Thursday, February 26, 2009

ဘုရားဖူးသွားခြင်း


အရင်ကတင်ပြီးသားပါ။ နည်းနည်းပြင်ပြီးပြန်တင်ထားတာပါ။
............................................................................................................................................

မနေ့ကတနင်္ဂနွေနေ့လေ။ ချစ်သူလေးနဲ့အတူ ဘုရားကိုသွားကြတယ်လေ။ ခင်မောင်တိုး သီချင်း ထဲကလို ပေါ့ဗျာ။ “မောင်မယ်စုံတောင်ဖက်မုတ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့ “ ဆိုသလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့သွားတာက မန္တလေးက မဟာမုနိ ဘုရားကြီးဆိုတော့ လှေခါးတော့ တတ်စရာမလို ဘူးပေါ့။

အဲဒီနေ့ မနက်စောစော ကောင်မလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။ ကုသိုလ်လည်း ရ၀မ်းလည်း ၀ပေါ့။ အဲဟုတ်သေးပါဘူး။ ဒီလိုနဲ့ ဘုရားကြီးကိုရောက်တော့ ဆိုင်ကယ် စတန်းမှာ ဆိုင်ကယ် အပ်တော့ အပ်ခက ၂၀၀ တဲ့။ မန္ထလေးမှာ နေရာအတော်များများမှာ အဲဒီအချိန်က ဆိုင်ကယ် အပ်ခက ၁၀၀ ပဲပေးရတယ်ဗျ။ အင်းလေ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင် ဘုရားကြီးပဲ ဒီလောက်တော့ လှူရမှာပေါ့။

ဆိုင်ကယ် စတန်းကနေ ဘုရားထဲကို လျှောက်ရ တဲ့လမ်းက တော်တော် ညစ်ပတ်တယ်။ ဖိနပ်ကို ထားခဲ့တာဆိုတော့ ဖိနပ်မပါပဲ လျှောက်ရတာလေ။ မနေ့က မိုးလည်းရွာထားတော့ ရွံ့တွေနဲ့။ မတတ်နိုင်ဘူးလေ။ ဒီလမ်းတစ်လမ်းပဲရှိတာကိုး။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ပန်းရောင်းတဲ့မမတွေလေ။ ၀ယ်ပါယူပါနဲ့ အလကားပေးနေသလား မှတ်ရတယ်။ မ၀ယ် ဘူး ပြောလည်း မရဘူး။ ဇွတ်ဗျ။ တကယ်ဝယ်တော့ လည်း ပန်းစည်းသေးသေးလေးကို ၅၀၀ လောက်ပေးရဦးမယ်။ ၅၀၀ လောက်လည်း ဘာအရေးလဲ ဘုရားလာတာ ကုသိုလ်ရဖို့ပဲ မဟုတ်လား။ လှူတယ်လို့ သဘောထားရမှာပေါ့။


ပြီးတော့ အဲဒီပန်းသယ် မမတွေနဲ့ အပြိုင်က ပိုက်ဆံတောင်းတဲ့ အဒေါ်ကြီးတွေလေ။ အောင်မာ တန်းစီပြီးတောင်းနေတာဝန်ကြီးချုပ်လာလို့ လူတွေ တန်းစီပြီးကြိုနေတာကျနေတာပဲ။ မဆီမဆိုင် ကိုယ်တောင် ဘ၀င်မြင့်သွားသေးတယ်။ သဒ္ဓါတရားထက်သန်စွာနဲ့ ၂၀၀ လှူခဲ့ပါသေးတယ်ဗျာ။ သာဓုခေါ်ကြပါ။

ဘုရားထဲကို စ၀င်တော့ လမ်းဘေးမှာ ဈေးသည်တွေ အများကြီးပဲ။ မုန့်သယ်၊ အရုပ်သည်၊ ပန်းချီပုံ ဓါတ်ပုံ ရောင်းတဲ့ အသည်၊ အစုံပဲဗျ။ အဲဒီအထဲမှာ သတိထားမိတာကတော့ ငှက်ရောင်း တဲ့သူ ကိုပဲ။ လှောင်ချိုင့်ထဲမှာ ငှက်ကလေးတွေ အများကြီးပဲ။ ကုသိုလ်ကောင်းမှု့လုပ်တဲ့ ဗုဒ္ဓဘာသာ ၀င်သူတော်စင်တွေက တကူးတကဖမ်းထားတဲ့ ငှက်ကလေးတွေ ကို တကူးတက လွတ်ပြီးကု သိုလ် ယူကြတယ်တဲ့ဗျ။
တစ်ချို့က

“နင့်အသက်တစ်ခါလွှတ် ငါအသက်ဆယ်ခါလွတ်”

လို့ အော်ကြတယ်ဆိုပဲ။ တော်တော်မြတ်တာပဲနော်။ တစ်ချို့ကလည်း ဗေဒင်ဆရာရဲ့ ယတြာအရ ဘယ်နေ့မှာ ငှက်ဘယ်နှစ်ကောင်လွတ်ရမယ်ဆိုပြီး လာလွတ်တာလည်း ရှိသေးဆိုရဲ့။ ဗေဒင် ဆရာနဲ့ ငှက်ရောင်းတဲ့ သူစီးပွားဖက်စပ်များ လုပ်ထားသေးသလားလို့ မဆီမဆိုင်တွေးမိသေး ဗျာ။
ကျွန်တော်တို့ အနားရောက်တော့ ငှက်ရောင်းတဲ့သူက

“အကိုကြီး ငှက်ကလေးတွေ လွတ်ပေးပါဦး” တဲ့။

အောင်မာသူပြောတဲ့ပုံက သူ့ငှက်မလွတ်ရင် ကိုယ်ကပဲ အကြင်နာတရား မရှိတဲ့သူလိုလို။ သူကြည့်တဲ့ အကြည့်ကလည်း သေခါနီးလူနာကို ကုလို့ရရဲ့သားနဲ့ ပိုက်ဆံမရလို့ မကုတဲ့ ဆရာဝန် ကိုကြည့်သလိုမျိုး။ ထင်ချင်သလိုထင်ကွာ။ ကျွန်တော်တော့ မလွတ်ဘူး။ ပြီးရင် သူတို့ကပြန်ဖမ်းမှာပဲ။ တစ်ချို့ကတော့ ပြောကြတယ်။ သူ့ဟာသူပြန်ဖမ်းဖမ်း မဖမ်းဖမ်း မင်းဒီ တစ်ကြိမ် လွတ်လိုက်ရင် အဲဒီငှက်ကတော့ အကျိုးရှိသွားတာပဲတဲ့။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကျွန်တော်က အဲဒီလို လွတ်လိုက်ပြီထား ငှက်ကတော့ လွတ်သွားပါတယ်။ သူတို့က အကျိုးအမြတ်ရသွားတယ်။ လွတ်တဲ့သူများလေလေ သူတို့က အကျိုးအမြတ်ပိုများပြီး နောက်ဆို ပိုကောင်းတဲ့ ငှက်ထောင်နည်းတွေသုံး။ ငှက်တွေပိုဖမ်း၊ လူတွေကပိုလွတ်နဲ့ တော်ပြီ အဲဒီ သံသရာထဲ ကျွန်တော် မပါချင်ဘူး။

“ ပိုက်ဆံကုန်သူ ကျွန်တော်မျိုး၊ အဖမ်းခံရသူငှက်၊ အကျိုးအမြတ်ရသူ သူတို့” ပဲလေ။

ဟင်း ဘုရားလာမှ အကုသိုလ်အတော်များနေပြီ။ စိတ်လျှော့ တရားနဲ့ဖြေ။

အဲလိုနဲ့ ဆက်လျှောက် လာတော့ ရှေ့နားလူသွားလမ်းဘေးမှာ ဦးဇင်းတစ်ပါး။ မတ်တပ်ရပ် မျက်စိစုံမှိတ် သပိတ်လေးပိုက်ပြီး ပါးစပ်ကလည်း ပတွတ် ပတွတ်နဲ့ ဘုရားစာရွတ်နေတာဗျာ။ ဘာလုပ်တာလဲလို့ သေချာကြည့်လိုက်တော့မှ အလှူခံနေတာဗျ။ အော်ဖြစ်မှ ဖြစ်ရလေ။ အလှူခံတာများ ရိုးရိုးခံလည်း ရပါတယ်။ အခုဟာက သီချင်းအကျယ်ကြီးဖွင့်ပြီး သူလာတာ သိအောင်လုပ်ရတဲ့ ထီလှည်းလိုဖြစ်နေပြီ။ ဟောဗျာ အကုသိုလ်တစ်မျိုးဝင်ပြန်ပြီ။ မဖြစ်ဘူး အထဲမြန်မြန်ဝင်မှ ဆိုပြီး သုတ်သုတ်လျှောက်လာခဲ့တယ်။ ဘုရားထဲဝင်ခါနီး ပြတိုက်နားမှာ လည်း ပိုက်ဆံတောင်းတဲ့ အမယ်ကြီး တစ်စုဗျာ။ လာပြန်ပြီဒီမှာ တစ်ဖွဲ့။ အတွင်း(၃၇) မင်း အပြင်(၃၇) မင်းများ ခွဲထားသလားပဲ။ ဒါနဲ့ ကျွန်တော်လည်း ရှေ့ဆုံးက အမေကြီးကို ၂၀၀ လှူခဲ့ပါတယ်။ အဲပြီးတော့ ကျွန်တော် အမှတ်တမဲ့ လှည့်ကြည့်လိုက်တော့ သူတို့က အဲဒီပိုက်ဆံကို ခွဲဝေယူနေကြတာဗျာ။ အဲဒီတော့ မှ သဘောပေါက်တယ်။ သြော် ရှယ်ရာလုပ်ငန်းကိုးလို့။

နောက်ဆုံး တော့ ဆင်းထုတော်ထားတဲ့ ဂူနားကို ရောက်လာခဲ့ပါတယ်။ လူတွေကို ကြိတ်ကြိတ်တိုး နေတာပဲဗျ။ အထဲမှာ တစ်ခုခု အလကားဝေနေသလားမှတ်ရတယ်။ မိန်းမတွေကတော့ အထဲမ၀င်ရတော့ အပြင်ကနေပဲ မျှော်ပြီး ရှိခိုးရတယ်။ မရွှေချောကတော့ အပြင်မှာ ရှိခိုးနေခဲ့ပြီး ကျွန်တော်က လူတွေကို တိုးဝှေ့ ပြီး ကန်တော့ရအောင်အထဲဝင်။ နှစ်ပေပတ်လယ်လောက် နေရာလေးရအောင်မနည်းကြိုးစား ရှာရတယ်။ အထဲမှာ ချွေးနံ့ လူနံ့တွေက မွန်းကျပ်နေတာပဲ။ ထိုင်ပြီးကန်တော့မယ်ဆိုပြီး မော့လိုက်တော့ ဆင်းထုတော်မှာ ရွှေချနေတဲ့သူတွေ မနည်းပါလား။ ကန်တော့ပါရဲ့ ထန်းလျှက်ခဲကို ၀ိုင်းအုံနေတဲ့ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ ကိုယ်ကဘုရား ကန်တော့ချင်တာ မထူးပါဘူးကွာကဆိုပြီး သူတို့ပါရောကန်တော့ခဲ့ရတယ်။ ပညာရှိတွေကတော့ ပြောကြတယ်။ ကိုယ်ကဘုရားကို ရည်စူးပြီး ရှိခိုးတာပဲတဲ့။ သူတို့ရှိလည်း ကိုယ်ကစိတ်ရှင်းနေဖို့ပဲ အရေးကြီးတယ်တဲ့။ ဟုတ်ကဲ့ အဲလိုဆိုကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ အဲလိုရည်စူးပြီး ကန်တော့တာဆိုရင် ဘာလို့များ ဘုရားကြီး လာနေသေးလည်းဗျာ။ ကိုယ့်အိမ်က ဘုရားကို ကန်တော့ပေါ့။ မျက်နှာတော်ကြည့်ချင်ရင် ပုံတော်တွေဝယ်လို့ရတာပဲ။ ကဲအဲလိုပြောတော့ ကျွန်တော်က ပဲ လူ့ဂွစာဖြစ်ဦးမယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်ကန်တော့ခဲ့ပါတယ်။

အဲကန်တော့နေတုန်းအပြင်ထွက်တဲ့ သူတစ်ယောက်က၀င်တိုက်သွားသေးတယ်။ အမလေး ငြိမ်းချမ်းလိုက်တာဗျာ ဘုရားကန်တော့ရတာ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ကန်တော့ပြီး ပြန်ထွက်လာခဲ့တယ်။ (ပြန်အထွက်မှာ ကန်တော့နေတဲ့သူတစ်ယောက်ကို ၀င်တိုက်ခဲ့သေးတယ်)။ အပြင်ရောက်တော့ မရွှေချော ကကန်တော့ လို့မပြီးသေးဘူး။ လက်ထဲမှာ လည်း ဘယ်အချိန်က၀ယ်ထားမှန်းမသိတဲ့ ပန်းစီးနှစ်စီးနဲ့။ တစ်စီးကတော့ ကျွန်တော့ အတွက်ပဲနေမှာပါ။ ဟဲဟဲ။ အဲလိုတွေးပြီးကြည်နူးနေတုန်း အနားကို ဦးဇင်းနှစ်ပါးရောက်လာတယ်။
“ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါဦးတဲ့”
ခပ်မာမာပြောတယ်။ ကျွန်တော်က ကန့်တော့ပါသေးရဲ့ လို့ပြန်ပြောလိုက်တော့ အနားကပ်လာပြီး ခပ်မာမာထပ်ပြောတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါ” တဲ့။ရန်ရှာတော့မယ့်ပုံဗျာ။ ရုပ်ရှင်ထဲမှာ မင်းသားကို လူဆိုးနှစ်ယောက်က ၀ိုင်းလာသလိုမျိုးပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားက ယိယားဆိုပြီး ချပြစ်လိုက်မှာပဲ။ ဒါမေမယ့် အခုတော့ဗျာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေကြားမှာ ကျွန်တော်က ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါးနဲ့ ထရန်ဖြစ်နေရင် တယ်မသင့်တော်တာနဲ့ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒမြတိုက်ခံရသလိုပါပဲ။ ဘုန်းကြီး အတုတွေကြောင့် ဘုန်းကြီး အစစ်တွေ ဘယ်လောက် သိက္ခာကျလိုက်မလဲ စဉ်းစားကြည့်ကြပါ။

ဒါနဲ့ဖြစ်ချေဘူးဆိုပြီး နေရာပြောင်း ရပ်တော့ ဘုရားကြီးလုံခြုံရေး ယူနီဖောင်းနဲ့ လူတစ်ယောက်လာပြီးတော့

“ညီလေး မျက်နှာသစ်တော် ရပြီးပြီလား”တဲ့။

ကျွန်တော်ကလည်း ဘုမသိဘမသိနဲ့ မရသေးဘူးအစ်ကို လို့ပြောလိုက်တော့ ဒါဆိုလာ ဆိုပြီးတော့ အနားက ကောင်တာကနေ မျက်နှာသစ်တော် တဘက်တစ်ခုယူပေးတယ်။ ကျွန်တောက်က ကျေးဇူးပဲ အစ်ကိုကြီး ကို ပြောမလို့ကြံနေတုန်း
“ငါးရာပါ ညီလေးတဲ့”။
အောင်မလေး ဒါကအေးဒမြ ဗျ။ ၀ယ်ရမယ်ဆိုကျွန်တော်လိုရင် ၀ယ်မှာပေါ့ဗျာ။ အခုဟာက အလကားဝေသလိုလိုနဲ့။ ပိုက်ဆံကုန်သွားတာကို မနှမြောပါဘူုးဗျာ။ လူလည်ကျတယ်ထင်လို့ပါ။ တတ်နိုင်ဘူးလေ ပေးလိုက်ရတာပေါ့။ ဂေါပကလူကြီး ချွေးသုတ်တဲ့ တဘက် မဟုတ်တာ တော်သေး ပဲလို့ အောင့်မေ့ရတာပဲ။ ကျွန်တော်တော့ ဘုရားကြီးတစ်ခေါက်သွားတာ အကုသိုလ်တွေပဲ ရလာတယ်ဗျာ။ စိတ်ထားတတ်ရင်မြတ်တယ်တဲ့။ ကျွန်တော်ကမထား တတ်လို့ပဲနေမှာပါ။

ကျွန်တော့်ကောင်မလေး ကိုဒီအကြောင်းတွေပြောတော့ အဆူခံရတယ်ဗျာ။ သူတို့ ခဏခဏလာ နေတာ ဘာမှ မဖြစ်ဘူးတဲ့။ ရှင့်ကျမှ ဖြစ်တယ်။ ရှင်ကိုက အဆိုးမြင်ဝါဒီဖြစ်နေလို့နေမှာတဲ့။ ဟုတ်ပါတယ်ဗျာ ကျွန်တော်ကိုက အဆိုးမြင်ဝါဒီပါ။ ဒါနဲ့ သူ့ကိုချော့ရင်း ဘုရားကို တစ်ပတ်ပတ်ပြီး အိမ်ကို အကုသိုလ်များစွာ နဲ့ပြန်လာခဲ့ပါတော့တယ်ခင်ဗျား။

မိုးတိမ်ညို
ဒီဇင်ဘာ၊ ၂၀၀၈

Read More...

Wednesday, February 25, 2009

ခွက်



”ဦးလေးသောင်း ဘရန်ဒီကြိုက်တယ်ဆိုလို့ မန္တလေးမှာ ၀င်ပြီး ဘရန်ဒီရယ်၊ ဖန်ခွက်ရယ် ၀ယ်ခဲ့တယ်” လို့ ကိုရင်မောင်တင့်သားကပြောတယ်။ ကိုယ်ကလည်း ဘာမှန်းမသိတော့ ”ဘရန်ဒီဝယ်တာကတော့ ဟုတ်ပါတယ်။ ဖန်ခွက်ကတော့ကွာ ငါ့အိမ်မှာလည်း အများကြီးရှိပါတယ်” လို့ပြောတော့၊ သင်းက ခုလိုပြန်ပြောတယ်။ “ဘဒွေးအိမ်က ဖန်ခွက်တွေက ရေသောက်တာ။ အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတယ်” တဲ့။
ဆရာမြင့်သန်း ၏ စာအုပ်ထဲမှာ ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒါဖတ်လိုက်ရတော့ တော်တော် ခေါင်းစားသွားတယ်။ ဆရာမြင့်သန်းပြောသလို ခေါင်းရှုပ်လို့ သစ်ပင်အောက် သွားထိုင်နေတာ၊ လမုသီး ကြီးပြုတ်ကျလာတာနဲ့ တိုးရောဆိုတာမျိုးဖြစ်နေတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ကျွန်တော်လည်း အဲလို ခံစားချက်မျိုးရှိတယ်။
အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတာတဲ့။ ဟုတ်သလိုပဲဗျ။ သာမာန်စဉ်းစား ကြည့်ရင်တော့ ဘာမှမဆိုင် သလိုပဲ။ ဘာပဲသောက်သောက် ဒီအရေ ကဒီအရေပဲ။ ပြောင်းသွားတာမှ မဟုတ်ပဲနဲ့။ ဒါပေမယ့် ဒါက စိတ်ခံစားမှု့နဲ့ဆိုင်တယ်ဗျ။

ကျွန်တော့် အတွေ့ အကြုံအရတော့ အရက်သောက်ရင် အရက်သောက်တဲ့ ဖန်ခွက် သေးသေး၊ အရက်ရဲ့ အရောင်ကို မြင်နေရတဲ့ခွက်နဲ့မှကောင်းတယ်။ အဲလိုပဲ ဘီယာသောက် ရင်ကျတော့ ဂိုင်းဖန်ခွက် ကြီးကြီး၊ ရွှေဝါရောင် အရည်လေးတွေကို မြင်နေရမှာ ပိုသောက်ကောင်းတာဗျ။ ပြီးတော့ ရှိသေးတယ်။ ကော်ဖီ လက်ဖက်ရည် စတဲ့ အပူသောက်ရင် ကြွေခွက်နဲ့မှ ကောင်းတာဗျာ။ ဖိုက်ဘာခွက်၊ ပလတ်စ တစ်ခွက်၊ ဖော့ခွက် နဲ့ဆိုရင် ကျွန်တော့် စိတ်ထဲမှာ ကော်ဖီအရသာ တော်တော်ကြီးကို ညံ့သွားတယ်လို့ ထင်တယ်။ ပြီးတော့ အပူကို ဖိုက်ဘာခွက်နဲ့ ထည့်သောက်ရင် ကျန်းမာရေး အတွက် မကောင်းဘူးလို့ကြားဖူးတယ်။ သေချာတော့ မသိဘူး။
အဲဒါလူရဲ့ စိတ်ခံစားချက်နဲ့လည်း ဆိုင်မယ် ပစ္စည်းနဲ့လည်း ဆိုင်မယ်လို့ယူဆတယ်ဗျ။ ဥပမာဗျာ ကော်ဖီ အပူကို ကော်ခွက်ထဲထည့်သောက်ကြည့်။ အပူကြောင့် ကော်ခွက်က ကော်နံ့ ကြီးရတတ်တယ်။ သိပ်သောက်လို့ မကောင်းတော့ဘူး။ တခြားဟာတွေကို တော့ အဲလိုထင်ရှားတဲ့ ဥပမာ မပြတတ်သေးဘူး။
စိတ်ခံစားမှု့အရတော့ တော်တော်ကွာတယ်။ သေချာတာတစ်ခုကတော့ ဘီယာတို့ အရက်တို့က သူ့ အရောင်လေး မြင်နေရမှ ပိုသောက်လို့ ကောင်းတာကလား။ လူရဲ့ ခံစားချက်ကထူးဆန်းတယ်ဗျ။ တော်တော်များများ ကိစ္စတွေမှာ ဘာကြောင့်ဆိုတာပြောရခက်တယ်။ ဆရာမြင့်သန်းရဲ့ စာကို ထပ်ကိုးကားလိုက်ဦးမယ်။
“ကြိုက်တာ မကြိုက်တာမှာ ဆင်ခြေမရှိဘူး။ မကြိုက်တာဟာ မကြိုက်တာပဲ၊ ကြိုက်တ်ာဟာ ကြိုက်တာပဲ” တဲ့။
ဒါပေမယ့် လူတော်တော်များများက ကြိုက်တာ မကြိုက်တာကို ဆင်ခြေရှိတယ်လို့ ခံယူထားကြတယ်ဗျ။ ကျွန်တော့် အယူအဆကတော့ တစ်ချို့ကိစ္စတွေမှာတော့ ဆင်ခြေရှိတယ် တစ်ချို့ကိစ္စတွေမှာတော့ မရှိဘူးလို့ ထင်တယ်ဗျာ။
တစ်ယောက်နဲ့တစ်ယောက် အယူအဆတူချင်မှတော့ တူမှာပေါ့ဗျ။ တစ်လက်စတည်း ဆက်ပြောလိုက်ဦးမယ်။ ချစ်တီးထမင်း (ကုလားထမင်း) ဆိုရင် ဖက်နဲ့ နယ်စားတာက ပိုကောင်းသဗျာ။
ဖေဖ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

photo source: please click on photo.

Read More...

Monday, February 23, 2009

ကျွန်တော်သည် မျောက်ကဆင်းသက်သည် (ကိုတာ)

ဆရာကိုတာ၏ “ကျွန်တော်သည် မျောက်ကဆင်းသက်သည်“ စာအုပ်ထဲမှ စာပိုဒ်တစ်ပိုက်ကို ဖြစ်ပါသည်။ တွေးစရာလေးများပါပါသည်။ ဖတ်ရှု့ကြည့်ပါခင်ဗျား။
................................................

ကျွန်တော့် အမေလည်း မျောက်ဝူခုန်းကားကို ကြည့်သည်။ ကျွန်တော်နှင့် အမေ ၀ူခုန်းအကြောင်း ဆွေးနွေးကြသည်။ ဆန်းဝူခုန်းမှာ ခြောက်ပြစ်မကင်းသော သတ္တ၀ါများ၊ အိန္ဒိယပြည်သို့ ဗုဒ္ဓကျမ်းစာများ ရယူရန် သွားသော ခရီးရှည်ကြီး အကြောင်း ပုံဝတ္ထုကြီး ဖြစ်သော်လည်း၊ တကယ်တော့ မျောက်ဝူခုန်းမှာ လူသား၏ အသိအမြော်အမြင်ကို ကိုယ်စားပြုသည်ဟု ပြောကြသည်။ ၀က်နှင့်တူသော ပါဂျဲမှာ လူသားတွင် ရှိတတ်သော အောက်တန်းကျသော သဘာဝကို ကိုယ်စားပြုပါသည်။ ဘိုးသူတော်ဆန်မှာ သာမာန် အသိဥာဏ်ကိုလည်းကောင်း၊ ဘုန်းကြီးမှာ ဥာဏ်ပဋိဘာန်နှင့်မြတ်သော အကျင်းကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။ လူသား၏ တိုးတကမှု့ဖြစ်စဉ်မှာ ထိုသို့သော ခြောက်ပြစ်မကင်းသော သတ္တ၀ါများသွားသော ခရီးရှည်ကြီးနှင့် အလားသဏ္ဍာန်တူကြောင်းပြောကြသည်။

ခြောက်ပြစ်မကင်းသော သတ္တ၀ါများဖြစ်သည့်အလျှောက် သွားရသည့် ခရီးရှည်ကြီးတွင် အန္တရာယ်များ ဆိုက်ရောက်ချင် ဆိုက်ရောက်လျှက် လှောင်စရာဖြစ်ချင်ဖြစ်သည်။ အရူးအနှမ်းအလုပ်တွေ လုပ်မိလျှက် အမှောင့်ပယောဂနှင့် ခလောက်ဆန်ချင် ဆန်သည်။ ခလောက်ဆန်သော မျောက်နှင့် ကာမဂုဏ်ကြူးသော ၀က်ကို ဘုန်းတော်ကြီးက အကြိမ်ကြိမ်အဖန်ဖန် ပြုပြင်သည်။ သို့သော်ခြောက်ပြစ်မကင်းသောစိတ်နှင့် အောက်တန်း၌ စွဲလမ်းသောစိတ်ကြောင့် အကျိုးယုတ်အရှက်ရဖွယ်များကြုံကြရသည်။

မျောက်ဝူခုန်းမှာ ပဉ္စလက်အတတ်တတ်ပါသည်။ မျောက်က ပဉ္စလက်တတ်သောအခါ၊ ဗြောင်းဆန်တော့သည်။ မျောက်မှာ ပဉ္စလက် အတတ်တော့ တတ်ပါရယ် မျောက်ဆိုတော့ ကောင်းကင်ဘုံနှင့်ထိုက်သော သန့်ရှင်းသော စိတ်မရှိ၊နှိုင်းနှိုင်းချိန်ချိန်မဖြစ်၊ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်။ ခြိုးခြိုးခြံခြံ မလုပ်။ ၀ူခုန်းအဖြစ်မှာ မြေအပြင်မှာလည်း မဟုတ်၊ သို့သော်ကောင်းကင်ဘုံနှင့်လည်း မတန်၊ မျောက်ဝူခုန်းတွင် မကြမ်းပတမ်းစိတ်၊ ခလောက်ဆန်ချင်သောစိတ်၊ ပုန်စားလိုသောစိတ်တို့သည် သူ၏သန့်ရှင်းသော ရွှေလိုဥသောစိတ်တွင် အနယ်အနှစ်၊ အညစ်အကြေးအဖြစ်ရော၍ရှိနေသည်။ ကျွန်တော်သို့မဟုတ်လူလိုပါပဲ။

“ကြီးကျယ်သော ပညာအိုးကြီး၊ ကောင်းကင်ဘုံနှင့်တန်းတူသည်“ ဟူသော အလံထူ၍ ကောင်းကင်ဘုံကို ပုန်စားသော၊ ပဉ္စလက် အတတ်ကိုတတ်သော၊ စွမ်းသောဝူခုန်းသည် ဘ၀င်မြင့်နေသည်။ စကြာဝဠာအဆုံးသို့သွားနိုင်သည်ဟုထင်နေသည်။ လျှပ်လိုအမြန်နှုန်းနှင့် စကြာဝဠာအဆုံးသို့သွားရာ အထွတ်ငါးခုရှိသော တောင်ကြီးတစ်ခုသို့ရောက်ခဲ့သည်။ ဒါစကြာဝဠာအဆုံးပါပဲ။ သူမှလွဲ၍မည်သူမျှ ရောက်နိုင်မည်မဟုတ်သော နေရာဟုထင်မြင်ရာ ထိုနေရာသို့ သူရောက်ကြောင်း အထိမ်းအမှတ်အဖြစ် အလယ်တောင်ထွတ်၏ ခြေရင်း၌ သေးပန်းခဲ့သည်။ ငါတကားဟု ကျေနပ်လျှက် ပြန်ခဲ့ပြီး ဗုဒ္ဓအားသူ၏ စကြာဝဠာခရီး အကြောင်းကို တင်လျှောက်သောအခါ ဗုဒ္ဓမြတ်စွာက သူ့လက်ဝါးတစ်ဖက်ကို ဖွင့်ဟ၍ သူ၏လက်ခလယ် လက်ချောင်းအရင်းတွင် မျောက်သေးနံ့ နံနေသည် ပြရသည်။ ၀ူခုန်းလျှပ်လိုမြန်သော်လည်း ဗုဒ္ဓ၏လက်ဝါး အပြင်ဘက်သို့ပင် မရောက်ပါ။ အမေကငါ့သားလည်း သောဝစဿတာဂုဏ်ရှိအောင်လုပ်ဟုပြောပါသည်။ အမေရာကျွန်တော်ခလောက်ဆန်တာ၊ ကျွန်တော်ဘ၀င်မြင့်တာ မျောက်နဲ့တူလို့ပါဟု ပြန်ပြောရသည်။

Read More...

Sunday, February 22, 2009

သင်ယူ၊လေ့ကျင့်၊ ထိုးထွင်းသိမြင်အပ်သောတရား

Buddhism is not only to believe, worship and pray.
It is to learn, practice and penetrate.
“ဗုဒ္ဓ္ဓဘာသာသည် သက်ဝင်ယုံကြည်ရုံ၊ ကိုးကွယ်ပသရုံ နှင့် ဆုတောင်း ရုံသက်သက်မဟုတ်ပါ။ ဗုဒ္ဓ္ဓဘာသာသည် သင်ယူရန်၊ လေ့ကျင့်ရန် နှင့် ထိုးထွင်းသိမြင်ရန်ဖြစ်လေ၏။”

ပညာရှင်တစ်ယောက်ရေးသားထားခြင်းဖြစ်ပါသည်။
အကြမ်းအားဖြင့် တစ်စုံတစ်ခုကို ကိုးကွယ်ယုံကြည်မှု့ ကို သုံးမျိုးခွဲခြားနိုင်သည်။ (Extremist) အစွန်းရောက် များ၊ (Traditional) မိရိုးဖလာများနှင့် (Authentic) အစစ်အမှန်များ ဟုဆိုသည်။ (ပညာရှင် တစ်ယောက်၏ သုံးသပ်ချက်ဖြစ်ပါသည်။ လောလောဆယ် ထိုပညာရှင်၏ အမည်ကို မမှတ်မိပါ။)
ထို အယူအဆကို ဗုဒ္ဓဘာသာနှင့် ချိန်ထိုးကြည့်လျှင်အောက်ပါအတိုင်း ခွဲခြား၍ ရပါသည်။
(၁) အစွန်းရောက်ဗုဒ္ဓ၀ါဒီများ (Extremist Buddhism)
(၂) မိရိုးဖလာ ဗုဒ္ဓ၀ါဒီများ (Traditional Buddhism)
(၃) အစစ်အမှန် ဗုဒ္ဓ၀ါဒီများ (Authentic Buddhism)

အစွန်းရောက် ဗုဒ္ဓဘာသာဝင် များသည် ဗုဒ္ဓဘာသာ ကိုအလွန်အမင်းသက်ဝင်ယုံကြည်ကြသည်။ ထိုပြင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ထူးဆန်း ထွေလာများ၊ ဒဏ္ဍာရီများကို လည်းယုံကြည်ကိုးကွယ်ကြသည်။ ဗုဒ္ဓအမှန်တကယ်ဟောကြားထားသည့် အနှစ်သာရများကို မူမေ့လျှော့နေကြဟန်တူသည်။ သို့မဟုတ် ထိုအရာများမှာ သင်ယူရန် ခက်ခဲပင်ပန်းသဖြင့် လွယ်ကူသော အရာများကို လက်ခံလိုက်ခြင်း လည်း ဖြစ်နိုင်ပါသည်။ ထိုသူများသည် ဗုဒ္ဓနှင့် ပတ်သက်လာလျှင် အထိမခံဟူသော သူများဖြစ်ပေလိမ့်မည်။ ဘာသာရေးနှင့် နှီးနွယ်သော ပြဿနာအများစုသည် ထိုကဲ့သို့သော သူများကြောင့် ဖြစ်သည်ဟု ယေဘုယျ ယူဆနိုင်ပါသည်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည်ကား မိမိ မိဘ၊ဘိုးဘွားများက ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့သဖြင့် မှတ်ပုံတင်ကဒ်ပြားတွင် ဗုဒ္ဓဘာသာဟုဖြည့် ရုံလောက်သာ ဘာသာရေးကို အလေးထား သူများဖြစ်သည်။ ငယ်ငယ်က ဦးတော်ဆိုလျှင် ဘုရားရှိခိုးသည့် နည်းတူ အသက်ကြီးသည် အထိလည်း ဦးတော် အဆင့်ကမတက်သူများဖြစ်ကြသည်။
စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ သည်ကား ဗုဒ္ဓ ဟောကြားသော တရားများကို သာ အဓိက လေ့လာ လိုက်စားပြီး အပေါ်ယံ အကာများကို စွန့်ပယ်သူများ ဖြစ်လေသည်။
ထိုအထဲတွင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်ရသည် မှာ အလွယ်ကူဆုံးဖြစ်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်ရန် ထူးထူးကဲကဲ ကြိုးစား အားထုတ်ရန်မလိုချေ။ မိရိုးဖလာအယူ အဆများ၊ ဓလေ့ထုံးစံများကို လက်ခံကျင့်သုံးလိုက်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်ပါပြီ။

္ပ္ပ္က္ကဤဘာသာရေးနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်း အချို့သည် ဘုရားဟောများ မဟုတ်ကြပဲ လူတို့ ကချမှတ်ထားသော အရာများသာဖြစ်ကြလေသည်။ ထိုစည်းကမ်းများသည် သိပ္ပံဆိုင်ရာ ညီမျှခြင်းများ ကဲ့သို့ ထာဝရအမှန်တရား (Universal Truth) များ မဟုတ်ကြပဲ လူ တို့ကပြုလုပ်ထားသော အရာများသာဖြစ်သည်။

၎င်းတို့သည် ယေဘူယျအားဖြင့် ဘောလုံးပွဲ တစ်ပွဲ၏စည်းကမ်းများနှင့် တူသည်ဟုဆိုနိုင် လေ သည်။ ဘောလုံးပွဲတစ်ပွဲတွင် ဘေးထွက်ဘောကို လက်ဖြင့် မြောက်ရသည်။ ပြစ်ဒဏ်ဘောကို ခြေထောက်ဖြင့်တည်ကန်သည်။ အကယ်၍ ဘေးထွက် ဘောကို ခြေဖြင့် တည်ကန်ပြီး ပြစ်ဒဏ်ဘောကို လက်ဖြင့် မြှောက်ရမည်ဟု ဘောလုံးကစားသူအားလုံး က တစ်ညီတစ်ညွတ် ထဲဆုံးဖြတ်လိုက်လျှင် ဘာဖြစ်မည်နည်း။ ဘာမှမဖြစ်ပါ။ လူအများ လက်ခံလျှင် အဆင်ပြေပါသည်။ သို့သော် သိပ္ပံ ဆိုင်ရာ ညီမျှခြင်းများသည် ထိုကဲ့သို့မဟုတ်ပါ။ အောက်ဆီဂျင်အက်တမ်တစ်လုံးနှင့် ဟိုက်ဒရိုဂျင် အက်တမ် နှစ်လုံးပေါင်းလျှင် ရေ (H2O) ရသည်။ ဤသည်ကို လူအများတစ်ညီတစ်ညွတ်တည်းဖြင့် (O2H) ဟုပြောင်းလဲ၍မရပါ။ ဤသည်မှာ ဗုဒ္ဓ ဟောကြားထားခဲ့သော တရားများကို ဆိုလိုခြင်းမဟုတ်ပါ။ လူတို့ ကဗုဒ္ဓ ဘာသာ အရေခြုံ၍ မိမိတို့ဘာသာ ဗုဒ္ဓဘာသာအတွင်းသို့ သွတ်သွင်းခဲ့သော အယူအဆ ဓလေ့ ထုံးစံ များကို သာဆိုလိုပါသည်။ ထို့ကြောင့် လူတို့က ပြုလုပ်ထားသော ဘုရားဟောမဟုတ်သော မိရိုးဖလာ ဘာသာရေး ဓလေ့ထုံးစံအချို့သည် ဘောလုံးပွဲစည်းကမ်းများဖြင့် ပုံသဏ္ဍာန်တူသည် ဟုဆိုချင်ပါသည်။ အချို့သော ဓလေ့ထုံးစံများသည် မူရင်းဖြူစင်သော ဘာသာရေးကို ညစ်နွမ်းစေပါသည်။ ထိုသို့သော အယူအဆများကို အစစ်အမှန် ဗုဒ္ဓ၀ါဒီများ (Authentic Buddhism) များက လက်မခံကြပါ။

ထိုကြောင့် ဗုဒ္ဓဘာသာဝင် ဟုဆိုလျှင် မည်သို့သော ဗုဒ္ဓဘာသာ ၀င်မျိုးဖြစ်သနည်း ဟု မိမိကိုယ် မိမိ သုံးသပ်ရန်လိုအပ်သည်ဟုထင်ပါသည်။ Authentic Buddhism ဖြစ်ရန်မူ မလွယ်ပါ။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာ သည် အမှန်တကယ် နားလည်ရန် အတွက် မလွယ်ကူသောကြောင့်ဖြစ်ပါသည်။ သင်ယူအားထုတ်မှု့များစွာလိုအပ်ပါသည်။ ဆရာတော် ဦးကောသလ္လ အဆိုအရမူ ဗုဒ္ဓဘာသာကို အမှန်တကယ် နားလည်သဘောပေါက်ရန် အနည်းဆုံး လေးငါးဆယ်နှစ်ခန့်သင်ယူရမည်ဟုတရားပွဲတစ်ခု တွင် ဟောထားသည်ကို မှတ်သားဖူးပါသည်။

အချုပ်အားဖြင့်ဆိုသော်
“ဗုဒ္ဓ္ဓဘာသာသည် သက်ဝင်ယုံကြည်ရုံ၊ ကိုးကွယ်ပသရုံ နှင့် ဆုတောင်း ရုံသက်သက်မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် သင်ယူရန်၊ လေ့ကျင့်ရန် နှင့် ထိုးထွင်းသိမြင်ရန်ဖြစ်လေ၏။”

ဖေဖ၀ါရီ၊၂၀၀၉
မိုးတိမ်ညို

Read More...

Thursday, February 19, 2009

ထူးဆန်းပါပေ့ ဆရာတွတ်ရယ်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယျေဘူယျအားဖြင့် လက်ဖက်ရည်ကို ကော်ဖီထက် ပိုသောက်ကြတယ်။ လက်ဖက်ရည် ယဉ်ကျေးမှု့တစ်ခုလိုကို ဖြစ်နေပြီ။ သူငယ်ချင်းမိတ်ဆွေတွေများ လာလည်ရင် “လက်ဖက်ရည်ဆိုင် သွားကြမယ်ကွာ” လို့ ခေါ်လေ့ရှိကြတယ်။

စင်ကာပူနိုင်ငံမှာတော့ လက်ဖက်ရည်က တစ်မျိုးပဲရတယ်။ ဘာလာလာဒါပဲ။ ကျွန်တော်တို့ နိုင်ငံလို အရသာစုံ မရှိဘူး။ ကျွန်တော်တို့ ဆီမှာတော့ ချိုဆိမ့်၊ ချိုပေါ့၊ ကျဆိမ့်၊ ဖန်ဆိမ့်၊ ရိုးရိုး၊ ရှယ်စသဖြင့် မျိုးကို စုံနေတာပဲ။ ဒါပေမယ့် တစ်ခါတော့ လက်ဖက်ရည်ဆိုင်ကို သူငယ်ချင်းတွေနဲ့ သွားထိုင်ကြတာ ရယ်စရာဖြစ်ပုံလေးကို ပြောချင်လို့ပါ။ ကျွန်တော်တို့ ဆီမှာက လက်ဖက်ရည်ဆိုင် စာပွဲထိုးလေးတွေက ကလေးတွေများတယ်။ အဲဒါကျွန်တော်တို့ တစ်တွေဝိုင်းထိုင်ကြတော့ စားပွဲထိုးလေး တစ်ယောက် ကထလာပြီး “အစ်ကိုတို့ ဘာမှာမှလဲ” ဆိုတော့ ကျွန်တော်တို့ တစ်တွေက တစ်ယောက်တစ်ပေါက် ကိုယ်ကြိုက်ရာမှာကြတာပေါ့။ သူကလည်း သေချာမှတ်တယ်။ ဒီအစ်ကိုကြီးက ကျဆိမ့်၊ ဟိုအစ်ကိုကြီးက ချိုပေါ့၊ ဟိုဘက်က အစ်ကို ကြီးက ချိုဆိမ့်၊ ဒီဘက်ကတစ်ယောက်က ဖန်ချို စသဖြင့် သေချာမှတ်တာ။ ပြီးတော့ လက်ဖက်ရည်မှာဖို့ ထွက်သွားပြီး ကျွန်တော်လည်း အိမ်သာသွားချင်တာတဲ့ နောက်ဖေးကို ထွက် အလာမှာ သူအဖျော်ဆရာကို မှာနေတာ ကြားလိုက်ရတယ်။ “အစ်ကို ရေ လက်ဖက်ရည် လေးခွက်တဲ့” ဗျ။ ခဏနေ သူလက်ဖက်ရည် လာချတော့ သေသေချာချာဗျာ။ ဟိုအစ်ကို ကြီးက ကျဆိမ့်၊ ဒီဘက်က အစ်ကိုကြီး ကချိုဆိမ့် ဟိုဘက်က .... အဲလို သေချာချပေးတာဗျာ။
အော် ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။

Read More...

Friday, February 13, 2009

DEATH AT A FUNERAL



မထင်မှတ်ပဲ Death at a Funeral ဇာတ်ကားလေးကို ကြည့်ဖြစ်သွားတယ်။ စကြည့်လိုက်ပြီးကတည်းက ပြီးတဲ့ အထိ မထနိုင်တော့ဘူး။ နောက်လည်း နှစ်ခါလောက်ပြန်ကြည့်လိုက်သေးတယ်။ အဖေရဲ့ အသုဘ မှာ သားနှစ်ယောက် ပြသနာ အမျိုးမျိုးကြုံရပုံကို ဟာသလေးပါနှောပြီးရိုက်ထားတာ။ အရမ်းကို ရသလည်း မြောက်တယ်။ ရယ်လည်း ရယ်ရတယ်။ ဇာတ်ကားက နည်းနည်းတော့ လေးတယ်။ အေးအေးဆေးဆေး စိတ်ဝင် တစား ကြည့်မှပဲကောင်းမှာ။ သေချာကြည့်ရင်တော့ အရမ်းကို ကြိုက်သွားလိမ့်မယ်။
တစ်ခါတစ်လေ သူတို့ဆီက ဓလေ့ တွေကိုလည်း အံ့သြမိတယ်။ တစ်ချို့ဟာတွေက အတုယူစရာကောင်း သလို တစ်ချို့ဟာတွေလည်း ကျွန်တော်တို့ ယဉ်ကျေးမှု့နဲ့ကြတော့ မကိုက်ဘူး။ လူတွေက တအားကို ပွင့်လင်းလွန်းတယ်လို့ထင်တယ်။ ကျွန်တော်တို့ဆီကလို အားနာတာတွေ ဘာတွေ သိပ်မရှိဘူး။

ဇာတ်လမ်းအကျဉ်းကဒီလို။ အဖေရဲ့ အသုဘ မှာ စကတည်းကယဉ်သကို ဆိုသလို အလောင်းလာပို့တဲ့ သူတွေက အလောင်းမှားပြီးလာပို့တယ်။ ထူးဆန်းပေစွ။ အသုဘ လာတဲ့ လူတွေ ဆွေမျိုးတွေကလည်း အမျိုးမျိုး သရုပ်ဖော်ထားတယ်။ အခမ်းအနားကျင်းပတော့ လည်း ဆွေမျိုးထဲက တစ်ယောက်က မူးယစ်ဆေး တစ်မျိုးကို မှားသုံးလာမိလို့ ကမောက်ကမဖြစ်ကုန်ရော။ သူက အခေါင်းကြီး လှုပ်လာပြီ ဆိုပြီး အခေါင်းကို ၀င်ဆွဲတော့ အလောင်းကြီးက ထွက်ကျရော။ အဲလိုနဲ့ အခမ်းအနားက ခဏရပ်သွားရော။
ပြီးတော့ ပိုဆိုးတဲ့ ပြသနာက သူတို့ အဖေက Gay လိုလိုဖြစ်နေတာပဲ။ သူအဖေရဲ့ lover လူပုလေးက သားနှစ်ယောက်ဆီက ငွေလာညှစ်ပါလေရော။ စတာလင်ပေါင် ၁၅၀၀၀ သူလဲရသင့်တယ်ပေါ့လေ။ မပေး ရင် သူ့ အဖေနဲ့ သူနဲ့ ဓါတ်ပုံတွေကို လူအလယ်မှာ ပြပြီး အရှက်ခွဲလိုက်မယ်ပေါ့။ အဲဒီမှာ ညီအစ်ကို နှစ်ယောက် ခေါင်းခြင်းဆိုင်ရတော့တာပေါ့။ နောက်ဆုံးတော့ ပေးဖို့ သဘောတူပြီး ချက်ရေးနေတုံးမှာ ပြသနာတက်ပြန်တယ်။ ဒါကလူ့သဘောလေးတွေကြောင့်။ အပြောမတတ်လို့ ဒုက္ခရောက်ကုန်တာ။ ဖြစ်ပုံကဒီလို။ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က စာရေားဆရာ၊ တစ်ယောက်က ရေးဖို့ ကြိုးစားနေတုံး အစမ်းဝတ္ထုတစ်ပုဒ်ရေးတယ်တယ်။ အဲဒါကို လူပုလေး စောင့်နေတဲ့ အခန်းထဲမှာ ထားခဲ့တော့ အဲဒီလူပုလေးက ယူဖတ်တယ်လေ။ ပြီးတော့မှ သူကလည်း အေးအေးမနေဘူး။ သူ့အတွက် ချက်လက်မှတ်ရေးပေးနေတုန်းမှာ ခင်ဗျားဒါပထမဆုံးရေးတာလားလို့မေးတယ်။ ဟိုတစ်ယောက်က ဟုတ်တယ် ဘာဖြစ်လို့လဲလို့မေးတော့။ “ဘာမှ မဖြစ်ပါဘူး ကျွန်တော်လည်း အဲလို တစ်ခုစမ်းရေးဖူးတယ် ဒါပေမယ့် ခင်ဗျားလိုပဲ မအောင်မြင်ပါဘူးဗျာ“ တဲ့ ပြောပုံက ရိုက်ပေါက်။ အဲဒီမှာ သူက စိတ်ဆိုးပြီးတော့ ချက်မပေးတော့ ဘူး။ အဲဒီမှာ ပြသနာတွေတတ်ကုန်တော့တာပဲ။ နောက်ပိုင်းပိုရယ်ရတယ်။
ကျန်တာကတော့ ဆက်ကြည့်တော့ဗျာ…
http://stagevu.com/
မှာ quality ကောင်းကောင်း download ဆွဲလို့ရတယ်။ 100% free ဗျာ

Read More...

Sunday, February 8, 2009

အော် သူလည်းပဲဝင်ပြေးတာကိုး

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။
….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။
ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP