Thursday, January 8, 2009

ပြန်ချင်ပြီ ညီမောင်လှရဲ့

ဆရာမြင့်သန်း၏ ၀တ္ထုတိုဖြစ်ပါတယ်။ ရောရောယောင်ယောင်မောင်ဘမောင် နှင့် ရပ်ထဲရွာထဲက ၀တ္ထုများ စာအုပ် ကပါ။ ခံစားကြည့်ပါခင်ဗျာ။
**************************************************************
ဟော… နေ၀င်တော့မယ်။ ဒီနေရာက ထိုင်ကြည့်ပြီး နေ၀င်တာ၊ နေထွက်တာ ကြည့်ကြည့်နေတာ ကြာပြီ။ အလုပ်မှ မရှိပဲကိုး။ ဒီအချိန်လောက်ဆို ဒီအနားကထိုင်ပြီး နေ၀င်ပုံ ကြည့်ရတာ ဟုတ်သလိုလိုရှိတာနဲ့ လာလာပြီး ထိုင်ကြည့်နေမိရာက၊ ခုတော့ အလေ့အကျင့်ကလေးလို ဖြစ်နေတယ်။ အကျင့်ကြီးရယ် တော့ လည်း မဟုတ်ဘူးပေါ့လေ။ ကိုယ့်မှာက ဘာမှ လုပ်စရာမှ မရှိတာ။
တစ်ခါတစ်လေ ၀ီစကီလေး တစ်ပက်နှစ်ပက်လောက် များချပြီး၊ ဒီနားလာထိုင်နေရတာ ပိုများတောင် နိပ်သေးတယ်။ နေ၀င်ပုံကလည်း ကြည့်ရင်း ဥာဏ်ကစားရတာပေါ့ လေ။ ဒီအရွယ်ရောက်တော့မှလည်း အဲဒီလို ၀ီစကီလေး၊ ဘာလေး သောက်လိုက်ရတဲ့အခါ ဦးနှောက်က အလုပ်ပိုလုပ်တယ် ခေါ်မလားပဲ။ နည်းနည်းပါးပါး။ ငယ်ငယ်ကလို ဂေါ်ရင်ဂျီသောက် တော့ ဘယ်သောက်တော့မှာတုန်း။ ခုအရွယ် ကတန်ဆေး လွန်ဘေးကိုး။ မဟုတ်ပေဘူးလား။

ငယ်ငယ်တုန်းကတော့ ဟုတ်သပေါ့။ အပေါင်းရယ်၊ အဖော်ရယ်၊ ပိုက်ဆံရှိလာလို့ ၀မ်းသာတဲ့ အခါရယ်၊ ဘိုင်ကျလို့ စိတ်ညစ်တဲ့ အခါရယ် ဆင်ခြေမျိုးစုံနဲ့ သောက်ခဲ့ကြတာ ကလား။ သောက်သဟေ့ ဆိုတော့လည်း မူးမှကြိုက်တယ်။ ခုလို အရသာလေး ခံပြီး သောက်ရတယ်ဆိုတာမှ မသိပဲကိုး။ ခုတော့လည်း အဲဒီလို မမိုက်ရဲတော့ဘူး။ ပိုဆိုးတာက အပေါင်းရယ်၊ အဖော်ရယ်ဆိုတာ ဝေးဝေး လာကြပြီ မဟုတ်လား။ မကြာခင်ကတင် ဖိုးကို ဆုံးသွားတာ ကြားရတယ်။ စိတ်မကောင်းဘူး။ ခုထိပဲ။ ဒါပေတဲ့ ကိုယ်ကလည်း ဘာမှတတ်နိုင်တာ မဟုတ်ဘူး။ သူ့ဘ၀၊ သူ့ အဖြစ်၊သူ့ကိုယ်၊ သူ့ ခန္ဓာ၊ သူ့ရုပ်၊ သူ့ဘာသာသူပဲ မဟုတ်ပေဘူးလား။
သူက သူ့စီးပွားရေးနဲ့သူ တစ်သက်လုံး နေလာတာ။ ကိုယ့်လို ပင်စင်တွေဘာတွေ ယူစရာလိုတာ မဟုတ်ဘူး။ ဟိုတစ်ခါ ဒီလာတုန်းကတောင် ပြောလိုက်သေးတယ်။ အသက်ကလည်း ငယ်တော့တာ မဟုတ်ဘူး။ ဆင်ဆင်ခြင်ခြင် နားနားနေနေလုပ်။ လောဘတွေ ဘာတွေ သိပ်များမနေနဲ့တော့… စသဖြင့် ပေါ့လေ။ ဒီကောင်က စီးပွားရေးသမား မဟုတ်လား။ ခုတော့ လည်း လောဘနည်းလောက်တဲ့ အရွယ်ရောက်ပြီးကိုး။ သူ့ကြည့်ရတာ လောဘနည်းလောက်ပါပြီ။ ဒါပေတဲ့ ငယ်ကျင့်လေးက တယ်မပျောက်ချင်သေးဘူး။ မြေးကလေးတွေ ကောလိပ်ရောက်နေမှ သူက မြာကလေးတွေနဲ့ သွားလာနေချင်သေးတယ်။ သူကတော့ ပြောပါရဲ့။ ငါမသေနိုင်သေးဘူး။ မသေချင်သေးဘူးတဲ့။ ဒါ့ကြောင့် လည်း သူကဆေးတို့ ဘာတို့မှန်မှန်စစ်သတဲ့။ အားဆေးတွေ ဘာတွေလည်း မှန်မှန်သောက်တယ်ထင်ရဲ့။ အယ်… ဖြစ်ချင်တော့ အိပ်နေတုန်း နှလုံးရပ်သွားသတဲ့။ ချော…ရော၊ သေ…ရော။ သေတယ်ဆိုတာကလည်း ကိုယ်ကပိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကိုယ်ကထင်တာပဲ။ ဒါကြောင့်လည်း အနိစ္စလို့ ခေါ်ကြတာထင်ပါရဲ့။
ဒါပေတဲ့ စပ်လို့ပြောရဦးမယ်။ နေတယ်… သေတယ် ဆိုတဲ့ ကိစ္စဟာ ကိုယ်ကပဲ ဆုံးဖြတ်နိုင်သတဲ့။ ဟိုတစ်ခါက ဒီမှာ လာပြီး တစ်ပတ်လောက် နေသွားတဲ့ ကိုရင်မောင်တင့်သားက ပြောပြသွားဖူးတယ်။ ဒီအကောင်က ဘီအေ၊ အမ်အေ အောင်ပြီး ကောလိပ်မှာ ဖီလိုဆိုဖီတို့ ဘာတို့ သင်လာတာ ဆိုထင်ရဲ့။ ခုတော့ စာသင်ရတာ ငြီးငွေ့လို့ အရုပ်ရေးစားနေသတဲ့။ သူကပြောတယ်။ နေမလား၊ သေမလား ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်နိုင်တာက လူပဲတဲ့။ လူကလွဲလို့ တခြားသက်ရှိ သတ္တ၀ါတွေဟာ နေတာ၊ သေတာကို မဆုံးဖြတ်နိုင်ဘူးတဲ့။ ကိုယ်ကလည်း သူ့လောက် ဥာဏ်သွားတဲ့ အကောင် မဟုတ်တော့ သူ့ကို အတော်ရှင်းအောင် မေးယူရတယ်။ ဒါတောင် သူပြောတာ အကုန်အစင် ဘယ်နားလည်မှာတုံး။ ကိုယ်ဥာဏ်မှီတာ ကလေးလောက်တော့ ရအောင် မှတ်ထားလိုက်ရတယ်။ သူကတော့ တစ်ညနေခင်းလုံး ကုန်အောင် ရှင်းပြပါရဲ့။… လူဆိုတာ ဆုံးဖြတ်နိုင်သတဲ့။ ရွေးခြယ်နိုင်သတဲ့။ အထူးသဖြင့် နေမလား၊ သေမလား ဆိုတဲ့ ကိစ္စကိုတဲ့။ ဟုတ်တော့လည်း ဟုတ်သလိုပဲ။
ခက်တာက ကိုယ်ကလည်း တစ်သက်လုံး ပစ်ချခံထားရသလို နေလာတဲ့ အကောင်မဟုတ်လား။ မိဘက ကျောင်းထား၊ နောက်တော့ ဘွဲ့ရ၊ ဘွဲ့ရပြီးတော့ အလုပ်ရ။ အဖေ အမေက ပေးစားတဲ့ မိန်းမယူ။ အချိန်တန်တော့ ရာထူးရာခံနဲ့ ဖြစ်။ ကိုယ့်အထက်က ညွှန်ကြားတာလုပ်။ အိမ်ကမိန်းမချက်ကျွေးတာစား။ ကလေးတွေကြီးလာ။ အိမ်ထောင်ရက်သားတွေကျကြ။ နောက်ကိုယ့် အိမ်ကိုယ့်ရာနဲ့ အိမ်ခွဲသွားကြ။ အချိန်စေ့ တော့ ကိုယ်က ပင်စင်ယူ။ အဘွားကြီးကလည်း ဘာသာရေးနောက် ကောက်ကောက်ပါသွားတော့ ယောဂီဝတ်နဲ့ ချောင်မှာသွားနေ။ ဒီလိုနဲ့ ကိုယ်က ခုလို တစ်ကိုယ်တည်း ဖြစ်နေတာပေါ့လေ။ အိမ်တစ်လုံး၊ ခွေးတစ်ကောင်နဲ့ ကိုယ့်ရဲ့ ငယ်တပည့် ခြံစောင့်လုပ်တဲ့ ဖိုးစပ်တို့ လင်မယား ချက်ကျွေးတာ စားပေါ့လေ။
ဒါကြောင့်လည်း ကိုယ်က ခက်တယ်ပြောတာ။ တစ်သက်လုံးကလည်း ဘာမှ ကြီးကြီး ကျယ်ကျယ်၊ ရွေးခြယ်ဆုံးဖြတ်လာတာ မဟုတ်ဘူး။ ခုမှ ဆုံးဖြတ်တာတို့၊ ရွေးခြယ်တာတို့ ဆိုတာတွေ လုပ်ဖို့ ကလည်း ခပ်တွန့်တွန့် ပေါ့။ ဒါကြောင့် ကိုရင်မောင်တင့်သား ပြောသွားတဲ့ ကိစ္စကို လက်ခံရအောင် ဆိုတာကလည်း ခပ်ခက်ခက်ရယ်။ ဒါပေတဲ့ သဘောတော့ အကျသား။ တကယ်ပါ လူဆိုတာ နေမလား… သေမလား ကို ရွေးတတ်တယ်ဆိုတာ။ ခုနေအခါမျိုးမှာ မကြာမကြာ အဲဒါမျိုးတွေ စဉ်းစားတတ်တယ် မဟုတ်လား။ စဉ်းစားတတ်တဲ့ အရွယ်ကလည်း ရောက်နေပြီ မဟုတ်လား။ မစဉ်းစားလို့ကလည်း ကိုယ့်မှာ ထွေထွေထူး ထူး လုပ်စရာမှ မရှိတာ။ ပင်စင်စား ပင်စင်စားနဲ့ တော်ရုံတန်ရုံဆို ဂုဏ်ပုဒ်တစ်ခုလိုလို ဘာလိုလိုနဲ့ သေသေ ချာချာ တွေးကြည့်စမ်းပါ။ သေမလို့ စောင့်နေတာပဲ မဟုတ်ဘူးလား။ ရက်ချိန်းမရသေးတာက လွဲလို့ သေဒဏ်က ကျပြီးသားပဲ။ ကြည့်လေ… ခုဆိုကိုယ့်မှာက ဘာမှ လုပ်စရာမရှိတာ။ ဘာတစ်ခုမှ မည်မည်ရရ လုပ်စရာ မရှိတာပဲ။ တစ်ခါတစ်ခါကိုယ့်လို ပင်စင်စားကြီးတွေနဲ့ တွေ့ရင် ရှင်ပြုတုန်းရွှေထီး ဆောင်းခဲ့ကြတာကို ပါးစပ်အရသာခံပြီး စားမြုံ့ပြန်ရတာက လွဲလို့ဘာမှ ထွေထွေထူးထူး လုပ်စရာ ရှိလို့တုန်း။ ဒီအရွယ်ကျမှ လည်း ဟိုတုန်းကလို တက်တက်ကြွကြွ လုပ်ချင်တယ်ဆိုတာတွေကလည်း ဘယ်ရှိတော့မှာတုန်း။
ပြောဦးမယ်။ ဟိုတစ်လောဆီက မြောက်ဘက်က ဆရာဝန်လေး လင်မယားအကြောင်း စက်ပိုင် ကိုအောင်ခင်က ပြောပြလို့ ကြားရတယ်။ လင်မယား နှစ်ယောက်လုံးက စိတ်ရင်းကောင်းကြရှာပါတယ်။ ကိုယ်တို့ မိတ်ဆွေ၊ ဆရာဝန်ကိုမောင်လေးရဲ့ တပည့်တောင် ဖြစ်ဖူးတယ်ထင်တယ်။ ဒီလိုဗျ။ ဖြစ်ချင်တော့ ဆရာဝန်လေးမှာ စမောလေးရှိတဲ့ အကြောင်း သူ့မိန်းမက သိသွားသတဲ့။ ဆရာဝန်လေးက လည်း ပိုက်ဆံပေါတယ် မဟုတ်လား။ အဲဒါနဲ့ အချင်းများကြတယ်ထင်ပ။ တိုတိုပြောရရင်တော့၊ ဆရာဝန်လေးရဲ့ မိန်းမ အိပ်ဆေးတွေ သောက်လိုက်သတဲ့။ ဒါပေတဲ့ ဆရာဝန်ကလေး သိတာက စောသွားလို့ ဘာမှ မဖြစ်ဘူးတဲ့။ သူများတကာတွေ ဟိုပြောဒီပြောပြော နေကြပေတဲ့၊ ကိုယ်ကတော့ ဆရာဝန်ကလေး မိန်းမဟာ တယ်ဟုတ်ပါလားလို့ တွေးနေမိတယ်။ ဒိကိစ္စဟာ ကိုရင်မောင်တင့်သားပြောတဲ့ နေမလား… သေမလား ကိစ္စပဲလို့ တွေးကြည့်နေမိတယ်။ ဆရာဝန်ကလေး မိန်းမရဲ့ ရွေးချယ်မှု့၊ ဆုံးဖြတ်မှု့ စတဲ့ သတ္တိကိုလည်း ချီးကျူးမိပါရဲ့။ ဟိုအကောင်ပြောသွားတဲ့ ရွေးခြယ်တာ၊ ဆုံးဖြတ်တာတွေကို ပညာတတ်တွေ နားလည်သလိုတော့ နားလည်ချင်မှ နားလည်မယ်။ ဒါပေတဲ့ ရွေးချယ်ရဲတယ်၊ ဆုံးဖြတ်ရဲတယ်။ အမှန်ပြောရရင် ကိုယ့်ထက် သတ္တိရှိတာ ကတော့ အမှန်ပဲ။
နောက်တစ်နေ့ ဂေါက်ကွင်းမှာ ဖိုးစောထွန်းနဲက တွေ့တယ်။ စကားစပ်မိတာနဲ့ အဲဒီ အကြောင်းပြောတော့ သူကဆဲပါလေရော။ ပြီးတော့ ပြောသေးတယ်။ ငါ့လူ မင်းသာ အိပ်ဆေးတွေသွား သောက်လို့ကတော့ ဘယ်သူကမှ လာပြီး ဖြေဆေးတိုက်မှာ မဟုတ်ဘူး… တဲ့။ ဒီတော့ ကိုယ်ကလည်း သူ့ကို ထပ်ပြီး ရှင်းပြရတယ်။ ကိုရင်မောင်တင့်သား ပြောပြသွားတဲ့ နေမလား… သေမလား ကိစ္စ။ ဒီတော့ ဖိုးစောထွန်းက ပြောပြန်တယ်။ ဟ၊ အချိန်တန် သွားရမယ့် ကိစ္စ၊ မင်းက ဘာလို့ လောနေတာတုံး။ ငါကတစ်သက်လုံး ဆုံးဖြတ်ချက်တွေချလာပေမယ့် ဒီကိစ္စမှာတော့ ငါ့ဘာသာ မဆုံးဖြတ်ဘူး။ အချိန်ပဲ ပြောပြော၊ ကောင်းကင်ဘုံပဲပြောပြော၊ ပြောချင်ရာပြောကွာ။ အဲဒါတွေရဲ့ အဆုံးအဖြတ်ပဲ ခံတော့မယ်။ အချိန်တန်မှ သွားမယ်ကွာ…တဲ့။ ဖိုးစောထွန်းက အရင်က စက်ရှင်ဂျဒ် လုပ်လာတာ မဟုတ်လား။ ကိုယ့်လိုမဟုတ်ဘူး။ အင်မတန် ထက်တဲ့လူ။ ဒါပေတဲ့ ဒီနေရမှာတော့ ဘာလို့ အခုလိုမြင်တယ် မသိဘူး။
တစ်ခုတော့ ရှိတယ်။ ကိုယ်လည်း အရင်ကပြောဖူးသားပဲ။ ဖိုးစောထွန်းနဲ့ ကိုယ်နဲ့က တွေးတာက အစ အတူကြဘူး။ ကြည့်လေ၊ ပင်စင်ယူပြီးတာတောင် သူက ငြိမ်ငြိမ်နေနိုင်တာမှ မဟုတ်ဘဲ။ ရိပ်သာသွားပြီး ပိန်ဖောင်းလေးလည်းမှတ်တယ်။ ဂေါက်သီးလေး ရိုက်လိုက်၊ ၀ီစ ကီလေး သောက်လိုက်လည်း လုပ်တယ်။ အချိန်ပို သေးရင် ကလေးတွေခေါ်ပြီး အင်္ဂလိပ်စာတွေ ဘာတွေ အလကား သင်ပေးတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောကြတော့ ငါက တစ်ခုခု အောက်ကျူပိုဒ် ဖြစ်နေမှ ကြိုက်တာ… တဲ့။ ကိုယ်ကတော့ ခုမှ ကိုယ်ပိုင်ရတဲ့ အချိန်တွေ။ တစ်သက်လုံးက ကိုယ့် အချိန်တွေကို တခြားကိစ္စတွေမှာ သုံးလာရတာ။ ခုမှ ကိုယ့်အတွက် ရတာ။ ဒါကြောင့် ခုမှ ကိုယ့်ဘာသာ ပိုင်ရတဲ့ အချိန်တွေ ကိုယ့်ဘာသာပဲ သုံးမယ်။ ဘာမှ မလုပ်တော့ဘူး။ ထိုင်ပြီး စဉ်းစားမယ်။ တွေးကြည့်မယ်။ အဖန်တလဲလဲ သုံးသပ်ကြည့်မယ်။ လုပ်စရာမရှိရင် အိမ်နောက်ဖေး ၀ရန်တာမှာ ထိုင်ပြီး မြက်တွေပေါက်လာတာ ကြည့်မယ်။ ခုလို နေ၀င်တာ နေထွက်တာလေးကို ထိုင်ကြည့်ရင် သာယာနေမယ်။ ဒါပဲ။ ဒီတော့ ဖိုးစောထွန်းက တစ်ခါက ပြောသေးတယ်။ ငါ့လူ အလကားနေရင်း အဲဒါမျိုးတွေ ထိုင်စဉ်းစားနေ၊ မြန်မြန်ချောသွားမယ်… တဲ့။ ဒီတော့ ကိုယ်ကလည်း ပြောလိုက်ပါရဲ့။ ချောသွားလည်း ကောင်းသားပဲ။ ကိုယ်တို့မှာက ဒီကိစ္စပဲ ရှိတော့တာ မဟုတ်လား… လို့။
မဟုတ်ပေဘူးလားဗျာ။ ကိုယ့်မှာက ဒီကိစ္စပဲ ရှိတော့တာ။ ဒါကြောင့် တစ်ခါတလေ တွေးကြည့်မိတယ်။ လူ့ဘ၀ ဟာ မီးခလုတ်လေးများလို ဆိုရင်ကောင်းမှာပဲလို့။ အသုံးမလိုတဲ့ အခါပိတ် လိုက်ရုံပဲ မဟုတ်လား။ အေးလေ… ရှိနေတဲ့ ခလုတ်ကလေးကိုပဲ မပိတ်ရဲတာလား မသိဘူး။ ခက်တာ က ကိုယ်က ငယ်ငယ်ကတည်းက ဘာမှ အယူတွေ အစွဲတွေမရှိဘူး။ သူများလို ဒီကနေ ဘယ်သွားမယ်ဆိုတာ မျိုးတွေ မှန်းမထားဘူး။ ခလုတ်လေး ပိတ်ပြီးရင် ပြီးတာပဲလို့တွေးတယ်။ ထင်တယ်။ အဲဒီလိုတောင် ပြောလို့ မဖြစ်ဘူး။ ကိုယ်က ယုံတယ် လို့ပြောမှ ကောင်းမယ်ထင်တယ်။ ဟုတ်တယ်လေ။ တကယ်လို့ ဖိုးစောထွန်း တွေးသလို တွေးရင် ဘယ်သွားကြမလို့လဲ ဆိုတဲ့ ကိစ္စ ကပေါ်လာဦးမယ်။
မဆီမဆိုင်ဗျာ၊ တစ်ခုသွား သတိရမိသေးတယ်။ ကိုယ်တို့ ငယ်ငယ်က ရွှေပြုန်းသွားကြတဲ့ အခါ ခပ်ယစ်ယစ်နဲက ဆိုကြတာ တစ်ခုရှိတယ်။… တက်ပြင် ရွက်ဆင်။ ရွှေပြုန်းဆို ရွာအနောက်ဆီက ချောင်းပေါက်ကိုဝင်။ ပြန်ချင်ပြီညီမောင်လှရဲ့… ပြန်ချင်ပြီ ညီမောင်လှရဲ့… တဲ့။ အဲဒါက လာခဲ့တဲ့ နေရာကို ပြန်ချင်တာကိုး။ ခုတော့ ကိုယ်က ဘယ်ကလာခဲ့မှန်းမှ မသိတော့ ဘယ်ကိုပြန်ရမှန်းလည်း မသိပါဘူး။ ကိုယ့်ဘာသာ ဘယ်ပြန်ရပါ့မလဲ လို့ တွေးနေမိတတ်တယ်။ အဲဒီလို တွေးလို့လားမသိဘူး။ တချို့က ကိုယ့်ကို ရောရောယောင်ယောင်မေင်ဘမောင်တဲ့။ ခေါ်တော့လည်း ခေါ်စရာပဲ မဟုတ်လား။
ကြည့်လေ။ ခုဆို လတောင်ထွက်ပြီ။ မနက်ကျရင် အရှေ့ကနေထွက်လာဦးမှာပဲ။ လထွက်လာတာ။ နေထွက်လာတာ။ အဲဒါတွေက တကယ်တော့ ကိုယ်ဒီနားမှာ ထိုင်ကြည့်နေတာနဲ့ ဆိုင်မှ မဆိုင်တာ။ ကိုယ်ရှိနေတဲ့ အခါ ကိုယ်သိနေရတယ်။ ဒီတော့ ကိုယ်ရှိနေတာကလေးကလည်း အရေးကြီးနေသေးတာပဲ။ ကိုယ်ရှိနေတော့ ကိုယ်က ဆုံးဖြတ်နိုင်သေးတယ်။ ကိုယ်ကပဲ ပစ်ချခံထားရသလို နေနေ၊ ကိုယ်ရှိနေဖို့ ကတော့ လိုနေသေးတယ် မဟုတ်ဘူးလား။ ကိုယ်မရှိတော့ဘူးတဲ့။ ဘာဖြစ်သတုံး။ ဘာမှ မဖြစ်ဘူး။

မြင့်သန်း
ပင်လယ်စာပေနှင့် အနုပညာ မဂ္ဂဇင်း
အတွဲ(၁)၊ အမှတ်(၂)၊ ၁၉၉၃။

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP