Wednesday, February 25, 2009

ခွက်



”ဦးလေးသောင်း ဘရန်ဒီကြိုက်တယ်ဆိုလို့ မန္တလေးမှာ ၀င်ပြီး ဘရန်ဒီရယ်၊ ဖန်ခွက်ရယ် ၀ယ်ခဲ့တယ်” လို့ ကိုရင်မောင်တင့်သားကပြောတယ်။ ကိုယ်ကလည်း ဘာမှန်းမသိတော့ ”ဘရန်ဒီဝယ်တာကတော့ ဟုတ်ပါတယ်။ ဖန်ခွက်ကတော့ကွာ ငါ့အိမ်မှာလည်း အများကြီးရှိပါတယ်” လို့ပြောတော့၊ သင်းက ခုလိုပြန်ပြောတယ်။ “ဘဒွေးအိမ်က ဖန်ခွက်တွေက ရေသောက်တာ။ အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတယ်” တဲ့။
ဆရာမြင့်သန်း ၏ စာအုပ်ထဲမှာ ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒါဖတ်လိုက်ရတော့ တော်တော် ခေါင်းစားသွားတယ်။ ဆရာမြင့်သန်းပြောသလို ခေါင်းရှုပ်လို့ သစ်ပင်အောက် သွားထိုင်နေတာ၊ လမုသီး ကြီးပြုတ်ကျလာတာနဲ့ တိုးရောဆိုတာမျိုးဖြစ်နေတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ကျွန်တော်လည်း အဲလို ခံစားချက်မျိုးရှိတယ်။
အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတာတဲ့။ ဟုတ်သလိုပဲဗျ။ သာမာန်စဉ်းစား ကြည့်ရင်တော့ ဘာမှမဆိုင် သလိုပဲ။ ဘာပဲသောက်သောက် ဒီအရေ ကဒီအရေပဲ။ ပြောင်းသွားတာမှ မဟုတ်ပဲနဲ့။ ဒါပေမယ့် ဒါက စိတ်ခံစားမှု့နဲ့ဆိုင်တယ်ဗျ။

ကျွန်တော့် အတွေ့ အကြုံအရတော့ အရက်သောက်ရင် အရက်သောက်တဲ့ ဖန်ခွက် သေးသေး၊ အရက်ရဲ့ အရောင်ကို မြင်နေရတဲ့ခွက်နဲ့မှကောင်းတယ်။ အဲလိုပဲ ဘီယာသောက် ရင်ကျတော့ ဂိုင်းဖန်ခွက် ကြီးကြီး၊ ရွှေဝါရောင် အရည်လေးတွေကို မြင်နေရမှာ ပိုသောက်ကောင်းတာဗျ။ ပြီးတော့ ရှိသေးတယ်။ ကော်ဖီ လက်ဖက်ရည် စတဲ့ အပူသောက်ရင် ကြွေခွက်နဲ့မှ ကောင်းတာဗျာ။ ဖိုက်ဘာခွက်၊ ပလတ်စ တစ်ခွက်၊ ဖော့ခွက် နဲ့ဆိုရင် ကျွန်တော့် စိတ်ထဲမှာ ကော်ဖီအရသာ တော်တော်ကြီးကို ညံ့သွားတယ်လို့ ထင်တယ်။ ပြီးတော့ အပူကို ဖိုက်ဘာခွက်နဲ့ ထည့်သောက်ရင် ကျန်းမာရေး အတွက် မကောင်းဘူးလို့ကြားဖူးတယ်။ သေချာတော့ မသိဘူး။
အဲဒါလူရဲ့ စိတ်ခံစားချက်နဲ့လည်း ဆိုင်မယ် ပစ္စည်းနဲ့လည်း ဆိုင်မယ်လို့ယူဆတယ်ဗျ။ ဥပမာဗျာ ကော်ဖီ အပူကို ကော်ခွက်ထဲထည့်သောက်ကြည့်။ အပူကြောင့် ကော်ခွက်က ကော်နံ့ ကြီးရတတ်တယ်။ သိပ်သောက်လို့ မကောင်းတော့ဘူး။ တခြားဟာတွေကို တော့ အဲလိုထင်ရှားတဲ့ ဥပမာ မပြတတ်သေးဘူး။
စိတ်ခံစားမှု့အရတော့ တော်တော်ကွာတယ်။ သေချာတာတစ်ခုကတော့ ဘီယာတို့ အရက်တို့က သူ့ အရောင်လေး မြင်နေရမှ ပိုသောက်လို့ ကောင်းတာကလား။ လူရဲ့ ခံစားချက်ကထူးဆန်းတယ်ဗျ။ တော်တော်များများ ကိစ္စတွေမှာ ဘာကြောင့်ဆိုတာပြောရခက်တယ်။ ဆရာမြင့်သန်းရဲ့ စာကို ထပ်ကိုးကားလိုက်ဦးမယ်။
“ကြိုက်တာ မကြိုက်တာမှာ ဆင်ခြေမရှိဘူး။ မကြိုက်တာဟာ မကြိုက်တာပဲ၊ ကြိုက်တ်ာဟာ ကြိုက်တာပဲ” တဲ့။
ဒါပေမယ့် လူတော်တော်များများက ကြိုက်တာ မကြိုက်တာကို ဆင်ခြေရှိတယ်လို့ ခံယူထားကြတယ်ဗျ။ ကျွန်တော့် အယူအဆကတော့ တစ်ချို့ကိစ္စတွေမှာတော့ ဆင်ခြေရှိတယ် တစ်ချို့ကိစ္စတွေမှာတော့ မရှိဘူးလို့ ထင်တယ်ဗျာ။
တစ်ယောက်နဲ့တစ်ယောက် အယူအဆတူချင်မှတော့ တူမှာပေါ့ဗျ။ တစ်လက်စတည်း ဆက်ပြောလိုက်ဦးမယ်။ ချစ်တီးထမင်း (ကုလားထမင်း) ဆိုရင် ဖက်နဲ့ နယ်စားတာက ပိုကောင်းသဗျာ။
ဖေဖ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

photo source: please click on photo.

3 comments:

Anonymous February 26, 2009 at 8:14 PM  

သုံးစွဲရာမှာ အဆင်ပြေမှုကနေ တဖြည်းဖြည်းချင်း စိတ်ခံစားမှုဟာ ဒါလေးနဲ့မှ ကောင်း၏လို့ စွဲမှတ်လိုက်တာမျိုး ဖြစ်မယ် ထင်တယ်ဗျ။ စဉ်းစားစရာလေး ပေးတာ ကျေးဇူးပဲဗျာ။ အဆင်ပြေပါစေ။

ကိုသားငယ် March 9, 2009 at 10:03 PM  

ကျနော်ကတော့ဘီယာသောက်ရင်ခွက်ကြီး၂မှ ခွက်သေးသေးနဲ့ ဆိုအရသာမရှိသလိုပဲ...

ကိုပေါ April 8, 2009 at 6:29 AM  

ဘီယာသောက်တဲ့အခါ ဂိုင်းပါတဲ့ ဖန်ခွက်အထူစားတွေကို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး သောက်ရတာ ကောင်းပါတယ်။ ဂိုင်းပါတဲ့အတွက် လူရဲ့လက်က အပူဓါတ်ဟာ ဖန်ခွက်ဆီကို ချက်ချင်းကြီးရောက်မသွားပါဘူး။ ဖန်ခွက်ချင်းတူရင်တောင် အဲသည်လို အအေးခံထားတဲ့ဖန်ခွက်က အအေးမခံတဲ့ခွက်ထက် ပိုအရသာရှိပါတယ်။

ဝီစကီလိုအရက်သောက်တဲ့အခါကျရင် ဖန်ခွက်အသေးစားနဲ့ သောက်ရပါတယ်။ ဒါမှ ခွက်ကို နှုတ်ခမ်းဆီတေ့လိုက်တဲ့အချိန် အရက်ရဲ့ အနံ့အရသာဟာ နှာခေါင်းကတဆင့် ခံစားပြီးမှ လျှာက အရက်အရသာကို ခံစားရတာမျိုးဖြစ်ပါတယ်။

ဝီစကီကို စောစောက ဘီယာဖန်ခွက်ကြီးနဲ့ သွားသောက်ရင် အရသာ ရှိသင့်သလောက် မရှိပါဘူး။

တခါ ၀ိုင်သောက်ပြန်ရင်လည်း ၀ိုင်ခွက်ကို အောက်ကလည်တံရှည်ရှည်ကလေးက လက်ဖျားလေးနဲ့ ကိုင်ခြင်းအားဖြင့် မသောက်မီ ၁၈ ဒီဂရီစီ မှာ တနာရီကြာထားခဲ့တဲ့ ၀ိုင်ဟာ အလွယ်တကူ ပူနွေးမသွားဘူးလို့ ဆိုပါတယ်။

ဝိုင်အကြောင်းကတော့ ၀ိုင်အရသာခံနည်းကလပ်စ်မှာ တက်ခဲ့တဲ့လူက ပြောတာကို ပြန်ဖောက်သည်ချတာဖြစ်ပြီး… ၀ီစကီအကြောင်းကတော့ အရက်သမ္ဘာရင့်သူ မိတ်ဆွေတယောက်က လက်ချာပေးတာကို ပြန်ပြောပြတာ ဖြစ်ပါတယ်။ ဘီယာကတော့ ကိုယ်တွေ့ပါ။

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP