Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Monday, July 13, 2009

သူ့အမြင်ကိုယ့်အမြင်

(၁)


ရန်ကုန်မြို့တော်၏ ရပ်ကွပ်တစ်ခုအတွင်းမှ လမ်းသွယ်လေးတစ်ခုတွင် ခေတ်ဆန်ဆန်လူငယ်လေးတစ်ယောက် သည်ကျောပိုးအိတ်လေးလွယ်ကာ တစ်နေရာသို့ဦးတည်နေလေသည်။ ထိုအချိန်တွင် ကိုရင်နှင့် ဦးဇင်း ကြားအရွယ် လောက်ရှိ သင်္ကန်းဝတ် ကိုယ်တော်လေး တစ်ပါးသည် မချင့်မရဲဖြင့် ထိုသူငယ်လေး အနားကို ချည်းကပ် လာလေသည်။ ထိုနောက် မ၀ံ့မရဲလေသံလေးဖြင့်

“ဒကာလေး ဦးဇင်း နယ်ကလာတာပါ ပိုက်ဆံအိတ်ကျပျောက်သွားလို့ အဲဒါ..နေ့ဆွမ်းကလည်း မစားရသေးဘူး”

ထိုအခါထိုသူငယ်လေးသည် စိတ်မရှည်ဟန်ဖြင့် ပိုက်ဆံအိတ်ကို ထုတ်ကာ ဆယ်တန်တစ်ရွက် ကမ်းပေး လိုက်လေသည်။ ဦးဇင်းလေး၏ မျက်နှာမှာ အလွန်အမင်းပျက်သွားပြီး

“ဟာ နေနေ ဒကာရပါတယ်”

ဟုဆိုကာ ရှက်ကိုးရှက်ကန်း ခြေလှမ်းအမှားမှားနှင့် တက်သုတ်ရိုက်ထွက်သွားလေသည်။ ယခုခေတ်တွင် တစ်ဆယ်ဆိုသည့်ပိုက်ဆံမှာ သူတောင်းစားတောင် လက်မခံချင်တော့သော ပိုက်ဆံ ဖြစ်သောကြောင့်ပင်တည်း။

*******************************************************************
(၂)


အထက်ပါဖြစ်ရပ်ကို မိတ်ဆွေဖတ်ရှု့မိပါက အဆိုပါကောင်လေးကို အလွန်ရိုင်းစိုင်းသော ကောင်လေးဟု ထင်ကောင်းထင်ပါလိမ့်မည်။ ဦးဇင်းလေးကို သနားကောင်း သနားမိလိမ့်မည်။ သို့သော်လည်း အကြောင်းစုံကို အရင်တင်ပြခွင့်ပြုပါ။ ပြီးမှ မိတ်ဆွေကောက်ချက်ချကြည့်ပါလို့ အကြံပြုလိုပါတယ်။

ကျွန်တော်လည်း ထိုဖြစ်ရပ်ကို မလှမ်းမကမ်းမှ မြင်တွေ့လိုက်ပါသည်။ အဆိုပါကောင်ကလေးကိုလည်း ရပ်ကွပ်တည်းကမို့ အတန်ငယ်မျက်မှန်းတန်းမိနေပါသည်။ သို့ကြောင့် နောက်ရက်တွင် ထိုကောင်လေး နှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံသော အခါတွင် မေးကြည့်မိပါသည်။

“ဟုတ်တယ်ဦးလေးရေ ကျွန်တော်လည်း စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော့်လုပ်ရပ်က ရိုင်းသလိုဖြစ်သွားတယ် ထင်တယ်။ ဒါလည်း အကြောင်းရှိတယ်ဦးလေးရေ။ ဒီလိုဗျ”

အောက်ပါအကြောင်းအရာများမှာ အဆိုပါကောင်လေး ပြန်လည်ပြောပြသော အကြောင်များဖြစ်ပါသည်။
**************

(၃)


ဒီလိုဗျ။ ကျွန်တော်တစ်ခါက မြို့ထဲကို အသွား လမ်းမှာ ဦးဇင်းတပါးတွေ့တယ်။ သူကနေ့ဆွမ်းမစားရသေးလို့ ဆိုပြီးတော့ အလှူခံလို့ ကျွန်တော်က ကျွန်တော်ရတဲ့ မုန့်ဖိုးထဲက ငါးရာလှူလိုက်တယ်။ ညနေကြတော့ ကျွန်တော် မြို့ထဲက ပြန်လာတော့ လမ်းက ဘီယာဆိုင်တစ်ဆိုင်မှာ အဲဒီဦးဇင်းကို လူဝတ်နဲ့တွေ့တယ်ဗျာ။ ဦးထုတ်လေးဆောင်းလို့။ ဘာလို့ အတိအကျမှတ်မိသလဲဆိုရင် သူ့မျက်နှာမှာ အမှတ်တစ်ခုပါတယ်လေ။

နောက်တစ်ခါက ကိုရင်လေးတစ်ပါး။ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်နေတုံး သပိတ်ပိုက်ပြီး အနားလာရပ်တယ်။ ကျွန်တော်လည်း ကန်တော့ပါသေးရဲ့လို့ ပြောမိတယ်။ အဲဒါကို သူကဘုကြည့်ကြည့်ပြီး ပေကပ်ကပ်နဲ့ ဆက်ရပ်နေတယ်ဗျာ။ ကျွန်တော်က ကိုရင် ကန်တော့ပါသေးရဲ့လိုပြောတာကြားလား ဆိုတော့လည်း မရဘူးဗျာ။ အနားမှာပဲ ရပ်နေတယ်။ ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်း လည်းဗျာ။ တော်တော်ကြာမှ မကျေမနပ်နဲ့ထွက်သွားသေး။ ယုံချင်ယုံ မယုံချင်နေ။ မကြားတစ်ကြားတောင် ဆဲသွားသေးတယ်။ အဲဒီ ကတည်းက သင်္ကန်းဝတ်ကို ကြောက်သွားတာ။ အခုကိစ္စကတော့ ရုတ်တရက်ဆိုတော့ ဗျာ အရင်ကအရှိန်နဲ့ ပေါင်းပြီး ရိုင်းသလိုဖြစ်သွားတယ်။ ကျွန်တော်လည်း တွေးမိတိုင်းစိတ်မကောင်းဘူး။ အဲဒီ ဦးဇင်းလေးကများ အတကယ့် အမှန်အကန် ဦးဇင်းလေးဆိုရင်တော့ တော်တော်ခံစားသွားရမှာပဲ

**********************
(၄)


ဦးဇင်းလေး ဦးကောဝိဒသည် ငယ်ဖြူကလေး ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး မရှိတော့ သဖြင့် ရွာဦးကျောင်းမှာပဲ ကိုရင်ဝတ်နှင့်နေလေသည်။ ထိုနောက် ဦးဇင်းလေးဖြစ်လာလေသည်။ ဦးဇင်းလေးသည် ငယ်ငယ်ကတည်းက မြို့ကိုတစ်ခေါက်မှ မရောက်ဘူး။ ယခု ဆရာတော်နေမကောင်း၍ ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ကုသသောအခါမှ ရန်ကုန်သို့ ဆရာတော်၏ ဒကာများနှင့်အတူရောက်လာလေသည်။

တစ်နေ့တွင်ဆရာတော်ကို အခြားစောင့်မည့်သူများရှိသဖြင့် ခွင့်ပန်ပြီး မြို့ထဲသို့ ထွက်လာခဲ့သည်။ မရောက်ဖူးသဖြင့် သူ့အတွက်တော့ အထူးအဆန်းချည်းပဲ ဖြစ်နေသည်။ တစ်နေရာအရောက်တွင် ဘက်(စ်)ကား ပေါ်မှ အဆးင်းတွင် သူ့၏ပိုက်ဆံအိတ်မရှိတော့တာ သတိထားမိသည်။ ဦးဇင်းလေး အလွန်တုန်လှုပ်သွားသည်။ ရန်ကုန်မြို့ကြီးထဲတွင် ပိုက်ဆံမရှိပဲ သူဘယ်လိုပြန်ရပါ့မလဲ။ သူတစ်စုံတစ်ယောက်ကို အကူအညီတောင်းရန်ဆုံးဖြတ်ခဲ့လေသည်။

သနားကမားနှင့် ရည်မွန်ဟန်ရှိသော သူငယ်လေးထံသို့ ဦးဇင်းလေး ချည်းကပ်ပြီး အလှူခံခဲ့လေသည်။ သို့သော်လည်း သူ ခါးသီးရက်စက်သော တုန့်ပြန်မှု့ကိုသာရခဲ့လေသည်။ အဲဒီနေ့က သူအခြားမည့်သည့် အကူအညီမှ မတောင်းခံရဲတော့ပဲ ဆေးရုံအထိ ခြေလျှင်လျှောက်ပြန်ခဲ့လေသည်။

ရွာပြန်ရောက်တော့ ရွာမှ တကာများကို ရန်ကုန်အတွေ့ အကြုံကို နာကြည်းစွာပြန်ပြောပြလေသည်။

“မလွယ်ပါဘူး ဒကာတို့ရာ ရန်ကုန်မြို့ကြီးက လူတွေက အတော်ကြောက်စရာကောင်းပါတယ်။ ကျုပ်အလှူခံတာကို ကျုပ်ကို သူတောင်းစားတစ်ယောက်လို သဘောထားတယ်လေ။ ရန်ကုန်မြို့ကြီးတော့ ကြောက်ပါပြီ ဒကာတို့ရာ”

***********************************
(၅)


အထက်ပါအကြောင်းအရာများကို အကြောင်းစုံသိရှိပြီး ကျွန်တော် အဖြစ်အပျက်ကို သေချာစဉ်းကြည့်ပြီး သက်ပြင်းချမိပါသည်။ သူ့ရှု့ဒေါင့်နှင့်သူတော့ မှန်နေကြတာလေပဲ ဟုသာ ထင်မိပါသည်။


ဇူလိုင်၊၂၀၀၉။
မိုးတိမ်ညို

Read More...

Thursday, July 9, 2009

ကိုဂိုင်းမျိုး၊ ကိုစာအုပ်နှင့် ကျွန်တော်- Hip Hop အမှန်နှင့် အမှား

“နင့်အမေတော့ မသိရှာဘူး ငါ့သမီးလေး ကျူရှင်တတ်နေတာ ကွယ်ရာကြပါသွားပြန်ပြီ အကောင်တစ်ကောင်နဲ့ လူမမြင်တဲ့ဂေဟာ အရွယ်ရောက်လို့ အိမ်ထောင်ကျလည်း မယူခင်ပဲ့နေတာ…”

ဘေးဝိုင်းမှ ဆယ်ကျော်သက်အရွယ် လူငယ်လေးများထံမှ ဂျောက်ဂျက်၏ hip hop သီချင်းသံသည် ကျွန်တော်တို့ ၀ိုင်းသို့ ပျံလွင့်လာလေသည်။ ကိုစာအုပ်သည် ထိုသီချင်းသံကို ကြားပြီး လက်ဖက်ရည် သောက်နေရာမှ နင်မလိုဖြစ်သွားသဖြင့် လက်ဖက်ရည်ခွက်ကို အမြန်ချကာရေနွေးကြမ်းဖြင့် မျှောချလိုက်ရ လေသည်။

“အင်း မြန်မာ့ ယဉ်ကျေးမှု့ကြီးတော့ ပျက်စီးပါပြီကွာ”

ယခုတစ်ခါလက်ဖက်ရည်သီးသွားသည်မှာ ကိုဂိုင်းမျိုးဖြစ်လေသည်။

ဂိုင်းမျိုး- “အံမယ် ကိုစာအုပ်ရ ဒီသီချင်းကြားရတာနဲ့ ဘယ်နဲ့ မြန်မာ့ယဉ်ကျေး မှု့ကြီးက ပျက်စီးရမှာတုံး ဗျ”

စာအုပ်-“ဒီလိုလေ ဂီတမှာ ပေါက်ကွဲသံစဉ်ဆိုတာ ကျွန်တော်လည်း နားလည်ပါတယ်။ ခံစားချက်ကို ပေါက်ကွဲပစ်လိုက်တာ ကြမ်းကြမ်းရမ်းရမ်းပေါ့ဗျာ။ အခုဟာက ပေါက်ကွဲတာ မဟုတ်တော့ ဘူး ရိုင်းတာ ဖြစ်သွားပြီ ခင်ဗျားလည်း ကြားဖူးမှာပါ ဒီထက်ရိုင်းတဲ့ စကားလုံးတွေရှိသေးတယ်”

ဟုတ်ပါသည်။ ကျွန်တော်လည်း ထိုသီချင်းများကို နားထောင်ဖူးပါသည်။ စာသားတွေကတော့ တော်တော် ကြမ်းသည်။ ဒါပေမယ့် နားထောင်လို့တော့ သိပ်မဆိုးသလိုလို။ ထိုထက်ပို၍ များများမတွေးမိပါ။ ကိုစာအုပ်က ဆက်ပြောသည်။

စာအုပ်-“ဘယ်နှယ့်ဗျာ အမေနှမ ကြားလို့မှ မသင့်တော့ ဒီလောက် အောက်တန်းကျပြီး အောက်တန်းကျရိုင်းစိုင်း တဲ့စကားလုံးတွေကို ဘယ်လိုလုပ်ဂီတလို့ အသိအမှတ်ပြုရမလဲ။ အဲဒါအဲဒီဆိုတဲ့သူရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပဲ”

ဂိုင်းမျိုး- “ဒီလိုရှိတယ် ကိုစာအုပ်ရ ဒီနေရာမှာတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ အတွေးအခေါ်မတူတော့ဘူး။ ဟဲဟဲကျုပ်က ခေတ်ရေစီးကြောင်းကို ပိုလိုက်နိုင်တဲ့လို့ ဆိုရမလားပဲ”

ကိုစာအုပ်က ဖြတ်ပြောသည်။

စာအုပ်-“ဒါကခေတ်ရေစီးကြောင်းဆိုရင်တော့ မမှီရင်လည်း နေပါစေဗျာ”

ဂိုင်းမျိုး-“ကျုပ်အယူအဆကတော့ လူ့သဘာဝကို မကွယ်မ၀ှက်ပဲ ပွင့်ပွင့်လင်းလင်း ဖော်ပြတာလို့ ဆိုချင်တာပဲ”

ကျွန်တော်-“လင်းစမ်းပါဦးဗျ”

ဂိုင်းမျိုး-“ဒီလိုလေ လူတွေရဲ့ စိတ်က အရိုင်းစိတ်လို့ ဆိုကြတယ်ဗျ။ အဲဒါ ခင်ဗျားတို့ လက်ခံသလား”

ကျွန်တော်-“ဟုတ်တယ်ထင်တာပဲ ဗုဒ္ဓဘာသာမှာတောင် စိတ်ကို နွားရိုင်းနဲ့ နှိုင်းထားတာ ရှိသလိုပဲ။ ဟိုဟာလေဗျာ ဘာတဲ့ ရားထိုင်တဲ့ အခါစိတ်ကို နွားရိုင်းကို တိုင်မှာချည်ပြီး တစ်ဖြည်းဖြည်းနဲ့ ငြိမ်သွားအောင် စုစည်းသလိုဆိုလား မသိဘူး ကြားဖူးတယ်”

ဂိုင်းမျိုး-“အဲဒီ အရိုင်းစိတ်ကို ဘာသာရေး၊ လူမှု့ရေး၊ ယဉ်ကျေးမှု့၊တရားဥပဒေ ဆိုတာတွေနဲ့ ထိန်းထားရတာဗျ။ ဥပမာဗျာ ခင်ဗျား မကျေနပ်တဲ့ သူတစ်ယောက်ကို ဥပဒေမရှိ၊ ငရဲကြီးတာမရှိဘူး ဘာအနှောင်အဖွဲ့မှ မရှိဘူးဆိုရင်ခင် ဗျားဘာလုပ်မလဲ။”

ကျွန်တော်-“သတ်ပစ်ချင်သတ်ပစ်မိမှာပေါ့ဗျ”

ဂိုင်းမျိုး-“အဲဒါပဲဗျ။ လူစိတ်ရဲ့ သဘာဝကအရိုင်းစိတ်။ နောက်ထပ် ခပ်ရိုင်းရိုင်းဥပမာတစ်ခုပေးမယ်ဗျာ။ အခုနေလမ်း ပေါ်မှာ ကောင်မလေး ချောချောလေး တစ်ယောက်ဖြတ်သွားတယ်ဆိုပါစို့။ ကျန်တဲ့ ဟာတွေ အားလုံးဘေးဖယ်ထား။ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာရှိတာကို အရိုးသားဆုံးဖြေ။ ဘာလုပ်ချင်မလဲလို့။ သူတော်စင်တွေကလွဲပြီး သာမာန်ပုထုစဉ် တွေဆိုရင် တဏှာစိတ်ဖြစ်တာပဲ။ အဲဒီလို အရိုင်းစိတ်တွေကို ဘောင်ကွပ်ပြီး ထိန်းထားရတာပဲ။”

စာအုပ်-“ဒါကတော့ မထိန်းလို့ဖြစ်မလားကွ။ မဟုတ်ရင် ကမ္ဘာတောင် ပျက်သွားဦးမယ်”

ဂိုင်းမျိုး-“ဟုတ်ပါတယ်။ မထိန်းရဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်ဆိုလိုတာက သာမာန်လူတွေရဲ့ ပင်ကိုယ်စိတ်ကို ပြောချင်တာ။ ပြောရင်းနဲ့ ကျုပ်စကားက ဘေးရောက်တော့မယ်။ ဒီတော့ အဲဒီသီချင်းတွေက လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ဟာတွေကို အရှိအတိုင်းထုတ်ပြတာလို့ မြင်တယ်”

စာအုပ်-“ဒါဆိုရင်ခင်ဗျားက ဒီသီချင်းတွေကို ကောင်းတယ်၊ လူတိုင်း နားထောင်သင့်တယ်လို့ ဆိုချင်တာလား”

ဂိုင်းမျိုး-“အာကိုစာအုပ် ခင်ဗျား တော်တော်ဝေးတာပဲ။ ကျုပ်ကအဲလိုလဲ မဆိုလိုဘူး။ အရက်ဆိုင်တို့ ဇိမ်ခန်းရှိတာရော ကောင်းလား မကောင်းဘူးလားလို့ မေးရင် ခင်ဗျား ဘယ်လိုဖြေမလဲ။ သူများကို မထိခိုက်ရင် ပြဿနာမရှိဘူးပေါ့ဗျာ။ ကြိုက်ရင်နားထောင် မကြိုက်ရင် နားမထောင်နဲ့ပေါ့ဗျ။”

စာအုပ်-“ဒီလိုဆိုကျုပ်ကို ထိခိုက်နေတယ်ဗျ။ အခုမကြားချင်ဘူး။ မကြိုက်ဘူးဗျာ။ ဒါပေမယ့် သူများဖွင့်တော့ ကြားနေရတယ်။ အဲဒါဘယ်လိုလုပ်မလဲ။” ဂိုင်းမျိုး-“ဒီလိုဆိုလည်း ခင်ဗျား ၀န်ကြီးချုပ်ဖြစ်ရင် ဆိုင်တွေမှာ လိုက်ကပ်ပေါ့ဗျ။ No smoking အပြင် No Hip Hop လို့။ ”

စာအုပ်-“ခင်ဗျားကတော့ ပြောလိုက်ရင် ဂွပဲ။ ကျွန်တော်က အကောင်းပြောနေတာဗျ။ အဲဒီ စောက်သုံးမကျတဲ့ စာသားတွေကို ကြားနေရတာ နားကလောတယ်”

ဂိုင်းမျိုး-“ဟောတွေ့လား အဲဒါပြောတာ။ ခင်ဗျားတောင်မှ တစ်ခုခုကို ပေါက်ကွဲရင်“ စောက်” ဆိုတဲ့ စကားလုံးထွက်လာတာပဲ။ ဒါလူ့သဘာဝအမှန်ပဲ”

ကိုစာအုပ် ငြိမ်သွားလေသည်။

ကျွန်တော်-“ကိုဂိုင်းမျိုးပြောမှ ကျွန်တော်စဉ်းစားမိတယ်။ အနောက်တိုင်းက ရုပ်ရှင်ကားတွေမှာ F_ _ _ စကားလုံးတို့ S_ _ _ စကားလုံးတို့ကို တွင်တွင်ကြီးသုံးနေတာ။ မြန်မာဇာတ်လမ်းတွေကျတော့ ယဉ်ကျေး မှု့အရဆိုပြီး အဲဒါတွေ မသုံးရဘူး။ ရပ်ကွပ်ထဲက အမူးသမားဆဲတဲ့အခန်းမှာတောင်မှ ခွေးမသားဆိုတာ အလွန်ဆုံးပဲပါတယ်နော်။ ယဉ်ကျေးပေမယ့် reality နဲကတော့ တော်တော်ကင်းကွာသွားပြီနော်။”

ဂိုင်းမျိုး-“ဟုတ်တယ် ဒါတွေက ကောင်းလားဆိုးလားဆိုတာတော့ မဆုံးဖြတ်တတ်ဘူး။ ဒါပေမယ့် သေချာတာတော့ အမူးသမားဆဲတဲ့ အခန်းဆိုရင် အပြင်က အမူးသမား ဆဲတယ်ဆိုရဲ့ felling ကို အပြည့်အ၀ မပေးနိုင်တာတော့ သေချာတယ်”

စာအုပ်-“ဟာ အဲဒီလိုသာ တစ်တစ်ခွခွဆဲတဲ့ အခန်းတွေ ထည့်ထားရင် မိသားစုဘယ်လိုကြည့်မလဲ။ လူငယ်တွေကို အဆဲသင်သလိုဖြစ်နေမှာပေါ့။ ခင်ဗျား သာသမီးတွေကြည့်ဖို့ ခင်ဗျား ခွင့်ပြုနိုင်မလား”

ဂိုင်းမျိုး-“အနုပညာမှာ အဓိကလိုအပ်တာ လွပ်လပ်မှု့ပဲလို့ ဖတ်ဖူးတယ်။ အနှောင်အဖွဲ့တွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ အနုပညာဆိုတာ မဖွံ့ဖြိုးနိုင်ဘူးတဲ့။”

ကျွန်တော်-“ဒါဆိုရင် ဒီလိုသီချင်းတွေကရော မှန်တယ်မှားတယ်လို့ ဘယ်လိုဆုံးဖြတ်မလဲ”

ဂိုင်းမျိုး-“ဟားဟား မှန်တယ် မှားတယ်ဆုံးဖြတ်မယ် ဟုတ်လား။ မင်းက ဘယ်ပေတံနဲ့တိုင်းမှာလဲ။ တစ်ချို့နေရာတွေမှာ အမှန်အမှားဆို တာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်လေ”

စာအုပ်-“ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီသီချင်းတွေကို လုံးဝလက်မခံနိုင်ဘူး။ ခင်ဗျားတို့ စဉ်းစားကြည့် အခု Media မှာ စီးကရက်ကြော်ငြာတွေမရိုက်ရဘူး ဘာလို့လဲဆိုတော့ လူငယ်တွေ အဲဒီ ကြော်ငြာတွေကြောင့် စီးကရက်သောက်သုံးသူပိုများလာနိုင်လို့ဆိုပဲ။ အဲလိုဆိုရင် အဲဒီဆဲတဲ့သီချင်းတွေကြောင့် လူငယ်တွေပိုမရိုင်း ကုန်နိုင်ဘူးလား။ ဦးနှောက်လေး နည်းနည်းသုံးပါ ကိုဂိုင်းမျိုးရ”

ကျွန်တော်-“ဒါလည်း ဟုတ်တာပဲ”

ဂိုင်းမျိုး-“ကျုပ်အမြင်ကတော့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုရင်းရမှာပဲ”

စာအုပ်-“ခင်ဗျားက ဘာကိုလိုချင်တာလဲ”

ဂိုင်းမျိုး-“ထားပါလေ ခင်ဗျားတို့က ကိုယ့်ကိုကိုယ်ဘောင်ခတ်ပြီး ဘောင်ထဲမှာပဲနေတာကိုးဗျ”

ကိုဂိုင်းမျိုးကပြောပြောဆိုဆို သူ၏မှတ်စုစာအုပ်ထဲမှ မိတ္တူကူးထားသော ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းလေးကိုထုတ်ပြသည်။ ဂိုင်းမျိုး-“တွေ့လား ကိုယ့်ကိုကိုယ်ဘောင်ခတ်ထားသူတစ်ယောက်အကြောင်း”

ကျွန်တော်လည်း ကိုဂိုင်းမျိုးပြသော ကာတွန်းပုံကိုသေချာကြည့်လိုက်လေသည်။ ဆရာအော်ပီကျယ်၏ ကာတွန်း မှာ အလွန်အတွေးအခေါ်ကောင်းလှလေသည်။ လူတစ်ယောက် ကိုယ့် အတွေးနဲ့ကိုယ် အကျဉ်းကျသွားပုံ။

ကျွန်တော်-“ဟာကိုဂိုင်းမျိုး ခင်ဗျားပြောတာဟုတ်တယ်ဗျ”

စာအုပ်-“အော်ခင်ဗျားက ဒီလိုဆိုတော့ကျုပ်ကလည်း ပြရသေးတာပေါ့”

ကိုစာအုပ်ကလည်း အားကျမခံသူသိမ်းထားသော ဆရာအော်ပီကျယ်၏ အောက်ပါကာတွန်းလေးကို ထုတ်ပြလေသည်။ စာအုပ်-“ဒါက မဟုတ်တာကို အဟုတ်ထင်နေသူတစ်ယောက်အကြောင်းဗျာ ဟဲဟဲ”

ကိုစာအုပ်ပြသော ဆရာအော်ပီကျယ်၏ ကာတွန်းလေးမှာလည်း အလွန်ကောင်းလှလေသည်။

ကျွန်တော်-“ဟင် ကိုစာအုပ်ပြောတာလည်း ဟုတ်တာပဲ”

ကိုဂိုင်းမျိုးနှင့် ကိုစာအုပ်ကတော့ ဆက်ငြင်းနေကြလေသည်။ ကျွန်တော်ကတော့ ကာတွန်းနှစ်ပုံကို ကြည့်တွေးပြီး ခေါ်င်းရှုပ်လာလေသည်။ ဘယ်သူမှန်သလဲ ဘယ်သူမှားသလဲ ဆုံးဖြတ်ရ အတော်ခက်နေလေသည်။ ကိုဂိုင်းမျိုးပြောသလို တစ်ချို့နေရာတွေမှာ အမှန်အမှားဆိုတာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်ဆိုတာ ဟုတ်မလား မသိဘူး။
အင်းဒီနေညတော့ ဘာမီတွန် နှစ်ပြားလောက်သောက်မှ အိပ်ပျော်တော့မယ်ထင်ပါရဲ့ဗျာ။

မှတ်ချက်- ဆရာအော်ပီကျယ်၏ အော်ပီကျယ် - ကာတွန်းအတွေးစုများ တတိယအစု ကာတွန်းများကို အောက်ပါ လင့်မှရပါသည်။
http://wntbookshelf.com/bookshelf/cartoon/

July,2009
မိုးတိမ်ညို

Read More...

Friday, May 22, 2009

ကျွန်တော်လွဲခဲ့ဖူးသော အကြောင်း

အခုကျွန်တော်ပြောချင်တာက ကျွန်တော်လွဲခဲ့ဖူးတဲ့ အကြောင်းဗျ။ ခက်တာက အဲလိုလွဲခဲ့လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာ အခုထိမသိဘူး။ ထားပါတော့ ကျွန်တော် အဓိကအကြောင်းကို ပြောပြပါမယ်။ ပြီးမှ မိတ်ဆွေဘာသာသုံးသပ်ပေါ့။ ဒီလိုဗျ။ ကျွန်တော် အကြားအမြင်ရလို့လွဲခဲ့တာ။ အင်းနားရှုပ်စရာတော့ ဖြစ်ကုန်တော့မှာပဲ။ အကြားအမြင်ရနေမှတော့ ဘယ်လိုလုပ်လွဲမှာတုံးလို့တော့ အပြစ်တင်မစောလိုက်နဲ့ဦး။ ဇာတ်လမ်းကို ဆုံးအောင် နားထောင်ပါဦးလေ။ ခင်ဗျားလည်း ခေါင်းရှုပ်သွားစေရမယ်လို့ အာမခံပါတယ်။

ကျွန်တော် ထူးထူးဆန်းဆန်းအကြားအမြင်ရခဲ့ဘူးတယ်ဗျ။ ပထမဆုံးစတာကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးမောင်ကိုဆိုတာနဲ့စတာ။ တစ်ရက်တော့ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ အဲဒီ ဦးမောင်ကိုကြီး နဖူးပေါက်လို့တဲ့။ ပေါက်တာက နဖူးညာဖက်နား တစ်လက်မလောက်ပြဲသွားတာတဲ့။ အိပ်မက်ထဲမှာ အဲဒီလို အတိအကျဗျ။ ဒါပေမယ့် ကျွန်တော်လည်း အိပ်မက်ဆိုတော့ သိပ်အလေး မထားပါဘူး။ ဖာသိဖာသာပဲပေါ့။ ဖြစ်ချင်တော့ နောက်ရက်ကျတော့ ဦးမောင်ကိုကြီးက လမ်းလျှောက်ရင်းနဲ့ အိမ်ရှေ့မှာ အဖေနဲ့တွေ့လို့ ရပ်စကားပြောနေပါရောဗျာ။ အိမ်ရှေ့က အုန်းပင်အောက်မှာ။ အုန်းပင်ပေါ်မှာလည်း အုန်းသီးခြောက်တွေ ရှိနေသေးတယ်။ ကျွန်တော်လည်း ဖျတ်ခနဲဆို အိမ်မက်ကို သွားသတိရလိုက်တယ်။ အင်း အခုနေ အုန်းသီးများကြွေကျလိုက်လို့ကတော့လို့ တွေးမိတယ်။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်လိုက်ပါဘူး။ အဲခဏနေတော့ ကျွန်တော်ထင်တဲ့ အတိုင်းအတိအကျဗျာ။ အုန်းသီးခြောက်က ဦးမောင်ကို ခေါင်းပေါ်ကို တည့်တည့်ကြွေကျတာ နဖူးကွဲပါလေရော။ ကွဲတာမှ ကျွန်တော့် အိမ်မက်ထဲက အတိုင်း ညာဘက် နဖူး တစ်လက်မလောက် အတိအကျဗျာ။ ကျွန်တော်လည်း နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာဖြစ်လို့ ငါအိမ်မက်နဲ့ လာတူနေရတာလဲပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာနေမှာပါလေဆိုပြီးပဲ ထားလိုက်တယ်။

နောက်တစ်ခါကျတော့လည်း ဟိုဘက်လမ်းက လူပျိုကြီး ကိုလှဘော် သူ့အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုနေတယ် လို့ အိပ်မက် မက်တယ်။ ဒါကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကထင်တာလေ။ သူကလူပျိုကြီး တစ်ယောက်ထဲ နေတာ။ ပိုက်ဆံလည်း ချမ်းသာတယ်။ အပူအပင်လည်း မရှိဘူး။ ယောက်ကျားလည်း ယောက်ကျားဗျာ။ အဲဒီတော့ အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုစရာအကြောင်းကို မရှိဘူးထင်တာ။ ဒါပေမယ့် အဲဒီနေ့ မနက် ကျွန်တော်သူ့အိမ်ရှေ့က ဖြတ်တော့ ဗျာ အံ့သြစရာ တကယ်ကို သူက အိပ်မက်ထဲကတွေ့တဲ့နေရာ မှာထိုင်ငိုနေတာဗျာ။ သူ့အိမ်မနေ့ညက သူခိုး အခိုးခံရလို့တဲ့။ အတွင်းပစ္စည်းတွေ အကုန်ပါသွားဆိုပဲ။ အဲဒီမှာ ကျွန်တော်တော်တော်အံ့သြသွားတယ်။ တိုက်ဆိုင်တာတော့ မဟုတ် လောက်တော့ ဘူးလို့ထင်လာတယ်။

ဒါနဲ့ အဲဒီလို အသေးအဖွဲလေးတွေ နောက်ထပ် လေးငါးခုလောက်ထပ် တွေ့ရသေးတယ်ဗျ။ စာရှည်နေမှာစိုးလို့ မပြောတော့ဘူး။ အားလုံးမှန်တာကြည့်ပဲ။ အဲဒီတော့ ကျွန်တော့်ကိုကျွန်တော် အကြားအမြင်ရနေတယ် လို့ပြောရင်မလွန်လောက်ပါဘူးနော်။ ဒါပေမယ့် ကျွန်တော်ဘယ်သူ့မှ မပြောသေးဘူး။ သေချာအောင်လုပ်ရ ဦးမယ်လေ။ ဒီတစ်ခါတော့ ဒုက္ခရောက်မယ့်သူဆိုရင် ကူညီမယ်လို့ စိတ်ကူးထားတာဗျာ။

အဲဒီအခေါက်က နောက်ဆုံးအခေါက် အကြားအမြင်ရတဲ့ အခါပေါ့ဗျာ။ အိပ်မက်ထဲမှာ အမေက အိမ်ရှေ့က ထိုင်ခုံမှာ ထီတိုက်နေရင်းနဲ့ ဟယ် သိန်း ငါးရာ ဆုပေါက်တယ်တော့လို့ ၀မ်းသာအားရထအော်တယ်တဲ့။ မနက်အိပ်ယာကနိုးလာတော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေတယ်။ စိတ်လှုပ်ရှားတာပေါ့ဗျ သိန်းငါးရာဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ ရက်ကို ကြည့်လိုက်တော့ ထီဖွင့်ဖို့က နှစ်ရက်ပဲလို တော့တယ်။ ဟာနှစ်ရက်အတွင်းမှာ သိန်းငါးရာရတော့ မှာပါလားလို့ တွေးမိရင်း ရင်ခုန်နေရတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုသတိရသွားတာက အမေဒီလ ထီထိုးဖြစ်လား မထိုးဖြစ်ဖူးလားဆိုတာပဲ။ ကံကထီပေါက်မယ်ဆိုပေမယ့် ကိုယ်ကတော့ အနည်းဆုံး ဥာဏ်နဲ့ ၀ိရိယ စိုက်ပြီး ထီတော့ ထိုးရမှာပေါ့ မဟုတ်ဘူးလား။ ဒါကိုကြိုသိနေမှတော့ မထိုးဖြစ်သေးရင် ထိုးဖြစ်အောင်လုပ်ရမှာပေါ့လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ စဉ်းစားမှာပါ။

ဒါပေမယ့် အမေ့ကိုလည်း ပေါ်တင်တော့ မပြောချင်သေးဘူး။ မသိမသာလေး မေးကြည့်ဦးမှဆိုပြီး အမေ့ကို မေးဖြစ်တယ်။

“အမေ ထီထိုးပြီးပြီလား”

အမေကအဲဒီကျမှ သတိရသွားတဲ့ ပုံစံနဲ့

“ဟယ် ဟုတ်ပါ့ မထိုးရသေးဘူး ထီဖွင့်ဖို့တောင် နှစ်ရက်ပဲလိုတော့တာပဲ”

“အဲဒါဆိုကျွန်တော် အခုမြို့ထဲသွားမလို့ ထီထိုးခဲ့လိုက်မယ် ပိုက်ဆံပေးလိုက်”

ကျွန်တော်ကကျွန်တော့် အကြံနဲ့ကျွန်တော်လေ။ အမေ့ဆီက ပိုက်ဆံတောင်းရတာကလည်း အကြောင်းရှိတယ်။ အိပ်မက်က အမေပေါက်တယ် လို့ မက်တော့ အမေထိုးမှ ဖြစ်မှာလို့ ကျွန်တော်ယူဆတယ်လေ။ အဲဒါကြောင့် အမေ့ဆီက ပိုက်ဆံတောင်း ရတာ။ တိုတိုပြောရရင်အဲဒီနေ့က ထီထိုးပြီး ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး။ ရင်ခုန်လွန်းလို့။ ထီထွက်မယ့်နေ့ ရောက်တော့ နေမထိထိုင်မသာပဲ။ တကယ်ကို။

ထီထွက်မယ့်နေ့လည်းရောက်ရော ကျွန်တော်ကောင်းကောင်းကို မထိုင်နိုင်ဘူး။ အမေက ဈေးက အပြန် ထီပေါက်စဉ်ကြီးဝယ်လာပြီး ကျွန်တော့် အိပ်မက်ထဲမြင်တဲ့ ထိုင်ခုံမှာ ထီတိုက်နေလိုက်တာတွေ့တော့ ကျွန်တော့ နှလုံးက အပြင်ပေါက်ထွက်မလားကို ထင်ရတယ်။ ခုန်လွန်းလို့။ အဲဒါနဲ့ အခန်းထဲမှာ သွားပြီး စောင်ကို ခေါင်းမူးခြုံနေလိုက်တယ်။ ဘယ်အချိန် အမေ ထအော်သံကြားရမလဲလို့ပေါ့။ တော်တော်သာကြာ သွားတယ် ဘာသံမှ မကြားရဘူးဗျာ။ ကျွန်တော်နည်းနည်းတော့ သံသယဖြစ်လာတယ်။ သိန်းငါးရာ ပေါက်တာများ အမေတွေ့ပြီးတော့ မူးများလည်းသွားသလားပေါ့။ မနေနိုင်ပဲ ထကြည့်မိတယ်။ အမေက ထီပေါကစဉ်ကြီးချပြီး ပေါက်ပါဘူးအေ လို့ တစ်ခွန်းပဲ ပြောပြီး မီးဖိုဘက် ထွက်သွားတယ်။ ကျွန်တောလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ဒီတစ်ခါ ဘာဖြစ်တာလဲဟပေါ့။ အိပ်မက် ကအသေအချာကြီးပဲကို။ ကျန်တာတွေကျတော့ မှန်ပြီးတော့ ဒါကျမှ မမှန်ဘူးလား။

အဲဒီအချိန်မှာပဲ ဘေးအိမ်ကကိုထွန်းအောင်တို့ရဲ့ အော်သံကြားရတယ်။ ဟေး သိန်းငါးရာပေါက်တယ်ကွတဲ့။ ခဏနေတော့ ကိုထွန်းအောင်ရဲ့ သားလေးက အိမ်နီးချင်းတွေကို လိုက်အော်ပြောနေတယ်။ သားတို့ သိန်းငါးရာ ပေါက်တယ်တဲ့။ အမေလည်း အသံကြားလို့နေမှာ မီးဖိုထဲပြေးထွက်လာပြီး ကိုအောင်မိန်းမကို လှမ်းမေးနေတယ်။ ပြီးတော့မှ ငိုရမလို ရယ်ရမလို မျက်နှာနဲ့ ကျွန်တော့်ကို လှည့်ပြောတယ်လေ။

အမေပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်တစ်ခါတည်း ရူးသွားရင်ကောင်းမှာပဲလို့တောင်တွေးမိပါရဲ့။ အမေပြောလိုက်တာက

“ဟယ် ကံများထူးဆန်းလိုက်တာ။ သူတို့ဝယ်တဲ့ ထီက စက်ဘီးနဲ့ လိုက်ရောင်းနေတဲ့ ထီသည်လေ။ အရင်က ငါဝယ်နေကျ။ အဲဒီနေ့က သူက သုံးစောင်ပဲ ကျန်တော့တာ ၀ယ်ပါဦးလို့ ငါ့ဆီကို အတင်းလာရောင်း တယ်လေ။ အဲဒီအချိန်က မင်းက ထီဝယ်မယ်ဆိုပြီး သွားဝယ်နေတဲ့ အချိန်။ ဒါနဲ့ ငါလည်း မ၀ယ်တော့ ဘူးပြောလိုက်တာ။ သူကတော်တော်ကြာအောင် ၀ယ်ဖို့ပြောနေသေးတယ်။ မင်းသာ ထီသွားမ၀ယ်သေးရင် သေချာပေါက် ၀ယ်ဖြစ်တယ်။ ငါမ၀ယ်တာ နဲ့သူလည်း ကိုထွန်းအောင်တို့အိမ်သွားရောင်းတာလေ။ အဲဒါနဲ့ ကိုထွန်းအောင်အမျိုးသမီးက ၀ယ်ဖြစ်သွားတာ။ အမလေး ကံများပြောပါတယ်” တဲ့။

ကဲမိတ်ဆွေ။ ကျွန်တော့် အဖြစ်ကို ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲဗျာ။ ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင် ဘယ်လိုခံစားရမလဲ။ ကျွန်တော်လောင်းရဲပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ လုပ်မှာပဲ။ ဟုတ်တယ်မဟုတ်လား။အကြားအမြင်များ မရခဲ့ရင်ကျွန်တော် တို့ အခု သိန်းငါးရာပေါက်ပြီး အဆင်ပြေနေလောက်ပြီလို့ဗျနော်။ အဲဒီနေ့က စပြီး ကျွန်တော်လည်း ဘာအကြားအမြင်မှ မရတော့ ပါဘူး။ အဲရလည်း မရချင်တော့ပါဘူး။

အဲဒီတော့ ကျွန်တော် အကြားအမြင်ရလို့ သိန်းငါးရာဆုနဲ့ လွဲခဲ့ဖူးတယ်ဗျာ လို့ပြောရတော့မှာပဲ။

မေ၊၂၀၀၉။
မိုးတိမ်ညို

Read More...

Thursday, April 9, 2009

ကိုဂိုင်းမျိုး ကိုစာအုပ်နှင့် ကျွန်တော်- ဆာပုလင်းကိုစာအုပ်

ဒီနေ့တော့ လက်ဖက်ရည်ဆိုင်ကို ကျွန်တော်နဲ့ ကိုဂိုင်းမျိုး အတူထွက်လာခဲ့တယ်။ ဆိုင်ကိုရောက်တော့ အရင်ရောက်နှင့် နေသော ကိုစာအုပ်က ကိုဂိုင်းမျိုးကို စေ့စေ့စပ်စပ် ကြည့်ပြီး

စာ-“ကိုဂိုင်းမျိုး အကျီင်္ အသစ်ဝတ်ထားပုံထောက်တော့ မနေ့က ဒဂုံစင်တာသွား တယ်ထင်ပ၊ အဲဒီမှာ အင်္ကျီ ၀ယ် ပြီးတော့ အပြန်မှာ မျက်နှာချင်းဆိုင်က ချစ်တီးဆိုင်မှာ ဆိတ်သားနှပ်နဲ့ ထမင်းစားခဲ့သေး တယ် မဟုတ် လား။ အဲ ထမင်းဆိုင်ထဲ မ၀င်ခင်မှာ ရှေ့က စတိုးဆိုင်မှာ စီးကရက်တစ်ဗူးဝယ်သေးတယ်လေ။ စားပြီးတော့မှ ဗားကရာ လမ်းအတိုင်း လမ်းလျှောက် ပြန်လာခဲ့တာ ဟုတ်တယ်ဟုတ်”

ကိုစာအုပ်ရှေ့က စားပွဲပေါ်မှာ ကြည့်လိုက်တော့ ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင် ၀တ္ထုစာအုပ်တစ် အုပ် တွေ့ရလေသည်။ ကိုဂိုင်းမျိုးက စာအုပ်ကို ကောက်ကိုင်လိုက်

ဂိုင်း-“ကလေးကလားတွေလုပ်နေပြန်ပြီလား ကိုစာအုပ်”

စာ-“ဘယ်ကကလေးကလားလဲဗျ ကျုပ်ပြောတာတွေမှန်တယ်မဟုတ်လား”

ဂိုင်း-“ခင်ဗျားက ယေဘူယျတွေပြောတာကိုဗျ မှန်မှာပေါ့ ကျုပ် အင်္ကျီအသစ် ၀တ်လာမှတော့ ၀ယ် ထား တယ် ဆိုတာ ခင်ဗျား သိမှာပေါ့။ ပြီးတော့ ကျုပ်က၀ယ်ရင်လည်း ဒဂုံစင်တာက သူငယ်ချင်း ဆိုင်မှာ ၀ယ် နေကျလေ။ ပြီးတော့ ဗားကရာလမ်း အတိုင်း လျှောက်ပြန်တယ်ဆိုတာလည်း ဗားကရာလမ်းမှာ ကျုပ်ငှား နေ ကျစာအုပ်ဆိုင်ရှိတယ်ဆိုတာ ခင်ဗျားသိနေလို့ပါ၊ ကျန်တာ တွေလည်း ခင်ဗျားကို ကျုပ်ပြောပြ ထားဖူး လို့သိတာပါ”

ကျွန်တော်က၀င်ပြောသည်။

ကျွန်တော်-“ဘာပဲဖြစ်ဖြစ် အားလုံးမှန်တယ်ဆိုတော့ တယ်ဟုတ်ပါလားဗျ ကိုစာအုပ်ရ”

စာ-“ဟုတ်ရမယ်လေ ဒါက စုံထောက်လို တွေးတတ်ဖို့လိုတယ်”

ဂိုင်း-“ကျုပ်ပြောတယ် ခင်ဗျားဟာတွေက ယေဘူယျပဲမှန်မယ် လက်တွေ့မှာ သုံးလို့ မရဘူး ကျုပ်ဖတ် ကြည့်သလောက်တော့ ရှားလော့ဟုန်း၊ မောင်စံရှား၊ ဆားပုလင်းနှင်းမောင် အကုန် အတူတူပဲ။ လက်တွေ့ မှာ သိပ်အသုံး မ၀င်ဘူး။ ကျုပ်က စာရေးဆရာ တွေကို ဝေဖန်တာ မဟုတ်ဘူးနော် တွေးပုံ တွေးနည်းကို ပြောတာ”

ကျွန်တော်ကကိုဂိုင်းမျိုးကို မေးကြည့်ရသည်။

ကျွန်တော်-“ဟုတ်လား ကိုဂိုင်းမျိုးရ ဘာလို့တုံး ရှင်းပါဦး”

ဂိုင်း-“သူတို့တွေးတာတွေက generally မှန်နိုင့်တဲ့ ဟာတွေပေါ်ကို မူတည်ပြီး တွေးတာဗျ။ ဥပမာဗျာ ဆားပုလင်း နှင်းမောင် ၀တ္ထုထဲမှာ ဖတ်ဖူးတယ်။ လူသတ်သမားက နံရံမှာစာရေးသွားတာ။ စာက ကြမ်းပြင်ကနေ ငါးပေလောက်မှာ ရှိတာဆိုတော့ လူသတ် သမားရဲ့ အရပ်က ငါးပေကျော်ကျော်ပဲ ရှိမယ်လို့ ဆိုသဗျ။ ဘာလို့လဲဆိုတော့ လူတွေက များသောအားဖြင့် စာရေးတဲ့ အချိန်မှာ မျက်လုံးနဲ့ တည့်တည့် ကိုပဲ ရေးတတ်ကြလို့တဲ့။ အဲဒီတော့ ယေဘူယျတော့ မှန်တာပေါ့ဗျာ။ ကျိန်းသေပြောဖို့တော့ ခက်ပြီ။ ကျွန်တော် လို ဆိုရင် မျက်လုံးနဲ့ တည့်တည့်မှာ ရေးချင်မှရေးမှာပေါ့။ နည်းနည်း မြှင့်ရေးချင်လည်း၊ နှိမ့် ရေးချင်လည်း ရေးမိမှာပဲ။ အဲဒါကြောင့် လူသတ်သမားရဲ့ အရပ်က ငါးပေကျော်ကျော်လို့ အတိအကျပြော လို့တော့ ဘယ် ရမှာလဲ”

ကိုစာအုပ်က လက်ဖက်ရည်တစ်ကျိုက်သောက်ပြီး

စာ-“ဟေ့ ဆားပုလင်းနှင်းမောင်က လူသတ်သမားကို စုံထောက်နေတာ လေ။ လူ့ဂွစာကို စုံထောက်တာ မဟုတ်ဘူး”

ဂိုင်း-“အဲလိုပြောလို့တော့ ဘယ်ရမလဲဗျ။ အားလုံး အတွက်မှန်ရမှာပေါ့။ လူက အမျိုးမျိုး ရှိတာကိုး”

စာ-“အဓိက ကယေဘူယျတွေ မှန်ဖို့လိုတာလေ။ အဲဒီကနေ ဆင့်ပွားပြီးမှ တွေးလို့ရမှာပေါ့ဗျ”

ဂိုင်း-“ကျုပ်ကတော့ သိပ်အလုပ်ဖြစ်တယ် မထင်ပေါင်၊ ကဲခင်ဗျားသိပ်တော်နေရင် ဟိုဒေါ်ကြီးမြကို ကြည့်ပြီး ပြောစမ်းဗျာ”

ကိုဂိုင်းမျိုးက ဆိုင်ရှေ့တွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုကြီးသိန်းနှင့် ရပ်စကားပြောနေသော ပွဲစားဦး သောင်း ၏ မိန်းမ ဒေါ်ကြီးမြကို မေးငေါ့ပြသည်။ ကိုစာအုပ်က မေးစေ့ကိုလက်ဖြင့်ပွတ်ပြီး သေချာစဉ်း စားဟန်ဖြင့်

စာ-“ အင်း ဈေးခြင်းထဲမှာ ကြက်ခြေထောက်နှစ်ချောင်းထွက်နေတယ်။ ပြီးတော့ ကြောင်လျှာသီးနှစ်တောင့် လဲတွေ့တယ်။ တန်တော့ သူ့ယောက်ျားပွဲစား ဒီရက်ပိုင်းအတွင်း ပွဲဖြစ်ပုံရတယ်။ ဘာလို့လဲဆိုတော့ ဒေါ်မြကြီးက အရင်ကဆိုဒီလို ရပ်စကား ပြောဖို့နေနေ ဈေးခြင်းကို ဖွက်ကိုင်ပြီး လမ်းဟိုဘက်က သုတ်သုတ် သွားတာ။ အခုတော့ ဟင်းကောင်း တွေဝယ်လာတာ ကြွားချင်လို့ ဒီဘက်ကို လာပြီး စကားမရှိ စကား ရှာ ပြော။ ပြီးတော့ ကြောင်လျှာသီးဆိုတာလည်း ပုံမှန် အစားအစာမဟုတ်ဘူး။ တစ်ခါတစ် လေတစ်ကူးတက စားတာလို့ပြောလို့ရတယ်။ အဲဒီတော့ တစ်နည်း မဟုတ်တနည်း အဆင်ပြေလို့ပဲရှိရမယ်။ အဆင်ပြေ စရာဆိုလို့လည်း သူ့ယောက်ျားပွဲဖြစ်လာတာ တစ်ခုပဲရှိတယ်။ ကဲမယုံရင် မေးကြည့်ဗျာ”

ကိုစာအုပ်က ကျွန်တော့်ကိုပြောသည်။ ကျွန်တော်လည်း ထုံးစံအတိုင်း သူတို့နှစ်ယောက် အငြင်းအခုံတွင် ဒိုင်လူကြီးလုပ်ရဦးမည်။ ဒေါ်ကြီးမြကိုအော် မေးလိုက်သည်။

“ဒေါ်ကြီးမြ ဦးလေးသောင်း ပွဲဖြစ်တယ်ထင်တယ်နော်”

ဒေါ်ကြီးမြမှာ ဘယ်အချိန်ကပြောချင်နေသည်မသိ ကိုကြီးသိန်းနှင့် စကားအမြန်ဖြတ်ပြီး ကျွန်တော်တို့ဝိုင်း ကိုလာထိုင်ကာ ရေပက် မ၀င် အောင်သူ့ယောက်ျား အဆင်ပြေနေသည့် အကြောင်းကို နာရီဝက်ခန့် ပြော သွားလေသည်။ မည်သူမျှ စကားဝင်ပြောဖို့ရာ အခွင့်မရခဲ့။ အားလုံး မျက်နှာတွေရှံ့မဲ့ပြီး သူကြွားသမျှ အင်းအဲ လိုက် နေရသည်မှာ ဘယ်လောက်ဆိုးဝါးကြောင်း ကိုကြုံဖူးသူများ သိပါလိမ့်မည်။ လုံးဝမသိတတ်။ တစ်ဖက်သားစိတ်မ၀င်စားမစားလည်း မသိ။ ကျွန်တော်တို့သုံးယောက်မှာ ကြက်ကြီးလည်လိမ်ထား သလိုဖြစ်နေလေ၏။ ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးနေသော စကားဝိုင်းလေးမှာ ဒေါ်ကြီးမြ၏ စကားသံအောက်တွင် ပျောက် ကွယ်သွား လေပြီ။ ကျွန်တော်တို့ တော်တော်ကို အီစလံဝေသွားသည်။ အားရအောင်ပြောပြီး သူထွက်သွားမှ သက်ပြင်း ချနိုင်ကြ လေသည်။

ဂိုင်း-“ဘယ်လိုလည်း စုံထောက်ကျော်ကြီးရ ဒေါ်ကြီးမြက အဲလိုလာပြောမယ်၊ ကျွန်တော်တို့ ဒုက္ခရောက်မယ်၊ ဆိုတာကျတော့ ခင်ဗျားရွှေဥာဏ်တော်က မသိပါလားဗျ”

ကိုစာအုပ်ကြီးမှာ ဘာမှ ဆက်မပြောနိုင်တော့ပဲနှင့် ဆားပုလင်းနှင်းမောင် စာအုပ်ကို သာ မျက်မှောင် ကြီးကြုတ်ပြီး ဖတ်နေ ပါတော့သည်။

မိုးတိမ်ညို
April,2009

Read More...

Friday, March 27, 2009

ကို ဂိုင်းမျိုး၊ ကိုစာအုပ် နှင့် ကျွန်တော်- စီးကရက်နှင့် ကွမ်းယာ

ဒီနေ့ မနက်ကျွန်တော်လက်ဖက်ရည်ဆိုင်ကိုရောက်တော့ ကိုဂိုင်းမျိုးရော ကိုစာအုပ်ပါရောက်နှင့် နေပြီ။ ကိုဂိုင်းမျိုးက ကျွန်တော့် အတွက် ထိုင်ခုံတစ်လုံးဆွဲပေးပြီး
ဂိုင်း- နောက်ကျလှချေလား။ လာထိုင်။
ကျွန်တော်- ဟုတ်တယ်ဗျ မနေ့က အိပ်ရာဝင်နောက်ကျလို့ အခုမှနိုးတယ်။
ဂိုင်း- ဒါဆိုလည်း လန်းဆန်းသွားအောင် ကျဆိမ့်လေးသောက်လိုက်။
ပြောပြောဆိုဆို သူက စာပွဲထိုးလေးကို လှမ်းခေါ်ပြီး ကျဆိမ့်တစ်ခွက်မှာသည်။ တစ်ဆက် ထည်း လန်ဒန် တစ်ပွဲပါမှာလိုက်သည်။ လက်ဖက်ရည်နှင့် လန်ဒန်ရောက်လာတော့ သူက စာပွဲထိုးလေးခါးမှ မီးခြစ်ကို ဖြတ် ခနဲဆွဲယူလိုက်ပြီး လန်ဒန်ကို မီးညှိလိုက်ပြီး အားပါးတရဖွာနေလေသည်။
စာ- ဟေ့ဂိုင်းမျိုး မင်းဆေးလိပ်မီးခိုးတွေက ငါ့ဆီရောက်လာပြီကွာ။ ငါက အလိုလိုနေရင်း စကင်း စမုတ်ကာ ဖြစ်နေပြီ။ ပတ်ဝန်းကျင်ကို ထိခိုက်တယ်ကွာ။

ဂိုင်း- အပိုတွေပြောမနေပါနဲ့ စာအုပ်ရာ ဒီလောက်နဲ့ ဘာမှ မဖြစ်ပါဘူး။
ကိုစာအုပ်မှာ ဆေးလိပ်လုံးဝ မသောက်ချေ။ ထို့အတူ ကွမ်းလည်းမစား။ အရက်လည်း မသောက်။ ဘာဆိုဘာ မှ မလုပ်ချေ။ ဘာဆိုဘာမှ မလုပ်ဟုဆိုချင်းမှာ ကျွန်တော့် အနေနှင့် ယောက်ကျားလေး ဆိုရင် တစ်ခုခုတော့ လုပ်သင့် သည်ဟုထင်သောကြောင့် ဖြစ်သည်။ ကျွန်တော်လည်း တစ်ခါတစ်လေ ဆေးလိပ်ဖွာသည်။ ကွမ်းစားသည့် သူနှင့် တွေ့လျှင်လည်း တစ်ယာ နှစ်ယာ စားဖြစ်လေသည်။ ဆရာကြီး ရွှေဥဒေါင်း၏ ယောက်ကျားဆိုတာ စုံမှ ဆိုတဲ့ စကားကို စွဲနေသောကြောင့် လားတော့ မသိ။
စာ- ခက်တာပဲ။ ခင်ဗျားတို့တွေ ဘာလို့များရောဂါကို ၀ယ်ယူချင်ကြလည်း မသိဘူး။ ဘာမှလည်း အကျိုးမရှိ။
ဂိုင်း- အကျိုးမရှိဘူးလို့ ဘယ်သူပြောလဲဗျ။ ကျွန်တော်တို့က စိတ်ခံစားမှု့ကို ဦးစားပေးတာ။ လူမှာ အဲဒါ အဓိကပဲ။
စာ- စိတ်ခံစားမှု့ဟုတ်လား။ နေပါဦး။ ဆေးလိပ်သောက်တာ ဘာများ စိတ်ခံစားမှု့ ပေးလို့တုံး။ ငါတော့ ဆေးလိပ်ဖြစ်ဖြစ် ကွမ်းဖြစ်ဖြစ် ဘာမှ ကောင်းတယ် မထင်ပေါင်။ အရေမရ အဖတ်မရနဲ့။
ဂိုင်း- ခင်ဗျား ဒါကို မကောင်းဘူးလို့ ဘယ်သူပြောလည်း။ ဒါတွေက တစ်ကယ်တော့ လူတိုင်း ကို စွဲသွားစေနိုင်တယ်။ ခင်ဗျားသိလား။ လူ့စိတ်က အရိုင်းစိတ်ဗျ။ အဲဒီ အရိုင်းစိတ်ကို အသိဥာဏ် ဆိုတာ နဲ့ ထိန်းချုပ်ထားလို့။ ခင်ဗျားကို လည်း ကွမ်းဖြစ်ဖြစ် ဆေးလိပ် ဖြစ်ဖြစ် တစ်ပတ်နှစ်ပတ် လောက်ပဲ နေ့တိုင်း သောက်ကြည့် စားကြည့်။ စွဲသွားစေရမယ်။ ဒါတွေက မကောင်းဘူးလို့ လူတွေက ယူဆထားလို့ ကိုယ့် စိတ်ကို ချိုးနှိမ်ထားလို့ ခင်ဗျား မစားတာလေ။ မကောင်းရင် ဘယ်သူက အလကား ပိုက်ဆံ အကုန် ခံပြီး စားမှာတုန်းဗျ။
စာ- ခင်ဗျားတို့က အဲဒါ အသိဥာဏ် မကြွယ်ဝသေးတာပဲ။ ခင်ဗျားသိလား။ အဲဒီ စီးကရက် ထုတ်တဲ့ နိုင်ငံခြား နိုင်ငံတွေက ဆေးလိပ်ကို ဒီလို ဈေးပေါပေါနဲ့ ရမယ်ထင်လား။ နေရာတိုင်းရော သောက်လို့ရမယ်ထင်လား။ စင်ကာပူမှာဆို စီးကရက် ဘယ်လောက် ဈေးကြီး သလဲ သိလား။ ပြီးတော့ စီးကရက် ဗူးခွံမှာ စီးကရက်ကြောင့် ဖြစ်တဲ့ ရောဂါပုံးဆိုးဆိုးဝါးဝါးပုံတွေကပ်၊ အခွန်အရမ်းကောက်၊ ပြီးတော့ နေရာတော်တော်များများမှာ ဆေးလိပ် မသောက်ရဇုံတွေလုပ်။ စားသောက်ဆိုင်တွေမှာ ဆေးလိပ်သောက် နိုင်တဲ့နေရာတွေကို စည်းဝိုင်းလေးဝိုင်း ဆေးလိပ်ခွက် အနေနဲ့ နို့ဆီဗူးခွံ အစုတ်ကို တင်ထား။ ဆေးလိပ် သောက်တဲ့သူ အတွက် လူ့အသိုင်းအ၀ိုင်းမှာ သီးသန့်ကြီး ဖြစ်နေအောင် ရှက်လာအောင် ကြိုးစား လုပ်ထား တာသိလား။ ကျွန်တော်တို့ နိုင်ငံတွေမှာ သာ ဒီလို လွပ်လွပ်လပ်လပ်သောက်လို့ ရနေတာ။
ကျွန်တော်- ဟုတ်လား ကိုစာအုပ်ရ။ အဲလိုကြီးလား။
စာ-ဒါပေါ့။ ကွမ်းဆိုပိုဆိုးသေး။ အခုဆို ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံပဲ ကွမ်းကို ကျယ်ကျယ်ပြန့်ပြန့် စားကြတော့ တယ်ထင်တာပဲ။ ကွမ်းစားတာ တအား ရုပ်ပျက်တာလေ။ နိုင်ငံခြားသား မြင်ရင် အထင်သေး စရာဗျ။
ဂိုင်း- အင်းကိုစာအုပ် ကိုစာအုပ်။ ခင်ဗျားတို့ က အနောက်တိုင်းက လူတွေကို ပဲ အထင်ကြီးတာကိုး။ သူတို့ လုပ်မှ အကောင်းထင်နေတာ။ ဒါလည်း အပြစ်တော့ မဟုတ်ပါဘူး။ မီဒီယာတွေက သူတို့ပဲ ကြီးစိုးထားတာကို။ ခင်ဗျား စဉ်းစားကြည့် တကယ်လို့ အမေရိကန်က လူတွေက ကွမ်း တစ်ပြစ်ပြစ်နဲ့ ဆိုရင် ခင်ဗျား ဒီလိုပြောဦးမလား ကြည့်ချင်သေးတယ်။ ပါးစပ်ကလေး နီနေတာ အရမ်း စမတ် ဖြစ်တာပဲ တောင် ခင်ဗျားလိုလူတွေက ပြောချင်ပြောဦးမှာ။
စာ- ဒါတော့ ခင်ဗျား သက်သက် ကပ်ပြောတာ။
ဂိုင်း- ကွမ်းစားတာ ရုပ်ပျက်တာဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ယဉ်ကျေး မှု့ဗျ။ ရှေးတုန်းကတည်းက စားလာကြတယ်။
စာ- ဟာ ယဉ်ကျေးမှု့ ဆိုပြီး မကောင်းတာဆိုရင် ကော ခင်ဗျားက လက်ခံမှာလား။ ဥပမာ ပုဆိုးဝတ်တာ ကျွန်တော်တို့ ယဉ်ကျေးမှု့ ဒါပေမယ့် ဒါက နေရာတိုင်း အဆင်မပြေဘူး။ ဆောက်လုပ်ရေး ဆိုဒ်ထဲ မှာ တိုက် အမြင့် ကြီးတွေပေါ်မှာ အလုပ် လုပ်တဲ့ အလုပ်သမား တစ်ယောက် ဆိုရင် ပုဆိုးနဲ့ ဘောင်းဘီ ဘယ် ဟာဝတ်တာ ပို ဆေ့(ဖ်) ဖြစ်လဲ။ ယဉ်ကျေးမှု့ဆိုပြီး ခင်ဗျား ငြမ်းပေါ်ကို ပုဆိုးနဲ့ တက်မလား။
ဂိုင်း- ဒါကတော့ တစ်မျိုးလေ။ အဲလို တော့ ကျွန်တော် လည်း ဘယ်လုပ်ပါ့မလဲဗျ။ ဒါပေမယ့် ကျွန်တော် ကတော့ ကွမ်းစားတဲ့သူ ဆေးလိပ်သောက်တဲ့သူကို ခင်ဗျားလိုတော့ အထင်မသေးဘူး။ ကိုယ့် အကြိုက်နဲ့ကိုပဲ။
စာ- ဒါဆိုလည်း ခင်ဗျား အကြိုက်က သူများကို မထိခိုက်စေနဲ့လေဗျာ။ အခုဟာက ကျွန်တော့်ကို ထိခိုက်နေ ပြီ။
ဂိုင်း- ဒါဆိုလည်း ခင်ဗျားကို မထိခိုက်အောင် ကျွန်တော် ဟိုဘက်ဝိုင်းသွားသောက်မယ်ဗျာ။
ပြောပြောဆိုဆို ကိုဂိုင်းမျိုးက လက်ဖက်ရည်ခွက် လေးနဲ့ လန်ဒန်ပွဲလေးမပြီး ဘေးက လွတ်နေတဲ့ ၀ိုင်းမှာ ပြောင်းထိုင်လိုက်သည်။ ထိုနေ့ တော့ လက်ဖက်ရည်ဆိုင်က မပြန် မချင်း ကိုစာအုပ်က ဆေးလိပ်မကောင်း ကြောင်း ကွမ်း မစားသင့် ကြောင်း တစ်ချိန်လုံး ကျွန်တော့်ကို လက်ချာရိုက်နေပါတော့တယ်။
မိုးတိမ်ညို

Read More...

Wednesday, March 25, 2009

ကို ဂိုင်းမျိုး၊ ကိုစာအုပ် နှင့် ကျွန်တော်- ဘောလုံးပွဲ အကြောင်း

ဤအကြောင်းအရာများ သည်ကျွန်တော့်မိတ်ဆွေနှစ်ယောက် ဖြစ်သော ကိုဂိုင်းမျိုးနှင့် ကိုစာအုပ် တို့ အကြောင်းဖြစ်ပါသည်။ သူတို့နှစ်ယောက်လုံးသည် ကျွန်တော့် ထက် နှစ်နှစ်ခန့်သာ ကြီးသော လူလတ်ပိုင်း အရွယ်များဖြစ်ပါသည်။ သူတို့၏ နာမည်များမှာ နာမည် အရင်းများ မဟုတ်ကြပါ။ နာမည် ပြောင်များဖြစ်ပါသည်။ ကို ဂိုင်းမျိုး ဟူသော နာမည်မှာ သူ၏ ဆွေမျိုးများက ခေါ်ဆိုရာမှ တွင်သွားခဲ့ ခြင်း ဖြစ်သည်။ ဖြစ်ပုံမှာ သူတို့ ၏ ဒေသဘက်တွင် အလွန်ဘုပြောသော လူကြီးတစ်ယောက် ရှိသည်ဟု ဆိုသည်။ သူများ ကဖြူလျှင် သူကမဲ။ သူများက မဲလျှင်သူကဖြူ စသည်ဖြင့် မည်သည့် အရာကို မဆို ဘုပြောတတ် သည်ဟု နာမည်ကြီးလေသည်။ နောက်ပိုင်းတွင် ဓါးထိုးခံရပြီး သေသွားသည် ဟုဆို၏။ ထို့အတူ ကိုဂိုင်းမျိုးသည်လည်း မည်သို့ ဗီဇပါလာသည် မသိ။ ငယ်ငယ် ကလည်း ကဘုက လန့် ပြောသည်။ ဂွတိုက်သည်။ ထို့ကြောင့် သူ့အမေက ” မင်းက ဦးဂိုင်းမျိုး အတိုင်းပဲ ရွာမှာဆို ဓါးထိုးခံရပြီ” ဟုပြောဆိုရာ မှကိုဂိုင်းမျိုးဟု နာမည်တွင်သွားခြင်းဖြစ်သည်။ ယခုအချိန်တွင် မူ ပတ်ဝန်းကျင်က ပါ သူ့ကို ကိုဂိုင်းမျိုးဟုသာ ခေါ်ဆိုလေသည်။
ကိုစာအုပ်သည်လည်း သူ၏ နာမည် အရင်းမဟုတ်ချေ။ သူသည် နေရာတကာ လိုအပ်သည်ထက်ပို ပြီး စည်းစနစ် အလွန်ကျသည်။ စေ့စပ်သည်။ မဟုတ်တာမလုပ်။ လူတွေနဲ့ အဆင်ပြေအောင်နေသည်။ နေရာတိုင်းတွင် မှန်လွန်းသည်။ စာအုပ်ကြီး အတိုင်း သာလုပ်လွန်းသောကြောင့် ကိုစာအုပ်ဟု အမည်တွင် သွားခြင်း ဖြစ်လေသည်။

ကျွန်တော့် အမြင်မှာတော့ သူတို့ နှစ်ယောက်သည် ပညာရှိများဖြစ်လေသည်။ သူ့နည်း သူ့ဟန်နှင့် ပညာရှိကြသည်။ အဲ သူတို့နှစ်ယောက် သည် လုံးဝမတည့်ကြပါ။ မတည့် ဆိုသည် ထက် မတဲ့ အတူနေ ဟုဆိုရမည်ဖြစ်လေသည်။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရင်လည်း မနေနိုင် တွေ့ ပြန်ရင် လည်း ထရိုက်မတတ် စကားနိုင်လုကြလေသည်။ ပြီးတော့ လည်း ဘာမှမဟုတ်။ နောက်နေ့ထပ်တွေ့လျှင် လည်း ထပ်စကားနိုင်လုကြသည်သာဖြစ်သည်။
ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ကို အလွန်ခင်ပါသည်။ သူတို့ကလည်း ကျွန်တော့်ကို ညီတစ်ယောက် လိုခင်ကြလေသည်။ သူတို့ ဆီမှ ပညာအများ ကြီးရသည် ဟုယူဆသည်။ ကျွန်တော့်မှာ သူတို့လို အတွေးအခေါ်မကောင်း သဖြင့် သူ့တို့ နှစ်ယောက် ငြင်းခုံ ကြသော အကြောင်းအရာများသည် ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ်ရာများသာ ဖြစ်လေသည်။ သူတို့ကလည်း များသော အားဖြင့် ကျွန်တော့်ကို ကြားနေလုပ်ပြီးသာ ငြင်းကြသည်။
ကျွန်တော်တို့ သည် တစ်ရပ်ကွက်ထဲသားများ ဖြစ်ကြသည့် အလျှောက် လမ်းထိပ်က လက်ဖက်ရည် ဆိုင်ကလေးတွင် ဆုံလေ့ရှိကြသည်။ ဆိုင်ကလေးမှာ သိပ်လည်း မကြီး သိပ်လည်း မငယ် အနေတော် ဖြစ်သည်။ လက်ဖက်ရည် ကောင်းသည့် အပြင် နံနက်ဆိုလျှင် မုန့်ဟင်းခါး၊ မုန့်တီ၊ အုန်းနို့ခေါက်ဆွဲ တို့ပါရသည်။ ဆိုင်ရှင်ကလည်းရင်းနှီးနေပြီ ဖြစ်သဖြင့် ကျွန်တော်တို့ လာလျှင် လက်ဖက်ရည်ကို သူများထက်ကောင်းအောင် ဖျော်ပေးလေသည်။
ဒီနေ့ လက်ဖက်ရည်ဆိုင်ကျွန်တော်ရောက်သွားတော့ ကိုစာအုပ်ရောက်နှင့်နေပြီ။ ဘောလုံး ဂျာနယ် တစ်စောင်ကို သဲကြီးမဲကြီး ဖတ်နေလေသည်။ ခဏနေတော့ ကိုဂိုင်းမျိုးပါရောက်လာသည်။ ကျွန်တော် တို့ နှစ်ယောက် လက်ဖက်ရည်မှာပြီးသည် အထိ ကိုစာအုပ် မော့မကြည့်နိုင်သေး။ ခဏနေမှ အသက်ပြန်ဝင် လာဟန်ဖြင့်
စာ- ဒီနေ့တော့ ဗျာ မန်ယူပဲ ဖြစ်မယ်ထင်တယ်။
သူက အရင်းမရှိ အဖျားမရှိပြောသည်။
ဂိုင်း- နေပါဦးဗျ ကိုစာအုပ်ရ။ အဲဒီ ဘောလုံးအသင်းမှာ ခင်ဗျားရှယ်ရာ ပါသလား။ ဒါမှမဟုတ် ဘောလုံးသမား ထဲမှာ ခင်ဗျား အမျိုးတစ်ယောက်ယောက်များပါလို့လား။ ခင်ဗျား ဒီလောက် သဲကြီးမဲကြီး ဖြစ်နေပုံ ထောက်တော့။
ပြောလို့သာ ပြောသည်။ ကိုဂိုင်းမျိုးက ဘောလုံးဝါသနာမပါပါ။ ကျွန်တော်ကတော့ ပါသည်လည်း မဟုတ် မပါသည်လည်းမဟုတ်။
စာ- ခင်ဗျားကတော့ ပြောလိုက်ရင် ဂွပဲ။ အဲလိုတော့ ဘယ်ဟုတ်မလဲဗျ။ ကျွန်တော်က ဘောလုံးပွဲ ကို ခံစားကြည့်တာဗျ။
ဂိုင်း- ဘောလုံးပွဲများ။ ဘာများ ခံစားစရာရှိတုန်း။ ခင်ဗျားဖတ်ဖူးလား စာရေးဆရာတစ်ယောက် ရေးထားတာ။ ဂြိုသားတစ်ယောက်က ဘောလုံးပွဲကို ကြည့်ပြီးတော့ သူ့ဂြိုလ်ကို ပြန်ရောက်တဲ့ အခါမှာ ဒီလို report တင်တယ်တဲ့။ ” ကမ္ဘာဂြိုလ် ပေါ်ရှိ ဥရောပဟုခေါ်သော ဒေသတစ်ခုရှိ မြေကွပ်လပ် ခပ်ကျယ်ကျယ်တွင် လေဖြည့်ထားသော ရာဘာလုံး တစ်လုံးကို လူနှစ်ဆယ်ကျော်ခန့် ၀ိုင်းလုရာတွင် လူပေါင်း သောင်းပေါင်းများစွာက စိတ်ဝင်တစား ကြည့်ရှု့ကြသည် ထူးဆန်းပေစွ” တဲ့။ ဟားဟား ခင်ဗျားတို့ ဘောလုံးက အဲလိုဗျ။
စာ- မင်းတော်တော်ညံ့သေးတာပဲ ဂိုင်းမျိုးရာ။ တကယ်တော့ ဘောလုံးကစားနည်းဆိုတာ အနုပညာကွ။ စီမံ ခန့်ခွဲမှု့ အနုပညာ။ စိတ်ခံစားမှု့ပါတယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ စိတ်ခံစားမှု့တွေ၊ ကျွမ်းကျင်မှု့ တွေကို စီမံခန့်ခွဲရတဲ့ အနုပညာတစ်ခုကွ။ အဲဒါကြောင့် လူတွေစိတ်ဝင်စားကြတာ။
ဂိုင်း- အံ့သြပါ့ဗျာ။ ဒီဘာမှ မဟုတ်တဲ့ ဟာကိုများ ဒီလောက် အအိပ်ပျက် အစားပျက်ခံလို့။
စာ- ဒါကတော့ကွာ မင်းကမှ မခံစားတတ်တာ။ မင်းကအဲလို ခံစားတတ်အောင် အသိပညာ နုံနဲလို့နေမှာပေါ့ ကွ။
ကိုစာအုပ်က အခွင့်အရေးရတုန်း နှိပ်ကွပ်သည်။ သို့သော် ကိုဂိုင်းမျိုးက မဖြုံ။
ဂိုင်း- မဟုတ်ဘူးဗျ။ ခင်ဗျားတို့က သာတစ်ဆိတ်ကို တစ်အိတ်လုပ်နေတာ။ ပုံမှန် အပျင်းပြေလောက် ကြည့်တောရောပေါ့။ အခုဟာက နေ့ မအိပ်ညမအိပ်နဲ့။ ညနှစ်နာရီဆိုလည်း ကြည့် သုံးနာရီဆိုလည်း ကြည့်။ ငွေလဲကုန် လူလည်း ပင်ပန်းသေး။ ပြီးတော့ လည်း ဆွေးနွေးလိုက်ကျတာတွေက နောက်ရက်ပဲ ဥရောပ ကလပ် အသင်းတစ်ခုကို သွား အုပ်ချုပ်ရတော့ မှာလိုလို။ ဟိုလူက ဒါဖြစ်လို့ကွ။ ဒီလူကို ဒီနားပို့ လိုက်ရင်ပိုကောင်းမှာနဲ့။ ဟိုလူကို ဟိုလိုလုပ်ရမှာနဲ့။ ခင်ဗျားတို့ပဲသိ ခင်ဗျားတို့ပဲတတ်။
စာ- မင်းတော်တော်ဝေးတာပဲကွာ။ ဒါမျိုးက ခံစားတတ်မှ။ ကျွဲပါးစောင်းတီး အလကားပဲ။ ဒီမယ် ဘောလုံးဆို တာ သာမန်ကစားနည်း မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းတောင် ဘောလုံး နဲ့ မြင့် တင်လို့ ရတယ်ကွ။
ဂိုင်း- အဲဒါဆိုလည်းဗျာ ကိုယ့်နိုင်ငံ ကန်တဲ့ပွဲတို့ ကိုယ့်လူမျိုးကန်တဲ့ ပွဲတို့ဒါမျိုးအားပေး ပေါ့ဗျာ။ အခုဟာ က ကိုယ်နဲ့ ဘာမှ မဆိုင်တဲ့ နိုင်ငံကလူတွေကန်ကြတာများ အသည်းအသန် ဖြစ်ရတယ်လို့ ။
စာ- ဟာဒါကတော့ ကွာ ဂီတ လိုပေါ့။ ဂီတဆိုတာ ဘယ်နိုင်ငံက ဖြစ်ဖြစ် ဘယ်လူမျိုးရဲ့ ဂီတဖြစ်ဖြစ် ခံစား လို့ရတာပဲကွ။
အခြေအနေက တင်းမာလာသည်။ ကျွန်တော်က ၀င်ပြောရတော့သည်။
ကျွန်တော်- ခင်ဗျားတို့ကလည်း ဗျာ တော်ပါတော့ ငြင်းမနေပါနဲ့တော့။ ကိုယ့်ဝါသနာနဲ့ကိုပဲဗျာ။ တစ်ယောက် နဲ့ တစ်ယောက် ဘယ်တူနိုင်ပါ့မလဲ။
ဂိုင်း- တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာတော့ သိပါတယ်ဗျာ။ တစ်ခုတော့ ပြောဦးမယ် ကိုစာအုပ်ရ။ ခင်ဗျားရဲ့ မန်ယူကလပ်အသင်းမှာ လူလိုရင်ဗျာ ကျွန်တော့် တူလေးကို ခေါ်စမ်းပါဗျ။ ညနေဆိုဟိုဘက် ကားလမ်းမှာ ဘောလုံးကန်ကန်နေတာ စိတ်မချလို့ဗျ။ ဟားဟား။
ပြောပြောဆိုဆို ကိုဂိုင်းမျိုးသည် လက်ဖက်ရည်ကို ဂွပ်ခနဲက မော့သောက်ကာ ထွက်သွားလေသည်။
ထိုနေ့ အတွက်တော့ ကိုစာအုပ် ဘာစကားမှ မပြောပဲ ဂျာနယ် ကိုသာ တွင်တွင်ကြီး ဖတ်နေပါတော့ သည်။
ဆက်ပါဦးမည်။
မိုးတိမ်ညို
မတ်လ၊ ၂၀၀၉။

Read More...

Tuesday, March 24, 2009

လွဲနေသော“စံ“

ဤဘလော့တွင် ပထမဆုံးတင်သော ပို(စ်) ဖြစ်ပါသည်။ အနည်းငယ် ပြန်လည် ပြင်ဆင်ထားပါသည်။
***********************************************************************
လွဲနေသော“စံ“

ကျွန်တော်သည် စည်းစနစ်ကျသူတစ်ဦးဖြစ်သည်။ (သို့မဟုတ်) စည်းစနစ်ကျသူ တစ်ဦးဟု ကျွန်တော်ကို ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော့်၏ သူငယ်ချင်း မိတ်ဆွေများကတော့ ထိုကဲ့သို့ မထင်ကြပါ။ ငကြောင်၊ ဘ၀င်ရူးဟုသာထင်ကြပါသည်။ သူတို့ ဘယ်လိုထင်ထင် ကျွန်တော် ဂရုမစိုက်ပါ။ ကျွန်တော့် 'စံ' နှင့်ကျွန်တော်သာနေပါသည်။ ထို့ကြောင့်လည်း သူတို့ နှင့်ကျွန်တော် မကြာခဏ အငြင်းပွားလေ့ရှိသည်။

လက်ဖက်ရည်ဆိုင်တွင်ထိုင်နေရင်း လမ်းဘေးသို့ ဆေးလိပ်တိုကို လွင့်ပစ် သောသူကို၎င်း၊ မြောင်းထဲသို့ ပလပ်စတစ်အိပ်ခွံပစ်ချသောသူကိုလည်းကောင်း ကျွန်တော်ကနှိပ်ကွပ်သည်။
” အေး မင်းတို့လို စည်းမဲ့ကမ်းမဲ့ကောင်တွေရှိနေလို့ ငါတို့ နိုင်ငံမတိုးတက်တာကွ၊ နိုင်ငံသားတိုင်းသာ ကိုယ့်တာဝန်ကိုယူပြီး စည်းကမ်းရှိနေရင် ငါတို့ နိုင်ငံ အခုအချိန်ဆိုရင် နိုင်ငံတကာ အဆင့်မှီနေပြီကွ”
သူတို့ကလည်းပြန်ချေပသည်။
”ဟေ့ကောင်ရ ဒါမျိုးစည်းကမ်းဆိုတာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့လုပ်မှရမှာကွ၊ ဥပမာကွာ နိုင်ငံခြားမှာ လိုလမ်းထောင့် တိုင်းမှာသာ အမှိုက်ပစ်စရာ အမှိုက်ပုံးရှိနေရင်၊ လမ်းတွေက နဂိုကတည်းက သန့်ရှင်းပြီး အမှိုက်ပစ်ရက်စရာမရှိရင် ဘယ်သူမှ လမ်းဘေးကို အမှိုက်မချဘူးဟေ့ကောင်”
ထိုအခါကျွန်တော်က
”အေး ဒါတော့ဒါပေါ့ ဒါပေမယ့်ဒီလိုအခြေအနေမျိုးရောက်အောင် စောင့်မနေပဲ အခုကတည်းက တစ်ယောက်ချင်း စီကနားလည်မှု့နဲ့စည်းကမ်းရှိသွားရင် သူ့ဟာသူတိုး တက်သွားမှာကွ”

တစ်ယောက်က ၀င်ပြောသည်။
”ဟေ့ကောင် ကိုကြီးကျယ်ရာ အပိုတွေလျှောက်ပြောမနေပါနဲ့၊ ခွေးဟောင်လို့ တောင် မရွှေ့ပါဘူးကွာ၊ မင်းကရောဘယ်လောက်စည်းကမ်းရှိနိုင်လို့ လည်း”
မဖြစ်ချေတော့ ဒီကောင်တွေ ကျွန်တော့်မူကိုထိလာပြီ။
”အေး ငါကအမြဲ ငါမူနဲ့ ငါနေတာကွ၊ မယုံရင်မင်းတို့စောင့်ကြည့်နေ။ ငါ့ သုံးတဲ့ အမှိုက်က လမ်းဘေးတို့ ၊မြောင်းထဲတို့ ဘယ်နည်းနဲ့မှ မရောက်စေရဘူး။ အရင်ကလည်းမရောက်ဘူး၊ အခုလည်းမရောက်ဘူး၊ နောင်လည်းရောက်မှာမဟုတ်ဘူး ”
ထိုနေ့မှစပြီးကျွန်တော့် စကားနှင့် ကျွန်တော် ကျွန်တော်သုံးသည့် အမှိုက်ကိုစနစ်တကျ အမှိုက်တောင်းထဲသို့ အမြဲရောက်အောင် ယခင်ကထက်ပို၍ ဂရုစိုက်ပါသည်သည်။ သူတို့တွေ ဘယ်လိုပဲလှောင်လှောင် ကျွန်တော်မမှု့ပဲကျွန်တော့် မူအတိုင်းသာလုပ်သည်။
တစ်နေ့ လက်ဖက်ရည်ဆိုင်မှ အပြန် ကျွန်တော်သောက်သည့် ဆေးလိပ်တိုကို ပစ်စရာ အမှိုက်တောင်း ရှာမတွေ့သဖြင့် အိမ်ရောက်မှပစ်ရန်အိပ်ထောင်ထဲသို့ ကျွန်တော်သေသေချာချာ ထည့်ယူ လာခဲ့သည်။ သူတို့ ကတော့ကျွန်တော့်ကို ထုံးစံအတိုင်းဝိုင်းလှောင်ကြသည်။ သို့သော်ကျွန်တော်မမှု့ပါ။ ကျွန်တော်က ကျွန်တော့် စံနှင့် ကျွန်တော်နေသည် မဟုတ်ပါလား။ အိမ်ရောက်မှ ထိုအမှိုက်ကို စနစ်တကျ အမှိုက်တောင်းထဲသို့ ထည့်လိုက်သည်။ အဲဒီနေ့က ကျွန်တော့်ကို ကျွန်တော် အတော်ကျေနပ်နေပါသည်။
ထိုနေည ညစာထမင်းစားပြီး ကျွန်တော်အိမ်ရှေ့ တွင်စာထိုင်ဖတ်နေစဉ် အမေက အထုပ်ကြီး တစ်ထုပ်ဆွဲပြီး မီးဖိုထဲမှထွက်လာသည်။
”အမေ ညကြီးမင်းကြီးဘယ်လည်းဗျ“
“အမှိုက်သွားပစ်မလို့လေ“
“ဟင် ဒီအချိန်ကြီး အမှိုက်ကားလာလို့လား”
ထိုအခါအမေက
“ဟဲ့ နင့်အမှိုက်ကားကမလာတာ တစ်ပတ်လောက်ရှိပြီ အခုဟာ မှောင်တုံး ဟိုဖက်လမ်း ကြား ထဲသွား ပစ်မလို့လေ“
“ဟာအမေကလည်းဒီလိုတော့ ဘယ်ကောင်းပါ့မလဲ နိုင်ငံကြီးသားပီသမှပေါ့ အမေတို့နဲ့ခက်ပါတယ် အဲလိုသာဆို…“ ကျွန်တော်စကားဆုံးအောင်ပြောခွင့်မရလိုက်ပါ။
“ဟဲ့ငါက နိုင်ငံကြီးသားပီသချင်တာတောင့် နင့်အမှိုက်ကားကလာမှ မလာပဲ။ ငါကဒီလိုမပစ်လို့ ဒါကြီးကို နင့်အိပ်ယာပေါ်လာထားရမှာလား ဒီမှာပင်ပန်းရတဲ့ အထဲနင်ကတစ်မှောင့်“
ဟုဆိုကာ အမှိုက်ထုပ်ကြီးဆွဲပြီး အမေ ဆောင့်ကြီးအောင့်ကြီးထွက်သွားလေသည်။
ကျွန်တော်လည်း အမေ့ဒေါသကို ကြောက်လို့လား အမှိုက်အိတ်ကြီး ကုတင်ပေါ် တင်ပြီးအိပ်ရမှာ ကြောက်လို့လားမသိ ဆက်ပြီးစောဒကမတက်ဝံ့တော့ပါ။ အမှိုက်အိတ်ထဲမှ ကျွန်တော့်ဆေးလိပ်တိုကလေးရှာ ကောက်လျှင်လည်း ခေါင်းခေါက်ခံရသည်သာ အဖတ်တင်မည် ဖြစ်သော ကြောင့် မကြိုးစားရဲတော့ပါ။
ဒီအကြောင်းကိုဟိုကောင်တွေ မသိအောင်တော့ လျှိ့ဝှက်ထား ရမည် ဖြစ်ပါသည်။

မိုးတိမ်ညို

Read More...

Thursday, February 26, 2009

ဘုရားဖူးသွားခြင်း


အရင်ကတင်ပြီးသားပါ။ နည်းနည်းပြင်ပြီးပြန်တင်ထားတာပါ။
............................................................................................................................................

မနေ့ကတနင်္ဂနွေနေ့လေ။ ချစ်သူလေးနဲ့အတူ ဘုရားကိုသွားကြတယ်လေ။ ခင်မောင်တိုး သီချင်း ထဲကလို ပေါ့ဗျာ။ “မောင်မယ်စုံတောင်ဖက်မုတ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့ “ ဆိုသလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့သွားတာက မန္တလေးက မဟာမုနိ ဘုရားကြီးဆိုတော့ လှေခါးတော့ တတ်စရာမလို ဘူးပေါ့။

အဲဒီနေ့ မနက်စောစော ကောင်မလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။ ကုသိုလ်လည်း ရ၀မ်းလည်း ၀ပေါ့။ အဲဟုတ်သေးပါဘူး။ ဒီလိုနဲ့ ဘုရားကြီးကိုရောက်တော့ ဆိုင်ကယ် စတန်းမှာ ဆိုင်ကယ် အပ်တော့ အပ်ခက ၂၀၀ တဲ့။ မန္ထလေးမှာ နေရာအတော်များများမှာ အဲဒီအချိန်က ဆိုင်ကယ် အပ်ခက ၁၀၀ ပဲပေးရတယ်ဗျ။ အင်းလေ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင် ဘုရားကြီးပဲ ဒီလောက်တော့ လှူရမှာပေါ့။

ဆိုင်ကယ် စတန်းကနေ ဘုရားထဲကို လျှောက်ရ တဲ့လမ်းက တော်တော် ညစ်ပတ်တယ်။ ဖိနပ်ကို ထားခဲ့တာဆိုတော့ ဖိနပ်မပါပဲ လျှောက်ရတာလေ။ မနေ့က မိုးလည်းရွာထားတော့ ရွံ့တွေနဲ့။ မတတ်နိုင်ဘူးလေ။ ဒီလမ်းတစ်လမ်းပဲရှိတာကိုး။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ပန်းရောင်းတဲ့မမတွေလေ။ ၀ယ်ပါယူပါနဲ့ အလကားပေးနေသလား မှတ်ရတယ်။ မ၀ယ် ဘူး ပြောလည်း မရဘူး။ ဇွတ်ဗျ။ တကယ်ဝယ်တော့ လည်း ပန်းစည်းသေးသေးလေးကို ၅၀၀ လောက်ပေးရဦးမယ်။ ၅၀၀ လောက်လည်း ဘာအရေးလဲ ဘုရားလာတာ ကုသိုလ်ရဖို့ပဲ မဟုတ်လား။ လှူတယ်လို့ သဘောထားရမှာပေါ့။


ပြီးတော့ အဲဒီပန်းသယ် မမတွေနဲ့ အပြိုင်က ပိုက်ဆံတောင်းတဲ့ အဒေါ်ကြီးတွေလေ။ အောင်မာ တန်းစီပြီးတောင်းနေတာဝန်ကြီးချုပ်လာလို့ လူတွေ တန်းစီပြီးကြိုနေတာကျနေတာပဲ။ မဆီမဆိုင် ကိုယ်တောင် ဘ၀င်မြင့်သွားသေးတယ်။ သဒ္ဓါတရားထက်သန်စွာနဲ့ ၂၀၀ လှူခဲ့ပါသေးတယ်ဗျာ။ သာဓုခေါ်ကြပါ။

ဘုရားထဲကို စ၀င်တော့ လမ်းဘေးမှာ ဈေးသည်တွေ အများကြီးပဲ။ မုန့်သယ်၊ အရုပ်သည်၊ ပန်းချီပုံ ဓါတ်ပုံ ရောင်းတဲ့ အသည်၊ အစုံပဲဗျ။ အဲဒီအထဲမှာ သတိထားမိတာကတော့ ငှက်ရောင်း တဲ့သူ ကိုပဲ။ လှောင်ချိုင့်ထဲမှာ ငှက်ကလေးတွေ အများကြီးပဲ။ ကုသိုလ်ကောင်းမှု့လုပ်တဲ့ ဗုဒ္ဓဘာသာ ၀င်သူတော်စင်တွေက တကူးတကဖမ်းထားတဲ့ ငှက်ကလေးတွေ ကို တကူးတက လွတ်ပြီးကု သိုလ် ယူကြတယ်တဲ့ဗျ။
တစ်ချို့က

“နင့်အသက်တစ်ခါလွှတ် ငါအသက်ဆယ်ခါလွတ်”

လို့ အော်ကြတယ်ဆိုပဲ။ တော်တော်မြတ်တာပဲနော်။ တစ်ချို့ကလည်း ဗေဒင်ဆရာရဲ့ ယတြာအရ ဘယ်နေ့မှာ ငှက်ဘယ်နှစ်ကောင်လွတ်ရမယ်ဆိုပြီး လာလွတ်တာလည်း ရှိသေးဆိုရဲ့။ ဗေဒင် ဆရာနဲ့ ငှက်ရောင်းတဲ့ သူစီးပွားဖက်စပ်များ လုပ်ထားသေးသလားလို့ မဆီမဆိုင်တွေးမိသေး ဗျာ။
ကျွန်တော်တို့ အနားရောက်တော့ ငှက်ရောင်းတဲ့သူက

“အကိုကြီး ငှက်ကလေးတွေ လွတ်ပေးပါဦး” တဲ့။

အောင်မာသူပြောတဲ့ပုံက သူ့ငှက်မလွတ်ရင် ကိုယ်ကပဲ အကြင်နာတရား မရှိတဲ့သူလိုလို။ သူကြည့်တဲ့ အကြည့်ကလည်း သေခါနီးလူနာကို ကုလို့ရရဲ့သားနဲ့ ပိုက်ဆံမရလို့ မကုတဲ့ ဆရာဝန် ကိုကြည့်သလိုမျိုး။ ထင်ချင်သလိုထင်ကွာ။ ကျွန်တော်တော့ မလွတ်ဘူး။ ပြီးရင် သူတို့ကပြန်ဖမ်းမှာပဲ။ တစ်ချို့ကတော့ ပြောကြတယ်။ သူ့ဟာသူပြန်ဖမ်းဖမ်း မဖမ်းဖမ်း မင်းဒီ တစ်ကြိမ် လွတ်လိုက်ရင် အဲဒီငှက်ကတော့ အကျိုးရှိသွားတာပဲတဲ့။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကျွန်တော်က အဲဒီလို လွတ်လိုက်ပြီထား ငှက်ကတော့ လွတ်သွားပါတယ်။ သူတို့က အကျိုးအမြတ်ရသွားတယ်။ လွတ်တဲ့သူများလေလေ သူတို့က အကျိုးအမြတ်ပိုများပြီး နောက်ဆို ပိုကောင်းတဲ့ ငှက်ထောင်နည်းတွေသုံး။ ငှက်တွေပိုဖမ်း၊ လူတွေကပိုလွတ်နဲ့ တော်ပြီ အဲဒီ သံသရာထဲ ကျွန်တော် မပါချင်ဘူး။

“ ပိုက်ဆံကုန်သူ ကျွန်တော်မျိုး၊ အဖမ်းခံရသူငှက်၊ အကျိုးအမြတ်ရသူ သူတို့” ပဲလေ။

ဟင်း ဘုရားလာမှ အကုသိုလ်အတော်များနေပြီ။ စိတ်လျှော့ တရားနဲ့ဖြေ။

အဲလိုနဲ့ ဆက်လျှောက် လာတော့ ရှေ့နားလူသွားလမ်းဘေးမှာ ဦးဇင်းတစ်ပါး။ မတ်တပ်ရပ် မျက်စိစုံမှိတ် သပိတ်လေးပိုက်ပြီး ပါးစပ်ကလည်း ပတွတ် ပတွတ်နဲ့ ဘုရားစာရွတ်နေတာဗျာ။ ဘာလုပ်တာလဲလို့ သေချာကြည့်လိုက်တော့မှ အလှူခံနေတာဗျ။ အော်ဖြစ်မှ ဖြစ်ရလေ။ အလှူခံတာများ ရိုးရိုးခံလည်း ရပါတယ်။ အခုဟာက သီချင်းအကျယ်ကြီးဖွင့်ပြီး သူလာတာ သိအောင်လုပ်ရတဲ့ ထီလှည်းလိုဖြစ်နေပြီ။ ဟောဗျာ အကုသိုလ်တစ်မျိုးဝင်ပြန်ပြီ။ မဖြစ်ဘူး အထဲမြန်မြန်ဝင်မှ ဆိုပြီး သုတ်သုတ်လျှောက်လာခဲ့တယ်။ ဘုရားထဲဝင်ခါနီး ပြတိုက်နားမှာ လည်း ပိုက်ဆံတောင်းတဲ့ အမယ်ကြီး တစ်စုဗျာ။ လာပြန်ပြီဒီမှာ တစ်ဖွဲ့။ အတွင်း(၃၇) မင်း အပြင်(၃၇) မင်းများ ခွဲထားသလားပဲ။ ဒါနဲ့ ကျွန်တော်လည်း ရှေ့ဆုံးက အမေကြီးကို ၂၀၀ လှူခဲ့ပါတယ်။ အဲပြီးတော့ ကျွန်တော် အမှတ်တမဲ့ လှည့်ကြည့်လိုက်တော့ သူတို့က အဲဒီပိုက်ဆံကို ခွဲဝေယူနေကြတာဗျာ။ အဲဒီတော့ မှ သဘောပေါက်တယ်။ သြော် ရှယ်ရာလုပ်ငန်းကိုးလို့။

နောက်ဆုံး တော့ ဆင်းထုတော်ထားတဲ့ ဂူနားကို ရောက်လာခဲ့ပါတယ်။ လူတွေကို ကြိတ်ကြိတ်တိုး နေတာပဲဗျ။ အထဲမှာ တစ်ခုခု အလကားဝေနေသလားမှတ်ရတယ်။ မိန်းမတွေကတော့ အထဲမ၀င်ရတော့ အပြင်ကနေပဲ မျှော်ပြီး ရှိခိုးရတယ်။ မရွှေချောကတော့ အပြင်မှာ ရှိခိုးနေခဲ့ပြီး ကျွန်တော်က လူတွေကို တိုးဝှေ့ ပြီး ကန်တော့ရအောင်အထဲဝင်။ နှစ်ပေပတ်လယ်လောက် နေရာလေးရအောင်မနည်းကြိုးစား ရှာရတယ်။ အထဲမှာ ချွေးနံ့ လူနံ့တွေက မွန်းကျပ်နေတာပဲ။ ထိုင်ပြီးကန်တော့မယ်ဆိုပြီး မော့လိုက်တော့ ဆင်းထုတော်မှာ ရွှေချနေတဲ့သူတွေ မနည်းပါလား။ ကန်တော့ပါရဲ့ ထန်းလျှက်ခဲကို ၀ိုင်းအုံနေတဲ့ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ ကိုယ်ကဘုရား ကန်တော့ချင်တာ မထူးပါဘူးကွာကဆိုပြီး သူတို့ပါရောကန်တော့ခဲ့ရတယ်။ ပညာရှိတွေကတော့ ပြောကြတယ်။ ကိုယ်ကဘုရားကို ရည်စူးပြီး ရှိခိုးတာပဲတဲ့။ သူတို့ရှိလည်း ကိုယ်ကစိတ်ရှင်းနေဖို့ပဲ အရေးကြီးတယ်တဲ့။ ဟုတ်ကဲ့ အဲလိုဆိုကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ အဲလိုရည်စူးပြီး ကန်တော့တာဆိုရင် ဘာလို့များ ဘုရားကြီး လာနေသေးလည်းဗျာ။ ကိုယ့်အိမ်က ဘုရားကို ကန်တော့ပေါ့။ မျက်နှာတော်ကြည့်ချင်ရင် ပုံတော်တွေဝယ်လို့ရတာပဲ။ ကဲအဲလိုပြောတော့ ကျွန်တော်က ပဲ လူ့ဂွစာဖြစ်ဦးမယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်ကန်တော့ခဲ့ပါတယ်။

အဲကန်တော့နေတုန်းအပြင်ထွက်တဲ့ သူတစ်ယောက်က၀င်တိုက်သွားသေးတယ်။ အမလေး ငြိမ်းချမ်းလိုက်တာဗျာ ဘုရားကန်တော့ရတာ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ကန်တော့ပြီး ပြန်ထွက်လာခဲ့တယ်။ (ပြန်အထွက်မှာ ကန်တော့နေတဲ့သူတစ်ယောက်ကို ၀င်တိုက်ခဲ့သေးတယ်)။ အပြင်ရောက်တော့ မရွှေချော ကကန်တော့ လို့မပြီးသေးဘူး။ လက်ထဲမှာ လည်း ဘယ်အချိန်က၀ယ်ထားမှန်းမသိတဲ့ ပန်းစီးနှစ်စီးနဲ့။ တစ်စီးကတော့ ကျွန်တော့ အတွက်ပဲနေမှာပါ။ ဟဲဟဲ။ အဲလိုတွေးပြီးကြည်နူးနေတုန်း အနားကို ဦးဇင်းနှစ်ပါးရောက်လာတယ်။
“ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါဦးတဲ့”
ခပ်မာမာပြောတယ်။ ကျွန်တော်က ကန့်တော့ပါသေးရဲ့ လို့ပြန်ပြောလိုက်တော့ အနားကပ်လာပြီး ခပ်မာမာထပ်ပြောတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါ” တဲ့။ရန်ရှာတော့မယ့်ပုံဗျာ။ ရုပ်ရှင်ထဲမှာ မင်းသားကို လူဆိုးနှစ်ယောက်က ၀ိုင်းလာသလိုမျိုးပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားက ယိယားဆိုပြီး ချပြစ်လိုက်မှာပဲ။ ဒါမေမယ့် အခုတော့ဗျာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေကြားမှာ ကျွန်တော်က ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါးနဲ့ ထရန်ဖြစ်နေရင် တယ်မသင့်တော်တာနဲ့ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒမြတိုက်ခံရသလိုပါပဲ။ ဘုန်းကြီး အတုတွေကြောင့် ဘုန်းကြီး အစစ်တွေ ဘယ်လောက် သိက္ခာကျလိုက်မလဲ စဉ်းစားကြည့်ကြပါ။

ဒါနဲ့ဖြစ်ချေဘူးဆိုပြီး နေရာပြောင်း ရပ်တော့ ဘုရားကြီးလုံခြုံရေး ယူနီဖောင်းနဲ့ လူတစ်ယောက်လာပြီးတော့

“ညီလေး မျက်နှာသစ်တော် ရပြီးပြီလား”တဲ့။

ကျွန်တော်ကလည်း ဘုမသိဘမသိနဲ့ မရသေးဘူးအစ်ကို လို့ပြောလိုက်တော့ ဒါဆိုလာ ဆိုပြီးတော့ အနားက ကောင်တာကနေ မျက်နှာသစ်တော် တဘက်တစ်ခုယူပေးတယ်။ ကျွန်တောက်က ကျေးဇူးပဲ အစ်ကိုကြီး ကို ပြောမလို့ကြံနေတုန်း
“ငါးရာပါ ညီလေးတဲ့”။
အောင်မလေး ဒါကအေးဒမြ ဗျ။ ၀ယ်ရမယ်ဆိုကျွန်တော်လိုရင် ၀ယ်မှာပေါ့ဗျာ။ အခုဟာက အလကားဝေသလိုလိုနဲ့။ ပိုက်ဆံကုန်သွားတာကို မနှမြောပါဘူုးဗျာ။ လူလည်ကျတယ်ထင်လို့ပါ။ တတ်နိုင်ဘူးလေ ပေးလိုက်ရတာပေါ့။ ဂေါပကလူကြီး ချွေးသုတ်တဲ့ တဘက် မဟုတ်တာ တော်သေး ပဲလို့ အောင့်မေ့ရတာပဲ။ ကျွန်တော်တော့ ဘုရားကြီးတစ်ခေါက်သွားတာ အကုသိုလ်တွေပဲ ရလာတယ်ဗျာ။ စိတ်ထားတတ်ရင်မြတ်တယ်တဲ့။ ကျွန်တော်ကမထား တတ်လို့ပဲနေမှာပါ။

ကျွန်တော့်ကောင်မလေး ကိုဒီအကြောင်းတွေပြောတော့ အဆူခံရတယ်ဗျာ။ သူတို့ ခဏခဏလာ နေတာ ဘာမှ မဖြစ်ဘူးတဲ့။ ရှင့်ကျမှ ဖြစ်တယ်။ ရှင်ကိုက အဆိုးမြင်ဝါဒီဖြစ်နေလို့နေမှာတဲ့။ ဟုတ်ပါတယ်ဗျာ ကျွန်တော်ကိုက အဆိုးမြင်ဝါဒီပါ။ ဒါနဲ့ သူ့ကိုချော့ရင်း ဘုရားကို တစ်ပတ်ပတ်ပြီး အိမ်ကို အကုသိုလ်များစွာ နဲ့ပြန်လာခဲ့ပါတော့တယ်ခင်ဗျား။

မိုးတိမ်ညို
ဒီဇင်ဘာ၊ ၂၀၀၈

Read More...

Thursday, December 18, 2008

သိကြားမင်းပေးသော စေတီ နှင့် အရက်သမားဘဇံ

“ဟေ့ကောင်ဘဇံ မင်းပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ကွာ“
“ဟ ငါကဟုတ်လို့ဟုတ်တယ်ပြောတာကွ ဘာမှလိမ်စရာ အကြောင်းမရှိဘူး မင်းမယုံတာတော့ မတတ်နိုင်ဘူး“
ကျွန်တော်အိမ်ရှေ့ ကွပ်ြပစ်ပေါ်တွင် ထိုင်ပြီး ရေနွေးသောက်နေစဉ်တွင် အိမ်ရှေ့မှ ဖြတ်သွားသော အရက် သမားဘဇံနှင့် သူ့သူငယ်ချင်း ကောင်းကြီး မူးမူးရူးရူးဖြင့်စကားများ နေကြခြင်းဖြစ်သည်။ ဤဇာတ်လမ်းကို မပြောမှီ ကျွန်တော့်နှင့် ရွာအကြောင်းကို မိတ်ဆက်ပေးပါမှ စာဖတ်သူတို့ ဇာတ်လမ်း ကိုပြည့်ပြည့်၀၀ နား လည်မည်ဟုထင်ပါသည်။ ကျွန်တော်သည် ဤရွာ၏ တစ်ဦးတည်းသော ကျောင်းဆရာ ဖြစ်ပါသည်။ စာတို ပေ စကလေး ဖတ်ပြီး အထိုက်အလျှောက် ဗဟုသုတပြည့်စုံသဖြင့် ရွာခံများက ကျွန်တော့် ကို ဆရာလေး ဟု ခေါ်ပြီး လေးစားကြပါသည်။ ဒီရွာတွင် ရွာဦးဆရာတော် ဦးသောဘိတ သည် သြဇာ အရှိဆုံး ဖြစ်သည်။ သူပြီး လျှင် ဆေးဆရာ ဗေဒင် ဆရာကြီး ဦးဆောင်း သည် သြဇာ အရှိဆုံးဖြစ်သည်။ ရွာသူကြီး ပင်လျှင် သူတို့ နှစ်ဦး၏ သြဇာကို မလွန်ဆန်ဝံ့ပါချေ။

ဇာတ်လမ်းမှာ ဆရာကြီး ဦးဆောင်း၏ အိမ်မက်မှ စလေသည်။ တစ်ရက်သော် ဆရာကြီး သည် ထူးဆန်း သော အိမ်မက် မက်မြင်သည်ဟုဆရာတော် ဦးသောဘိတကို လျှောက်တင်လေသည်။ ထိုအိမ်မက် ထဲတွင် ရွာ အရှေ့ဘက် ချောင်းကလေး၏ ဘေးတောင်ကုန်းတွင် စေတီတစ်ဆူ ဘွားကနဲ ပေါ်လာသည်။ ထိုစေ တီ ပေါ်လာပြီး နောက်ရွာသူရွာသားအားလုံး သည် အနာရောဂါမှန်သမျှ ကင်းရှင်းကာ အားလုံး ချမ်းသာသုခရ ကြသည်ဟု ဆိုလေသည်။ တိုက်ဆိုင်စွာပင် ဆရာတော် ဦးသောဘိတကလည်း ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရသည်ဟု အိမ်မက်မက်မြင်သည် ဟုဆို၏။ ထိုနေ့မှ စ၍ ဆရာတော်နှင့် ဆရာ ကြီး ဦးဆောင်း တကြိတ်ကြိတ် ဖြင့်ထိုကိစ္စကို တိုင်ပင်ကြလေသည်။ ဆရာကြီး ဦးဆောင်း အိပ်မက် မက်မြင် သည် ဟုဆိုသော တောင်ကုန်းလေးသို့ သွားကြည့်ကြလေသည်။ တောင်ကုန်းလေးမှာ တောင်က တုန်း လေးဖြစ်၏။ သူတို့သည် ထိုတောင်ကုန်းပေါ်တွင် စေတီတည်ထားရန် ရည်ရွယ်ပြီး တိုင် တစ်တိုင်ပင် နေရာ သတ် မှတ်သော အနေဖြင့် စိုက်ထားခဲ့သည်။ ထိုနေ့မှ စ၍ စေတီတည်ထား ရန် ရံပုံငွေရှာကြလေသည်။ ရွာသူရွာသားများသာ မက ရွာနီးချုပ်စပ်များကပါ အလှူခံထည့်ဝင် ကြလေသည်။ ရွာသားများကလည်း ယုံယုံကြည် ကြည် လေးလေးစားစား ဖြင့် တတ်အားသမျှ လှူကြလေသည်။
တစ်ရက်သော် ညဦးပိုင်းမှ စပြီး မိုးသည်း ထန်စွာရွာသွန်းလေသည်။ လျှပ်စီးများလည်းပစ် မိုးခြိမ်းသံမှာ လည်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဖြစ်သည်။ ထိုညတွင်ပင် ထိုတောင်ကုန်း ပေါ်ရှိ တိုင်ကို မိုးကြိုးပစ်လေသည်။ နံနက်လင်း သော် ဆရာကြီး ဦးဆောင်း တို့ သွားကြည့်ကြရာ စေတီတည်မည့်နေရာနှင့် သိပ်မဝေးသောနေရာတွင် ကြက်ဥကဲ့သိုသော ကျောက်တုံး ကဲ့သို့သောဖြူဖြူ လုံးလုံးဝန်းဝန်းအရာ လေးတစ်ခုကို ရွံ့မြေထဲတွင် တစ်ဝက်မြုတ်နေသည်ကို ထူးဆန်း စွာတွေ့ရသည်။ အချို့က ဤအရာကို မိုကြိုးသွားဟုထင်ကြသည်။ ဆရာကြီးဦးဆောင်းက မူ သိကြား မင်း က ပေးသော ဌာပနာဟုဆိုသည်။ ဆရာတော်ကလည်း တန်းခိုးကြီးသော စေတီတစ်ဆူ တည်ရန်နတ် ကောင်းနတ်မြတ်များ က မစသည် ဟု တစ်ထစ်ချယုံကြည်နေသည်။ ရွာသူရွာသားများ လည်း ထိုအတိုင်း ပင်ယုံကြည်ကြလေသည်။ ဆရာတော်နှင့် ဦးဆောင်းတို့မှာ နေ့ချင်းညချင်းပင် ကြီးကျယ်မြင့်မြတ်သော သူတော်စင်ကြီးများကဲ့သို့ ဖြစ်လာခဲ့လေသည်။
ထိုဌာပနာကို မည်သူမှ မထိရ မကိုင်ရလေအောင် စေတီ မတည်မှီအထိ ခြံစည်းရိုး ခတ်ထားသည်။ အစောင့်ပင် အလှည့်ကျထားသေးသည်။ အဖြစ်အပျက်မှာ အထက်ပါ အတိုင်းဖြစ်လေ၏။
ဘဇံတို့၏ အငြင်းပွားသံ ကြားသဖြင့် ကျွန်တော်က စိတ်ဝင်စားသဖြင့်
“ဟေ့ကောင့် ဘဇံကြီးတို့ ဘာဖြစ်နေတာတုံး“
“ဟာကျောင်းဆရာ ဒီကောင်ဒီမှာ မတော်တရော်တွေပြောနေလို့ဗျ“
ကောင်းကြီးက ပြောပြောဆိုဆို ခြံထဲသို့ ၀င်လာလေသည်။ ဘဇံလည်း သူ့နောက်မှ လိုက်လာသည်။ ကောင်းကြီးက ဆက်ပြောသည်။
“ဒီလိုဆရာရေ ဘဇံက ပြောတာ စေတီရဲ့ ဌာပနာဆိုတာ မိုးကြိုးသွားလည်း မဟုတ်ဘူး၊ သိကြားမင်းပေးတာလည်း မဟုတ်ဘူး သူချောင်းစပ်က ကောက်လာတဲ့ ကျောက်ခဲတဲ့ အလကား ငမူး ငရဲကြီးအောင် သူများ ကုသိုလ် အရှိန်အ၀ါကြီးတာ ကို မနာလိုလို့“
ကောင်းကြီးပြောတာကြားပြီး ကျွန်တော် ခေါင်းကြီးသွားလေသည်။
“ဟေ့ကောင်ငါက တကယ်ဟုတ်လို့ပြောတာ မူးလို့ပြောတာမဟုတ်ဘူး မင်းက သာမူးနေတာ….“
“ကဲကဲ နေကြဦး“ ကျွန်တော်က ၀င်ဟန့်လိုက်ရသည်။
“ဘဇံမင်းက ဘာလို့ အဲဒါကို မင်းကောက်လာတဲ့ ကျောက်တုံးလို့ ပြောတာတုံး သူကြီး ကြားသွားရင် မင်းနာဦးမယ်။ငါ့ကို သေချာပြောပြ “
“ဆရာရေ အဲဒီကျောက်တုံးက ကျွန်တော် ချောင်းစပ်မှာရေချိုးပြီး အပြန်တွေ့လို့ ကောက်လာတာ လုံးလုံး ဖြူဖြူ လေး လှလို့ ၊ပြီးတော့ အရက်သောက်ပြီးပြန်လာတော့ မှောင် နေပြီ၊ အဲဒီနေ့က ကျွန်တော် တော် တော် မူးနေတယ်ဆရာရဲ့“ အမှန်တော့ ဘဇံ မမူးတဲ့နေ့ မရှိပါ။ သူကဆက်ပြောသည်။
“ဆရာလည်း သိတဲ့အတိုင်း အတိုင်း ကျွန်တော့် အိမ်က အဲဒီ စေတီတည်မယ့် တောင်ကုန်းနဲ့ ဆို တစ် ခေါ်လောက်ပဲရှိတာ၊ ကျွန်တော် မြန်အောင်ဆိုပြီး လမ်းအတိုင်းမပြန်ပဲနဲ့ အဲဒီတောက်ကုန်းပေါ်က ဖြတ် ပြန်တာ၊ မိုးကလည်းရွာ၊မှောင်ကလည်း မှောင်ဆိုတော့၊ကျွန်တော်လည်း ကြောက်ကြာက် နဲ့ သုတ်သုတ် လျှောက်နေတုန်း အဲဒီ စေတီတည်မဲ့နားကျတော့ ချော်လဲတာပဲ အဲဒါ မနည်း လူးလဲထပြီး အိမ်ပြန်လာတာ၊ ကျောက်တုံးက အဲဒီမှာ ကျကျန်နေခဲ့တာဆရာ၊ အဲဒါသိကြား မင်းပေးတဲ့ ကျောက်တုံးမဟုတ်ဘူး၊ ကျွန် တော့် ကျောက်တုံး ဘဇံရဲ့ ကျောက်တုံး“ ဘဇံကမူးမူးနှင့် အော်သည်။
“နောက်နေ့မနက်ကျ တော့ မနေ့က အသောက်များသွားတာနဲ့ မိုးမိထားတဲ့ ဒဏ်နဲ့ဆိုတော့ နေ့ခင်းကျမှ အိပ်ရာနိုးတယ် နိုးတော့ မှ အဲဒီတောင်ကုန်းမှာ လူစုစုတွေ့လို့ သွားကြည့်တော့ ဆရာ သိတဲ့အတိုင်းပဲ ဆရာ ကြီး ဆောင်းတို့ ဆရာတော်တို့နဲ့ ရွာသားတွေ ရောက်နေကြပြီ လေ။ ကျောက်တုံးလေးကို ခြံ တောင် ခတ်ထားပြီးပြီ။ ကျွန်တော်တို့လည်း ပြောဦးမလို့ပဲ အနားကပ်ပြီး ပြောမလို့ရှိသေး တယ် သူကြီး က ဘဇံမင်း ဘာလာရှုပ်တာလဲဆိုပြီး နားရင်းအုပ်လိုက်လို့ ဘယ်လိုမှ မပြောသာတော့ ဒီလိုပဲ မသိသလို နေလိုက်တာဗျ။“
သူ့စကားကြားပြီး ကျွန်တော့်ရင်ထဲက အလုံးကြီးတတ်လာသည်။ ဒီကိစ္စက တော်ရုံတန်ရုံပြဿနာမဟုတ်။
“မင်းဟာက ဟုတ်ရဲ့လားကွာ“ ကျွန်တော်က သေချာအောင်မေးကြည့်သည်။
“ဆရာမယုံရင် ကျောက်တုံး အောက်ကိုလှန်ကြည့် ကျွန်တော်ပျင်းလို့ ဓါးနဲ့ ဘဇံလို့ ခြစ်ထားတာရှိတယ်“
ဘဇံကတော့ အသေအချာပြောသည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဒီကိစ္စသေချာခဲ့လျှင် ဆရာတော် ကြီးနှင့် ဆရာကြီး ဦးဆောင်းမှာ ခေါင်းဖော်ရဲတော့မည်မဟုတ်ပေ။ အမှန်တကယ် ယုံကြည်ကိုးကွယ်ခဲ့သော ပတ်ဝန်းကျင်မှ ရွာသူရွာသားများ မည်သို့ဖြစ်သွားမည်နည်း။ ဘဇံအတွက် လည်း ကောင်းမည်မဟုတ်ပေ။ ကျွန်တော်သက်ပြင်းချမိသည်။
ကောင်းကြီးက၀င်ပြောသည်။
“မင်းပြောတာတော့ ငါမယုံဘူးဘဇံ“
“မင်းမယုံရင် ကျောက်တုံးကို သွားလှန်ကြည့်ပါလား“
“ဟကြည့်လို့မှ မရတာ သူကြီးက ငါ့ကိုသတ်မှတ်ပေါ့ သူကြီးမသတ်ခင် အနားကရွာသားတွေ ၀ိုင်း ရိုက် တာ နဲ့သေမှာ“
ကောင်းကြီးကပဲဆက်ပြောသည်။
“ဆရာကျွန်တော်ကတော့ ဘဇံပြောတာမယုံဘူး ဒီကောင်အရင်က လည်း ဒီလို မဟုတ်တရုတ်ဇာတ် လမ်း တွေ ထွင်ဘူးတယ်။ အဲဒါထားပါတော့ ဘာလိုပဲဖြစ်ဖြစ်ဒီနေရာမှာ စေတီဖြစ်သွားရင် ရွားသားတွေ အတွက် အကျိုးရှိတာပေါ့။ ကျွန်တော်တို့ရွာမှာ စေတီမှ မရှိပဲ။ စေတီတည်တော့ လည်း ဒီလို တန်ခိုး ကြီးစေတီ ရတော့ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရွာက နာမည်ရတယ်ဗျ။“
ကျွန်တော်ကဘဇံနှင့် ကောင်းကြီးကို ၀င်ပြောရသည်။
“ကဲကဲ ဟေ့ကောင်တွေ ဒီကိစ္စဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မသိစေနဲ့ဦးဟုတ်ပြီလား ငါစဉ်းစား ကြည့် လိုက် ဦးမယ်။ မင်းတို့ ကတိပေးရင် ငါ အရက်ဖိုးပေးလိုက်မယ်“ ဟုဆိုကာ သူတို့ နှစ်ယောက်ထံမှ ကတိတောင်းပြီး အရက်ဖိုးပေးလိုက်လေသည်။ ကောင်းကြီးပြောသည်မှာ လည်းဟုတ်သည်။ ရွာသားတွေက ဤစေတီအတွက် တော်တော် ရင်းနှီးထားသည်။ တော်တော်လည်း မျှော်လင့် ထားသည်။ ဘဇံပြောသလိုသာ ဖြစ်သည်ဆိုလျှင် ဒီရွာသည် လည်း ပတ်ဝန်းကျင်တွင် လှောင်ပြောင်ခံရတော့ မည်ဖြစ်သည်။ သူတို့ ၏ယုံကြည်မှု့ ကို ပျက်ရယ်ပြုလိုက်သလိုဖြစ်ပေလိမ့် မည်။
နေ့ခင်းပိုင်းလောက်ကြမှ ထိုတောင်ကုန်းဆီသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းတွင် ရွာတောင်ပိုင်း မှ မအေးမြနှင့်တွေ့သည်။ သူက
“ဆရာ တောင်ကုန်းကိုသွားမလို့လား“
“ဟုတ်ပါ့ ဒါနဲ့ ညည်းအမေရောနေကောင်းလား“
မအေးမြအမေသည် မအေးမြတို့ အဖေသူ့ ခင်ပွန်းဆုံးသွားကတည်း က စိတ်အနည်းငယ် နောက်သွား ခဲ့သည်။ ရူးတော့ မရူးပါ။ တစ်ယောက်ထဲစကားပြောပြောနေခြင်းဖြစ်သည်။ မအေးမြက ဖြေသည်။
“ကောင်းတယ်ဆရာ ဌာပနာ ပေါ်လာပြီးကတည်းက ခေါ်သွားပြီးသွားဖူးတာ အခု အမေက ဌာပနာကို အရမ်းယုံပြီး အဲဒီမှာ ပုတီးစိတ် တရားထိုင်နဲ့ အရင်နီးပါး ပြန်ကောင်းလာပြီးဆရာ၊ ဆရာတော်ကြီးတို့ ဆရာကြီးဦးဆောင်းတို့ ကျေးဇူးပါပဲ“
ကျွန်တော် မအေးမြ၏ အဖြေစကားကြောင့် ရင်လေးသွားသည်။ ဘဇံပြောတာများဟုတ်နေခဲ့လျှင်။ သို့သော် ဘဇံက အမူးသမား သိပ်တော့ မယုံရ။
ကျွန်တော် တောင်ကုန်းသို့ ရောက်သည့် အချိန်သည် နေ့ခင်းဖြစ်သဖြင့် လူသိပ်မရှိသေး။ အခြားအချိန် ဆိုလျှင်တော့ ရွာမှလူများ၊ ရွာနီးချုပ်စပ်က လူများဖြင့် စည်းကားလှလေသည်။
ထိုကျောက်တုံး ကို အမိုးနှင့် အကာနှင့် လုပ်ထားသည်။ ဌာပနာကို မည်သူမှ ကိုင်ခွင့်မရ။ နီးနီးကပ်ကပ် ပင် ကြည့်ရှု့၍မရ စေရန် အသေအချာ ကာထားလေ သည်။ လူများကန်တော့ လို့ရရန် ဖျာလည်းခင်း ထား လေ ၏။ အမွှေးတိုင် ဖယောင်းတိုင်၊ ဆွမ်း၊ရေချမ်း၊ ပန်းစီးများလည်း မြောက်များစွာ လှူဒါန်းထားသည် ကိုတွေ့ရသည်။ ဤကျောက်တုံးကို ငုံပြီးစေတီတည်မည်ဟု သိရသည်။
ယခုမူ သူကြီးအစောင့်ချထားသော ကာလသားသုံးယောက်သာ ရှိသည် ။နှစ်ယောက်မှာ အနီးရှိဖျာပေါ်တွင် အိပ်နေပြီး တစ်ယောက်မှာ ဆေးလိပ်ထိုင်ဖွာနေသည်။ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ဖို့ ဆုံးဖြတ် လိုက် သည်။ ဒီကိစ္စက လွယ်တော့ မလွယ်လှ တစ်စုံတစ်ဦးသိသွားပါ က ကျွန်တော် ဒီပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ခဲယဉ်းသွားနိုင်သည်။ အကယ်၍ဘဇံပြောသလိုမှန် နေခဲ့လျှင်ရော ကျွန်တော်ဘာ လုပ်မည်နည်း။ ဘဇံပြောသည့် ကျောက်တုံးကို ဓါးဖြင့် ခြစ်ထားသည့် နေရာသည် တွေ့ချင်မှ တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးသည်ရွံ့ မြေထဲတွင် တစ်ဝက် မြုတ်နေသည်။ ကျွန်တော်ကြည့်လျှင် လည်း ကမန်းကတန်းသာ ကြည့်ရမည်ဆိုတော့ သိပ်တော့ မသေချာလှ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျွန်တော်က ဆေးလိပ်ဖွာနေ သောကာလသားတစ်ယောက်ကို
“ရော့ကွာ ဒေါ်ဖော့ဆိုင်မှာ ဆေးလိပ်သွားဝယ်စမ်း ငါဒီမှာ ၀တ်ပြုလိုက်ဦးမယ် မင်းတို့ဖို့ရောဝယ်ခဲ့“ ဆိုပြီး ပိုက်ဆံပေးပြီး လွတ်လိုက်လေသည်။ သူထွက်သွားမှ ဘေးဘီကို သေချာကြည့်ပြီး ဘယ်သူမှ မရှိဘူးဆို တာသေချာမှ အကာကလေးကို ကျော်ကာ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ပြီး နေရာတကျချပြန် ချထားလိုက်လေသည်။
………….
ကျွန်တော် ဘဇံပြောသလိုတွေ့ခဲ့သလား ဟု စာဖတ်သူမိတ်ဆွေ အနေနဲ့ သိချင်ပါလိမ့်မည်။ သို့သော်လည်း ဤ ကိစ္စသည် ရွာသားတွေ အတွက် လည်း အကျိုးမရှိ၊ ဆရာတော် ဦးသောဘိတ လည်း အကျိုးမရှိ၊ ဦးဆောင်း အတွက်လည်း အကျိုးမရှီ၊ ဘဇံအတွက်လည်း အကျိုးမရှိ၊ ယုတ်အစွဆုံး ကျွန်တော့် အတွက် လည်း အကျိုး မရှိဟု ယုံကြည်သဖြင့် ကျွန်တော် နုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

စာကြွင်း။ စေတီအတွက် ရံပုံငွေ မကြာမှီလုံလောက်သွားပြီး စေတီစတင် တည်ဆောက်ရာ နောက်နှစ်လ အကြာတွင် ဘုရားပွဲ လုပ်ပြီး စေတီကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စေတီ၏ အမည်မှာ သိကြားပေး စေတီ ဟုတွင်သည် ဟုသိရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
www.walkinginthedesert.blosgpot.com

Read More...

Wednesday, December 10, 2008

ရွာဦးစေတီ



ပေနှစ်ပင်ရွာသူကြီး ဦးလှမောင်သည် အိမ်ရှေ့ ကွပ်ပစ်တွင်ထိုင်ကာ ရေနွေးကြမ်းနှင့် မြို့ မှ တကူးတက မှာယူထားသော နဂါးနှစ်ကောင်ဆေးပေါလိပ်ကို ဖွာရှိုက်ရင်းတောင်တောင်အီအီ အတွေးနယ်ချဲ့နေမိသည်။ သူကြီးဦးလှမောင် ဟုဆိုသော်လည်း သူ၏အသက်မှာ လေးဆယ်ပင် မပြည့်တတ်သေး။ ဦးလှမောင်ဖခင် သည်လည်း ဤရွာ၏ သူကြီးပင်ဖြစ်ခဲ့သည်။ သူ၏ဖခင်သူကြီးဆုံးသောအခါ ရွာသူရွာသားများက တစ်ညီတစ်ညွတ်ထဲပင် ဦးလှမောင်အား သူကြီး အဖြစ်ရွေးခြယ်ခဲ့ ကြခြင်းဖြစ်သည်။ ဦးလှမောင်သည် ရွာရှိအတန်းပညာသင် ဖူးသူ အနည်းစုထဲမှာ ပါလေသည်။ သူသည်ခရိုင်မြို့ကြီး တွင်ပင် အတန်းကျောင်းတတ်ဖူးသည်ဟုသိရသည်။ ဘယ်နှစ်တန်း ထိတတ်ဖူးသည်ကို မူမည်သူမှ အတိအကျမသိကြချေ။
ဦးလှမောင်သည် ဆေးလိပ်ကိုရှိုက်ဖွာရင်းဖြင့် ဤရွာကို အဘယ်ကြောင့် ပေနှစ်ပင်ရွာဟု ခေါ်သနည်း ဟုစဉ်းစားနေမိသည်။ တစ်ရွာလုံးတွင် ပေပင်နှစ်ပင်တည်းရှိသဖြင့် ပေနှစ်ရွာဟု အမည်တွင်ခြင်း မဟုတ်သည်မှာတော့ သေချာသည်။ အဘယ်ကြောင့် ဆိုသော် ဤရွာတစ်ဝိုက်တွင် ပေပင်ပေါင်းမြောက် များစွာ ရှိသောကြောင့်ဖြစ်သည်။ ရွာရှိ ရှေ့ မှီနောက်မှီလူကြီးများ ကိုမေးမြန်းကြည့်ရာ လည်းမည်သူမှ သူကျေနပ်လောက် အဖြေနိုင်ကြချေ။ တစ်ချို့ လူကြီးများက ဆိုလျှင်
‘မောင်လှမောင်ရာ မင်းမလဲ လွယ်တာကို ခက်အောင်လုပ်နေပြီ နာမည်ဆိုတာ ပညတ်ချက်ပဲ ပေနှစ်ပင်ပဲခေါ်ခေါ်ပေ အပင်နှစ်ရာပဲခေါ်ခေါ် မထူးပါဘူးကွာ’ ဟုပင်ပြောကြသည်။ သို့သော် ဦးလှမောင်သည် ရှေးရိုးစွဲလူကြီးများကဲ့ သို့ အရာရာကိုမျက်စိမှိတ်လက်ခံနိုင်သူတစ်ဦးမဟုတ်ချေ။ သူက ‘ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ကြုံရင်ကြုံသလို စုံစမ်နေဦးမှာပဲ’ ဟုပြောတတ်သည်။
တကယ်တော့ ဤကိစ္စက ပြသနာမဟုတ်ပါ။ ရပ်ရေးရွာရေးကိစ္စ အချို့ တွင်သာ ရွာရှိရှေးရိုးစွဲလူကြီးများ နှင့် ဦးလှမောင်မကြာခဏ ကတောက်ကဆ ဖြစ်ရသည်။ တော်တော်များများ အခြေအနေမျိုးတွင် လူကြီးများကသာ အလျှော့ပေးရသည်ကများသည်။ အဘယ်ကြောင့်ဆိုသော် ဦးလှမောင်က ဗဟုသူတအတန်အသင့် ပြည့်စုံ၍ ချက်ကျလက်ကျပြောတတ်သည်ကတစ်ကြောင်း၊ တစ်ချို့အကြောင်းအရာများတွင် ဦးလှမောင်ပြောသည်မှာ မှန်နေသည်ကတစ်ကြောင်းတို့ ကြောင့်ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကပင် ‘အိမ်း မောင်လှမောင်ကတို့များထက် တော့ဗဟုသုတစုံပါတယ်ကွာ၊ ဒီတော့ မင်းပဲဆုံဖြတ်လကွာ’ ဟုပင်ပြောယူရသည်။
ယခုလည်းရပ်ရွာကိစ္စတိုင်ပင်ကြရင်း သူကြီးဦးလှမောင်နှင့် လူကြီးတစ်ချို့ အငြင်းပွားကြလေသည်။ ကိစ္စက ရွာလုံခြုံရေးကိစ္စဖြစ်သည်။ ခေတ်ကာကလည်း အင်္ဂင်္လိပ် အပြေး ဂျပန်အ၀င်ဖြစ်သဖြင့် ခေတ်ဆိုးကြီး ဖြစ်သည်။ အစိုးရအုပ်ချုပ်ရေး ယနရားကလည်း ရပ်ဆိုင်းသလောက်ဖြစ်နေသည်။ ထိုကြောင့် ကျေးရွာများမှာ မိမိလုံခြုံရေးမိမိတာဝန်ယူရသည့် အခြေအနေဖြစ်နေသည်။ ထိုကြောင့် သူကြီးဦးလှမောင်က ကျေးရွာရှိ ရံပုံငွေကို ကာကွယ်ရေးအတွက် ရွာစည်းရိုးခတ်မည်၊ လက်နက်အချို့စု ဆောင်းမည်ဟုတင်ပြသည်။ ရွာလူကြီးများကလည်း လက်ခံပါသည်။ သို့သော် သူတို့က ရံပုံငွေထဲမှ တစ်ချို့ တစ်ဝက်ကို ရွာဦးစေတီမွမ်းမံရေးအတွက်သုံးချင်သည်။ ဤသည်မှာ နှစ်စဉ်လုပ်နေကျ အလုပ်ဖြစ်သည်။ စေတီမှာလည်း ပြုပြင်သင့်နေပြီ။ သုတ်ထားသော ထုံးများကလည်းကွာနေပြီ။ အချို့နေရာများ ဆိုရင် အင်္ဂတေတောင် အနည်းငယ်ကွာကျနေပြီဖြစ်သည်။ ဤစေတီသည် ဟိုးဘုရင်ခေတ်ကတည်းက တည်ထားခဲ့သောစေတီဟုဆိုကြသည်။ ထိုခေတ်က မင်းသားကြီးတစ်ပါးသည် စစ်ထွက်ခါနီးတွင် ဤအရပ်တွင် လာပြီး စစ်ရေးလေ့ကျင့်သွားသည်။ ထို့နောက် ရန်အပေါင်းကို အောင်မြင်နိုင်ရန် အလို့ ငှာ အဓိဌာန်ပြီး ဤ ရန်အောင်မြင် စေတီကို တည်ထားခဲ့သည်ဟုဆိုသည်။ မှန်မမှန်မည်သူမျှတော့ အတိုအကျမသိကြချေ။
မည်သို့ ပင်ဖြစ်စေကာမူ ထိုစေတီသည် ရွာသူရွာသားတို့၏ အားကိုးအားထားရာတစ်ခုဖြစ် လေသည်။ ရွာသားတို့သည် အကြောင်းကြီးငယ်ရှိသည်များကို ဤစေတီ၌ ပူစော်ဆုတောင်းလေ့ရှိသည်။ ရပ်ဝေးသို့သွားရောက်မည့်သူများ၊ လယ်ထွန်ကောက်ရိတ်ပျိုးကြဲ စသည့်ဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်ထောင်ပြုမည်သူများပါမကျန် ဤစေတီ၌ ဦးစွာဆုတောင်းလေ့ရှိကြသည်။ ထိုသို့ ဆုတောင်းပူစော်လိုက် မှသာလျှင်မိမိလုပ်မည့် လုပ်ငန်းများတွင် အနှောက်အရှက်ကင်းရှင်းအောင်မြင်နိုင် မည်ဟုယုံကြည်ကြလေသည်။
ဤတွင်ဦးလှမောင်၏ ဘာသာရေးခံယူချက်ကိုသိရှိရန်လိုအပ်ပေသည်။ ဦးလှမောင်သည် မိရိုးဖလာအား ဖြင့်ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လေသည်။ သူ၏မိဘများမှာ ဘာသာရေးကိုင်းရှိုင်းသော သူများဖြစ်ကြသည်။ ဦးလှမောင်ငယ်စဉ်ကတော့ မိဘများကိုးကွယ်သော ဘာသာကိုကိုင်းရှိုင်းခဲ့ပါသည်။ သို့သော်မြို့ကျောင်းတတ်ပြီးသည့် အချိန်မှစ၍ သူ၏အမြင်မှာ တစ်မျိုးပြောင်းခဲ့သည်။ ထိုအချိန်က ကွန်မြူနစ်ဝါဒကလည်း မြန်မာနိုင်ငံတွင် စတင်ခေတ်စားသည့် အချိန်ဖြစ်သည်။ ထို့ကြောင့်တောမှ ကျောင်းသားလေး ကိုလှမောင်ကိုလည်း ထိုဝါဒကဖမ်းစားဟန်တူသည်။ သူသည် မြို့မှ ပြန်ရောက်သည့် အချိန်မှစ၍ ရုပ်ဝါဒီဆန်လာလေသည်။ သို့သော် သူ့၏မိဘများ ရှိစဉ်အခါကတော့ သူ၏ခံယူချက်ကို ပြောင်ပြောင်တင်းတင်း မဖော်ထုတ်ရဲခဲ့ပေ။ နောက်ပိုင်းတွင်မူ သူ၏ခံယူချက်ကို သွယ်ဝိုက်၍ တစ်မျိုးတိုက်ရိုက်တစ်ဖုံဖောက်ထုတ်ခဲ့လေသည်။ သို့သော်လည်းသူသည် ဘာသာမဲ့လုံးလုံးတော့လည်း မဟုတ်ချေ။ သူက
'ကျွန်တော်က ဘာသာမဲ့တော့ မဟုတ်ဘူးဗျ ဒါပေမဲ့ မိရိုးဖလာကိုးကွယ်တဲ့သတွေနဲ့ တော့ ယုံကြည်ပုံခြင်းမတူတာ' ဟုပြောတတ်လေသည်။
ယခုစေတီပြင်မည့်ကိစ္စတွင်လည်း ဦးလှမောင်နှင့် ရွာလူကြီး အချို့ အမြင်မတူကြ။ ဦးလှမောင် ကအရေးကြီးတာ အရင်လုပ်ချင်သည်။ ယခုအချိန်တွင် လက်နက်က အရေးကြီးသည်။ ထိုအုတ်ခဲစေ တီက မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ဟုယူဆသည်။ ထိုကြောင့် စေတီကို ယခုမပြင်နိုင် နောင်နှစ် ပြေလည်မှပြင်မည်ဟုဆိုသည်။ ရွာလူကြီးတစ်ချို့ ကဦးလှမောင်နှင့် ပြိုင်ငြင်းရန်ကြိုးစားသေး သော်လည်း ဦးလှမောင် ၏သြဇာကို မလွန်ဆန်နိုင်သည်ကတစ်ကြောင်း၊ ဦးလှမောင်ပြောသည်မှာ အထိုက်အလျှောက် နည်းလမ်းကျနေသည် တစ်ကြောင်းတို့ကြောင့် လက်လျှော့လိုက်ရသည်။ ရွာရှိ အသက် အကြီးဆုံး ဦးထော် က
ူ “မောင်လှမောင်ရဲ့ ဒီစေတီက တကယ်တန်ခိုးကြီးတာကွ၊ ဒါကိုမင်းလက်ခံရမယ်၊ မင်းလက်မခံရင်တောင် ရွာသားတွေရဲ့ယုံကြည်မှု့ကို မင်း လေးစားရမယ်“ ဟုပြောလေသည်။ သို့သော်လည်း ဦးလှမောင်က သူ၏ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါ။
ပေနှစ်ပင်ရွာ ကလေးကို ကာကွယ်ရန်လက်နက် အပြည့်စုံရရှိခဲ့သော်လည်း ထုံးကွက်ကြားစေတီလေး ကိုမြင်ရသော ရွာသူရွာသားများမှာ သိပ်စိတ်မချမ်းသာကြချေ။
ဤသို့ဖြင့်စစ်မီးကြီး သည်ပေပင်ရွာကလေးသို့ နီးသထက်နီးလာလေသည်။ သို့သော်လည်း ကံကောင်းသော ရွာကလေးမှာ ယခုအချိန်အထိ
အန္တရာယ်အငွေ့ အ သက်မတွေ့ရသေး။ သို့သော်မကြာမီတွင် ရွာသားများသည် စစ်ရိပ်စစ်ငွေ့များတွေ့လာရလေသည်။ အဝေးဆီမှ ပေါက်ကွဲသံ ကြားရခြင်း၊ ရံဖန်ရံခါ လေယာဉ်ပျံများကို တွေ့ရခြင်း တို့ကိုကြုံတွေ့ရလေသည်။ ဦးလှမောင်ကလည်း လုံခြုံရေး အစီအမံများကို စနစ်တကျချမှတ်လေသည်။ ရွာကို စည်းရိုးခတ်သည်။ ရွာရှိအားကောင်းမောင်းသန်များ စုစည်းပြီး လုံခြုံရေး အဖွဲ့ ဖွဲ့သည်။ ကင်းအလှည့်ကျစောင့်သည်။ ဗုံးဒဏ် ကာကွယ်ရန် အချို့နေရာများတွင် ကတုတ်ကျင်းများပင် တူးစေသည်။ ဦးလှမောင်၏အုပ်ချုပ်မှု့ အောက်တွင် အားလုံးသည် စနစ်တကျရှိနေလေသည်။
တစ်နေ့တွင်ကား လေယဉ်ပျံတစ်စီးသည် မည်ကဲ့သို့ မျက်စိလည်လမ်းမှား သည်မသိ။ ရွာတောင်ဘက်ပိုင်း ကုန်းမြင့်ပေါ်ရှိ ဦးသော်က အိမ်ပေါ်သို့ ဗုံးတစ်လုံးကျဲချလေသည်။ ထိုအချိန်က နေ့လည်ခင်းထမင်းစားချိန်ဖြစ်သဖြင့် ဦးသောက်က အိမ်မှ အိမ်သားအားလုံး အိမ်တွင်ရှိနေကြရာ အားလုံးသေဆုံးသွားလေသည်။ လေယာဉ်ပျံဝေးသွားမှ ဦးလှမောင်နှင့် ရွာသားများ ဦးသော်ကအိမ် သို့သွားရောက်ရှင်းလင်းကြလေသည်။ အိမ်သားများမှာ အလောင်းပင်ရှာမရတော့ချေ။ ရွာသားများ ကြောက်ရွံ့နေကြသည်။ ဦးလှမောင် ကမကြောက်ရန် အမျိုးမျိုးအားပေးသည်။ ကတုတ်ကျင်းများ ကို အိမ်တိုင်း တူးစေ၍ နောက်တစ်ကြိမ်လေယာဉ်ပျံသံ ကြားလျှင် ကတုတ်ကျင်းများထဲသို့ အမြန်ဆင်းရန်ညွှန် ကြားလေသည်။ တစ်ရက်နှစ်ရက် အကြာတွင် ရွာသားများ ယခင်အတိုင်းတည်တည်ငြိမ်ငြိမ်ပြန် ဖြစ်သွားသည်။ ဦးလှမောင်၏ စီမံကွပ်ကဲမှု့အောက်တွင် တစ်ရွာလုံးစနစ်တကျဖြစ်နေသည်ကို ကြည့်ပြီး ဦးလှမောင်တစ်ယောက်ကျေနပ်နေသည်။
သို့သော် အခြေအနေက ကြာကြာမခံပါ။ ပြသနာ ကတစ်နေ့ညကစလေသည်။ တစ်နေ့ညတော့ လေယာဉ်ပျံသံကြားရပြီး ရွာထိပ်သို့ဗုံးကျဲချလေသည်။ မည်သည့်နေရာကိုဗုံးထိမှန်သည်ကိုကား မသိရချေ။ နံနက်လင်းမှ ရွာသားမျာစုပြီး ဗုံးကျသည့်နေရာကိုရှာဖွေကြလေသည်။ ဗုံးထိမှန်သည့်နေရာကား ရန်အောင်မြင် စေတီဖြစ်လေသည်။
ဦးလှမောင်နှင့်ရွာလူကြီး အချို့ရောက်သွားသော အချိန်တွင်စေတီတည်ရှိရာကုန်းမြင့်ပေါ်တွင် ရွာသူရွာသားများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ အားလုံးသည် သွေးမရှိတော့သောမျက်နှာများရပ်နေကြ သည်။ စေတီကားမရှိတော့ချေ။ စေတီနေရာတွင်ချိုင့်ခွက်ကြီးနှင့် အုတ်အကျိုးအပဲ့များသာကျန်ခဲ့လေသည်။ ယခင်ကဤနေရာတွင်စေတီတည်ရှိသည်ဟုသိထားသည့်သူများသာ စေတီတည်နေရာကို မှန်းဆနိုင်မည်ဖြစ် သည်။ ရွာသားအားလုံးသွေးပျက်နေကြသည်။ အချို့လူကြီးများက တို့ရွာတော့ ကပ်ဆိုက်တာပဲဟုငြီးငြူကြသည်။ မိန်းမနှင့်ကလေးများက ငိုကြသည်။ အားလုံး၏စိတ်ထဲတွင် မကြာခင်၌ ကပ်ဆိုးကြီးတစ်ခုကျရောက်တော့မည်ဟုစွဲမှတ်နေကြသည်။
နောက်ရက်ကစပြီးရွာတွင်မည်သူမျှ အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့။ အားလုံးက သည်အကြောင်းပဲတွေးနေကြသည်။ သူကြီးဦးလှမောင်က အခြေအနေကိုထိန်းရန်ကြိုးစားသည်။ ရွာသားများကို အားပေးသည်။ သူက
“ခင်ဗျားတို့ ဒီလောက် အယူမသီးကြနဲ့ ဒီအုတ်ခဲနဲ့ဆောက်တဲ့ စေတီက ကျွန်တော်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ပါဘူး“ ဟုပြောသည်။ ဦးလှမောင်ပြော သော်လည်း ရွာသားတို့၏ အကြောက်တရားကို မလွှမ်းမိုးနိုင်ခဲ့။ ထိုအချိန် မည်သူကစလိုက်သည် လည်းမသိ “စေတီပျောက် ရွာမှောက်“ ဆိုသည့် တဘောင်လိုလို စကားကလည်း ရွာသားတို့၏ အကြောက်ဒီရေကိုတိုးမြှင့်စေခဲ့သည်။ ရွာသားများက ဘေးကင်းရွာသို့ ပြောင်းရွေ့ရန်ဦးလှမောင် ကိုပြောသည်။ သို့သော် သူကြီးကလက်မခံ။
“ အကယ်၍ ခင်ဗျားတို့အားလုံး ပြောင်းသွားရင် ကျုပ်တို့ရွာလေး ပျက်သွားမှာပေါ့။ ဘယ်လောက်ကြာမလဲမသိတော့ လယ်တွေကောကုန်မယ်။ ရေတွင်းတွေပျက်စီးမယ်။ ကျွဲနွားတိရိစ္ဆာန်တွေအားလုံးကိုရောဘယ်လို လုပ်မလဲ၊ အခုဘာမှမဖြစ်သေးပဲနဲ့ ခင်ဗျားတို့ဘာလို့ပြောင်းရမှာလည်း၊ကျုပ်တို့ရွာကို ကျုပ်တို့ ကာကွယ်နိုင်တာပဲ“။ ဦးလှမောင် ဘယ်လောက်ပြောပြောရွာသားတွေနားမ၀င်ချင်တော့။
ရွာတောင်ပိုင်းမှ ဆေးဆရာ ဦးဖိုးထိန် တို့မိသားစု တိတ်တဆိတ်ပြောင်းပြေးသော အချိန်မှ စ၍ အခြေအနေကို ဘယ်လိုမှ ထိန်းမရတော့။ မိသားစုတစ်စုပြီးတစ်စုပြောင်းပြေးကုန်ကြသည်။ နောက်ဆုံးတွင် ဦးလှမောင်တို့မိသားစု နှင့် ရုတ်တရက် မပြောင်းနိုင်သေးသော မိသားစုအချို့သာ ကျန်ရစ်ခဲ့လေသည်။
ဦးလှမောင်သည် စေတီပျက်အုတ်ခုံပေါ်တွင်ထိုင်ပြီး အတွေးနယ်ချဲ့နေမိသည်။ အင်း ဦးသော်ကတို့ မိသားစုသေတုံးက ရွာသားတွေက မကြောက်ပဲနဲ့ ဘာဖြစ်လို့ ဒီစေတီပြိုမှ ကြောက်သွားရတာလည်း။ ဒီစေတီက တကယ်တန်ခိုးရှိလို့လား။ အဲဒီလိုတန်ခိုးရှိတယ်ဆိုရင်လည်း တန်ခိုးက စေတီမှာရှိတာလား လူတွေမှာရှိတာလား။ လူတွေကယုံကြည်လို့ အဲဒီယုံကြည်မှု့ကနေ တန်ခိုးဖြစ်သွားတာလား။ ဒါမှမဟုတ်အဲဒီယုံကြည်မှု့ကိုပဲတန်ခိုးလို့ခေါ်တာလား။ လူတွေမယုံကြည်ရင်ရော အဲဒီစေတီက တန်ခိုးရှိသေးသလား။ ဦးလှမောင်တွေးရင်း ခေါင်းရှုပ်လာသည်။
“အင်း ဘယ်လိုပဲဖြစ်ဖြစ်စေတီက တန်ခိုးရှိတယ်ပဲပြောရမှာပေါ့လေ“ ဟုငြီးငြူရင်း ပေနှစ်ပင်ရွာသူကြီးဦးလှမောင်သည် စိတ်ညစ်ဟန်ဖြင့် ခေါင်းတရမ်းရမ်း ဖြင့် ကျန်ရှိနေသော ပစ္စည်းများ ထုတ်ပိုးရန် အိမ်ဘက်ဆီသို့ လေးကန်စွာ ထွက်ခွာသွားလေသတည်း။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Tuesday, December 9, 2008

ဘုရားဖူးသွားခြင်း

(အဆိုးမြင်ဝါဒကို မကြိုက်နှစ်သက်သူများ မဖတ်ပါနှင့်။ ဤစာသည် အဆိုးမြင်ဝါဒီ တစ်ယောက်က ရေးသားထားခြင်းကြောင့်ဖြစ်သည်။)

မနေ့ကတနင်္ဂနွေနေ့လေ။ ကောင်မလေးနဲ့အတူ ဘုရားကိုသွားကြတယ်။ ခင်မောင်တိုးသီချင်း ထဲကလို ပေါ့။ မောင်မယ်စုံတောင်ဖက်မုတ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့ ဆိုသလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့သွားတာက မန္တလေးက မဟာမုနိဘုရားကြီးဆိုတော့ လှေခါးတော့ တတ်စရာမလို ဘူးပေါ့။ မနက်စောစော ကောင်မလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။ ကုသိုလ်လည်းရ၀မ်းလည်း ၀ပေါ့။ အဲဟုတ်သေးပါဘူး။ ဒီလိုနဲ့ ဘုရားကြီးကိုရောက်တော့ ဆိုင်ကယ် စတန်းမှာ ဆိုင်ကယ် အပ်တော့ အပ်ခက ၂၀၀ တဲ့။ မန္ထလေးမှာ နေရာအတော်များများမှာ ဆိုင်ကယ် အပ်ခက ၁၀၀ ပဲပေးရတယ်။ အင်းလေ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင်ဘုရားကြီးပဲ ဒီလောက်တော့ လှူရမှာပေါ့။ ဆိုင်ကယ် စတန်းကနေ ဘုရားထဲကို လျှောက်ရတဲ့လမ်းက တော်တော် ညစ်ပတ်တယ်။ ဖိနပ်ကို ထားခဲ့တာဆိုတော့ ဖိနပ်မပါပဲ လျှောက်ရတာလေ။ မနေ့က မိုးလည်းရွာထားတော့ ရွံ့တွေနဲ့။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ပန်းရောင်းတဲ့မမတွေလေ။ ၀ယ်ပါယူပါနဲ့ အလကားပေးနေသလား မှတ်ရတယ်။
မ၀ယ်ဘူးပြောလည်း မရဘူး။ တကယ်ဝယ်တော့ လည်း ပန်းစည်းသေးသေးလေးကို ၅၀၀ လောက်ပေးရဦးမယ်။ ၅၀၀ လောက်လည်း ဘာအရေးလဲ ဘုရားလာတာ ကုသိုလ်ရဖို့ပဲ မဟုတ်လား။ လှူတယ်လို့ သဘောထားရမှာပေါ့။ ပြီးတော့ အဲဒီပန်းသယ် မမတွေနဲ့ အပြိုင်က ပိုက်ဆံတောင်းတဲ့ အဒေါ်ကြီးတွေလေ။ အောင်မာ တန်းစီပြီးတောင်းနေတာဝန်ကြီးချုပ်လာလို့ လူတွေ တန်းစီပြီးကြိုနေတာကျနေတာပဲ။ မဆီမဆိုင် ကိုယ်တောင် ဘ၀င်မြင့်သွားသေးတယ်။ ဘုရားထဲကို စ၀င်တော့ လမ်းဘေးမှာ ဈေးသည်တွေ အများကြီးပဲ။ သတိထားမိတာကတော့ ငှက်ရောင်းတဲ့သူကကိုပဲ။ လှောင်ချိုင့်ထဲမှာ ငှက်ကလေးတွေ အများကြီးပဲ။ ကုသိုလ်ကောင်းမှု့လုပ်တဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက တကူးတကဖမ်းထားတဲ့ ငှက်ကလေးတွေ ကို တကူးတကလွတ်ပြီးကုသိုလ်ယူကြတယ်တဲ့ဗျ။ တစ်ချို့က “နင့်အသက်တစ်ခါလွှတ် ငါအသက်ဆယ်ခါလွတ်“ လို့အော်ကြတယ်ဆိုပဲ။ တော်တော်မြတ်တာပဲနော်။ ငှက်ရောင်းတဲ့သူက “အကိုကြီး ငှက်ကလေးတွေ လွတ်ပေးပါဦး“တဲ့။ အောင်မာသူပြောတဲ့ပုံက သူ့ငှက်မလွတ်ရင် ကိုယ်ကပဲ အကြင်နာတရား မရှိတဲ့သူလိုလို။ သူကြည့်တဲ့ အကြည့်ကလည်း သေခါနီးလူနာကို ကုလို့ရရဲ့သားနဲ့ ပိုက်ဆံမရလို့ မကုတဲ့ ဆရာဝန်ကိုကြည့်သလိုမျိုး။ ထင်ချင်သလိုထင်ကွာ။ ကျွန်တော်တော့ မလွတ်ဘူး။ ပြီးရင်သူတို့ကပြန်ဖမ်းမှာပဲ။ တစ်ချို့ကတော့ ပြောကြတယ်။ သူ့ဟာသူပြန်ဖမ်းဖမ်း မဖမ်းဖမ်း မင်းဒီ တစ်ကြိမ် လွတ်လိုက်ရင် အဲဒီငှက်ကတော့ အကျိုးရှိသွားတာပဲတဲ့။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကျွန်တော်က အဲဒီလို လွတ်လိုက်ပြီထား ငှက်ကတော့ လွတ်သွားပါတယ်။ သူတို့က အကျိုးအမြတ်ရသွားတယ်။ လွတ်တဲ့သူများလေလေ သူတို့က အကျိုးအမြတ်ပိုများပြီး နောက်ဆို ပိုကောင်းတဲ့ ငှက်ထောင်နည်းတွေသုံး။ ငှက်တွေပိုဖမ်း၊ လူတွေကပိုလွတ်နဲ့ တော်ပြီ အဲဒီ သံသရာထဲ ကျွန်တော် မပါချင်ဘူး။ ပိုက်ဆံကုန်သူ ကျွန်တော်မျိုး၊ အဖမ်းခံရသူငှက်၊ အကျိုးအမြတ်ရသူ သူတို့ပဲလေ။ ဟင်း ဘုရားလာမှ အကုသိုလ်အတော်များနေပြီ။ စိတ်လျှော့ တရားနဲ့ဖြေ။ အဲလိုနဲ့ ဆက်လျှောက်လာတော့ ရှေ့နားလူသွားလမ်းဘေးမှာ ဦးဇင်းတစ်ပါး။ မတ်တပ်ရပ် မျက်စိစုံမှိတ် သပိတ်လေးပိုက်ပြီး ပါးစပ်ကလည်း ပတွတ် ပတွတ်နဲ့ ဘုရားစာရွတ်နေတာဗျာ။ ဘာလုပ်တာလဲလို့ သေချာကြည့်လိုက်တော့မှ အလှူခံနေတာဗျ။ အော်ဖြစ်မှ ဖြစ်ရလေ။ အလှူခံတာများ ရိုးရိုးခံလည်း ရပါတယ်။ အခုဟာက သီချင်းအကျယ်ကြီးဖွင့်ပြီး သူလာတာ သိအောင်လုပ်ရတဲ့ ထီလှည်းလိုဖြစ်နေပြီ။ ဟောဗျာ အကုသိုလ်တစ်မျိုးဝင်ပြန်ပြီ။ မဖြစ်ဘူး အထဲမြန်မြန်ဝင်မှ ဆိုပြီး သုတ်သုတ်လျှောက်လာခဲ့တယ်။ ဘုရားထဲဝင်ခါနီး ပြတိုက်နားမှာ လည်း ပိုက်ဆံတောင်းတဲ့ အမယ်ကြီး တစ်စုဗျာ။ လာပြန်ပြီဒီမှာ တစ်ဖွဲ့။ အထက်လွတ်တော် အောက်လွတ်တော်များ ခွဲထားသလားပဲ။
နောက်ဆုံး တော့ ဆင်းထုတော်ထားတဲ့ ဂူနားကို ရောက်လာခဲ့ပါတယ်။ လူတွေကို ကြိတ်ကြိတ်တိုး နေတာပဲဗျ။ အထဲမှာ တစ်ခုခု အလကားဝေနေသလားမှတ်ရတယ်။ မိန်းမတွေကတော့ အထဲမ၀င်ရတော့ အပြင်ကနေပဲ မျှော်ပြီး ရှိခိုးရတယ်။ ကောင်မလေးက အပြင်မှာ ရှိခိုးနေခဲ့ပြီး ကျွန်တော်က လူတွေကို တိုးဝှေ့ ပြီး ကန်တော့ရအောင်အထဲဝင်။ နှစ်ပေပတ်လယ်လောက် နေရာလေးရအောင်မနည်းကြိုးစား ရှာရတယ်။ အထဲမှာ ချွေးနံ့ လူနံ့တွေက မွန်းကျပ်နေတာပဲ။ ထိုင်ပြီးကန်တော့မယ်ဆိုပြီး မော့လိုက်တော့ ဆင်းထုတော်မှာ ရွှေချနေတဲ့သူတွေ မနည်းပါလား။ ထန်းလျှက်ခဲကို ၀ိုင်းအုံနေတဲ့ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ ကိုယ်ကဘုရားကန်တော့ချင်တာ မထူးပါဘူးကွာကဆိုပြီး သူတို့ပါရောကန်တော့ခဲ့ရတယ်။ ပညာရှိတွေကတော့ ပြောကြတယ်။ ကိုယ်ကဘုရားကို ရည်စူးပြီး ရှိခိုးတာပဲတဲ့။ သူတို့ရှိလည်း ကိုယ်ကစိတ်ရှင်းနေဖို့ပဲ အရေးကြီးတယ်တဲ့။ ဟုတ်ကဲ့ အဲလိုဆိုကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ အဲလိုရည်စူးပြီး ကန်တော့တာဆိုရင် ဘာလို့များ ဘုရားကြီး လာနေသေးလည်းဗျာ။ ကိုယ့်အိမ်ကကို ကန်တော့ပေါ့။ မျက်နှာတော်ကြည့်ချင်ရင် ပုံတော်တွေဝယ်လို့ရတာပဲ။ ကဲအဲလိုပြောတော့ ကျွန်တော်က ပဲ လူ့ဂွစာဖြစ်ဦးမယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်ကန်တော့ခဲ့ပါတယ်။ အဲကန်တော့နေတုန်းအပြင်ထွက်တဲ့ သူတစ်ယောက်က၀င်တိုက်သွားသေးတယ်။ အမလေး ငြိမ်းချမ်းလိုက်တာဗျာ ဘုရားကန်တော့ရတာ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ကန်တော့ပြီး ပြန်ထွက်လာခဲ့တယ်။ (ပြန်အထွက်မှာ ကန်တော့နေတဲ့သူတစ်ယောက်ကို ၀င်တိုက်ခဲ့သေးတယ်)။ အပြင်ရောက်တော့ မရွှေချော ကကန်တော့ လို့မပြီးသေးဘူး။ လက်ထဲမှာ လည်း ဘယ်အချိန်က၀ယ်ထားမှန်းမသိတဲ့ ပန်းစီးနှစ်စီးနဲ့။ တစ်စီးကတော့ ကျွန်တော့ အတွက်ပဲနေမှာပါ။ အဲလိုတွေးနေတုန်း အနားကို ဦးဇင်းနှစ်ပါးရောက်လာတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါဦးတဲ့“ ခပ်မာမာပြောတယ်။ ကျွန်တော်က ကန့်တော့ပါသေးရဲ့ လို့ပြန်ပြောလိုက်တော့ အနားကပ်လာပြီး ခပ်မာမာထပ်ပြောတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါ တဲ့“။ရန်ရှာတော့မယ့်ပုံဗျာ။ ရုပ်ရှင်ထဲမှာ မင်းသားကို လူဆိုးနှစ်ယောက်က ၀ိုင်းလာသလိုမျိုးပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားက ယိယားဆိုပြီး ချပြစ်လိုက်မှာပဲ။ ဒါမေမယ့် အခုတော့ဗျာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေကြားမှာ ကျွန်တော်က ဘုန်းကြီးနှစ်ပါးနဲ့ ထရန်ဖြစ်နေရင် တယ်မသင့်တော်တာနဲ့ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒမြတိုက်ခံရသလိုပါပဲ။ ဘုန်းကြီး အတုတွေကြောင့် ဘုန်းကြီး အစစ်တွေ ဘယ်လောက် သိက္ခာကျလိုက်မလဲ စဉ်းစားကြည့်ကြပါ။ ဒါနဲ့ဖြစ်ချေဘူးဆိုပြီး နေရာပြောင်းရပ်တော့ ဘုရားကြီးလုံခြုံရေး ယူနီဖောင်းနဲ့ လူတစ်ယောက်လာပြီးတော့ “ညီလေး မျက်နှာသစ်တော် ရပြီးပြီလား“တဲ့။ ကျွန်တော်ကလည်း ဘုမသိဘမသိတဲ့ မရသေးဘူးလို့ပြောလိုက်တော့ ဒါဆိုလာ ဆိုပြီးတော့ အနားက ကောင်တာကနေ မျက်နှာသစ်တော် တဘက်တစ်ခုယူပေးတယ်။ ကျွန်တောက်က ကျေးဇူးပဲ အစ်ကိုကြီး ကို ပြောမလို့ကြံနေတုန်း “ငါးရာပါ ညီလေးတဲ့“။ အောင်မလေး ဒါကအေးဒမြ ဗျ။ တတ်နိုင်ဘူးလေ ပေးလိုက်ရတာပေါ့။ ဂေါပကလူကြီး ချွေးသုတ်တဲ့ တဘက် မဟုတ်တာ တော်သေး ပဲလို့ အောင့်မေ့ရတာပဲ။ ကျွန်တော်တော့ ဘုရားကြီးတစ်ခေါက်သွားတာ အကုသိုလ်တွေပဲ ရလာတယ်ဗျာ။ စိတ်ထားတတ်ရင်မြတ်တယ်တဲ့။ ကျွန်တော်ကမထားတတ်လို့ပဲနေမှာပါ။ ကျွန်တော့်ကောင်မလေး ကိုဒီအကြောင်းတွေပြောတော့ အဆူခံရတယ်ဗျာ။ သူတို့ ခဏခဏလာ နေတာ ဘာမှ မဖြစ်ဘူးတဲ့။ ရှင့်ကျမှ ဖြစ်တယ်။ ရှင်ကိုက အဆိုးမြင်ဝါဒီဖြစ်နေလို့နေမှာတဲ့။ ဟုတ်ပါတယ်ဗျာ ကျွန်တော်ကိုက အဆိုးမြင်ဝါဒီပါ။ ဒါနဲ့ သူ့ကိုချော့ရင်း ဘုရားကို တစ်ပတ်ပတ်ပြီး အိမ်ကို အကုသိုလ်များစွာ နဲ့ပြန်လာခဲ့ပါတော့တယ်။

Walking in the desert
ဒီဇင်ဘာ၊ ၂၀၀၈

Read More...

လွဲနေသော“စံ“

ကျွန်တော်သည် စည်းစနစ်ကျသူတစ်ဦးဖြစ်သည်။ (သို့မဟုတ်) စည်းစနစ်ကျသူ တစ်ဦးဟု ကျွန်တော်ကို ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော့်၏ သူငယ်ချင်း မိတ်ဆွေများကတော့ ထိုကဲ့သို့ မထင်ကြပါ။ ငကြောင်၊ ဘ၀င်ရူးဟုသာထင်ကြပါသည်။ သူတို့ ဘယ်လိုထင်ထင် ကျွန်တော် ဂရုမစိုက်ပါ။ ကျွန်တော့် 'စံ' နှင့်ကျွန်တော်သာနေပါသည်။ ထို့ကြောင့်လည်း စကားဝိုင်းများတွင်သူတို့ နှင့်ကျွန်တော် မကြာခဏ အငြင်းပွားလေ့ရှိသည်။

လက်ဖက်ရည်ဆိုင်တွင်ထိုင်နေရင်း လမ်းဘေးသို့ ဆေးလိပ်တိုကို လွင့်ပစ် သောသူကို
၎င်း၊ မြောင်းထဲသို့ ပလပ်စတစ်အိပ်ခွံပစ်ချသောသူကိုလည်းကောင်း ကျွန်တော်ကနှိပ်ကွပ်သည်။
” အေး မင်းတို့လို စည်းမဲ့ကမ်းမဲ့ကောင်တွေရှိနေလို့ ငါတို့ နိုင်ငံမတိုးတက်တာကွ၊ နိုင်ငံသားတိုင်းသာ ကိုယ့်တာဝန်ကိုယူပြီး စည်းကမ်းရှိနေရင် ငါတို့ နိုင်ငံ အခုအချိန်ဆိုရင် နိုင်ငံတကာ အဆင့်မှီနေပြီကွ”
သူတို့ကလည်းပြန်ချေပသည်။
”ဟေ့ကောင်ရ ဒါမျိုးစည်းကမ်းဆိုတာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့လုပ်မှရမှာကွ၊ ဥပမာကွာ နိုင်ငံခြားမှာ လိုလမ်းထောင့် တိုင်းမှာသာ အမှိုက်ပစ်စရာ အမှိုက်ပုံးရှိနေရင်၊ လမ်းတွေက နဂိုကတည်းက သန့်ရှင်းပြီး အမှိုက်ပစ်ရက်စရာမရှိရင် ဘယ်သူမှ လမ်းဘေးကို အမှိုက်မချဘူးဟေ့ကောင်”
ထိုအခါကျွန်တော်က
”အေး ဒါတော့ဒါပေါ့ ဒါပေမယ့်ဒီလိုအခြေအနေမျိုးရောက်အောင် စောင့်မနေပဲ အခုကတည်းက တစ်ယောက်ချင်း စီကနားလည်မှု့နဲ့စည်းကမ်းရှိသွားရင် သူ့ဟာသူတိုး တက်သွားမှာကွ”
ထိုအခါတစ် ယောက်က ၀င်ပြောသည်။
”ဟေ့ကောင် ကိုကြီးကျယ်ရာ အပိုတွေလျှောက်ပြောမနေပါနဲ့၊ ခွေးဟောင်လို့ တောင် မရွှေ့ပါဘူးကွာ၊ မင်းကရောဘယ်လောက်စည်းကမ်းရှိနိုင်လို့ လည်း”
မဖြစ်ချေတော့ ဒီကောင်တွေ ကျွန်တော့်မူကိုထိလာပြီ။
”အေး ငါကအမြဲ ငါမူနဲ့ ငါနေတာကွ၊ မယုံရင်မင်းတို့စောင့်ကြည့်နေ။ ငါ့ သုံးတဲ့ အမှိုက်က လမ်းဘေးတို့ ၊မြောင်းထဲတို့ ဘယ်နည်းနဲ့မှ မရောက်စေရဘူး။ အရင်ကလည်းမရောက်ဘူး၊ အခုလည်းမရောက်ဘူး၊ နောင်လည်းရောက်မှာမဟုတ်ဘူး ”
ထိုနေ့မှစပြီးကျွန်တော့် စကားနှင့် ကျွန်တော် ကျွန်တော်သုံးသည့် အမှိုက်ကိုစနစ်တကျ အမှိုက်တောင်းထဲသို့ အမြဲရောက်အောင် ယခင်ကထက်ပို၍ ဂရုစိုက်ပါသည်သည်။ သူတို့တွေ ဘယ်လိုပဲလှောင်လှောင် ကျွန်တော်မမှု့ပဲကျွန်တော့် မူအတိုင်းသာလုပ်သည်။
တစ်နေ့ လက်ဖက်ရည်ဆိုင်မှ အပြန် ကျွန်တော်သောက်သည့် ဆေးလိပ်တိုကို ပစ်စရာ အမှိုက်တောင်း ရှာမတွေ့သဖြင့် အိမ်ရောက်မှပစ်ရန်အိပ်ထောင်ထဲသို့ ကျွန်တော်သေသေချာချာ ထည့်ယူ လာခဲ့သည်။ သူတို့ ကတော့ကျွန်တော့်ကို ထုံးစံအတိုင်းဝိုင်းလှောင်ကြသည်။ သို့သော်ကျွန်တော်မမှု့ပါ။ ကျွန်တော်က ကျွန်တော့် စံနှင့် ကျွန်တော်နေသည် မဟုတ်ပါလား။ အိမ်ရောက်မှ ထိုအမှိုက်ကို စနစ်တကျ အမှိုက်တောင်းထဲသို့ ထည့်လိုက်သည်။ အဲဒီနေ့က ကျွန်တော့်ကို ကျွန်တော် အတော်ကျေနပ်နေပါသည်။
ထိုနေည ညစာထမင်းစားပြီး ကျွန်တော်အိမ်ရှေ့ တွင်စာထိုင်ဖတ်နေစဉ် အမေက အထုပ်ကြီး တစ်ထုပ်ဆွဲပြီး မီးဖိုထဲမှထွက်လာသည်။
”အမေ ညကြီးမင်းကြီးဘယ်လည်းဗျ“
“အမှိုက်သွားပစ်မလို့လေ“
“ဟင် ဒီအချိန်ကြီး အမှိုက်ကားလာလို့လား” ထိုအခါအမေက
“ဟဲ့ နင့်အမှိုက်ကားကမလာတာ တစ်ပတ်လောက်ရှိပြီ အခုဟာ မှောင်တုံး ဟိုဖက်လမ်း ကြား ထဲသွား ပစ်မလို့လေ“
“ဟာအမေကလည်းဒီလိုတော့ ဘယ်ကောင်းပါ့မလဲ နိုင်ငံကြီးသားပီသမှပေါ့ အမေတို့နဲ့ခက်ပါတယ် အဲလိုသာဆို…“ ကျွန်တော်စကားဆုံးအောင်ပြောခွင့်မရလိုက်ပါ။
“ဟဲ့ငါက နိုင်ငံကြီးသားပီသချင်တာတောင့် နင့်အမှိုက်ကားကလာမှ မလာပဲ။ ငါကဒီလိုမပစ်လို့ ဒါကြီးကို နင့်အိပ်ယာပေါ်လာထားရမှာလား ဒီမှာပင်ပန်းရတဲ့ အထဲနင်ကတစ်မှောင့်“
ဟုဆိုကာ အမှိုက်ထုပ်ကြီးဆွဲပြီး အမေ ဆောင့်ကြီးအောင့်ကြီးထွက်သွားလေသည်။
ကျွန်တော်လည်း အမေ့ဒေါသကို ကြောက်လို့လား အမှိုက်အိတ်ကြီး ကုတင်ပေါ် တင်ပြီးအိပ်ရမှာ ကြောက်လို့လားမသိ ဆက်ပြီးစောဒကမတက်ဝံ့တော့ပါ။ အမှိုက်အိတ်ထဲမှ ကျွန်တော့်ဆေးလိပ်တိုကလေးရှာ ကောက်လျှင်လည်း ခေါင်းခေါက်ခံရသည်သာ အဖတ်တင်မည် ဖြစ်သော ကြောင့် မကြိုးစားရဲတော့ပါ။
ဒီအကြောင်းကိုဟိုကောင်တွေ မသိအောင်တော့ လျှိ့ဝှက်ထား ရမည် ဖြစ်ပါသည်။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP