန်းမှာ ကင်းစောင့်နေသော စစ်သားတစ်ယောက်လိုက် မျက်လုံးပြဲနေအောင်ကြည့်နေရမည်ဖြစ်သည်။ အဲလိုတော့ မလုပ်နိုင်ပါခင်ဗျား။ နေပါစေတော့။ ဘယ်သူသိသိ မသိသိ ကုသိုလ်ရရ မရရ နေပါစေတော့။ ကိုယ့်စတိုင်နဲ့ကိုပဲလေ။
ထိုနေ့မှစ၍ကျွန်တော် ရထားပေါ်တွင် ထိုင်ဖို့ မကြိုးစားတော့ ပါခင်ဗျား။ မိတ်ဆွေသူငယ်ချင်းများအနေနှင့် ယနေ့မှစ၍ ကိုမိုးတိမ်ညို MRT စီးသွားသည်ဟု ကြားမိပါက ပျင်းတိပျင်းရွဲ မတ်တပ်ရပ် လျှက် လိုက်ပါနေကြသူများ အကြားတွင် တစ်နေရာရာကို မှီပြီး မတ်တပ်ရပ်လျှက် ငိုက်မြည်းနေသော သူတစ်ယောက် အဖြစ်သာ မြင်ယောင်ကြည့်ကြပါကုန်။
7 comments:
နီးရင်တော့ မထိုင်ဘူး ဝေးရင်တော့ထိုင်ချင်တယ် လုပြီးတော့ တော့ဘယ်တုန်းကမှ မထိုင်ဘူး။ အမြဲ ဖယ်ပေးလိုက်တယ်။ အသက်ကြီးတဲ့ သူနဲ့ ကိုယ်ဝန်သည်၊ ကလေးလေးတွေရယ်ဆို အမြဲ ဖယ်ပေးတယ်။
ရယ်ရတယ်။
တွေးစရာပါပဲ
ဟား ဟား ... ဟုတ်တယ်နော် ။ ကိုယ့်စတိုင်နဲ့ကိုယ်ပဲ ။ သူများနဲ့တူအောင်လိုက်တုရင် ကိုယ်ပဲပင်ပန်းမယ် ။ ( ကိုယ့်အတွက် ဆင်ခြေအသစ်တစ်ခုရသွားပြီ ။ ဟိ )
မိုးတိမ်ညိုရေ
"MRT စီးခြင်း အနုပညာ"
လာဖတ်သွားတယ်နော်
ခင်မင်လျက်
ဒီက စလုံးမတွေက တစ်ဘာသာဗျ...။
ကိုယ်က ရန်ကုန်မှာကတည်းက သက်ကြီးရွယ်အို၊ မိန်းမ၊ ကလေးများကို ဦးစားပေးနေကျ ဆိုတော့ စရောက်ရောက်တုန်းက ထ ထ ပေးတယ်။ သူတို့က သူတို့က အားနည်းတဲ့ မိန်းမသားလို့ အထင်ရောက်သွားမှာ စိုးလို့လား မသိဘူး မထိုင်ဘူးဗျ။ ဝက်ခြံဗလဗျစ်နဲ့ အီမိုဆံပင်နဲ့၊ ဘောင်းဘီဖင်လျှော၊ နံစော်စော် မလေးကောင်လေးတွေသာ ဝင်ဝင် ထိုင်သွားတယ်။ တစ်ချို့အန်တီကြီးများလဲ တူတူ။ အလှတွေ မတရား ပြင်လာတဲ့ အန်တီတွေကို အသက်ကြီးတယ်ဆိုပြီး ဖယ်မပေးလိုက်နဲ့။ ကိုယ့်တောင် မျက်စောင်း ပြန်ပြန်ထိုးသွားတာ ခံရတယ်။ ငါမအိုသေး အလှပြင်တတ်သေးတယ်ပေါ့ဗျာ...။
တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဗျာ...။
တံခါးနားမှာ မတ်တပ်ရပ်မှီတာ စိတ်ချမ်းသာတယ်ဗျ...။
ဖတ်လို့ကောင်းတယ်။ ကျွန်တော်လည်း မထိုင်ဖြစ်တာများတယ်။ လွတ်လွတ်လပ်လပ် ရပ်စီးတာကောင်းတယ်။ ရထားအဟောင်းမှာ ခပ်၀၀ နှစ်ယောက်ကြားမှာထိုင်မိရင် လှုပ်လို့တောင်မရ ဖြစ်တတ်လို့ :P
လုပြီး ထိုင်ရတာတော့ ၀ါသနာ မပါဘူး
လွတ်ရင်တော့ ထိုင်လိုက်တာပဲ
လိုအပ်မယ့်သူလာရင်လည်း ဖယ်ပေးလိုက်တာပဲ
အပြောတော့ မခံချင်ဘူး :D
Post a Comment