Tuesday, April 28, 2009

လူနှင့် ယုံကြည်မှု့

ယုံကြည်မှု့နဲ့ ပတ်သက်လို့ ထပ်ပြီး တွေးမိတာလေး တွေရေးထားတာပါ။
************************************************
လူတို့သည် ယုံကြည်မှု့ဖြင့် အသက်ရှင်နေကြသည် ဟုဆိုကြသည်။ လူတိုင်းလူတိုင်း ယုံကြည်မှု့ တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။ အချို့က ဘာသာရေးကို ယုံသည်။ အချို့က သိပ္ပံပညာ (Science) ကိုယုံသည်။ အချို့က အနုပညာ စသည်ဖြင့် တစ်မျိုးမျိုးကို တော့ ယုံကြည်ကြသည်။ ဘာလိုမှ မယုံ ဘူးဆိုသူကို ပင် “ဘာမှ မယုံသော ၀ါဒ” ကို ယုံကြည်သူဟု ကတ်သီးကတ်သတ် ပြောလို့ရသည် ဟု ဆရာဖေမြင့်၏ စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးပါသည်။

ထို့အတူ ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် လည်း တစ်စုံတစ်ခုကို ယုံကြည်ပြီး နေနေရပါသည်။ ဥပမာ MCdonald မှ အစားအသောက် ကို safety ဖြစ်သည်ဟု ယုံကြည်ပြီး စားသောက်နိုင်သည်။ CNN မှ သတင်းများသည် ယျေဘူယျအားဖြင့် မှန်ကန်သည် ဟု ယုံကြည်နိုင်သည်။ တက္ကသိုလ် တစ်ခုမှ ဘွဲ့လက်မှတ်ရသောသူကို သက်ဆိုင်ရာ ဘာသာရပ်၌ ကျွမ်းကျင် သည်ဟု ယုံကြည်နိုင်သည်။

ထို့အတူ လက်တွေ့ စမ်းသတ်၍ရသော သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာများကို လည်း စမ်းသတ်ခြင်း မပြုနိုင်ပဲ လူပုဂ္ဂိုလ် (သို့) အဖွဲ့ အစည်း တစ်ခုခုကို ယုံကြည်သော အားဖြင့် မှန်ကန်သည် ဟုမှတ်ယူကြရသည်။ ရေတွင် H2O ပါသည် ဟုကျွန်တော်တို့ သာမာန်လူများထဲတွင် မည်သူစမ်းသတ်ဖူးပါ သနည်း။ သို့သော်လည်း သိပ္ပံ ပညာရပ်နှင့် ပညာရှင်များကို ယုံကြည်သောအားဖြင့် မှန်ကန်သည် ဟုယုံကြည်လေသည်။ ထိုပြင် ကျွန်တော်တို့ အသက်အန္တရာယ်နှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စများကို ပင် တစ်စုံတစ်ခုကို ယုံကြည်သောအားဖြင့် စောဒကမတတ်ကြချေ။ ဥပမာ လေယာဉ်ပျံဖြင့် ခရီးသွားသည့် အချိန်တွင် လေယာဉ်မူးဘယ်သူဆိုတာ ကျွန်ုတို့ မသိပါ။ သိစေဦး သူ့ နာမည်ကို သာသိမည် ထိုသူ ဘယ်လောက် အရည်အချင်းရှိသည် တကယ်လေယာဉ်မောင်းကျွမ်းကျင်သည် မကျွမ်းကျင်သည် ကို မသိပါ။ သိစရာလည်း မလိုဟု ယူဆကြသည်။ အဘယ်ကြောင့် ဆိုသော ကျွန်တော်တို့ စီးနင်းလိုက် ပါမည်ဖြစ်သော လေယာဉ် ကုမ္ပဏီ ကိုအပြည့် အ၀ယုံကြည်သောကြောင့်ဖြစ်သည်။

သို့ကြောင့် လူတို့သည် တစ်စုံတစ်ခုကို ယုံကြည်ပြီး အသက်ရှင်နေကြသည် ဟုဆိုနိုင်ပါသည်။
ထိုယုံကြည်မှု့များထဲတွင် အချို့သော ယုံကြည်မှု့များမှာ မျက်ကန်းယုံကြည်မှု့မျိုးဖြစ်ပြီး အချို့မှာ ကျိုးကြောင်းဆီလျှော်လေသည်။ သက်သေ မပြနိုင်သော (ပြရန်ခက်ခဲသော) ကိစ္စများကို မယုံကြည် ဟုဆိုပါလျှင် လူ့ အသိုင်းအ၀ိုင်းတွင် နေထိုင်ရန် အတော်ပင် ဂွကျပေလိမ့်မည်။ သို့သော် မျက်စိမှိတ် ယုံကြည်မှု့ မဖြစ်စေရန်လည်း အရေးကြီးလေသည်။

သို့ဖြစ်၍ သင်ယုံကြည်သော အရာများသည် မည်မျှ ခိုင်မာသည်၊ မည်မျှမှန်ကန်သည်၊ မည်မျှကျိုးကြောင်း ဆီလျှော်သည် ဟူသော အချက်ကို မည့် သို့ ဆုံးဖြတ်မည်နည်း။ ရှေးယခင်ကဆိုလျှင် လူတို့သည် ကမ္ဘာ ကြီးကို ပြားသည် ဟူ၍ပင် ယုံကြည်ခဲ့ကြဘူးလေသည်။ ထို့ကြောင့် သင်ယနေ့ အချိန်တွင် အမှန်ဟု ယုံကြည် ခဲ့သော အကြောင်းအရာများတွင် လုံးဝမှားယွင်းနေသော အကြောင်းအရာပေါင်း မည်မျှရှိနိုင် သနည်း။

ထို့ပြင် လူတို့သည်မိမိတို့ ၏ယုံကြည်မှု့ အတိုင်း ကိစ္စတစ်ခုခုကို မိမိနှင့် သက်ဆိုင်သော ရှူ့ထောင့်မှ အဓိပ္ပာယ်ဖွင့်ကြလေသည်။ဤသည်မှ လူတိုင်း၏လွပ်လပ်ခွင့်ဖြစ်လေသည်။ သို့သော ထိုကိစ္စကြောင့် မိမိနှင့် အယူအဆမတူသများကို မှားသည်ဟု မသတ်မှတ်သင့်ပါ။ ထို့ပြင် မိမိ၏တစ်ဖက်သတ် ယုံကြည်မှု့ သည် အမှန်တရားကို ဖုန်းကွယ်သွားခြင်းမျိုးလည်း မဖြစ်သင့်ပါ။

ထိုအကြောင်းကို Joan of Arc ဇာတ်လမ်းထဲတွင် ရှင်းပြထားပုံလေးမှာ အလွန်တရာ ကောင်းလှပါသည်။ တောသူမလေးတစ်ယောကသ်သည် ယုံကြည်မှု့ လွန်ကဲပြီး သူ့ကိုယ်သူ ဘုရားသခင်၏ တစ်မန်တော် ဟုယုံကြည် နေသည်။ ထိုသို့ ယုံကြည်ရန်လည်း ဘုရားသခင်က သူမကို Message တွေပေးနေသည်ဟု ထင်လေသည်။ နောက်ဆုံးတွင်မှာ အသိတရားရသွားပြီး ယုံကြည်မှု့ပုံစံပြောင်းသွားလေသည်။ အသေးစိတ်ကိုတော့ ဇာတ်လမ်းကို သာကြည့် လိုက်ပါ။ အလွန်ကြည့်သင့်သော ဇာတ်လမ်းတစ်ခု ဟုတိုက်တွန်းလိုပါသည်။ ကျွန်တော့် အနေနဲ့တော့ အဲဒီဇာတ်လမ်းကြည့်လိုက်ပြီး တစ်ခုခုကို ရလိုက်သလိုပါပဲ။

April 09
မိုးတိမ်ညို


Read More...

Thursday, April 23, 2009

စဉ်းစားစရာလေး တစ်ခုပါ

Miracle သတင်းတွေ အတော်ကြားနေရလို့ပါ။ ကြည့်ဖူးတဲ့ Joan of Arc ဇာတ်လမ်းထဲက အပိုင်းလေး မျှဝေလိုက်ပါတယ်။ စဉ်းစားစရာ တစ်ခုရတာပေါ့။ အချိန်ရရင် ကြည့်ကြည့် ပါဦး။


ယုံကြည်မှု့လွန်ကဲသောကြောင့် အမှန်တရားကို ဖုန်းကွယ်သွားနိုင်သည် ကို Joan of Arc ဇာတ်ကားတွင် သေသေချာချာရှင်းပြ ထားလေသည်။ Joan ကတောသူမလေး တစ်ယောက်ပါ။ သူက ငယ်ငယ်ကတည်းက ဘုရားသခင်ကို ယုံကြည်လွန်းမက ယုံကြည်ပါတယ်။ ယုံကြည်လွန်းလို့ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ တမန်တော်လို့ ထင်လာပါတယ်။ သူမရဲ့ ယုံကြည်မှု့က လွန်ကဲလာတော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ အရာ တော်တော်များများကို ဘုရားသခင် ရဲ့ Message လို့ ထင်လာပါတယ်။
နောက်ဆုံး သူမကို တရားချတဲ့ ပုဂ္ဂိုလ်ကြီး ပြောတဲ့ စကားလေးက မှတ်သားစရာပါ။

You didn’t see what it was .. Joan… You saw what to wanted to see..
မင်းကတကယ့် အဖြစ်အပျက်ကို မမြင်ပဲနဲ့ မင်းဖြစ်စေချင်တာကို ပဲမြင်တာကိုး

Read More...

Thursday, April 16, 2009

ငါးဖမ်းနည်းသာ သင်ပေးပါ

ငယ်ငယ်ကအမေ ပြောဖူးတဲ့ အကြောင်းအရာတစ်ခုပါ။

ရွာတစ်ရွာမှာ တောင်ကျောင်းနဲ့ မြောက်ကျောင်းရယ် ဆိုပြီး ဘုန်းကြီး ကျောင်း နှစ်ကျောင်းရှိသတဲ့။ အဲဒီ ဘုန်းကြီး ကျောင်းနှစ်ကျောင်း ကတစ်ကျောင်းနဲ့ တစ်ကျောင်း အပြိုင်အဆိုင်။ ကျောင်းထိုင်ဆရာတော်က စပြီး ဘုန်းကြီးကျောင်းသား အထိ ပြိုင်ကြတယ်တဲ့။ တစ်ခါတော့ တောင်ကျောင်းကကိုယ်တော်တစ်ပါးနဲ့ မြောက်ကျောင်းက ကိုယ်တော် တို့ ဆွမ်းခံကြွလာရာက လမ်းမှာ ဆုံကြသတဲ့။ နောက်မှာလည်း ဘုန်းကြီးကျောင်းသား လေးတစ်ယောက်စီက ဆွမ်းချိုင့်လေးတွေဆွဲလို့ပေါ့။ ကိုယ်တော်နှစ်ပါးလည်း တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် တရားအကြောင်းတွေ အပြိုင် အဆိုင်ငြင်းနေ ကြတာပေါ့။ အဲလိုငြင်းနေတုန်း နောက်ကနေ ကျောင်းသားလေးတစ်ယောက်ပြောလိုက်တာ ကြားမိသတဲ့။ တောင်ကျောင်းက ကျောင်းသား လေးက

“တွေ့လား တို့ကိုယ်တော်က လမ်းလျှောက်တာပိုမြန်တာ မင့်ကိုယ်တော်က မနည်းမှီအောင်လိုက် နေရတာ”

အဲလိုကြားတော့ မြောက်ကျောင်းကိုယ်တော်လည်း မနေသာတော့ပဲ နည်းနည်း သုတ်သုတ်လေးလျှောက် မိတယ်။ အဲဒီမှာ မြောက်ကျောင်းက ကျောင်းသားလေးက ပြောပြန်ရော

“မဟုတ်ပါဘူးကွ ငါ့တို့ ကိုယ်တော်က ပိုမြန်တာ ကြည့်ပါလား”

တောင်ကျောင်းက ကိုယ်တော်လည်း မြောက်ကျောင်းက ကိုယ်တော်ကို ကြည့်ပြီး သူ့ထက်နည်းနည်း ပိုမြန်အောင် လျှောက်ပြလိုက်တယ်။

“တွေ့လားတို့ကိုယ်တော်ကမြန်တာ”

“မဟုတ်ဘူးတို့ကိုယ်တော်က မြန်တာ”

အဲလိုကျောင်းသားလေး နှစ်ယောက် ငြင်းလာလိုက် ကိုယ်တော်တွေက သုတ်သုတ် လျှောက်လိုက်နဲ့ နောက်ဆုံး တော့ ကိုယ်တော် နှစ်ပါး ဖိနပ်လေးတွေ ချွတ်ကိုင်ပြီး ပြေးကြပါလေရောတဲ့ဗျာ။


အမေ ပြောချင်တာက အပြိုင် အဆိုင်ရှိမှ တိုးတတ်မယ်ဆိုပေမယ့် ဘာကို ပြိုင်မှာလဲဆိုတာ အရေးကြီးတဲ့ အကြောင်းပါ။ အဲဒီတုန်းက ကျောင်းတွေမှာ ကျောင်းသားတွေ အဆင့်အနည်းအများကို ကျွန်တော်တို့ ကလေးတွေထက် မိဘတွေကပို စိတ်ဝင်စား ကြတယ်လေ။ ကျွန်တော့် အမေရဲ့ ထူးဆန်းတဲ့ အချက်က အဲဒီ အဆင့်ဆိုတာကို လုံးဝကို မမက်မောတာပါ။ အဆင့် တစ်ရမှ နှစ်ရမှ ဘယ်တော့ မှ မရှိဘူး။ အဓိက က စာကို နားလည်ရင် ပြီးတာပဲတဲ့။

ဥပမာ စာစီစာကုံးတွေ ဘာတွေဆိုရင် တစ်ချို့ မိဘတွေက ရေးပေးပြီး ကလေးတွေက ကျက်ဖြေရတယ်လေ။ ကျွန်တော်တို့ မိဘတွေကတော့ ဗျာ ကိုယ့်ဟာကို ရေးခိုင်းတာ။ အဲဒီတော့ ကျက်ပြီး ဖြေတဲ့ ကလေးလောက်တော့ ဘယ်တော့မှ အမှတ် မကောင်း ဘူးပေါ့ဗျာ။ မှန်တယ် မှား တယ်တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပါ။ ဘာပဲ ပြောပြော အဆင့်တို့ အမှတ်တို့ ဂရိတ်တို့ ဘွဲ့တို့ ဆိုတဲ့ စာရွက် ပေါ်က အရည် အချင်းတွေက လည်း လူ့ဘ၀မှာ တော်တော် (တော်တော်) အရေးပါတဲ့ နေရာက ရှိနေပါ တယ်ဗျာ။ ပညာရေးစနစ်နဲ့ လည်းဆိုင်မယ် ထင်ပါတယ်။ ကျွန်တော် ထင်တာတော့ ပညာရေး စနစ်ကောင်းတဲ့ နိုင်ငံတွေမှာ စာရွက်ပေါ်က အရည် အချင်းနဲ့ တကယ့် အရည် အချင်းက တိုက်ရိုက် နီးပါးလောက် အချိုးကျနေတော့ စာရွက် ပေါ်က အရည် အချင်းက တော်တော် တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မသေချာဘူးပေါ့ဗျာ။

အမေ ပြောနေကျ စကားတစ်ခွန်းရှိတယ်

“တစ်စုံတစ်ယောက်ကို တစ်ကယ်ချစ်ရင် ငါးဖမ်းနည်း သင်ပေးပါ၊ ငါးတစ်ကောင်လုံး မပေးလိုက်ပါနဲ့တဲ့”

နိုင်ငံ ခြားစကားပုံလေးတစ်ခုပေါ့။ အတိအကျကတော့

“Give a man a fish; you have fed him for today. Teach a man to fish; and you have fed him for a lifetime”—Author unknown

ကျွန်တော်လည်း အရမ်းကြိုက်ပါတယ်။ ကျွန်တော်နားလည် မိသလောက်တော့ အမေ ဆိုလိုချင်တာက စာရွက်ပေါ်က အရည်အချင်း ဆိုတဲ့ ငါးကြီးကို (နည်းလမ်းမျိုးစုံနှင့်) ပေးမယ့် အစား အဲဒီ အရည် အချင်း တွေ ဘယ်လို ရအောင်လုပ်ရ မလဲဆိုတဲ့ အသိကို တစ်ဘ၀လုံးအတွက် သင်ကြားပေးသင့်တယ်လို့ ဆိုလိုတာ ထင်ပါတယ်။

April,2009
မိုးတိမ်ညို

Read More...

ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်

ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းက တစ်လမ်းပဲရှိတယ်။

ကျွန်တော်က မူလတန်း။ အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့် လဲ ပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ် ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့ လေယာဉ်ပုံ။ ရုတ်တရက်ကြည့် ရင် လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသ လိုပဲ။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ပေါ့)

ကျောင်းကိုယူသွား ပြီးပြတဲ့ နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ တစ်ယောက်က တော့ ပုံဆွဲမဆိုး ဘူးဗျ။ သူကသေဘာၤ ကပၸတိန္ပံု။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး လည်းပါတယ်။ တော်တော်လှတယ်ပေါ့ဗျာ။

အဲဒါပေမယ့် ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။

နောက်ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း သူတို့ထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်က မြုတ်သွားတယ်။ ကျွန်တော့်လို ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို ပြောတာပါ)

ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။

အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတာတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။

မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။
April 2009
မိုးတိမ်ညို

Read More...

Sunday, April 12, 2009

ကျွန်တော်တို့ မြှားမှန်ထားကြသည်

One day a man called Malunkyaputta approached the Buddha and demanded that he explains the origin of the Universe. He even threatened to cease to be his follower if the Buddha did not reveal this. The Buddha calmly retorted that it was of no consequence to him whether or not Malunkyaputta followed him, because the truth did not need anyone’s support. Then the Buddha said that he would not go into a discussion of the origin of the Universe. To him, gaining knowledge about such matters was a waste of time because a man’s task was to liberate himself from suffering. To illustrate this, the enlightened one related the parable of a man who was shot by a poisoned arrow. This foolish man refused to have the arrow removed until he found out all about the person who shot the arrow. By the time his attendants discovered these unnecessary details, the man was dead. Similarly, our immediate task is to attain Nirvana, not to worry about the beginning or the end of the world.
And all that is necessary to escape from rebirth into a suffering existence is taught in the Four Noble Truths. Anything beyond these Truths was not the concern of the Buddha, just as knowledge of the origin of water is not necessary to quench one’s thirst.

(From What Buddha believe: Expended 4th edition, Dr K. Sri. Dhammanada)

အထက်ပါစာပိုဒ်ကလေးကို ဖတ်ပြီး တွေးမိတာလေးမျှဝေချင်လို့ပါ။
လူတစ်ယောက်သည် အဆိပ်လူးမြှားဖြင့် အပစ်ခံရလျှင် မြှားမှန်သောသူက မျှားကို ဘယ်အရပ်က ပစ်သလဲ၊ မည်သူက ပစ်သလဲ၊ ဘာရန်ငြိုး ရှိလို့ ပစ်သလဲ အရင် မစဉ်းစားပဲ နဲ့ ဒဏ်ရာ ကိုအရင် ဆေးကုသင့်ပါတယ်။ ပြီးမှ ထိုအချင်း အရာများကို စဉ်းစား သင့်ပါတယ်လို့ ဟောကြား ထားတာပါ။

မြတ်စွာဘုရားရှင် က ဒုက္ခ သစ္စာကို ဟောပြော ထားတာလို့ နားလည်မိပါတယ်။ အဓိက ဆိုလိုရင်းက လူဖြစ်လာရတာ ဒုက္ခပဲ ဆိုတာကို အရင် ယုံကြည်လိုက်ပါ။ ပြီးမှ ထိုဒုက္ခက လွတ်ရာ လွတ်ကြောင်းကို ကျင့်ကြံပါ၊ အားထုတ်ပါလို့ ဟောကြား ထားသည်ဟု ကျွန်တော်နားလည် မိပါသည်။


လူတိုင်းလူတိုင်း မြှားမှန်ထားပါတယ်။ ဒါပေမယ့် မှန်ပုံ မှန်နည်းချင်းတော့မတူပါဘူး။

လက်တွေ့မှာ ဆိုရင်တော့ တကယ်မြှား မှန်တဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွဲ လှပါဘူး။ ဘာလို့လည်းဆိုတော့ မြှား မှန်ပြီ ဆိုတာနဲ့ မြှား ဒဏ်ရာသင့်တဲ့သူဟာ သူရဲကောင်းဖြစ်စေ၊ သာမာန် အရပ်သား ဖြစ်ဖြစ်၊ ပညာရှိပဲ ဖြစ်ဖြစ် ၊ ဘုရင်ပဲ ဖြစ်ဖြစ် ခံစားရတဲ့ ဝေဒနာက အတူတူလောက်ပဲ နေမှာပါ။ ပြီးတော့ ငါတော့ မြှား မှန်ထားပြီဆိုတာကို ဘယ်သူမဆို တိတိကျကျ သိနိုင်ပါတယ်။

ဒါပေမယ့် ဒုက္ခသစ္စာဆိုတဲ့ မြှား ကတော့ လူတိုင်းကို မှန်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ဝေဒနာ မတူပါဘူး။ တစ်ချို့ကတော့ မြှား မှန်တာကို အတိအကျသိပြီး ဝေဒနာ အရမ်းကို ခံစားနေရတယ်။ ဒီဟာကို မြန်မြန် မကုရင် ငါသေတော့ မယ်ဆိုတာ အတိအကျသိပါတယ်။ တစ်ချို့ကတော့ မြှား မှန် မှန်း တော့ သိတယ်။ ဒါပေမယ့် နာသလိုလို မနာသလိုလို မရေရာ ကြဘူး။ တစ်ချို့ကျတော့ မှန်လို့ မှန်နေ မှန်း ကို မသိ။ ကိုယ်တိုင်ဘာမှာမသိလိုက်ပဲနဲ့ နောက်မှ မြှား ဆိပ်တက်ပြီး သေသွား ကြတယ်။

တစ်ချို့ကတော့ နက်နက်ရှိုင်းရှိုင်း သိတယ်။ တစ်ချို့က အပေါ်ယံ လောက်ပဲသိတယ်။ တစ်ချို့က လုံးဝ မသိဘူး။ တစ်ချို့က အတိုင်းအတာ တစ်ခု အထိသိပြီး အပေါ်ယံ အလွာများနှင့် ဖုံးထားပြီးတော့ မသိချင် ယောင် ဆောင်ထားကြတယ်။
**********************************
“ဟုတ်တယ် လူတိုင်း မြှား မှန်ထားကြတယ်”
ပညာရှိတစ်ဦးက ကျွန်တော့်ကို ပြောသည်။
ကျွန်တော်လည်း အခုမှ ကြောက်အားလန့်အားနဲ့ ကျွန်တော့် ရင်ဘတ်ကို ငုံကြည့်လိုက်မိသည်။
အလင်းရောင် မရှိသဖြင့် ဘာမှ သေချာ မမြင်ရ..
လက်ဖြင့် စမ်းကြည့်သည်..
နာသလိုလို မနာသလိုလို…

မိုးတိမ်ညို
April,2009
မှတ်ချက်. ကိုရဲကြီး အလင်းစေတမန် ကို စာအုပ် လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးအထူးပါ။

Read More...

Friday, April 10, 2009

ဂွတ်မောနင်း

‘Good morning’ ‘Good afternoon’ ‘Good evening’ ‘Good night’
ထိုနှုတ်ဆက်စကားများကို လူတိုင်း အတွက်ကြားနေကျ အင်္ဂလိပ် အသုံးအနှုန်းများဖြစ်ပါသည်။ ဆရာမင်းသိင်္ခ စာအုပ်တစ်အုပ် ထဲမှာဖတ်ဖူးသော အတွေးလေးကိုပြောချင်လို့ပါ။ မြန်မာလိုဆိုရင်တော့ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ခင်းပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်း သောညပါလို့ ဆိုရမပေါ့။ ဆရာမင်းသိင်္ခက ပြောတယ်။ အင်္ဂလိပ်တွေက အဲဒီလို နှုတ်ဆက်တာ သူတို့ ဆီမှာ ရာသီဥတုက သိပ်ဆိုး လို့ ဖြစ်နိုင်တယ်တဲ့။ အဲဒါကြောင့် နေပွင့်တဲ့ နေ့လေးဖြစ်ဖြစ် ကောင်းကင်ကို ကောင်းကောင်း မြင်ရတဲ့ နေ့လေးပဲ ဖြစ်ဖြစ် အချိန်ပေါ်မူတည်ပြီးတော့ ကောင်းသော မနက်ပါ၊ ညနေပါ စသည်ဖြင့် နှုတ်ဆက်ကြ တာနေမှာပေါ့တဲ့။ ရာသီဥတု မကောင်းလဲ ကောင်းပါစေတော့ ဆိုတဲ့ သဘောနဲ့ နှုတ်ဆက်ရတာ ဖြစ်မယ် ထင်တာပဲ။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ မြန်မာတွေဘယ်လိုနှုတ်ဆက်တာလဲ လို့ တွေးကြည့်မိတယ်။ မှတ်မိသလောက်တော့ ကျွန်တော်တို့ တွေရဲ့ အဓိက နှုတ်ဆက်စကားက “နေကောင်းလား” “စားပြီး ပြီလား” အဲဒါတွေဖြစ်မယ်ထင်တယ်။ “မင်္ဂလာပါ” ဆိုတာ တော့ အပြင်မှာ တကယ်မသုံးဘူးလေ။ အခန်း အနားတွေမှာမှ သုံးတာ။

“နေကောင်းလား” လို့နှုတ်ဆက်တာကိုတွေးကြည့်ရင် ကျွန်တော်တို့ဆီမှာ ကဟိုးရှေးတုန်းက ကျန်းမာ ရေးက တော်တော် အရေးကြီးမယ်နဲ့တူတယ်။ ခေတ်ကလည်း နောက်ကျ၊ ဆေးဆရာဆို တာလည်း မိရိုး ဖလာ ဆေးဆရာပဲ ရှားရှားပါးပါးရှိ၊ တောတောင်ကလဲ ထူထပ်တော့ ရောဂါလဲ ထူ လိမ့်မယ် ထင်တယ်။ အဲဒီ တော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင် မလွယ်ဘူး နဲ့တူ တယ်။ အဲဒါကြောင့် ကျန်းမာ ရေးက အရေးကြီးလို့ အဲလို နှုတ်ဆက်တာလားလို့တွေးမိတယ်။

“စားပြီးပြီလား” ဆိုတာကို စဉ်းစားကြည့်တော့ အခုလို စဉ်းစား မိတယ်။ မြန်မာတွေက အစားကောင်း အသောက် ကောင်းကို ခုံမင်လို့ လူတစ်ယောက်ကို တွေ့ရင် စားပြီးပြီလား တင်မကပဲ ဘာဟင်းလဲ လို့ပါ မေးလေ့ရှိကြသဗျ။ ပြီးတော့ မစားရသေးဘူးဆိုရင်လည်း ရှေးတုန်းကတော့ အိမ်လာလည်တဲ့သူ ဆိုရင် ကျွေးဖို့ ၀န်မလေးဘူးနဲ့တူတယ်။ သဒ္ဓါတရား ထက်သန်တယ်ပေါ့ဗျာ။ အဲဒါကြောင့် အစားအသောက်ကို ခုံမင်လို့၊ ကျွေးချင်မွေးချင်လို့ အဲဒီလို နှုတ်ဆက်တာလို့ ထင်ရတာပဲ။

ရှမ်းတွေကျတော့ ပြန်ခါနီးနှုတ်ဆက်ရင် “ဖြေးဖြေးနော်”လို့ ရှမ်းလိုပြောလေ့ရှိတယ် လို့ကြားဖူးတယ်။ စဉ်းစားကြည့်တော့ ရှမ်းပြည်က တောင်ပေါ်ဒေသ။ တောင်တက်တောင်ဆင်းတွေများမယ်။ ကုန်းတွေကမူတွေများ လိမ့်မယ်။ လမ်းလျှောက်ရင် သေချာလျှောက်ဖို့လိုမယ်ထင်တယ်။ အဲလိုမှ မဟုတ်ရင် မြေပြင်ညီမဟုတ်တော့ ချော်လဲ နိုင်တယ်။ ကျိုးနိုင်တယ်၊ ပဲ့နိုင်တယ်၊ အခန့်မသင့်ရင် တောင်ပေါ်ကကျသေ နိုင်သေးတယ်။ အဲဒါကြောင့် ဖြေးဖြးနော်လို့ နှုတ်ဆက်ရတာထင်တာပဲ။

ဒါတွေကစဉ်းစားကြည့်ထားတာပါဗျာ။ ဟုတ်မဟုတ်တော့ သေချာ သုတေသနလုပ်ကြည့် မှ သိမယ် ထင်တယ်။ တခြားဘာသာ စကားတွေနဲ့ ဘယ်လိုနှုတ်ဆက်လည်း သိရင် လည်း စဉ်းစား ကြည့်ကြပါ။ ဟုတ်မဟုတ်သိရတာပေါ့။ ဘာပဲ ပြောပြော လူမျိုး တစ်မျိုးရဲ့ ဓလေ့လေးတွေက အဲဒီလူမျိုးရဲ့ အခြေအနေ အချို့ကို တစ်နည်း မဟုတ် တစ်နည်း ထင်ဟပ်နေမှာတော့ အသေအချာပါပဲဗျာ။

Read More...

Thursday, April 9, 2009

ကိုဂိုင်းမျိုး ကိုစာအုပ်နှင့် ကျွန်တော်- ဆာပုလင်းကိုစာအုပ်

ဒီနေ့တော့ လက်ဖက်ရည်ဆိုင်ကို ကျွန်တော်နဲ့ ကိုဂိုင်းမျိုး အတူထွက်လာခဲ့တယ်။ ဆိုင်ကိုရောက်တော့ အရင်ရောက်နှင့် နေသော ကိုစာအုပ်က ကိုဂိုင်းမျိုးကို စေ့စေ့စပ်စပ် ကြည့်ပြီး

စာ-“ကိုဂိုင်းမျိုး အကျီင်္ အသစ်ဝတ်ထားပုံထောက်တော့ မနေ့က ဒဂုံစင်တာသွား တယ်ထင်ပ၊ အဲဒီမှာ အင်္ကျီ ၀ယ် ပြီးတော့ အပြန်မှာ မျက်နှာချင်းဆိုင်က ချစ်တီးဆိုင်မှာ ဆိတ်သားနှပ်နဲ့ ထမင်းစားခဲ့သေး တယ် မဟုတ် လား။ အဲ ထမင်းဆိုင်ထဲ မ၀င်ခင်မှာ ရှေ့က စတိုးဆိုင်မှာ စီးကရက်တစ်ဗူးဝယ်သေးတယ်လေ။ စားပြီးတော့မှ ဗားကရာ လမ်းအတိုင်း လမ်းလျှောက် ပြန်လာခဲ့တာ ဟုတ်တယ်ဟုတ်”

ကိုစာအုပ်ရှေ့က စားပွဲပေါ်မှာ ကြည့်လိုက်တော့ ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် ၀တ္ထုစာအုပ်တစ် အုပ် တွေ့ရလေသည်။ ကိုဂိုင်းမျိုးက စာအုပ်ကို ကောက်ကိုင်လိုက်

ဂိုင်း-“ကလေးကလားတွေလုပ်နေပြန်ပြီလား ကိုစာအုပ်”

စာ-“ဘယ်ကကလေးကလားလဲဗျ ကျုပ်ပြောတာတွေမှန်တယ်မဟုတ်လား”

ဂိုင်း-“ခင်ဗျားက ယေဘူယျတွေပြောတာကိုဗျ မှန်မှာပေါ့ ကျုပ် အင်္ကျီအသစ် ၀တ်လာမှတော့ ၀ယ် ထား တယ် ဆိုတာ ခင်ဗျား သိမှာပေါ့။ ပြီးတော့ ကျုပ်က၀ယ်ရင်လည်း ဒဂုံစင်တာက သူငယ်ချင်း ဆိုင်မှာ ၀ယ် နေကျလေ။ ပြီးတော့ ဗားကရာလမ်း အတိုင်း လျှောက်ပြန်တယ်ဆိုတာလည်း ဗားကရာလမ်းမှာ ကျုပ်ငှား နေ ကျစာအုပ်ဆိုင်ရှိတယ်ဆိုတာ ခင်ဗျားသိနေလို့ပါ၊ ကျန်တာ တွေလည်း ခင်ဗျားကို ကျုပ်ပြောပြ ထားဖူး လို့သိတာပါ”

ကျွန်တော်က၀င်ပြောသည်။

ကျွန်တော်-“ဘာပဲဖြစ်ဖြစ် အားလုံးမှန်တယ်ဆိုတော့ တယ်ဟုတ်ပါလားဗျ ကိုစာအုပ်ရ”

စာ-“ဟုတ်ရမယ်လေ ဒါက စုံထောက်လို တွေးတတ်ဖို့လိုတယ်”

ဂိုင်း-“ကျုပ်ပြောတယ် ခင်ဗျားဟာတွေက ယေဘူယျပဲမှန်မယ် လက်တွေ့မှာ သုံးလို့ မရဘူး ကျုပ်ဖတ် ကြည့်သလောက်တော့ ရှားလော့ဟုန်း၊ မောင်စံရှား၊ ဆားပုလင်းနှင်းမောင် အကုန် အတူတူပဲ။ လက်တွေ့ မှာ သိပ်အသုံး မ၀င်ဘူး။ ကျုပ်က စာရေးဆရာ တွေကို ဝေဖန်တာ မဟုတ်ဘူးနော် တွေးပုံ တွေးနည်းကို ပြောတာ”

ကျွန်တော်ကကိုဂိုင်းမျိုးကို မေးကြည့်ရသည်။

ကျွန်တော်-“ဟုတ်လား ကိုဂိုင်းမျိုးရ ဘာလို့တုံး ရှင်းပါဦး”

ဂိုင်း-“သူတို့တွေးတာတွေက generally မှန်နိုင့်တဲ့ ဟာတွေပေါ်ကို မူတည်ပြီး တွေးတာဗျ။ ဥပမာဗျာ ဆားပုလင်း နှင်းမောင် ၀တ္ထုထဲမှာ ဖတ်ဖူးတယ်။ လူသတ်သမားက နံရံမှာစာရေးသွားတာ။ စာက ကြမ်းပြင်ကနေ ငါးပေလောက်မှာ ရှိတာဆိုတော့ လူသတ် သမားရဲ့ အရပ်က ငါးပေကျော်ကျော်ပဲ ရှိမယ်လို့ ဆိုသဗျ။ ဘာလို့လဲဆိုတော့ လူတွေက များသောအားဖြင့် စာရေးတဲ့ အချိန်မှာ မျက်လုံးနဲ့ တည့်တည့် ကိုပဲ ရေးတတ်ကြလို့တဲ့။ အဲဒီတော့ ယေဘူယျတော့ မှန်တာပေါ့ဗျာ။ ကျိန်းသေပြောဖို့တော့ ခက်ပြီ။ ကျွန်တော် လို ဆိုရင် မျက်လုံးနဲ့ တည့်တည့်မှာ ရေးချင်မှရေးမှာပေါ့။ နည်းနည်း မြှင့်ရေးချင်လည်း၊ နှိမ့် ရေးချင်လည်း ရေးမိမှာပဲ။ အဲဒါကြောင့် လူသတ်သမားရဲ့ အရပ်က ငါးပေကျော်ကျော်လို့ အတိအကျပြော လို့တော့ ဘယ် ရမှာလဲ”

ကိုစာအုပ်က လက်ဖက်ရည်တစ်ကျိုက်သောက်ပြီး

စာ-“ဟေ့ ဆားပုလင်းနှင်းမောင်က လူသတ်သမားကို စုံထောက်နေတာ လေ။ လူ့ဂွစာကို စုံထောက်တာ မဟုတ်ဘူး”

ဂိုင်း-“အဲလိုပြောလို့တော့ ဘယ်ရမလဲဗျ။ အားလုံး အတွက်မှန်ရမှာပေါ့။ လူက အမျိုးမျိုး ရှိတာကိုး”

စာ-“အဓိက ကယေဘူယျတွေ မှန်ဖို့လိုတာလေ။ အဲဒီကနေ ဆင့်ပွားပြီးမှ တွေးလို့ရမှာပေါ့ဗျ”

ဂိုင်း-“ကျုပ်ကတော့ သိပ်အလုပ်ဖြစ်တယ် မထင်ပေါင်၊ ကဲခင်ဗျားသိပ်တော်နေရင် ဟိုဒေါ်ကြီးမြကို ကြည့်ပြီး ပြောစမ်းဗျာ”

ကိုဂိုင်းမျိုးက ဆိုင်ရှေ့တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုကြီးသိန်းနှင့် ရပ်စကားပြောနေသော ပွဲစားဦး သောင်း ၏ မိန်းမ ဒေါ်ကြီးမြကို မေးငေါ့ပြသည်။ ကိုစာအုပ်က မေးစေ့ကိုလက်ဖြင့်ပွတ်ပြီး သေချာစဉ်း စားဟန်ဖြင့်

စာ-“ အင်း ဈေးခြင်းထဲမှာ ကြက်ခြေထောက်နှစ်ချောင်းထွက်နေတယ်။ ပြီးတော့ ကြောင်လျှာသီးနှစ်တောင့် လဲတွေ့တယ်။ တန်တော့ သူ့ယောက်ျားပွဲစား ဒီရက်ပိုင်းအတွင်း ပွဲဖြစ်ပုံရတယ်။ ဘာလို့လဲဆိုတော့ ဒေါ်မြကြီးက အရင်ကဆိုဒီလို ရပ်စကား ပြောဖို့နေနေ ဈေးခြင်းကို ဖွက်ကိုင်ပြီး လမ်းဟိုဘက်က သုတ်သုတ် သွားတာ။ အခုတော့ ဟင်းကောင်း တွေဝယ်လာတာ ကြွားချင်လို့ ဒီဘက်ကို လာပြီး စကားမရှိ စကား ရှာ ပြော။ ပြီးတော့ ကြောင်လျှာသီးဆိုတာလည်း ပုံမှန် အစားအစာမဟုတ်ဘူး။ တစ်ခါတစ် လေတစ်ကူးတက စားတာလို့ပြောလို့ရတယ်။ အဲဒီတော့ တစ်နည်း မဟုတ်တနည်း အဆင်ပြေလို့ပဲရှိရမယ်။ အဆင်ပြေ စရာဆိုလို့လည်း သူ့ယောက်ျားပွဲဖြစ်လာတာ တစ်ခုပဲရှိတယ်။ ကဲမယုံရင် မေးကြည့်ဗျာ”

ကိုစာအုပ်က ကျွန်တော့်ကိုပြောသည်။ ကျွန်တော်လည်း ထုံးစံအတိုင်း သူတို့နှစ်ယောက် အငြင်းအခုံတွင် ဒိုင်လူကြီးလုပ်ရဦးမည်။ ဒေါ်ကြီးမြကိုအော် မေးလိုက်သည်။

“ဒေါ်ကြီးမြ ဦးလေးသောင်း ပွဲဖြစ်တယ်ထင်တယ်နော်”

ဒေါ်ကြီးမြမှာ ဘယ်အချိန်ကပြောချင်နေသည်မသိ ကိုကြီးသိန်းနှင့် စကားအမြန်ဖြတ်ပြီး ကျွန်တော်တို့ဝိုင်း ကိုလာထိုင်ကာ ရေပက် မ၀င် အောင်သူ့ယောက်ျား အဆင်ပြေနေသည့် အကြောင်းကို နာရီဝက်ခန့် ပြော သွားလေသည်။ မည်သူမျှ စကားဝင်ပြောဖို့ရာ အခွင့်မရခဲ့။ အားလုံး မျက်နှာတွေရှံ့မဲ့ပြီး သူကြွားသမျှ အင်းအဲ လိုက် နေရသည်မှာ ဘယ်လောက်ဆိုးဝါးကြောင်း ကိုကြုံဖူးသူများ သိပါလိမ့်မည်။ လုံးဝမသိတတ်။ တစ်ဖက်သားစိတ်မ၀င်စားမစားလည်း မသိ။ ကျွန်တော်တို့သုံးယောက်မှာ ကြက်ကြီးလည်လိမ်ထား သလိုဖြစ်နေလေ၏။ ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးနေသော စကားဝိုင်းလေးမှာ ဒေါ်ကြီးမြ၏ စကားသံအောက်တွင် ပျောက် ကွယ်သွား လေပြီ။ ကျွန်တော်တို့ တော်တော်ကို အီစလံဝေသွားသည်။ အားရအောင်ပြောပြီး သူထွက်သွားမှ သက်ပြင်း ချနိုင်ကြ လေသည်။

ဂိုင်း-“ဘယ်လိုလည်း စုံထောက်ကျော်ကြီးရ ဒေါ်ကြီးမြက အဲလိုလာပြောမယ်၊ ကျွန်တော်တို့ ဒုက္ခရောက်မယ်၊ ဆိုတာကျတော့ ခင်ဗျားရွှေဥာဏ်တော်က မသိပါလားဗျ”

ကိုစာအုပ်ကြီးမှာ ဘာမှ ဆက်မပြောနိုင်တော့ပဲနှင့် ဆားပုလင်းနှင်းမောင် စာအုပ်ကို သာ မျက်မှောင် ကြီးကြုတ်ပြီး ဖတ်နေ ပါတော့သည်။

မိုးတိမ်ညို
April,2009

Read More...

Tuesday, April 7, 2009

လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း

“လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း”

ဆိုတဲ့စာကြောင်းလေးကို လူတိုင်းသိကြမှာပါ။ ပုဂံမှာ ရှိတဲ့ ဘုရားအရေအတွက်လို့ ဆိုပါတယ်။ တွက်ကြည့်လိုက်ရင် ဘုရားစေတီပေါင်း ၄၄၄၆၇၃၃ ရှိတယ်လို့ မှတ်သားရပါတယ်။ စေတီပေါင်း လေးသန်းကျော် ပေါ့။ အဲဒီအကြောင်းကို ငယ်ငယ်ကတည်း ကသင်ခဲ့ဖူးပါတယ်။ မှန်၏ မမှန်၏ တစ်ခါမှ မေးခွန်း မထုတ်ဖူးပါ။

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ်ကို ဖတ်လိုက်ရတော့မှ ပုဂံမှာ ရှိတဲ့ စေတီ ပေါင်းက နှစ်ထောင်ကျောင်ပဲ ရှိပါ သတဲ့။
လေးသန်းနဲ့ နှစ်ထောင် ဘာဖြစ်လို့ များ ဒီလောက်ကွာရတာလဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ပြောပါတယ်။ သာမန်တွေးကြည့်ရင်တောင် သိနိုင်ပါတယ်တဲ့။ ဒီလောက် ဧရိယာလေးမှာ စေတီလေးသန်း နေရာချကြည့်ပါဦး လူတောင် နေစရာရှိ မှာ မဟုတ်ဘူးတဲ့။ နှစ်ကာလရွေ့လျှောလို့ ပျက်စီးသွားတယ်ဆိုတာ လည်း မဖြစ်နိုင်ဘူးတဲ့။ ဆရာကြီးက ဆွေးနွေး ထားတာပါ။(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့်စကားပြောခြင်း)

ခက်တာက အဲဒီအဆိုကို မှန်မမှန် ကျွန်တော်တော့ တစ်ခါမှ သေချာ မစဉ်းစားခဲ့ဖူးဘူး။ မျက်စိမှိတ် လက်ခံထားတာပဲ။ အခုသိတော့ မှတခြား website တွေရှာဖတ်ကြည့်တော့ လည်း ဟုတ်တယ်တဲ့။ နှစ်ထောင်ကျော်ပဲတဲ့။ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

အဲလိုသိလိုက်ရတော့ တစ်သက်လုံး အလိမ်ခံရပါလားဆိုပြီး တွေးမိပါတယ်။ အဲဒီတော့ မှတ်တမ်းတင်တဲ့သူတွေက ချဲ့ကား သလိုဖြစ်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ချင့်ချိန်စဉ်းစားပြီးမှ ယုံသင့်တယ်ဆိုတာ ပြောချင်လို့ပါ။


Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP