Monday, February 23, 2009

ကျွန်တော်သည် မျောက်ကဆင်းသက်သည် (ကိုတာ)

ဆရာကိုတာ၏ “ကျွန်တော်သည် မျောက်ကဆင်းသက်သည်“ စာအုပ်ထဲမှ စာပိုဒ်တစ်ပိုက်ကို ဖြစ်ပါသည်။ တွေးစရာလေးများပါပါသည်။ ဖတ်ရှု့ကြည့်ပါခင်ဗျား။
................................................

ကျွန်တော့် အမေလည်း မျောက်ဝူခုန်းကားကို ကြည့်သည်။ ကျွန်တော်နှင့် အမေ ၀ူခုန်းအကြောင်း ဆွေးနွေးကြသည်။ ဆန်းဝူခုန်းမှာ ခြောက်ပြစ်မကင်းသော သတ္တ၀ါများ၊ အိန္ဒိယပြည်သို့ ဗုဒ္ဓကျမ်းစာများ ရယူရန် သွားသော ခရီးရှည်ကြီး အကြောင်း ပုံဝတ္ထုကြီး ဖြစ်သော်လည်း၊ တကယ်တော့ မျောက်ဝူခုန်းမှာ လူသား၏ အသိအမြော်အမြင်ကို ကိုယ်စားပြုသည်ဟု ပြောကြသည်။ ၀က်နှင့်တူသော ပါဂျဲမှာ လူသားတွင် ရှိတတ်သော အောက်တန်းကျသော သဘာဝကို ကိုယ်စားပြုပါသည်။ ဘိုးသူတော်ဆန်မှာ သာမာန် အသိဥာဏ်ကိုလည်းကောင်း၊ ဘုန်းကြီးမှာ ဥာဏ်ပဋိဘာန်နှင့်မြတ်သော အကျင်းကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။ လူသား၏ တိုးတကမှု့ဖြစ်စဉ်မှာ ထိုသို့သော ခြောက်ပြစ်မကင်းသော သတ္တ၀ါများသွားသော ခရီးရှည်ကြီးနှင့် အလားသဏ္ဍာန်တူကြောင်းပြောကြသည်။

ခြောက်ပြစ်မကင်းသော သတ္တ၀ါများဖြစ်သည့်အလျှောက် သွားရသည့် ခရီးရှည်ကြီးတွင် အန္တရာယ်များ ဆိုက်ရောက်ချင် ဆိုက်ရောက်လျှက် လှောင်စရာဖြစ်ချင်ဖြစ်သည်။ အရူးအနှမ်းအလုပ်တွေ လုပ်မိလျှက် အမှောင့်ပယောဂနှင့် ခလောက်ဆန်ချင် ဆန်သည်။ ခလောက်ဆန်သော မျောက်နှင့် ကာမဂုဏ်ကြူးသော ၀က်ကို ဘုန်းတော်ကြီးက အကြိမ်ကြိမ်အဖန်ဖန် ပြုပြင်သည်။ သို့သော်ခြောက်ပြစ်မကင်းသောစိတ်နှင့် အောက်တန်း၌ စွဲလမ်းသောစိတ်ကြောင့် အကျိုးယုတ်အရှက်ရဖွယ်များကြုံကြရသည်။

မျောက်ဝူခုန်းမှာ ပဉ္စလက်အတတ်တတ်ပါသည်။ မျောက်က ပဉ္စလက်တတ်သောအခါ၊ ဗြောင်းဆန်တော့သည်။ မျောက်မှာ ပဉ္စလက် အတတ်တော့ တတ်ပါရယ် မျောက်ဆိုတော့ ကောင်းကင်ဘုံနှင့်ထိုက်သော သန့်ရှင်းသော စိတ်မရှိ၊နှိုင်းနှိုင်းချိန်ချိန်မဖြစ်၊ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်။ ခြိုးခြိုးခြံခြံ မလုပ်။ ၀ူခုန်းအဖြစ်မှာ မြေအပြင်မှာလည်း မဟုတ်၊ သို့သော်ကောင်းကင်ဘုံနှင့်လည်း မတန်၊ မျောက်ဝူခုန်းတွင် မကြမ်းပတမ်းစိတ်၊ ခလောက်ဆန်ချင်သောစိတ်၊ ပုန်စားလိုသောစိတ်တို့သည် သူ၏သန့်ရှင်းသော ရွှေလိုဥသောစိတ်တွင် အနယ်အနှစ်၊ အညစ်အကြေးအဖြစ်ရော၍ရှိနေသည်။ ကျွန်တော်သို့မဟုတ်လူလိုပါပဲ။

“ကြီးကျယ်သော ပညာအိုးကြီး၊ ကောင်းကင်ဘုံနှင့်တန်းတူသည်“ ဟူသော အလံထူ၍ ကောင်းကင်ဘုံကို ပုန်စားသော၊ ပဉ္စလက် အတတ်ကိုတတ်သော၊ စွမ်းသောဝူခုန်းသည် ဘ၀င်မြင့်နေသည်။ စကြာဝဠာအဆုံးသို့သွားနိုင်သည်ဟုထင်နေသည်။ လျှပ်လိုအမြန်နှုန်းနှင့် စကြာဝဠာအဆုံးသို့သွားရာ အထွတ်ငါးခုရှိသော တောင်ကြီးတစ်ခုသို့ရောက်ခဲ့သည်။ ဒါစကြာဝဠာအဆုံးပါပဲ။ သူမှလွဲ၍မည်သူမျှ ရောက်နိုင်မည်မဟုတ်သော နေရာဟုထင်မြင်ရာ ထိုနေရာသို့ သူရောက်ကြောင်း အထိမ်းအမှတ်အဖြစ် အလယ်တောင်ထွတ်၏ ခြေရင်း၌ သေးပန်းခဲ့သည်။ ငါတကားဟု ကျေနပ်လျှက် ပြန်ခဲ့ပြီး ဗုဒ္ဓအားသူ၏ စကြာဝဠာခရီး အကြောင်းကို တင်လျှောက်သောအခါ ဗုဒ္ဓမြတ်စွာက သူ့လက်ဝါးတစ်ဖက်ကို ဖွင့်ဟ၍ သူ၏လက်ခလယ် လက်ချောင်းအရင်းတွင် မျောက်သေးနံ့ နံနေသည် ပြရသည်။ ၀ူခုန်းလျှပ်လိုမြန်သော်လည်း ဗုဒ္ဓ၏လက်ဝါး အပြင်ဘက်သို့ပင် မရောက်ပါ။ အမေကငါ့သားလည်း သောဝစဿတာဂုဏ်ရှိအောင်လုပ်ဟုပြောပါသည်။ အမေရာကျွန်တော်ခလောက်ဆန်တာ၊ ကျွန်တော်ဘ၀င်မြင့်တာ မျောက်နဲ့တူလို့ပါဟု ပြန်ပြောရသည်။

1 comments:

Anonymous February 25, 2009 at 9:03 PM  

ပယ်ရှားပြုပြင်စရာ စိတ်ဓာတ်လေး တစ်ခုကို မှတ်သားခွင့် ရအောင် မျှဝေ ရေးသားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။ လုံးဝ ပျောက်ကင်းအောင် မစွမ်းနိုင်တောင် ဆင်ခြင်လို့ ရတော့ အမှားနည်းမယ် ထင်ပါတယ်။ ပျော်ရွှင်ပါစေ..။

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP