Showing posts with label ထူးဆန်းပါပေ့ ဆရာတွတ်ရယ်. Show all posts
Showing posts with label ထူးဆန်းပါပေ့ ဆရာတွတ်ရယ်. Show all posts

Thursday, February 19, 2009

ထူးဆန်းပါပေ့ ဆရာတွတ်ရယ်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယျေဘူယျအားဖြင့် လက်ဖက်ရည်ကို ကော်ဖီထက် ပိုသောက်ကြတယ်။ လက်ဖက်ရည် ယဉ်ကျေးမှု့တစ်ခုလိုကို ဖြစ်နေပြီ။ သူငယ်ချင်းမိတ်ဆွေတွေများ လာလည်ရင် “လက်ဖက်ရည်ဆိုင် သွားကြမယ်ကွာ” လို့ ခေါ်လေ့ရှိကြတယ်။

စင်ကာပူနိုင်ငံမှာတော့ လက်ဖက်ရည်က တစ်မျိုးပဲရတယ်။ ဘာလာလာဒါပဲ။ ကျွန်တော်တို့ နိုင်ငံလို အရသာစုံ မရှိဘူး။ ကျွန်တော်တို့ ဆီမှာတော့ ချိုဆိမ့်၊ ချိုပေါ့၊ ကျဆိမ့်၊ ဖန်ဆိမ့်၊ ရိုးရိုး၊ ရှယ်စသဖြင့် မျိုးကို စုံနေတာပဲ။ ဒါပေမယ့် တစ်ခါတော့ လက်ဖက်ရည်ဆိုင်ကို သူငယ်ချင်းတွေနဲ့ သွားထိုင်ကြတာ ရယ်စရာဖြစ်ပုံလေးကို ပြောချင်လို့ပါ။ ကျွန်တော်တို့ ဆီမှာက လက်ဖက်ရည်ဆိုင် စာပွဲထိုးလေးတွေက ကလေးတွေများတယ်။ အဲဒါကျွန်တော်တို့ တစ်တွေဝိုင်းထိုင်ကြတော့ စားပွဲထိုးလေး တစ်ယောက် ကထလာပြီး “အစ်ကိုတို့ ဘာမှာမှလဲ” ဆိုတော့ ကျွန်တော်တို့ တစ်တွေက တစ်ယောက်တစ်ပေါက် ကိုယ်ကြိုက်ရာမှာကြတာပေါ့။ သူကလည်း သေချာမှတ်တယ်။ ဒီအစ်ကိုကြီးက ကျဆိမ့်၊ ဟိုအစ်ကိုကြီးက ချိုပေါ့၊ ဟိုဘက်က အစ်ကို ကြီးက ချိုဆိမ့်၊ ဒီဘက်ကတစ်ယောက်က ဖန်ချို စသဖြင့် သေချာမှတ်တာ။ ပြီးတော့ လက်ဖက်ရည်မှာဖို့ ထွက်သွားပြီး ကျွန်တော်လည်း အိမ်သာသွားချင်တာတဲ့ နောက်ဖေးကို ထွက် အလာမှာ သူအဖျော်ဆရာကို မှာနေတာ ကြားလိုက်ရတယ်။ “အစ်ကို ရေ လက်ဖက်ရည် လေးခွက်တဲ့” ဗျ။ ခဏနေ သူလက်ဖက်ရည် လာချတော့ သေသေချာချာဗျာ။ ဟိုအစ်ကို ကြီးက ကျဆိမ့်၊ ဒီဘက်က အစ်ကိုကြီး ကချိုဆိမ့် ဟိုဘက်က .... အဲလို သေချာချပေးတာဗျာ။
အော် ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။

Read More...

Sunday, December 21, 2008

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၂)


ကျွန်တော့် အမေကို အခြားသူများက ကပ်စေးနဲသည်ဟု ဆိုကြလေသည်။ အချို့ကမူ စည်းစနစ်ကျသည် ဟုဆိုသည်။ ကပ်စေးနဲ သည်ဟုဆိုလျှင် အပျက်သဘောတွေးခြင်းဖြစ်ပြီး စည်းစနစ်ကျသည်ဟု တွေးလျှင် အပြုသဘောတွေးခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့် အမေသည် အနည်းငယ် နှမြောတတ် သူတစ်ဦးဟုထင်ပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ အိမ်ထောင်ရှင်မတစ်ဦးအနေနှင့် အလေ အလွင့် နည်းပါးစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းရမည် မဟုတ်ပါလား။ ကျွန်တော်တို့အိမ်တွင်လည်း မည် သူ ကမှ စေ့စေ့စပ်စပ်မရှိသဖြင့် အမေမှ မထိန်းသိမ်းလျှင်လည်း အလေအလွင့်က တော်တော်များ မည် ဖြစ်သည်။ ထို့ကြောင့် အမေ၏ နှမြောတတ်သော အကျင့်သည် ကျွန်တော်တို့ မိသားစုထဲတွင် အရေးပါသလို တစ်ခါ တစ်ခါရယ်စရာ (အကောင်းဘက်ကပြောခြင်းဖြစ်သည်)လည်း ဖြစ်တတ်လေသည်။

တစ်ညသော် ကျွန်တော်တို့ မိသားစု အားလုံးအိပ်ယာဝင်ကြသည့် အချိန်တွင် အောက်ထပ် ဧည့်ခန်းထဲမှ အသံကြားသဖြင့် ကျွန်တော် ဆင်းကြည့်ရာ အမေ့ကို ဆက်တီခုံပေါ်တွင် တစ်ယောက်တည်း ထိုင်ပြီး ဘုရားစာ ရွတ်နေသည်ကိုတွေ့ ရသည်။ တွေ့ရိုးတွေ့ စဉ်မဟုတ်သဖြင့် ကျွန်တော်အံ့သြသွား ပြီး အမေ့ကိုမေးလိုက်သည်။ “ အမေ မအိပ် သေးဘူးလား ဘာလုပ်နေတာတုံး“ အမေကမော့ ကြည့်ပြီး “အေးဒီမှာ ခြင်ဆေး ခွေလေး မကုန်သေးလို့ထိုင်နေတာ“
ကြည့်လိုက် တော့ ခြင်ဆေးခွေလေးက လက်တစ်ဆစ် လောက်သေးသေးလေး ကျန်နေခြင်းဖြစ်သည်။ မီးငြိမ်းလိုက် လျှင်လည်း နောက်တစ်ခါ ပြန်ထွန်းရမည် မဟုတ်တော့ချေ။ အမေက ဒီခြင်ဆေးခွေလေးကို သူ့ဟာသူ ကုန်သွား အောင်ထွန်းထားခဲ့ရမည်ကို လည်း မသိစိတ်က နှမြောနေပုံရသည်။ အမေ့ စိတ်ကူးထဲတွင် ခြင်ဆေး ထွန်းထားလျှင်လူထိုင်နေမှ အကျိုးရှိမည်ဟူသော အချက်သာ လောလော ဆယ်ရှိနေသည်ဟုထင်သည်။ ထိုကြောင့် အိပ်ချင်ရက်နှင့် အပင်ပန်းခံပြီး ပေထိုင်နေခြင်းဖြစ်လေသည်။ တစ်ခါအလေ လူများမှာ အဲလို အတွေးလွန်ပြီး အတွေးချော်သွားတတ်သည်။
ထိုနည်း၎င်းပင် ကျွန်တော်၏ အစ်ကိုဝမ်းကွဲတစ်ယောက်လည်းဖြစ်ဖူးသည်။ သူသည် ကျွန်တော့် အမေဖက်မှ ဖြစ်ပြီး လူလတ်ပိုင်းစီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ စီးပွားရေးတွက်တွက်တတ်သည်။ တစ်ခုခုရင်းနှီးပြီး လျှင် အကျိုးအမြတ် တစ်ခုခုတော့ ပြန်ရမှ ဖြစ်မည် ဟူသော သူမျိုးဖြစ်သည်။ တစ်ခါသော် နိုင်ငံခြားဇာတ်ကားတစ်ကား ရုပ်ရှင်ရုံတွင် ပြသရာသူကအရင်ကြည့်ပြီး အလွန်ကောင်းသဖြင့် ဆွေမျိုး များကြည့်ရန် နောက်ရက်တွင် လက်မှတ်ငါးစောင်ဝယ်ခဲ့ လေသည်။ ရုပ်ရှင်သွားခါနီးတွင် တစ်ယောက်က အရေးကြီး ကိစ္စပေါ်လာသဖြင့် မလိုက်နိုင်ခဲ့ရာ အခြားလူတစ်ယောက် ကို လူစားထိုးရန်ရှာဖွေရာ ကံဆိုးစွာ ပင်ဆွေမျိုးမိတ်ဆွေများထဲမှ မည်သူကမှ မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ရုပ်ရှင်ရုံတွင် ပိုနေသော လက်မှတ်တစ်စောင်ကို ပြန်ရောင်းရန် ကြိုးစားရာလည်း ၀ယ်မည့် သူရှာမတွေ့ပါ။ ကြံရာမရသည့် အဆုံးတွင် ထိုအစ်ကို သည် အနွေးထည်လေး ၀တ်ပြီး ရုပ်ရှင်ရုံထဲသို့လိုက်ထိုင်ကာ ဇာတ်ကားပြီးသည် အထိထိုင်ခုံတွင် ထိုင်အိပ်နေပါသည်။ ၀ယ် ထား သည့် ထိုင်ခုံ အလဟသ အဖြစ်မခံနိုင်လို့ တန်အောင် အပင်ပန်းခံပြီး ထိုင်ခုံပေါ်တွင် လာအိပ်ခြင်းဖြစ်လေသည်။
လူများမှာ အကြောင်းအရာတစ်ခုတည်းကို ဂရုစိုက်လွန်းလျှင် ထိုကဲ့သို့ ရံဖန်ရံခါဖြစ်တတ်လေသည် ဟုထင်ပါသည်။ ထိုကိစ္စများ ကိုနောင်တွင် ပြန်ပြောသော အခါရယ်စရာ အကြောင်းအရာများအဖြစ် ကျန်ရစ်ခဲ့ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ဟုသာရေရွတ် လိုက်ပါတော့သည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

Saturday, December 20, 2008

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၁)

ဆရာဆွေမင်း(ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ဇာတ်လမ်းထဲမှ မုဆိုးကျော် ဦးတွတ်ပီ၏ တပည့်ကျော် ဗိုက်ကလေး ပြောနေကျ စကား “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ကိုခေါင်းစဉ်အဖြစ် အသုံးပြုထားပါ သည်။
*********************************************************************
ဖော်ပြပါပုံမှာ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရှိဆေးရုံ တွင်ရှိသော ကြော်ငြာသင်ပုန်းတစ်ခုပုံဖြစ်လေသည်။ ဆေးရုံများတွင် ထိုကဲ့သို့သော ကြော်ငြာသင်ပုန်းများ ဌာနတိုင်းလိုလိုတွင်ရှိသည်။ ထိုကြော်ငြာသင်ပုန်းရှိ စာများမှာ ထိုဆေးရုံတွင် တတ်ရောက်ကုသခဲ့သော လူနာများ ဆေးရုံမှ ဆင်းသောအခါတွင် ရေးသားသွားခဲ့ ကြသော ကျေးဇူးတင်လွာများဖြစ်ပါသည်။ လူနာကိုယ်တိုင်သော်ဖြစ်စေ၊ လူနာ၏ ဆွေမျိုးမိတ်ဆွေများမှ ဖြစ်စေ ဆေးရုံတွင် နေထိုင်စဉ်အတွင်း တွင် ဆေးရုံရှိ ဆရာဝန်ကြီးများ၊ သူနာပြုများ နှင့် အခြားသော ၀န်ထမ်း များမှ မိမိတို့ကို နွေးနွေးထွေးထွေး ပျုပျုငှာငှာ ဖြင့် ဆွေမျိုးရင်းနှင့် မခြား ပြုစုစောင့်ရှောက်ခဲ့ပုံ များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသား က ကျေးဇူးတင်လွာကဒ်ပြားလေးများ ကပ်ထားခဲ့ခြင်းဖြစ်လေသည်။ ထိုကြော် ငြာသင်ပုန်းကို ကြည့်ပြီး ကျွန်တော်လို အပြင်လူပင် ကြည်နူးပီတိဖြစ်မိပါသည်။ ကာယကံရှင် ဆေးရုံဝန်ထမ်းများ ဆိုလျှင်အဘယ်မျှ ကြည်နူးလိုက်မည်ကို မှန်းဆ၍ရနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံရှိဆေးရုံအတော်များများကို လည်း ဆွေမျိုး မိသင်္ဂဟများဖြင့် ပတ်သက်၍ရောက်ဖူးခဲ့ပါ သည်။ ဆရာဝန်၊ဆရာမ၊ ဆေးရုံဝန်ထမ်းအများအပြားကို ဆက်ဆံဖူးပါသည်။ သူတို့ဆီမှ ဆေးရုံများနှင့် နှိုင်းယှဉ်ကြည့် ပြီး ထိုကဲ့သို့ ကြောငြာသင်ပုန်းထားရှိလျှင် ကောင်းမလားဟု မိတ်ဆွေတစ်ဦးနှင့် တိုင်ပင်ကြည့်ရာ သူက ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လိုကြည့်ပါသည်။
သူတို့ ဆေးရုံများမှ ကြော်ငြာသင်ပုန်းများကို ကြည့်ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ဟုသာ ရေရွတ်မိပါတော့သည်။
ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
www.walkinginthedesert.blogspot.com

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP