Monday, March 9, 2009

ထူးဆန်းထွေလာ

တစ်ခါကကျွန်တော်တို့အိမ်တွင် နယ်ဘက်မှ အလွန်သပ္ပာယ်သော ဆင်းထုတော် လေး တစ်ဆူ လက်ဆောင် ရဖူးလေသည်။ ထိုဆင်းထုတော် လေးသည် အမြင်အား ဖြင့် အခြား ဆင်းထု တော် များနှင့် မတူပဲ တစ်မူထူးခြားနေသယောင် ထင်ရလေ၏။ မည့် သို့ ထူးခြားသနည်း ဆိုသည်ကို တော့ မပြော တတ်ပါ။ သီးသားနှင့် ထုထားသည် ဟုထင်ပါသည်။ ထိုဆင်းထုတော် လေးကို ဘုရားစင် တွင် နေရာ အကျအနလုပ်ကာ ကိုးကွယ် ထားပါသည်။
ဘုရားစင်တွင် ကိုးကွယ်ထားပြီးနောက် ထိုဆင်းထုတော် ကလေးနှင့် ပတ်သက်ပြီး ထူးဆန်းအံ့သြဖွယ်ရာ ကြုံရပါသည်။ ကျွန်တော်တို့ အိမ်ရှိ ဘုရားစင် သည် အိမ် အရှေ့ဘက်တွင် ရှိသော ကြောင့် ဆင်းထုတော် လေးမှာ အနောက် ဘက်လှည့် လျှက် ရှိပါသည်။ ထူးဆန်းသည် မှာ ထို ဆင်းထုတော်ကလေးသည် မနက်လင်း လျှင် တောင်ဖက်သို့ လှည့် လျှက် တွေ့ရခြင်းဖြစ်လေသည်။ ပထမတော့ တစ်စုံတစ်ယောက် မတော်တဆ တိုက်မိ၍ လှည့်သည်ဟုသာ ထင်ကြပါသည်။ အိမ်တွင် ကြောင်များလည်း ရှိသော ကြောင့် မတော် တဆဖြစ်နိုင်စရာ အကြောင်းအရာ များစွာရှိပါသည်။ သို့သော် ထိုဆင်းထုကလေးသည် နေ့စဉ်နေ့ တိုင်း တောင်ဘက်သို့သာ လှည့် သွားပါသည်။ အိမ်သား အားလုံးကို လိုက်မေးပြီး သေချာ စောင့် ကြည့်သော် လည်း မည်သူမျှ မတိုက်မိ၊ မရွေ့မိပဲ လှည့်သွားလျှက်ပင် ရှိပါသည်။ ဘုရားစင်ပေါ်တွင် အခြား ဆင်းထုများရှိသော်လည်း ထိုဆင်းထုလေး သာလျှင် လှည့်သွားပါသည်။ အခြားဆင်းထုများမှာ နဂိုနေရာ မပျက် ပါချေ။

ထိုအခြင်းအရာ ကို အိမ်ရှိ လူများ အလွန် အံ့သြကြပါသည်။ အဒေါ်များမှာ အဆိုးဆုံးဖြစ်သည်။ သူတို့သည် ဤအကြောင်းအရာကို အဓိပ္ပာယ် အမျိုးမျိုးကောက်ကြပါသည်။ အတိတ်များ ကောက်ကြသည်။ ဘုရားခန်း တွင် ဖယောင်းတိုင်များ၊ အမွှေးတိုင်များ မပြတ်ထွန်းညှိကြသည်။ ဘုရား ရှိခိုးချိန် ယခင်ကထက် ပိုများလာ ကြသည်။ မိတ်ဆွေသူငယ်ချင်းများကို ပင် ခေါ်ယူကြွားဝါသဖြင့် ထိုအချိန် က အိမ်တွင် ထိုဆင်းထုတော် လေးကို လာဖူးသူများ အ၀င် အထွက်များလျှက်ပင်ရှိပါသည်။ ကျွန်တော်က တော့ ထိုကိစ္စကို သိပ်ဘ၀င် မကျပါ။ နဂိုကတည်း က ဘာသာရေးနှင့် ပတ်သက်သော (miracle) များကို ချင့်ချင့် ချိန်ချိန်သာ ယုံကြည် ပါသည်။ ဤကိစ္စသည် လည်း အကြောင်းတစ်ခုခုရှိရမည်ဟု ယူဆထားပါသည်။
ထိုဆင်းထုလေးမှာ ဆွေမျိုးမိတ်ဆွေ အသိုင်း အ၀ိုင်းတွင် ကျော်ကြားလျှက်ရှိပါသည်။ မည်သို့ပင် ပြန်လှည့် ထားစေကာမူ နောက်တစ်နေ့တွင် တောင်ဘက်သို့သာ လှည့်သွား စမြဲဖြစ်လေသည်။ ထူးဆန်းပေစွ။
သို့သော်……
မထင်မှတ်သော နေ့တစ်နေ့တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်လာပါသည်။ အိမ်တွင် ရေပြတ် သည့် နေ့တွင်ဖြစ်လေသည်။ ရှင်းပါမည်။
ကျွန်တော်တို့ အိမ်တွင် အ၀ိစိတွင်းမှ ရေကို ရေမော်တာ နှင့် စုပ်ယူပြီး တိုင်ကီပေါ်သို့တင်ရပါသည်။ တစ်ရက်သော် ထိုရေမော်တာ ပျက်ပါလေသည်။ ထိုနေ့တွင် ဆင်းထုလေးမှ လည်း တောင်ဘက်သို့ မလှည့်တော့ပါ။ ရေမော်တာသည် ထိုနေ့က ကွိုင်ပြတ်သွားပါသည်။ ထိုမော်တာသည် ဘုရားခန်းရှိသော အပေါ်ထပ်၏ အောက်ထပ်တည့်တည့် အခန်းလေးထဲတွင် ရှိသောကြောင့် ရေမော်တာ လည်တိုင်း တုန်ခါမှု့ ကြောင့် ဆင်းထုလေးမှာ ရွေ့လျှားသွားခြင်းဖြစ်လေသည်။ အခြားဆင်းထုများမှာ မည်သို့ မှ မနေရပါ။ အဘယ့်ကြောင့် ဆိုသော အခြား ဆင်းထုများမှာ ကြေးဆင်းထုများ ဖြစ်ပြီး အလေးချိန် အတန် အသင့် ရှိပြီး သီးသား ဆင်းထုလေးမှာကား အလွန်ပေါ့ပါးသောကြောင့် ဖြစ်သည်။
ထိုနေ့က ရေမချိုးရ၍ အိုက်စပ် နံစော်နေသောလည်း ကျွန်တော် ကျေနပ်ပါသည်။ အမှန်တရား တစ်ခုကို သိခွင့် ရလိုက်၍ ဖြစ်သည်။
အဒေါ်များက တော့ သိပ်မကျေနပ်ကြပါ။ ဘာကို မကျေနပ်သလဲတော့ မပြောတတ်ပါ။ ဖြစ်နိုင်သည်မှာ သူတို့ အမှန်ဟု ယူဆထားသော (ဖြစ်စေချင်သော) အကြောင်းအရာ တစ်ခုက အမှားဖြစ်သွားသော ကြောင့် စိတ်ကသိကအောင့် ဖြစ်နေပုံရပါသည်။ ထိုနေမှ စ၍ယခင်အတိုင်း ဘုရားရှိခိုးချိန်လည်း ပြန်နဲ သွားသည်။ ဖယောင်းတိုင် အမွှေးတိုင်များလည်း ပုံမှန်သာ ထွန်းညှိတော့ သည်။ ထူးဆန်းပေစွ။
ထိုကဲ့သို့သော ထူးဆန်းထွေလာ (miracle) များမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျွန်တော်တို့ အတွက် သိပ် အကျိုးမရှိဟု ယူဆပါသည်။ သစ္စာလေးပါး တရားကို မသိသရွေ့ မည့်မျှပင် ထူးခြားသော အခြင်းအရာဖြစ်စေ ကျွန်တော်တို့ အတွက် တရားကို သိခြင်းလောက် အကျိုးမရှိနိုင်ဟု ယူဆပါသည်။ ကျွန်တော့် အမြင် အရမူအချို့ လူများသည် (miracle) များနောက်ကို သာ လိုက်နေပြီး အဓိကကျ သောတရားကို မေ့လျှော့နေသည်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းထွေလာများ ကို ကိုးကွယ်ရခြင်းသည် လွယ်ကူသက်သာပြီး တရားအားထုတ်ရခြင်းမှာ ခက်ခဲပင်ပန်းသော ကြောင့် ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် အချို့လူတို့ သည် လွယ်ကူ သက်သာသော အရာများ၊ အလွယ်တကူ သိမြင်နိုင်သော အရာများ ကိုသာ ကိုးကွယ်ကြသည် ဟုမြင်ပါသည်။
ကျွန်တော်သည် ဗုဒ္ဓဘာသာကို အခြားဘာသာဝင်တို့က ရုပ်ထုကိုးကွယ်သော ဘာသာဟု ပြောခံရလျှင် အလွန်နာပါသည်။ သို့သော် ထိုသူများကို လည်း အပြစ်တင်၍မရပါ။ သူတို့မြင်တွေ့နေရသော ပုံစံအရ အပြင်လူများမှာ ထိုကဲ့သို့သာ ထင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပညာရှင်တစ်ဦး ၏ အောက်ပါ စကားစု လေးကို ပြန်လည် ကိုးကားလိုက်ပါသည်။

“ဗုဒ္ဓ္ဓဘာသာသည် သက်ဝင်ယုံကြည်ရုံ၊ ကိုးကွယ်ပသရုံ နှင့် ဆုတောင်း ရုံသက်သက်မဟုတ်ပါ။ ဗုဒ္ဓ္ဓဘာသာသည် သင်ယူရန်၊ လေ့ကျင့်ရန် နှင့် ထိုးထွင်းသိမြင်ရန်ဖြစ်လေ၏။”


မိုးတိမ်ညို

7 comments:

JulyDream March 9, 2009 at 9:24 PM  

ထူးဆန်ထွေလာ ဖြစ်ရပ်မှန်ရဲ့ နောက်ဆက်တွဲလေးကို မချွင်းမချန် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရုပ်တုဆင်းတုတော် ကိုးကွယ်နေတာနဲ့တင် ဗုဒ္ဓဘာသာ ဖြစ်နေရတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်လည်း ယူဆပါတယ်။ ဘုရားကို စေတီ ကွယ်နေတာမျိုး မဖြစ်သင့်ပါဘူး။ လူတချို့တွေ ရေလိုက်လွှဲနေတယ်လို့ ရိုးသားစွာ မြင်မိပါတယ်။

လုလင်ငယ်သွေး March 9, 2009 at 10:09 PM  
This comment has been removed by the author.
လုလင်ငယ်သွေး March 9, 2009 at 10:12 PM  
This comment has been removed by the author.
Dr Phyo Wai Kyaw March 9, 2009 at 10:17 PM  

ထူးထေဆန်းပြားခြင်းကို မြတ်ဘုရားကိုယ်တော်တိုင်မှ မနှစ်သက်ကဘဲကိုး ကိုမိုးတိမ်ညိုရေ

အမှန်သိအောင် အားထုတ်နိုင်ခဲ့တဲ့ ထုတ်ဖော်ရှင်းပြရဲတဲ့ ကိုမိုးတိမ်ညိုကို လေးစားမိပါတယ်..

ရှာဖွေအပ်သော သစ္စာတရားကို တွေ့ရှိနိုင်ပါစေသော်ဝ်

(အပေါ်မှာ နှစ်ခါတိတိ သူငယ်ချင်းအကောင့်နဲ့ မှားသုံးမိလို့ နှစ်ခါတိတိဖျက်လိုက်ရကြောင်း:D)

Min Myat Soe March 15, 2009 at 7:23 AM  

ကိုမိုးတိမ်ညို ခုလိုဖော်ပြပေးတာ ကျေးဇူးဗျို.၊ ဒါမျိုးတွေက အမြဲကြားနေရတယ်၊ အခုပဲ ဘယ်စေတီက ရောင်ခြည်တော်ကွန်.မြူးတယ် ဘာညာပေါ့၊

မသက်ဇင် March 20, 2009 at 2:45 AM  

အမှန်တရားကို မျက်နှာမလိုက်ပဲ
ရှာဖွေတတ်ပါပေတယ်--

ကိုပေါ April 8, 2009 at 6:07 AM  

ဒီနေ့မှ ဒီဘလော့ဂ်ကို စရောက်တယ်။ ဖတ်တယ်။ ကြိုက်တယ်ဗျာ။ တခြားပို့စ်တွေကိုလည်း မှန်မှန် လာဖတ်ပါဦးမယ်။

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP