Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, February 8, 2009

အော် သူလည်းပဲဝင်ပြေးတာကိုး

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။
….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။
ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။

Read More...

Friday, January 2, 2009

ရှု့ထောင့်

ကျူးဘားခေါင်းဆောင် ဖီဒယ် ကပ်စထို၏ အတ္ထုပ္ပတိထဲတွင် ဖတ်ဖူးသည်။ ကပ်စထို တို့၏တပ်သည် (အစိုးရကိုပုန်ကန်နေစဉ်က) သူတို့ ၏ တောတွင်းစခန်းသို့ မျက်စေ့လည် လမ်းမှားလာသော လယ်သမားတစ်ယောက်ကို ဖမ်းမိလေ သည်။ ထို လယ်သ မား ကို အစိုးရတပ်၏ သူလျှိုထင် ၍စစ်ဆေးကြရာ မဟုတ်ပဲ တစ်ကယ့် လယ်သမား အစစ် ဖြစ်သည်ကို တွေ့ ရ၏။ ထို့ကြောင့်သူတို့သည် ထိုလယ်သမားကို လွတ်ပေး လိုက်လေ သည်။ နောက်ရက် တွင်ကား အစိုး ရစစ်တပ်သည်သူတို့ စခန်းနေရာကို သိရှိသွားပြီး လာရောက်တိုက်ခိုက် ရာ သူတို့သည် အကျအ ဆုံး များစွာဖြင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည် ဟုဆိုသည်။ နောက်မှ အကြောင်းစုံ ကို သိရသည်မှာ သူတို့ လွတ်ပေးလိုက်သော လယ်သမားကို အစိုးရ စစ်တပ်က နှိပ်စက်၍ မေးသဖြင့် သူတို့ စခန်းကို သိရှိသွား သည် ဟု။ ထိုအကြိမ်မှ စ၍သူတို့၏တပ်သည် မည်သူကိုဖမ်းမိဖမ်းမိ အစိုးရတပ်၏ သူလျှိ၊ စစ်သားမဟုတ်မှန်းသေချာလျှင်လည်း ပြန်လွတ် မပေးတော့ ချေ။

ဒုတိယကမ္ဘာစစ် အတွင်းက ရုရှား တပ်နီတော်သည်လည်း သူ၏ စစ်သားများကို လက်နက်ပင် အပြည့် အစုံမပေးနိုင်ပဲ ရန်သူဆီသို့ အတင်းတက်ခိုင်း လေသည်။ ရန်သူဂျာမာန်တို့ ၏ ပစ်အားကို မခံနိုင်ပဲ မိမိဘက်သို့ ပြန်ဆုတ်ပြေးလာသူများကို တပ်နီတော်မှပင် ဆုတ်ခွင့်မပေးပဲ ပစ်သတ်လေသည်။ အမိန့်မနာခံမှု့ဖြစ်လေသည်။ ထိုအချိန်တွင် ရုရှားနိုင်ငံမှာ ဂျာမာန်တို့၏ ကျူးကျော်မှု့ ကိုခံနေရပြီး နယ်မြေ အတော်များများ ဆုံးရှုံးနေဖြင့် အရေးကြီးသော အချိန်ဖြစ်နေသည်။ ဤသို့ စစ်သားများ အမိန့် မနာခံမှု့ များကို ခွင့်ပြုလိုက်ပါက နိုင်ငံကို ဂျာမာန်တို့၏ လက်အောက် သို့ ရောက်မသွားဖို့ ထိန်းသိမ်းရန် ခက်ခဲ သွားလိမ့်မည်ဖြစ်သည်။
ကာဂျစ်နစ်စတန်က ကျွန်တော့်၏ မိတ်ဆွေတစ်ယောက် ကဤသို့ ပြောဖူးလေသည်။ သူ၏ဆွေမျိုးတစ် ယောက်သည် ဒုတိယကမ္ဘာစစ်အတွင်းက တပ်နီတော်တွင် အမှု့ထမ်းခဲ့လေသည်။ တိုက်ပွဲတစ်ပွဲတွင် ဂျာမာန်စစ်တပ်ကို ဘယ်လိုမှ မခုခံနိုင်တော့သဖြင့် လက်နက်ချခဲ့ရလေသည်။ ဂျာမာန်အကျဉ်းစခန်းမှာ နှစ်တော်တော်များများ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနေခဲ့ရပြီး နောက် ဂျာမာန်တွေစစ်ရှုံးပြီး ပြန်လွတ် လာသည့် အချိန်တွင် ရုရှနိုင်ငံက သူ့ကို ထောင်ဒဏ် ၂၅ နှစ်ချလိုက်လေသည် ။ ရန်သူဆီမှာ အညံ့ခံမှု့နှင့် ဖြစ်သည်။ သူတို့၏ စစ်တိုက်ပုံသည် ထိုအချိန်က အနေအထားအရ နိုင်ရင် နိုင် မနိုင်ရင် သေဆိုသည့် ပုံစံဖြစ်နေလေသည်။
အထက်ပါ ဖြစ်ရပ်များသည် ဘာသာရေးရှု့ထောင့် လူမှု့ရေးရှု့ထောင့် အရကြည့်ပါက အလွန်ရက်စက် ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်ပေလိမ့်မည်။ အကယ်၍ သင်သည် တော်လှန်ရေး ခေါင်းဆောင်၊ သို့မဟုတ် ရုရှားတပ်နီတော်မှ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ထိုကဲ့သို့သော အခြေအနေကြုံတွေရလျှင်မည်သို့ ဆုံးဖြတ်မည်နည်း။ အကြင်နာတရား ပြည့်ဝ သော လူစိတ်ရှိသော စစ်ရှုံးသူ အဖြစ်ကို လက်ခံမလား သို့တည်းမဟုတ် အကြင်နာတရား ခေါင်းပါး သော ရက်စက် သော အောင်နိုင်သူအဖြစ်ကို လက်ခံမလား။ သင်၏ ခံယူချက် ပေါ်တွင် မူတည်ပါ မည်။ (များသောအားဖြင့် သင် သည် အောင်နိုင်သူဖြစ်ပါက သင် ၏ မကောင်းသည့် လုပ်ရပ်များသည် အနည်းနှင့် အများ မှေးမှိန်သွားလေ့ရှိကြသည်)။ ကိစ္စတော်တော်များများ သည် အဖက်ဖက်က ရာနုန်းပြည့်ကောင်းနေဖို့ တော်တော်ခဲယဉ်းပါသည်။ ဥပမာ သင်သည် အကြင် နာတရားပြည့်ဝသူလည်း ဖြစ်ချင် စစ်နိုင်သူလည်း ဖြစ်ချင်ဖို့ တော့ သိပ်မလွယ်ကူဟု ယူဆပါသည်။
သို့ကြောင့် တစ်ချို့ကိစ္စများတွင် ရေတိုအကျိုး လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို ကြည့်လျှင် အဆင် မပြေ ဖြစ်တတ် ပါသည်။ မြန်မာ့ သမိုင်း မှာကြည့်ပါ။ မင်းတုန်းမင်း တရားကြီး ကိုးကွယ်သည့် ဆရာတော်သည် ရေမြုတ်ဗုံး ဖောက်ခွဲစမ်းသတ်ရာတွင် ငါးသတ္တ၀ါများ မြောက်များစွာ သေဆုံး သည်ကိုမြင်တွေ့ရပြီး စိတ်မချမ်းမသာဖြစ်၍ ဆွမ်းပင် ဆက်မစားနိုင်တော့ ဟုဆိုသည်။ မင်းတုန်းမင်းကြီးကလည်း ဆရာတော် ငြိုငြင်သည့် အတွက်ရေမြှုတ်ဗုံးစမ်းသတ်မှု့ကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့လေသည်။ ထိုကြောင့် ကနောင်မင်း သားကြီး၏ ရေမြှုတ်ဗုံးစမ်းသတ်မှု့ သည်ရပ်ဆိုင်းသွားရလေသည်ဟု ဆိုလေသည်။ ထို ရေမြှုတ်ဗုံးများ မရှိခြင်းသည် အင်္ဂလိပ်က အထက် မြန်မာနိုင်ငံ ကို မြန်မြန် ဆန်ဆန်သိမ်းယူသွားနိုင် သော အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြလေသည်။ ဤကိစ္စကို စေ့စေ့ငုငုစဉ်းစားကြည့်ပါက ငါး အကောင် လေးငါးရာ သို့ လေးငါးထောင်သေခြင်း ကို စိတ်မကောင်း ဖြစ်သည်နှင့် နိုင်ငံတစ်နိုင်ငံလုံး သူတပါး ကျွန်ဖြစ်ခြင်းမှ ကာကွယ်ရေးသည် နှောင့်နှေးခဲ့ရ သည်မှာ တန်ပါသလား။
ထို့ကြောင့် ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာတွင် မိမိလက်ရှိရောက်နေသော အနေအထားသည် အလွန် အရေးကြီးသည်ဟုထင်ပါသည်။ မိမိရပ်နေသော နေရာတစ်ခုတည်းမှ ကြည့်ပြီး ဆုံးဖြတ်လျှင် အဖြေမှန်ကို ရဖို့ ခဲယဉ်းပါလိမ့်မည်။ သို့သော်လူအများသည် မိမိလက်ရှိရောက်နေသောနေရာ၊ အနေအထား၊ ခံစားမှု့ တို့ဖြင့်သာ ချိန်ထိုးဆုံးဖြတ်လေ့ရှိပါသည်။ အလုံးစုံကို ခြုံငုံကြည့် ရန်လိုအပ်သော်လည်း ဤကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။
အချို့ကိစ္စများတွင် ရေတိုအကျိုး ကိုကြည့်ပါက ရေရှည်အကျိုး နစ်နာတတ်ပြီး ရေရှည် အကျိုးကြည့်ပါက ရေတို အကျိုးနစ်နာသည် ကိုတွေ့ရတတ်သည်။ စာရေးဆရာကြီး တစ်ဦးရေးတာ မှတ်သားထား ဖူးပါသည်။ သူကဤသို့ရေးထားသည်။ တစ်ကယ့် လက်တွေ့ဘ၀ထဲရှိကိစ္စတော်တော်များများ သည် ရုပ်ရှင်တွေ ၀တ္ထုတွေထဲကလို အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ လူဆိုးနှင့် ဇာတ်လိုက်ကွဲကွဲပြားပြားမရှိကြပါ။ နည်းနည်းမှားတာနဲ့ များများမှားတာ၊ နည်းနည်းကောင်း တာနှင့် များများကောင်းတာ ထိုကဲ့သို့သာရှိပါသည်။
ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရသော် မည်သို့ ဆုံးဖြတ်မည်နည်း ဟူသော အဖြေသည် သင်ရပ်တည်နေသောနေရာ၊ သင်၏ဦးတည်ချက်၊ သင်၏ခံယူချက်၊ စိတ်ခံစားမှု့၊ အတွေ့အကြုံ တို့ နှင့် သက်ဆိုင်မည်ဟုယူဆမိပါသည်။
ဇန်ဇ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

Read More...

Thursday, December 25, 2008

ကျွန်တော်မသိတဲ့ ကျွန်တော်

မိမိကိုယ်သာကိုးကွယ်ရာဟု မြတ်စွာဘုရားကဟောခဲ့ပါသည်။ သို့ဆိုလျှင်မိမိကိုယ်မိမိ မည်သို့ကိုးကွယ် နည်း။ ကိုယ့်ဓါတ်ပုံကို တစ်ပေပတ်လည် ပုံကြီးချဲ့ပြီး ခပ်မြင့်မြင့်တစ်နေရာမှာ ချိတ်ထားပြီး နေတိုင်းရှိခိုးရင် ကောင်းမလား။ထို့သို့လည်းမဖြစ်သေးပါ။ အိမ်မှာ ကိုယ့်မိန်းမနဲ့ ကိုယ့် သားသမီးချည်းပဲဆိုရင် ဖြစ်နိုင်ချေရှိ သေး။ အဖေ၊အမေ၊ဦးလေး၊ဒေါ်လေး၊ ဘိုးဘွားတွေ ရှိနေလျှင်ထိုနည်းသည် မဖြစ်နိုင်။ သေချာစဉ်းစားကြည့် တော့လည်း ကိုယ့်ကိုကိုယ်ကိုးကွယ်ရအောင် ကိုယ်တိုင် ကိုငါဘာလဲ၊ဘယ်ကလာသလဲဆိုတာမသိ။ ဘာကောင်လဲဆိုတာမသိ။ ကိုယ်တိုင်က သူများလေးစားစရာ မကောင်းသည့် အပြင် ကိုယ်ကိုကိုယ်တောင် သိပ်မကြိုက် ချင်။ နောက်တော့မှ နည်းနည်းတွေးတတ်ခေါ်တတ်တဲ့ မိတ်ဆွေတစ်ယောက်က ရှင်းပြမှနားလည်သည်။ အဲလိုမဟုတ်ဘူးကွ။ မိမိကိုယ်မိမိ ကိုးကွယ်ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ဝိရိယ နဲ့ ကြိုးစား ပြီး လုပ်ရမှာကိုပြောတာ။ တို့ဘုရားက လမ်းပဲညွှန်ပြတာကွတဲ့။ သူက နောက်ထပ်အများကြီးဆက်ပြောပါ သေးသည်။ ကျွန်တော်က ခပ်ထိုင်းထိုင်းဆိုတော့ ဒီလောက်ပဲနားလည်လိုက်တယ်။

တစ်ချို့ကလည်း ကျွန်တော်တို့တွေ အားလုံးကို တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်က ဖန်တီး သည်ဟု ယုံကြည်ကြသည်။ ကျွန်တော်တော့ ဥာဏ်မမှီသဖြင့် သိပ်များများစားစားမသိပါ။ အကယ်၍တစ်စုံတစ် ယောက်က ဖန်တီးသည် ဆိုလျှင်လည်း ထိုသူ့ကို မေးခွန်းများစွာ (လူပြိန်းမေးခွန်းများသာဖြစ် ပါလိမ့်မည်) မေးချင်နေ ပါသည်။ ပထမဆုံးတစ်ခု ကတော့ သတ္တ ၀ါခြင်း သတ်ရတာ မကောင်းသော် လည်း အဘယ့် အတွက် ကြောင့် သူများအသားကို စားကောင်းအောင်ထွင်ထားပါသနည်းဟု။ ကျွန်တော်က အစားမက်သည်။ အသားလည်းကြိုက်။ ဘာဘီကျူးတို့ဘာတို့ဆိုကြားတာနှင့် သားရေယိုသည်။ သို့သော် ၀က်သတ် နွားသတ်တာရံဖန်ရံခါ မြင်ရလျှင် စားထားသမျှမြိုမကျဖြစ်ရသည်။ သို့သော် ဗိုက်ဆာလျှင် ပြန်စား ဖြစ်စမြဲ။ ထို့ကြောင့် ထိုတီထွင်သည့် တစ်စုံတစ်ယောက်များရှိခဲ့ရင် နည်းနည်းလောက် ပြန်ပြင်ပေး ဖို့တောင်းဆိုချင်သည်။ ဥပမာ ၀က်ပေါင်ခြောက်တို့၊ ဘဲကင်တို့ဆိုတာ အပင်တစ်ပင်ပင်က ခူးစားရတာမျိုး။ ပုဇွန်ထုတ် ဆိုတာမျိုးကအိမ်မှာ ပန်းအိုးသေး သေးလေးနှင့် စိုက်လို့ ရတာမျိုး။ ကျွန်တော် လက်လှမ်းမှီ သလောက်စဉ်းစားကြည့်တာပါ။ ဆရာကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ ရှိမှာပါ။ တကယ်တော့ ကျွန်တော်တို့ကမှတော်သေးတယ်။ စိတ်ဖြတ်နိုင်ရင် အသီးအရွက်ကြည့်ပဲ စားလို့ ရသေးတယ်။ အသားမှ မစားရင်သေမယ့် သတ္တ ၀ါတွေကရှိ သေးဗျ။ ကျားတို့၊ ခြင်္သေ့တို့။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ထက် တစ်ခုသာသွားပြန်ရော။ ကျွန်တော်တို့လို မစဉ်းစားတတ်တာလေ။ အဲဒီတော့ စိတ်ညစ်စရာမလိုဘူးပေါ့ဗျ။ စားစရာရှိစားလိုက်ရုံပဲ။ ပြီးတော့ လည်း ဘာဘာညာညာ တွေးနေစရာ မလိုဘူး။ ဒါလည်းတစ်မျိုးကောင်းတာပဲ။ မြင်ဘူး တယ်မဟုတ်လား ကျားတွေ၊ခြင်္သေ့တွေ သားကောင်ကို ကိုက်သတ်တာ အရှင်လတ်လတ်စားတာ။ မမြင်ဘူးရင် YouTube မှာ ရှာကြည့်ဗျာ။ အများကြီးပဲ။ တစ်ခါတစ်လေဆို သားကောင်ကမသေသေးဘူး။ စားတဲ့ သူကစားနေပြီ။ တကယ့် ဒုက္ခပဲဗျာ။ တစ်ချို့ကတော့ ဒါသဘာဝပဲတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီလိုပဲ ဖြစ်ရမှာပတဲ့။ ဒါမှ မစားရင် အဲဒီ ခြင်္သေ့က သေမှာပဲ တဲ့။ ကျွန်တော်ကတော့ အဲဒီလိုပြောတဲ့သူကို ခြင်္သေ့ စားခိုင်းပြီး အင်တာဗြူးလိုက်ချင်တယ်။ ဒါသဘာဝ နိုင်သေးလားလို့။ The Root ၀တ္ထုထဲမှာတော့ ဒုက္ခတွေ တနင့် တစ်ပိုးခံစားနေရ တဲ့ လူမည်း ကျွန်တစ်ယောက်က ညည်းတွားဖူးတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကသာ ဖန်ဆင်းတယ်ဆိုရင် သူကတော့ မာန်နတ်ကိုပဲ ကိုးကွယ်တော့မယ်တဲ့။ သူပြောတာလည်း ဟုတ်သလိုလိုပဲ။ သေချာတော့ မပြောတတ်ဘူးလေ။ ကိုယ်က ဒီလောက်ပဲတွေးတတ်တာကိုး။
ဆရာကြီးတစ်ယောက်ကတော့ သေချာရှင်းပြတယ်။ အတိတ်ကံကြောင့်တဲ့။ ကံ ကံ၏အကျိုးတဲ့။ အဲလိုမလုပ်ပါနဲကဗျာ လူပြိန်းနား လည်အောင်ရှင်းစမ်းပါလို့ပြောတော့ မင်းအရင်ဘ၀တွေ က လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ပဲတဲ့။ အကြောင်းကြောင့် အကျိုးဖြစ်တာတဲ့။ ကျွန်တော် အရင်ဘ၀တွေက ဘာတွေလုပ်သလဲမှတ်မှ မမှတ်မိပဲဗျာလို့ပြောတော့။ မှတ်မိစရာမလိုဘူး။ နောက်ဘ၀တွေ မှာကောင်းချင် ရင် ဒုက္ခအားလုံးချုပ်ငြိမ်းချင်ရင် အခုကောင်းတာလုပ်တဲ့။ ဒီလိုမှ မဟုတ်ရင် မင်း သံသရာမှာပဲ လည်နေမယ်၊ငရဲကျမယ်။ သံသရာမှာ ဒီလို ဒုက္ခတွေရှိတယ် ဆိုပြီးသေချာရှင်းပြတယ်။
နားတော့ သေချာမလည်ဘူး။ ကြောက်တော့ကြောက်တယ်ဗျာ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သ လောက်တော့ ကောင်းအောင် လုပ်တယ်။ ဒါပေမယ့်ဗျာ တစ်ခုတော့ ဘ၀င် မကျတာ ရှိတယ်။ အကျိုး ကြောင့် အကြောင်း ဖြစ်တယ်ဆိုရင် အရင်ဘ၀က လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို သိခွင့်ရ ဘာလုပ်လို့ဘာဖြစ်တယ် ဆိုတာ ဆရာစာရှင်း သလို ဘလက်ဘုတ်မှာ အမှတ်စဉ် တစ်နှစ်သုံလေး တပ်ပြီး ရှင်းပြရင် ပိုနားလည်မလား လို့ပါ။ အဲဒါမှ ရှောင်သင့်တာလည်း သေချာသိ လုပ်သင့်တာလည်း သေချာသိ ပိုကောင်း မှာပေါ့နော်။ အဲလိုပြောတော့ အဲဒီ ဆရာကြီးက ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ် ကောင်လိုကြည့်တယ်။ ပြီးတော့ သူကပြောတယ် မင်းဒါတွေကို သေချာနားလည်ချင်ရင် မင်းတစ်သက် သင်တောင်မမှီဘူးတဲ့။ အဲဒီတော့ ငါပြောသလိုပဲမှတ်ထားတဲ့။ ကျွန်တော်လည်း ဒါနဲ့ သူပြောတာကိုပဲ စာနဲ့ကိုသေချာရေးမှတ်လာခဲ့တယ်။ ကိုယ်ကမှ လိုက်မမှီတာကို။ ဟုတ်ဖူးလား။
ကျွန်တော်တို့ ဘာလို့ ဒီမှာရောက်နေတယ်။ ဘာလုပ်ရမယ်။ ဘာတွေဖြစ်မယ် ဆိုတာ ဘယ်သူက စီစဉ်နေလဲမသိဘူး။ ဒီမှာဗျာ ဆင်းရဲတဲ့သူက ဆင်းရဲ။ ချမ်းသာတဲ့သူကချမ်းသာ။ သေတဲ့သူကသေ။ ရှင်တဲ့သူကရှင်။ ကျွန်တော်ကောင်းတယ်လို့ထင်တဲ့သူတွေက ဒုက္ခရောက်၊ ကျွန်တော်ဆိုးတယ်လို့ ထင်တဲ့သူတွေက ချမ်းသာ။ ရှုပ်နေတာပဲဗျ။ ကျွန်တော့်လို လူပြိန်းတွေးတွေးရင်တော့ စနစ်ကို မကျဘူးဗျာ။ မှားရင်လည်း ခွင့်လွတ်ဗျ။ ကျွန်တော်က ဒီလောက်ပဲ စဉ်းစားတတ်တာ။ ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို မှာတော့ ဒေါက်တာငွေရက ဒီလိုပြောထားတယ်။
“ကျွန်တော် မကြောက်ပါ။ မခံချင်တာဘဲ ရှိသည်။ သည်ကိစ္စနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသူ ရှိလျှင် ထိုသူကို ကျွန်တော် ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်သည်။ သို့သော် တရားခံ ရှာမရပါ။ ပြီးတော့ ဘယ်ကို တိုင်တည်ရမည်လဲ။ ကျွန်တော့်မှာ တိုင်စရာလည်း မရှိ၊ တည်စရာလည်း မရှိ။ ကျွန်တော်က မသေချာတာတွေနှင့် အဆက်အဆံ မလုပ်ခဲ့။ ကျွန်တော့်ဘာသာ လူချည်းသက်သက် နေခဲ့သည်“ တဲ့။
ဒေါက်တာငွေရကို တွေ့ပါကကျွန်တော်ပြောချင်တာတစ်ခုသာရှိပါသည်။ အဲဒီ ပုဂ္ဂိုလ်ကိုများ တကယ် လို့တွေ့ ခဲ့ရင် ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦးလို့။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Wednesday, December 24, 2008

နှလုံသားမရှိသည့် မြို့တော်

သင်ငါးမျှား ဖူးပါသလား။ သို့တည်းမဟုတ်ငါးမျှား သူတစ်ယောက်၏ ခံစားချက်မည်သို့ရှိသည် ဟုသိပါသလား။ ငါးမျှားခြင်းအလုပ်မှာ မမြင်ရသော ရေထဲမှ တစ်စုံတစ်ခု(ငါး)ကို ရရှိရန် စိတ်လှုပ်ရှားစွာ ကြိုးစားရ ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ရေထဲသို့ငါးမျှားချိတ်ချလိုက်ယုံဖြင့် မည်သည့် ငါးအမျိုး အစားရမည် အလေးချိန်မည်မျှရှိမည် မည်သည့် အချိန်တွင်ရမည် အစရှိသဖြင့် ကြိုတင်သိရှိနေပါက သင်၏ ငါးမျှားခြင်း အလုပ်သည် စိတ်ဝင်စားစရာကောင်းတော့မည် မဟုတ်ချေ။ ထိုကဲ့သို့သော ဘာမှန်းမသိသော အရာကို မှန်းဆ၍ ကြိုးစားရခြင်းကို ကျွန်ုပ်တို့နှစ်သက်ကြပါသည်။

အကယ်၍ကျွန်ုပ်သည် ခြုံပုတ်တစ်ခုအနားတွင်ထိုင်နေလျှင်ထိုခြုံပုတ်ထဲမှာ မြွေပဲထွက်လာမလား၊ ကင်းပဲထွက်လာမလား သို့တည်းမဟုတ်ထိုခြုံပုတ်ထဲတွင် ရတနာသိုက်ပဲရှိနေမလား ထိုကဲ့သို့ သောခံစား မှု့မျိုးရှိချင်သည်။ လူတို့ ပြုပြင်ဖန်တီးထားသော ပန်းခြံထဲရှိခြုံပုတ်သည်ကား ရာနုန်းပြည့် စိတ်ချရသည်။ မည်သည့် မြွေမည်သည့် ကင်းမှမရှိသလို မည့်သည့်ရတနာသိုက်မှလည်းမရှိပါ။ လုံခြုံမှု့ အပြည့်အ၀ရှိသလို ရင်ခုန်စရာလည်းမရှိပါ။ သို့အတွက် အန္တရာယ်ရှိသောနေရာကို ပို၍နှစ်သက်ပါသလား ဟုမေးလာသော် ဤ သို့ဖြေရပါလိမ့်မည်။ ဥပမာအားဖြင့်ဖြေသော ကျွန်တော် တောလည်ထွက်လျှင် တကယ့်တော အစစ်ကို သာ လည်ချင်ပါသည်။ လှော်ကားဥယျာဉ်လိုမျိုးလူတို့ ဖန်တီးထားသည့် ဥယျာဉ်မျိုးကို သားကောင်မျိုးစုံ မည် မျှပင် ရှိပါစေ၊ မည်မျှပင်လုံခြုံစိတ်ချရပါစေ သဘောမကျပါ။ တကယ့်တော အစစ်ကို အကာအကွယ် လက်နက်ဆေးဝါး အပြည့် အစုံဖြင့်သွားခြင်းကို ပိုမိုနှစ်သက်ပါသည်။ ထို့ကြောင့် လက်တွေ့ ဘ၀ တွင်လည်း အန္တရာယ်ရှိပါစေဦး မိမိအရည်အချင်း၊ မိမိ၏ကြိုးစားအားထုတ်မှု့ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင် သောအခွင့် အလမ်းရှိသည့် နေရာ တွင်သာ နေထိုင်လိုပါသည်။
ကျွန်ုပ်နေထိုင်သော နှလုံးသား မရှိသည့်မြို့တော်သည် ရာနုန်းပြည့် လုံခြုံ သည်။ ရုပ်ဝတ္ထုပစ္စည်း အတွက် စိုးစဉ်းမှ ပူပန်စရာမရှိ။ လေကောင်းလေသန့်အတွက် နောက်ဆုံးပေါ် လေအေးပေး စက်ကြီး များရှိသည်။ ရှု့မျှော်ခင်းကြည့်ရန်အတွက် အကောင်းစား ရုပ်မြင်သံကြားစက် ကြီများရှိသည်။ လမင်း၏ အလင်းရောင်မလို။ ထိုထက်ပိုလင်းသော နီယွန်မီးလုံးမြောက်များစွာရှိသည်။ သစ်ပင်ပန်းမန်များ အမျိုးစားစုံ လင် စွာမြောက်များစွာ ရှိသော်လည်း ပန်းအိုး အကြီးစားထဲတွင် စိုက်ထားသော လွတ်လပ်စွာရှင် သန်ခွင့်မရသော သစ်ပင်များ ဟုသာမြင်မိသည်။ အရာရာအတွက် အကောင်းစား ရုပ်ဝတ္ထု ပစ္စည်းများ ရှိသည်။ သို့သော် လည်း ရင်ခုန်စရာမရှိပါ။
စာရေးဆရာကြီးတစ်ဦးရေးသားသည် ကိုဖတ်ဖူးပါသည်။ ငှက်လှောင် အိမ်ကလေး ကို မည်မျှ မွမ်းမံ ပါစေ အထဲမှ ငှက်ကလေးကိုအစာရေစာ ၀၀လင်လင်မကျွေးလျှင် အဘယ်မှာ အဓိပ္ပာယ်ရှိပါ မည်နည်း ဟုဆိုထားသည်။ ကျွန်တော်နေထိုင်သော နှလုံးသားမရှိသည့် မြို့တော်တွင် ရွေပိန်းချ လှောင်အိမ်များ အတွင်းမှ ပိန်လှီပြီး အသွေးအမွှေးမလှတော့သော ငှက်ကလေး မြောက်များ စွာ တွေ့ခဲ့ ရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

Sunday, December 14, 2008

အကျဉ်းသား ၏အကျပ်အတည်း (prisoner’s dilemma)

တစ်ချို့အခြေအနေတွေကို ပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနှင့်။ တစ်ချို့အခြေအနေ တွေမှာ လူတွေရဲ့တုံပြန်မှု့တွေ အပြုအမူတွေဟာ သာမာန်အခြေအနေနဲ့မတူတာကို တွေ့ရပါတယ်။ သူတို့ တွေကိုကြည့်ပြီးတော့ ငါဆိုရင်တော့ ဒီလိုမဖြစ်ပါဘူး လို့ဆုံးဖြတ်ချက်မစောလိုက်ပါနှင့်။ သင်လည်း အဲဒီ နေရာရောက်ရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရင်စဉ်းစားကြည့်ပါ။ ဥပမာ ရှေ့တန်းမှာ ရောက်နေတဲ့စစ်သား တစ်ယောက်လူရက်ရက်စက်စက်သတ်ရဲတယ်။ ဓါးနဲ့ လဲ ထိုး သတ်ရဲတယ် သေနတ်ဒင်နဲ့လည်းရိုက်သတ်ရဲတယ်။ တန်းစီပြီးလည်းပစ်သတ်ရဲတယ်။ ငါသာ ဆို ရင် တော့လုပ်ရဲမှာ မဟုတ်ဘူး(လုပ်မှာ မဟုတ်ပါဘူး) လို့မထင်နဲ့။ အောက်မှာ ပြထားအခြေ အနေ တွေ ကို စဉ်းစားကြည့်ပါ။

(၁) မိသားစုနဲ့လပေါင်းများစွာခွဲပြီး အငတ်ငတ် အပြတ်ပြတ်နေနေရတယ်
(၂) လပေါင်းများစွာအကြောက်တရားနဲ့နေနေရတယ်
(၃) တစ်ဘက်ရန်သူကြောင့် ဒါတွေဖြစ်တယ်လို ရိုက်သွင်းခံထားရတယ်
(၄) ရန်သူတွေကို ချေမှုန်းနိုင်မှ အေးအေးဆေးဆေး ပြန်နေနို်င်မယ်လို့ ယုံကြည်နေတယ်
(၅) သေခြင်းတရားနဲ့ နေစဉ်ထိတွေ့နေရတယ်
အဲဒီအခြေအနေမှာရှိတဲ့ လူတစ်ယောက်ရဲ့စိတ်က သာမာန်အချိန်မှာ ရှိတဲ့စိတ် အခြေအနေနဲ့ မတူ နိုင်ပါဘူး။ အဲဒီလိုအခြေအနေမှာဆိုရင်သင်လည်း သတ်ရဲမယ် ကျွန်တော်ဆိုလည်းသတ်ရဲမှာပဲ။ စဉ်း စား ကြည့်ပါ။ နိုင်ငံတစ်နိုင်ငံမှာ စစ်ဖြစ်ကြပြီဆိုရင် ပုံမှန် အခြေအနေမှာ ရိုးသားအေးဆေး တဲ့ လယ်သ မားကြီးတွေ၊ အလုပ်သမားကြီး တွေ၊ ဘာသာရေးကိုင်းရှိုင်း တဲ့အိမ်ထောင်ဦးစီးတွေ တောင်မှ သွေး ဆာ နေတဲ့ လူသတ်သမားတွေ ဖြစ်လာ နိုင်ပါတယ်။
အဲဒါ prisoner's dilemma နဲ့သွားတူတယ်။ အဲဒီမှာ ဘာကို ဆိုလိုထားသလဲဆိုတော့ ရာဇ ၀တ်မှု့ တစ်ခုကျုး လွန်ထားတဲ့ အကျဉ်းသား နှစ်ယောက် ကိုစစ်ဆေးတယ်။ သူတို့ကို တစ်ခန်းစီခွဲပြီး စစ်တယ်။ ဘယ်သူက အမှန်ကိုပြောပြီး ဘယ်သူကကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် ကိုသစ္စာဖောက်မလဲ။ အမှန်ကို ဖော်တဲ့သူကို လွတ်ငြိမ်းခွင့်ပေးပြီး ကျန်တဲ့သူကိုထောင်ချမယ်။ နှစ်ယောက်လုံး မဖော်ရင် လည်း ထောင်ကျမယ်။ အောက်က ဇယားအတိုင်းဖြစ်မယ်ဆိုပါစို့။ အကျဉ်းသား (က) နဲ့ အကျဉ်းသား (ခ) တို့ရှိပါတယ်။ သူတို့ကိုစစ်တဲ့ အချိန်မှာ နှစ်ယောက်လုံးက အမှန်ကို ၀န်ခံလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း တစ်ယောက်ကို ထောင်ဒဏ် (၁) နှစ်ဆီပဲကျပါမယ်။ (က) ကထုတ်ဖော်ပြီး (ခ) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(က) လွတ်ပြီး (ခ) က (၅)နှစ်ကျပါမယ်။ အဲလိုပဲ (ခ) ကထုတ်ဖော်ပြီး (က) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(ခ) လွတ်ပြီး (က) က (၅)နှစ် ကျ ပါမယ်။နှစ်ယောက်လုံးကနှုတ်ပိတ်နေရင် တစ်ယောက်ကို (၁)နှစ်ဆီကျမယ်။ ဘယ်နည်းက အကောင်း ဆုံးဖြစ်မယ်ထင်ပါသလဲ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် အပေါ်သစ္စာရှိတာ အကောင်းဆုံးလို့ ထင်ရပေ မယ့် ကိုယ်ကတစ်ဘက်လူရဲ အခြေအနေကို မသိတဲ့ အတွက် အခြေအနေအရ သစ္စာဖောက်တာ ဟာ ကိုယ့် အတွက် အသက်သာဆုံးလိုဖြစ်နေပါတယ်။ အကျဉ်းသားတစ်ယောက် ခြင်းစီ အနေနဲ့ သစ္စာ ဖောက်လိုက်ရင် ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် လွတ်နိုင်ပါတယ်။ ရေငုံနှုတ်ပိတ်နေလိုက်ရင် တော့ ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် (၅) နှစ်ကျနိုင်ပါတယ်။ ကဲစဉ်းစားကြည့်ပါ။ သင်ဆိုရင်ရော ဘယ် လမ်း ကိုရွေးမလဲ။
အခုခေတ်မှာ အခြေအနေ အတော်များများ ဟာအဲဒီ prisoner’s dilemma လိုဖြစ်နေပါတယ်။ ကိုယ့် အတွက်ကိုယ် ကြည့်မှ သာအဆင်ပြေနိုင်တယ်ဆိုတဲ့ အခြေနေပါ။
အဲဒီလိုပဲ တကယ်လို့ လူတစ်ယောက်ဟာ မကောင်းမှု့ဒုစရိုက် တစ်ခုကိုလုပ်ပြီး ငွေရှာနေတယ်ဆိုပါဆို့။ အဲဒီကိစ္စ ကိုအပေါ်ယံအားဖြင့်ကြည့်ရင်တော့ အဲဒီလူကို အပြစ်မြင် ကြမှာပါ။ ဒါပေမယ့်သေသေချာချာစဉ်းစားကြည့်ပါ။ သူ့အိမ်က ကလေးကထမင်းဆာ လို့ငိုနေမယ်၊ ကျောင်းတတ်နေတဲ့ ကလေးကလည်း စာအုပ်ဖိုးတောင်းနေမယ် ဆိုရင် သူဘယ်လို လုပ်မလဲ။ အဲဒီ လူ အနေနဲ့ တခြားနေရာ က၀င်ငွေလည်း မရှိ၊ သမာအာဇီဝနဲ့ ရှာလို့ရတဲ့ မစို့မပို့ ၀င်ငွေ လေးတစ်ခုတည်းမှာပဲ မှီခိုနေ ရတယ် ဆိုရင် သူဘယ်လိုလုပ်မလဲ။ သူ့နေရာမှာ သင်ဆိုရင်ရော ဘယ်လို လုပ်မလဲ။ အစာငတ်နေ တဲ့ ကိုယ့်ရင်သွေးကို ပစ်ထားရလောက်အောင် နှလုံးသားမာကျော ဖို့တော့ လူအများစု အတွက်သိပ် မလွယ်ပါဘူး။ အဲဒီတော့ သူဘာလုပ်မလဲ။ အရှက်၊ သိက္ခာ၊ တရားမျှတမှု ကိုဘေးချိတ်ပြီး ရတဲ့နေရာကငွေရှာရတော့ တာပါပဲ။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလိုနည်းနဲ့ ငွေရှာပြီး အဆင်ပြေတဲ့သူတွေ ရှိနေတော့ အဲဒီအခြေအနေကနေရုန်းထွက်ဖို့ မလွယ်ပါဘူး။ အောက်ပါဇယားကိုကြည့်ပါ။ သင်ဆိုရင်ကောဘယ်လမ်းကိုရွေးမလဲ။
အဲလိုနဲ့ နှစ်တွေကြာသွားတဲ့ အချိန်မှာ အဲဒီလူ တစ်ယောက် ရဲ့ စိတ်ဓါတ်က ဘယ်လောက်ပျက်စီး သွားမလဲဆိုတာ မှန်းကြည့်ပါ။ အဲဒီလူ ရဲ့ အုပ် ထိန်းမှုအောက် မှာ ကြီးပြင်းလာတဲ့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်ဆိုရင်ရော ဘယ် လိုဖြစ်မယ်ဆိုတာ မတွေးဝံ့စရာပါပဲ။
သေချာတာ တစ်ခုက လူတစ်ယောက်ကို သမာအာဇီဝနဲ့ သာလုံလုံလောက်လောက် ရအောင်ဖန်တီးပေး ကြည့်။ လူတစ်ရာမှာ ကိုးဆယ့်ကိုး ယောက်ကမကောင်းမှု့ လုပ်ဖို့ လက်တွန့်လိမ့်မယ်။ အာမခံရဲပါတယ်။ တစ်ချို့က စောဒကတက်နိုင် ပါတယ်။ အဲလို စားဝတ်နေရေးမပြေလည်တာ သူညံ့လို့ပေါ့။ အစကတည်းက ကြိုးစားပြီး တော် အောင်လုပ်ပေါ့။ ဥပမာ ဆရာဝန်၊အင်ဂျင်နီယာဖြစ်အောင်လုပ်။ စီးပွားရေး လုပ်နိုင်အောင်လုပ်ပေါ့တဲ့။ ဒါပေမယ့် ဒါက ပြသနာရဲ့ အဖြေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူ့အဖွဲ့အစည်းတစ်ခုက ဘီဂိတ်တွေ၊ အိုင်းစတိုင်း တွေနဲ့ကြည့် ပဲတည်ထောင်ထားတာ မဟုတ်လို့ပါပဲ။ ဆိုလိုချင်တာက လူ့အဖွဲ့အစည်းတစ်ခုက လူတော်တွေနဲ့ ကြည့် ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သာမာန်လူ တွေ အတွက်လည်း သူတို့နဲ့ ထိုက်တန်နဲ့နေရာရှိဖို့လိုပါလိမ့်မယ်။
အဲဒီလိုဖြစ်ဖို့အတွက် စနစ်တစ်ခုလုံး ကဖန်တီးမှ ရမှာပါ။ လူတစ်ယောက်ခြင်းကပဲ ပြုပြင် နေရင် သိပ်အရာမရောက်ပါဘူး။(လူတွေကောင်းဖို့ မလိုဘူးဟု ဆိုလိုခြင်းမဟုတ်ပါ စနစ်တစ်ခု လုံးပြင်မှာသာရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ )

အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
“Try to see the structure than events. “
“လတ်တလော အဖြစ်အပျက်ကလေးတွေထက် စနစ်တစ်ခုလုံးကို ခြုံပြီးကြည့်နိုင် အောင်ကြိုးစားပါ“ လို့ဘာသာပြန်ရ ရင်အဆင်ပြေမလားပဲ။

လူတိုင်းလူတိုင်း Prisoner’s dilemma ကရုန်းထွက်နိုင်ကြပါစေ။

ကိုးကား။ http://en.wikipedia.org/wiki/Prisoner%27s_dilemma

မှက်ချက်။ ဥာဏ်မှီလက်လှမ်းမှီသလောက်တင်ပြခြင်းဖြစ်ပါသည်။ ဝေဖန်အကြံပေးမှု့ကို ကြိုဆိုပါ၏။

မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။
http://www.walkinginthedesert.blogspot.com/

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP