Thursday, April 16, 2009

ငါးဖမ်းနည်းသာ သင်ပေးပါ

ငယ်ငယ်ကအမေ ပြောဖူးတဲ့ အကြောင်းအရာတစ်ခုပါ။

ရွာတစ်ရွာမှာ တောင်ကျောင်းနဲ့ မြောက်ကျောင်းရယ် ဆိုပြီး ဘုန်းကြီး ကျောင်း နှစ်ကျောင်းရှိသတဲ့။ အဲဒီ ဘုန်းကြီး ကျောင်းနှစ်ကျောင်း ကတစ်ကျောင်းနဲ့ တစ်ကျောင်း အပြိုင်အဆိုင်။ ကျောင်းထိုင်ဆရာတော်က စပြီး ဘုန်းကြီးကျောင်းသား အထိ ပြိုင်ကြတယ်တဲ့။ တစ်ခါတော့ တောင်ကျောင်းကကိုယ်တော်တစ်ပါးနဲ့ မြောက်ကျောင်းက ကိုယ်တော် တို့ ဆွမ်းခံကြွလာရာက လမ်းမှာ ဆုံကြသတဲ့။ နောက်မှာလည်း ဘုန်းကြီးကျောင်းသား လေးတစ်ယောက်စီက ဆွမ်းချိုင့်လေးတွေဆွဲလို့ပေါ့။ ကိုယ်တော်နှစ်ပါးလည်း တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် တရားအကြောင်းတွေ အပြိုင် အဆိုင်ငြင်းနေ ကြတာပေါ့။ အဲလိုငြင်းနေတုန်း နောက်ကနေ ကျောင်းသားလေးတစ်ယောက်ပြောလိုက်တာ ကြားမိသတဲ့။ တောင်ကျောင်းက ကျောင်းသား လေးက

“တွေ့လား တို့ကိုယ်တော်က လမ်းလျှောက်တာပိုမြန်တာ မင့်ကိုယ်တော်က မနည်းမှီအောင်လိုက် နေရတာ”

အဲလိုကြားတော့ မြောက်ကျောင်းကိုယ်တော်လည်း မနေသာတော့ပဲ နည်းနည်း သုတ်သုတ်လေးလျှောက် မိတယ်။ အဲဒီမှာ မြောက်ကျောင်းက ကျောင်းသားလေးက ပြောပြန်ရော

“မဟုတ်ပါဘူးကွ ငါ့တို့ ကိုယ်တော်က ပိုမြန်တာ ကြည့်ပါလား”

တောင်ကျောင်းက ကိုယ်တော်လည်း မြောက်ကျောင်းက ကိုယ်တော်ကို ကြည့်ပြီး သူ့ထက်နည်းနည်း ပိုမြန်အောင် လျှောက်ပြလိုက်တယ်။

“တွေ့လားတို့ကိုယ်တော်ကမြန်တာ”

“မဟုတ်ဘူးတို့ကိုယ်တော်က မြန်တာ”

အဲလိုကျောင်းသားလေး နှစ်ယောက် ငြင်းလာလိုက် ကိုယ်တော်တွေက သုတ်သုတ် လျှောက်လိုက်နဲ့ နောက်ဆုံး တော့ ကိုယ်တော် နှစ်ပါး ဖိနပ်လေးတွေ ချွတ်ကိုင်ပြီး ပြေးကြပါလေရောတဲ့ဗျာ။


အမေ ပြောချင်တာက အပြိုင် အဆိုင်ရှိမှ တိုးတတ်မယ်ဆိုပေမယ့် ဘာကို ပြိုင်မှာလဲဆိုတာ အရေးကြီးတဲ့ အကြောင်းပါ။ အဲဒီတုန်းက ကျောင်းတွေမှာ ကျောင်းသားတွေ အဆင့်အနည်းအများကို ကျွန်တော်တို့ ကလေးတွေထက် မိဘတွေကပို စိတ်ဝင်စား ကြတယ်လေ။ ကျွန်တော့် အမေရဲ့ ထူးဆန်းတဲ့ အချက်က အဲဒီ အဆင့်ဆိုတာကို လုံးဝကို မမက်မောတာပါ။ အဆင့် တစ်ရမှ နှစ်ရမှ ဘယ်တော့ မှ မရှိဘူး။ အဓိက က စာကို နားလည်ရင် ပြီးတာပဲတဲ့။

ဥပမာ စာစီစာကုံးတွေ ဘာတွေဆိုရင် တစ်ချို့ မိဘတွေက ရေးပေးပြီး ကလေးတွေက ကျက်ဖြေရတယ်လေ။ ကျွန်တော်တို့ မိဘတွေကတော့ ဗျာ ကိုယ့်ဟာကို ရေးခိုင်းတာ။ အဲဒီတော့ ကျက်ပြီး ဖြေတဲ့ ကလေးလောက်တော့ ဘယ်တော့မှ အမှတ် မကောင်း ဘူးပေါ့ဗျာ။ မှန်တယ် မှား တယ်တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပါ။ ဘာပဲ ပြောပြော အဆင့်တို့ အမှတ်တို့ ဂရိတ်တို့ ဘွဲ့တို့ ဆိုတဲ့ စာရွက် ပေါ်က အရည် အချင်းတွေက လည်း လူ့ဘ၀မှာ တော်တော် (တော်တော်) အရေးပါတဲ့ နေရာက ရှိနေပါ တယ်ဗျာ။ ပညာရေးစနစ်နဲ့ လည်းဆိုင်မယ် ထင်ပါတယ်။ ကျွန်တော် ထင်တာတော့ ပညာရေး စနစ်ကောင်းတဲ့ နိုင်ငံတွေမှာ စာရွက်ပေါ်က အရည် အချင်းနဲ့ တကယ့် အရည် အချင်းက တိုက်ရိုက် နီးပါးလောက် အချိုးကျနေတော့ စာရွက် ပေါ်က အရည် အချင်းက တော်တော် တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မသေချာဘူးပေါ့ဗျာ။

အမေ ပြောနေကျ စကားတစ်ခွန်းရှိတယ်

“တစ်စုံတစ်ယောက်ကို တစ်ကယ်ချစ်ရင် ငါးဖမ်းနည်း သင်ပေးပါ၊ ငါးတစ်ကောင်လုံး မပေးလိုက်ပါနဲ့တဲ့”

နိုင်ငံ ခြားစကားပုံလေးတစ်ခုပေါ့။ အတိအကျကတော့

“Give a man a fish; you have fed him for today. Teach a man to fish; and you have fed him for a lifetime”—Author unknown

ကျွန်တော်လည်း အရမ်းကြိုက်ပါတယ်။ ကျွန်တော်နားလည် မိသလောက်တော့ အမေ ဆိုလိုချင်တာက စာရွက်ပေါ်က အရည်အချင်း ဆိုတဲ့ ငါးကြီးကို (နည်းလမ်းမျိုးစုံနှင့်) ပေးမယ့် အစား အဲဒီ အရည် အချင်း တွေ ဘယ်လို ရအောင်လုပ်ရ မလဲဆိုတဲ့ အသိကို တစ်ဘ၀လုံးအတွက် သင်ကြားပေးသင့်တယ်လို့ ဆိုလိုတာ ထင်ပါတယ်။

April,2009
မိုးတိမ်ညို

3 comments:

သီဟသစ် April 17, 2009 at 7:45 AM  

သေချာဖတ်ပြီးမှတ်သားသွားပါတယ်ဗျာ..
ပျော်ရွှင်နှစ်သစ် ရင်ခုန်နှစ်သစ်ဖြစ်ပါစေဗျာ

Dr Phyo Wai Kyaw April 17, 2009 at 11:15 AM  

ကျနော်သိရသလောက်ကတော့
အမေရိကန်မှာတောင်
ဘွဲ့မှာပါတဲ့ အရည်အချင်းနဲ့ အလုပ်ကောင်းရရှိမှုက
ပြောင်းပြန်အချိုးကျနေတယ်
မဆန်းဘူးလား...
ဘယ်တုန်းကဖတ်ရတာလဲဆိုတော့ မနှစ်က..

မသက်ဇင် April 20, 2009 at 8:26 PM  

ဖတ်ရင်းရယ်မိတယ်
ပုဂံမြေပုံလေးအတွက်လည်း ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP