Tuesday, January 27, 2009

ဘာသာရေး ညစ်နွမ်းမှု့

ဘာသာရေးတော်တော်များများတွင် အသွင်သဏ္ဍာန်အားဖြင့် အပြင်လူများ အထင်အမြင်သေးစရာ အများအပြားရှိကြပါသည်။ ဗုဒ္ဓဘာသာတွင်လည်း အခြားဘာသာဝင်များ အတွက် အထင်အမြင်သေး စရာအများအပြားရှိလေသည်။ (ဥပမာ နတ်ရုပ်များ ဘိုးတော်ရုပ်များ စသည့်ဖြင့် ဗုဒ္ဓဘာသာ ပြင်ပ ကိုးကွယ်မှု့များ)။ အဆိုးဆုံးမှာ အခြားဘာသာဝင်တော်တော်များများက ဗုဒ္ဓဘာသာကို ရုပ်ထုကိုးကွယ် သောဘာသာဟုထင်ကြခြင်းဖြစ်လေသည်။ ထိုသို့ထင်စေရန်လည်း ဗုဒ္ဓဘာသာဝင်များကသာ ပြုလုပ်ကြ ခြင်းဖြစ်လေသည်။ အမှန်တကယ်အားဖြင့် လည်း ဗုဒ္ဓဘာသာဝင် ရာနုန်းအတော်များများသည် ရုပ်ထုကိုး ကွယ်သူများဖြစ်မည်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာ၏ အနှစ်သာရသည် မလေ့လာ သူများအတွက် နားလည်ရန်ခဲယဉ်းသောကြောင့်ဖြစ်မည်ဟုထင်ပါသည်။(စာကြွင်း။ ကျွန်တော်သည်လည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်လျှင် နှမ်းစေ့ခန့်သာသိပါသည်။)

ဗုဒ္ဓဘာသာ၏ မကိုဋ်သည် သစ္စာလေးပါး တရားပေါ်တွင်ရှိသည်ဟု ဖတ်ဖူးပါသည်။ သို့ဆိုလျှင် သစ္စာလေး ပါး၏ အဓိပ္ပာယ်ကို ပညာတတ်များကို မဟုတ်ပဲ သာမာန်လူများကို မေးကြည့်ကြည့်ပါ။ ဘယ်နှစ်ရာခိုင်နှုန်း လောက်ကဖြေနိုင်မည်နည်းဟု။ သင်အံ့သြသွားပါလိမ့်မည်။ ကျွန်တော်စမ်းသတ်ဖူးပါသည်။ ပုတီးတစ်ကိုင် ကိုင်၊ ဥပုတ်အမြဲစောင့်၊ ဘုန်းကြီးကျောင်းတွင်တွင်သွားသော အဒေါ်ကြီးများ၊ ဦလေးကြီးများ သစ္စာလေး ပါး၏ အဓိပ္ပာယ်ကို ၀ါးတားတားဖြစ်နေခြင်းကို ကျွန်တော် အကြီးအကျယ်အံ့သြမိပါသည်။ (မယုံလျှင် စမ်းကြည့်ပါ)။ အင်္ဂလိပ်လို ပြောရလျှင် so-called Buddhism များသာဖြစ်ပေလိမ့်မည်။
သစ္စာလေးပါးကို ပါ ဠိလိုရွတ်ပြနိုင်ခြင်းကို မဆိုလိုပါ။ အဓိပ္ပာယ် ကို သေချာနားလည်ဖို့ဖြစ်သည်။ ရိုင်းရိုင်း ပြောရလျှင်အဓိပ္ပာယ်မသိပဲ ပါဠိလို ရွတ်ပြနိုင်ရန်ကိုမူ ကြက်တူရွေးကိုပင်သင်၍ရပါသည်။ ဆိုလိုချင်သည်မှာ ထိုသို့ အခြေခံတောင် မသိသူများသည် ရုပ်ထုကိုးကွယ်များ ဖြစ်သွားကြပြီး မူလဘာသာရေး၏ အနှစ်သာရမှာေ၀၀ါးသွားရပါသည်။
ဘာသာရေးနဲ့ ပတ်သက်ပြီး ပညာရှင်တစ်ယောက် ရေးသားထားတာကို ပြန်လည်တင်ပြလိုပါတယ်။ ထိုပညာရှင်က အောက်ပါအတိုင်းဆိုထားပါသည်။
“ဥပမာအားဖြင့် ဘာသာရေးသည် သန့်စင်သောရေ (pure water, H2O) နှင့်တူလေသည်။ မူလသဘာဝ အရသန့်စင်လေသည်။ ထိုရေထဲသို့ အနီရောင်ဆိုးဆေးကို ရောလိုက်လျှင် အနီရောင်ရေဖြစ်သွားမည်။ ထိုသန့်စင်သောရေထဲသို့ ရွံ့နှစ်ကိုရောလိုက်လျှင် ရွံ့ရေဖြစ်သွားလိမ့်မည်။ သို့သော် ထိုရေ(pure water) ကိုယ်တိုင်က မသန့်စင်ခြင်းမဟုတ်ချေ။ ၀င်ရောက်ရောနှောလာသော အရောအနှော(impurities) များကြောင့်သာ မသန့်စင်သောရေဖြစ်သွားရခြင်းဖြစ်လေသည်။ ထို အရောအနှောများကို ပြန်လည် စစ်ထုတ်နိုင်သည့် အချိန်တွင် မူလသန့်စင်သောရေကိုသာ ပြန်လည်ရရှိမည်ဖြစ်သည်။”
ထို့ကြောင့်မည်သည့် ဘာသာရေးမဆို ထိုသဘောအတိုင်းဖြစ်ပါသည်။ ယခုအချိန်တွင် ဘာသာရေး နာမည်တပ်ပြီး ထိုဘာသာရေးကို ညစ်နွမ်းစေသော ကိစ္စရပ်များကို ပြုလုပ်နေသူများစွာရှိပါသည်။ မူလသန့်စင်သော ဘာသာရေးကို ညစ်နွမ်းစေသော အတွေးအခေါ်၊ အယူအဆများသွတ်သွင်းကြလေ သည်။ သို့သော် ထိုအခြင်းအရာများကို ပြန်လည် စစ်ထုတ်နိုင်လျှင် မူလစင်ကြယ်သော ဘာသာရေး ကိုသာပြန်လည်ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ဘာသာရေး အယူအဆများသည် ယေဘူယျအားဖြင့် စင်ကြယ်ကြပါသည်။ မူလဘာသာရေးသည် သန့်စင်သောရေ (H2O) ဖြစ်ပါသည်။
ပြင်ပမှ အရောအနှောများကြောင့်သာ ညစ်နွမ်းနေရခြင်းဖြစ်လေသည်။
ဇန်ဇ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP