Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts

Saturday, December 19, 2009

လိပ်စာပြောင်းထားပါတယ်

အခု ဒီလိပ်စာကို ပြောင်းထားပါတယ်။

http://thisandthat81.blogspot.com/

Read More...

Saturday, June 27, 2009

MRT စီးခြင်း အနုပညာ

MRT စီးခြင်း အနုပညာ ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ MRT စီးရင်း တွေးမိသည်များကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် MRT စီးသွားဖြစ်သည့် အချိန်များတွင် MRT ပေါ်တွင် တွေ့ရသော လူအမျိုးမျိုးကို ဟိုငေးဒီငေး ငေးရင်းဖြင့်သော်လည်းကောင်း၊ ငိုက်မြည်းလျှက်သော် လည်ကောင်း၊ သီချင်းတစ်ပုဒ်ပုဒ်နားထောင် လျှက်သော် လည်းကောင်း စီးလေ့ရှိပါသည်။ MRT ပေါ်တွင် တွေ့ရသော လူများမှာလည်း အမျိုးမျိုးအထွေထွေ၊ အသက်ကြီးသူ ငယ်သူ မိန်းမ ယောက်ကျား တစ်ချို့ကသုတ်သုတ် သုတ်သုတ် တစ်ချို့က လေးလေးပင်ပင် တစ်ချို့က စကားဖောင်ဖွဲ့လျှက် တစ်ချို့က တိတ်တိတ်ဆိတ်ဆိတ်။ MRT ပေါ်တွင် ယျေဘူယျ ကြည့်ပါက မတ်တပ်ရပ်လျှက် စီးသူများသည် ထိုင်စီးသူများထက် ပိုများပါသည်။ ထိုင်ခုံ အရေအတွက်မှာ နည်းသောကြောင့်ဟု ထင်ပါသည်။

ကျွန်တော်အနေနှင့်တော့ MRT ကို ထိုင်စီးသည်မှာ အလွန်နည်းပါသည်။ ဒါလည်း ကိုယ့်အကြောင်းနှင့်ကိုယ် သာဖြစ်ပါသည်။ အမြဲတမ်းထိုင်နေရသော အလုပ်လုပ်ရသဖြင့် အပြင်ထွက်သည့်အခါလေးတွင် မတ်တပ်ရပ် လျှက် နေချင်သည်။ ထို့အပြင် MRT ပေါ်တွင် ထိုင်စရာနေရာရဖို့ဆိုသည်မှာ အခြားသူများနှင့် အနည်းနှင့် အများတော့ လုရသည်သာဖြစ်သည်။ ထိုသို့လည်း နည်းနည်းလေးမှ လုချင်စိတ်က မရှိ။ ၄င်းအပြင် မိမိထက် ပို၍ ထိုင်ရန်လိုအပ်သော သူများကိုလည်း ထိုင်ပါစေတော့ ဟူသော စေတနာ လည်းရာနုန်း တော်တော်များများ ပါ သည်ဟု ပြောရဲပါသည်။ တစ်ချို့တွေ့ရသောသူများကတော့ MRT ပေါ်ရောက်သည်နှင့် ထိုင်ရမည့်နေရာကို မျက်လုံးဒေါက်ထောက်ပြီးရှာကြပါသည်။ နေရာတစ်ခုလောက်လွတ်ရင်း လျှပ်ပျက်သလို အမြန်နုန်းနှင့် စွေ့ကနည်း ၀င်ထိုင်တတ်ကြပါသည်။

ဒီနေ့ MRT စီးတော့ သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ယဉ်ထားသော လူလတ်ပိုင်း အရွယ်တစ်ဦးကို သတိထားမိပါသည်။ သူက ရထားပေါ် စတတ်လာကတည်းက ထိုင်ရန်နေရာကို မျက်လုံးဒေါက်ထောက်ကာ ဦးရန် ပြင်နေပါသည်။ စရပ်ကတည်းက ထိုင်ခုံများရှိရာနေရာ အနီးတွင် အသင့်အနေအထား နှင့်ရပ်နေပါသည်။ သူ့ပုံစံကြည့်ရသည်မှာ တာထွက်တော့ မည့် အပြေးသမားကဲ့သို့ အသင့်ရှိနေပါသည်။ ကျွန်တော်နှင့်တော့ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျွန်တော်ကတော့ လူရှုပ်သည့် ထိုင်ခုံများနှင့် ခပ်ဝေးဝေး ချောင်တစ်ချောင်တွင် သာ ခပ်ဆိပ်ဆိပ်ရပ်လျှက် စီးပါသည်။ မည့်သည့်ထိုင်ခုံကိုမှလည်း ဦးရန်စိတ်ကူး မရှိသောကြောင့် ဖြစ်သည်။

ကျွန်တော်သူ့ကို သာသတိထား ကြည့်မိနေပါသည်။ ခဏကြာသော် သူ့ရပ်နေသော နေရာ အနားမှ လူတစ်ယောက်ထသွားတော့ သူက ထိုထိုင်ခုံကို အလျှင် အမြန်ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သူ့ကို ကြည့်ပြီး ပြုံးမိပါသည်။ သြော် ဒီနေရာလေး ခဏထိုင်ဖို့ အတွက် ဒီလောက်တောင် ကြိုးစားရသလားပေါ့။ ခဏနေတော့ ကျွန်တော့် အထင်နည်းနည်းမှားသွားသည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘူတာ တစ်ခုတွင် ဘွားဘွားတစ်ဦးတက်လာတော့ သူက ရုတ်တရက် ထပြီး ထိုဘွားဘွားကို နေရာ အလျှင် အမြန်ပေးပါသည်။ ဒီလိုဆိုတော့ လည်း ဘယ်ဆိုးလို့တုံး ဟု ကျွန်တော် တွေးမိပြန်သည်။

အတန်ကြာတွင် ဘူတာတစ်ခုတွင် ထိုဘွားဘွားဆင်းသွားတော့ သူက ထိုနေရာကို အလျှင် အမြန်ပြန်ဦးပြန်ပါသည်။ ထိုဘွားဘွားကတော့ သူ့ကို ကျေးဇူး ကျေးဇူး ဟု တစ်ဖွဖွပြောရင်း ဆင်းသွားပါသည်။ခဏကြာတော့ အန်ကယ်ကြီးတစ်ဦးတက်လာပြန်လေသည်။ ထိုအခါတွင်လည်း သူက အလျှင်အမြန် ထပေးပြီး ထိုအန်ကယ်ကြီးကို နေရာပေးပြန်လေသည်။ အနီး အနားမှာ လူများကလည်း သူ့ကို ကြည့်ပြီး တော်တော် တော်တဲ့ ကောင်လေးဟု မှတ်ချက်ချနေသယောင်ထင်မိပါသည်။

ဗုဒ္ဓဘာသာ အလိုအရဆိုလျှင် ထိုသူသည် ယနေ့အဖို့ တော်တော်ကုသိုလ်ရနေပြီဟု မြင်မိပါသည်။ ထိုသို့ တွေးမိမှ ကျွန်တော်ဒုက္ခကောင်းကောင်းရောက်ပါတော့သည်။ အဖြစ်ကဒီလိုပါ။ သူကကုသိုလ်တွေ ရပြီဆိုပါတော့။ သူက သူများတွေနှင့် နေရာအလုအယကက်ဦးပြီး ထိုင်သည့် အချိန်တွင် ထိုင်ရသေးသည်။ ကျွန်တော်ကတော့ အစကတည်းက သူများတွေ ထိုင်ပါစေတော့ ဟုသော စေတနာ ဖြင့် နေရာ မဦးခဲ့။ တစ်ချိန်လုံး မတ်တပ်ရပ်လိုက်ရသည်။ သူ့လို ကိုယ်ထိလက်ရောက် မကူညီပေမယ့် စေတနာကတော့သူ့ထက် မနည်းပါ။ ထိုသို့ဆိုလျှင် သူကကုသိုလ်ရပြီး ငါ့ ကြတော့ ကုသိုလ်မရဘူးလားပေါ့။ ငါကပိုတောင် အပင်ပန်းခံရသေးတယ်ပေါ့။ တစ်ချိန်လုံး ရပ်လိုက် ရတာလေ။ ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။

နောက်ဘူတာရောက်တော့ သူလည်း ဆင်းသည် ထိုအန်ကယ်ကြီးလည်း ဆင်းသည်။ သူကရထား အထွက်မှာ ထိုအန်ကယ်ကြီးကို တွဲများပင် ခေါ်သွားလိုက်သေးသည်။ ထိုအန်ကယ်ကြီးကလည်း မြန်မာလို ဆိုရင်တော့ သာဓုတစ်ခေါ်ခေါ်ပေါ့။ ပတ်ဝန်းကျင်မှ လူများကလည်း ပီတိမျက်လုံးများနှင့် ကြည့်နေသလိုလို။ ကျွန်တော် တွေးရင်း မနာလိုသလိုဖြစ်လာသည်။ တစ်ခုခုတော့ မှားနေသလိုလို။ သေချာစဉ်းစားကြည့်လိုက်တော့ ဒါလူရည်လည်တာပဲ ဟုတွေးမိသည်။ သူများကို ကူညီချင်လျှင် ကိုယ်က ကူညီနိုင်တဲ့ နေရာရောက်အောင် အရင်လုပ်ပေါ့။ ကိုယ့်မှာ ဘာမှ မရှိပဲ သူများကို ကူညီဖို့ဆိုတာ မဖြစ်နိုင်။ အဲတစ်ခုခုရှိဖို့ဆိုလျှင် နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ကြိုးစား ရမည်ပေါ့။ အခုတော့ ကိုယ်က ကူညီချင်စိတ်ရှိတယ်ဆိုရင်တောင် ကိုယ်ကူညီတာက လူမသိသူမသိ။ အင်း ကူညီတာက လူသိဖို့လည်း မလိုပါဘူးလေဟုလည်းတွေးမိသည်။ ဒါပေမယ့် သူ့ကူညီပုံမျိုးက ပိုအကျိုး ရှိသလိုလို။ သူနဲ့ ကျွန်တော်နဲ့ အခွင့်အရေးအတူတူရပေမယ့် သူကအဲဒီအခွင့်အရေးကို ပိုအကျိုးရှိအောင် အသုံးချနိုင်တာပဲ။ အပြင်လောကမှာဆို ဒီလူတော်တော်အောင်မြင်မှာပဲ လို့ မဆီမဆိုင်တွေးမိသေးသည်။

ကျွန်တော်တွေးရင်းတွေးရင်း သဘောကျလာသည်။ အင်းငါလည်း သူ့လိုလုပ်ကြည့်ဦးမှဆိုပြီး ထိုင်ခုံတွေရှိသည့် နေရာ အနားသို့ မသိမသာရွေ့သွားသည်။ နေရာတစ်နေရာလွတ်တော့ စွေ့ကနည်း ၀င်ထိုင်လိုက်ပါသည်။ အင်းပထမအဆင့်တော့ အောင်မြင်သွားပြီ။ ငါသူများကို ကူညီဖို့နေရာတစ်နေရာရသွားပြီ ဟုတွေးနေတုံး တာဝန်သိ ပြည်သူတစ်ဦးဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးက ပုခုံးပုတ်ပြီး “ညီလေး ဒီအန်ကယ်ကြီးကို နေရာပေးလိုက် ပါကွာ မင်းကလူငယ်ပဲ” ဟု လာပြောလေသည်။ ကျွန်တော်အလန့်တကြား ကြည့်လိုက်မှ ဟုတ်ပါ့ဗျား ကျွန်တော့် အနားမှ တောင်ဝှေးနှင့် အန်ကယ်ကြီးတစ်ယောက် တုန်ချိတုန်ချိနှင့် ရပ်နေလေသည်။ ဘယ်အချိန်ကတက်လာမှန်း မသိ။ ခက်တာပဲ။ ပတ်ဝန်းကျင်မှ သူများကလည်း မသိမသာ ခိုးကြည့်နေကြလေသည်။ ကျွန်တော်ကပဲ အန်ကယ်ကြီးနှင့် နေရာလုနေသလို။ ကျွန်တော် ရှက်ရှက်နှင့် အလျှင်အမြန် ထပေးလိုက်ရလေသည်။ အန်ကယ်ကြီးကလည်း ၀တ်ကျေတန်းကျေ ကျေးဇူးပဲဟု ပြောလေသည်။ သူကလည်း ထင်မပေါ့။ ဒီသူငယ်နဲ့ သူများပြောမှပဲ ထပေးတယ်။ မသိတတ်လိုက်တာလို့။ ကျွန်တော်တော်တော် စိတ်ညစ်သွားသည်။

အင်း တရားရှာကိုယ်မှာသာတွေ့ဆိုသလိုပေါ့။ ကျွန်တော့်အမှားပဲလေ။ ကျွန်တော်က မမြင်တာပဲ။ ကူညီချင် ရုံနဲ့ တော့ မရသေးဘူး။ လည်ဦးမှ။ နပ်ဦးမှ။ အထာသိဦးမှ။ ဟိုတစ်ယောက်က ငါ့ထက်လည် လို့ နပ်လို့ အိုကေတာပဲ။ ငါကသူ့လို မရည်အချင်းမရှိတော့ ခံပေါ့ ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါသည်။ သူများလို အရည်အချင်းမရှိပဲနဲ့ မတုနဲ့လေဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ သူ့လိုလုပ်ချင်ရင်လည်း ရထားကို ကိုယ့်အတွေးလေနဲ့ ကိုယ်အေးအေးလူလူစီးရမည်မဟုတ်။ ရှေ့တန်းမှာ ကင်းစောင့်နေသော စစ်သားတစ်ယောက်လိုက် မျက်လုံးပြဲနေအောင်ကြည့်နေရမည်ဖြစ်သည်။ အဲလိုတော့ မလုပ်နိုင်ပါခင်ဗျား။ နေပါစေတော့။ ဘယ်သူသိသိ မသိသိ ကုသိုလ်ရရ မရရ နေပါစေတော့။ ကိုယ့်စတိုင်နဲ့ကိုပဲလေ။

ထိုနေ့မှစ၍ကျွန်တော် ရထားပေါ်တွင် ထိုင်ဖို့ မကြိုးစားတော့ ပါခင်ဗျား။ မိတ်ဆွေသူငယ်ချင်းများအနေနှင့် ယနေ့မှစ၍ ကိုမိုးတိမ်ညို MRT စီးသွားသည်ဟု ကြားမိပါက ပျင်းတိပျင်းရွဲ မတ်တပ်ရပ် လျှက် လိုက်ပါနေကြသူများ အကြားတွင် တစ်နေရာရာကို မှီပြီး မတ်တပ်ရပ်လျှက် ငိုက်မြည်းနေသော သူတစ်ယောက် အဖြစ်သာ မြင်ယောင်ကြည့်ကြပါကုန်။

မိုးတိမ်ညို
ဇွန်၊၂၀၀၉

Read More...

Thursday, June 25, 2009

ကောက်ရိုးပုံဖွသူ

တစ်ခါသော် ကတ်သီးကတ်သတ် မေးတတ်သော ဂျာနယ်လစ် တစ်ဦးက နာမည်ကျော် အိုင်းစတိုင်းကြီးကို ဤသို့ အမေးရှိသည်ဆိုသတတ်။

“ဆရာကြီးခင်ဗျာ၊ ဆရာကြီးနဲ့ တခြားသူတွေ ဘာကွာပါသလဲ”။
“နေဦး၊ ကျုပ်က ခင်ဗျားကို ပြန်မေးရဦးမယ်။ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကျပျောက်တယ် ဆိုပါတော့။ တခြားတစ်ယောက်ကို အဲဒီ အပ်ရှာခိုင်းရင် ဘာဖြစ်မယ်ထင်သလဲ…။”
“ခင်ဗျာ”
“ခင်ဗျာ မနေပါနဲ့။ ကိုင်းပါ၊ ကျုပ်မေးခွန်းကို ကျုပ်ကပဲ စဖြေပါ့မယ်။ ဒီလူက အပ်ကိုရှာမယ်။ အပ်လည်း တွေ့ပြီဆိုပါတော့..။ သူ ဘာဆက်လုပ်မယ်ထင်သလဲ..။ ဒါတော့ ခင်ဗျားဖြေ…။”
“အပ်ကိုတွေ့ပြီဆိုမှာတော့ ပြီးပြီပေါ့ ဆရာကြီး၊ ဘာဆက်လုပ်ရဦးမှာလဲ…။”
“ကျုပ်ဆိုရင်တော့ မပြီးသေးဘူးဗျ။ ကောက်ရိုးပုံကို ဆက်ဖွဦးမှာပဲ။”
“ခင်ဗျာ…။ ဆရာကြီး ဘာကိုဆိုလိုတာပါလဲ…။”
“ခင်ဗျားမေးခွန်းကိုဖြေတာလေ…။”
“ကျွန်တော်နားမရှင်းဘူး ဆရာကြီး”
“မှတ်ထား။ သူတို့က အပ်ရှာတဲ့သူ။ ကျုပ်က ကောက်ရိုးပုံဖွတဲ့သူ…။ အဲဒါကွာတာပဲဗျ…။”

အထက်ပါ အမေးအဖြေလေးကို ဆရာကျော်ဝင်း၏ ထွိုင်ယာလက်တစ်နှင့် အော်လတာနေးတစ်စာစုများ စာအုပ်မှ ထုတ်နှုတ်ထားပါသည်။ ထိုအမေးအဖြေလေးကို ဖတ်ကာ တစ်စိမ့်စိမ့်တွေး ပြီး တစ်စိမ့်စိမ့် သဘောကျမိပါသည်။

အပ်ရှာသူနှင့် ကောက်ရိုးပုံဖွသူ။

ကျွန်တော်စဉ်းစားကြည့်မိသည်။ ကျွန်တော်တို့တစ်တွေရော အပ်ရှာသူလား ကောက်ရိုးပုံဖွသူလား။ ကျွန်တော်ထင်ပါသည် ကျွန်တော်အပါအ၀င် ကိုးဆယ့်ကိုး ဒဿမ ကိုးကိုးကိုးကိုး ရာခိုင်နုန်းကတော့ အပ်ရှာသူ များသာဖြစ်ပါလိမ့်မည်။ ကောက်ရိုးပုံကိုတော့ မဖွချင်ကြ (သို့) မဖွနိုင်ကြ။ ရည်မှန်းချက် တစ်ခုခု အတွက် သာအလုပ်လုပ်ကြပါသည်။ အများစုကတော့ စားဝတ်နေရေးအတွက် တိတိကျကျအလုပ် တစ်ခုခုကိုသာ လုပ်ကိုင်နိုင်ကြသည်။ ဟိုဟိုဒီဒီ မစဉ်းစားနိုင်။ မတွေးတောနိုင်ပါ။ တစ်ချို့ကတော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ရင်း အားသည့် အချိန်ကလေးများတွင် ကောက်ရိုးပုံဖွကြပါသည်။ တစ်ခါတစ်လေကြတော့ ငါဘာအဓိပ္ပယ်နှင့် ဒါတွေလုပ်နေတာလဲ ဟု စဉ်းစားမိပါသည်။ လွယ်လွယ်တွေးလျှင် ထမင်းစားဖို့ ဟုသာ အဖြေရပါသည်။ ကိုယ်လုပ်ချင်တာကို လုပ်ပြီးတော့ ထမင်းစားလို့ရော မရနိုင်ဘူးလား ဟု မေးကြည့်မိပါသည်။ အဖြေက မသေချာ။ ကိုယ်ကပဲ ညံ့လွန်းနေသလား။ အခြေအနေမပေးလို့ပဲလား။

ကောက်ရိုးပုံကို ဖွချင်စိတ်တော့ရှိပါသည် (သို့မဟုတ်) ဖွချင်စိတ်ရှိသည်ဟုထင်ပါသည်။ သို့သော် မဖွနိုင်သေးပါ။ အပ်ပဲရှာရပါဦးမည်။ ရှာရင်းနှင့်တော့ တတ်နိုင်သလောက်တော့ ဖွသွားပါမည်။

မိုးတိမ်ညို
၂၅ ဇွန် ၂၀၀၉

Read More...

Friday, May 15, 2009

ကံဆိုသည်မှာ

ကံဆိုတာဘာလဲ
“ကံဆိုတာ အလုပ်”
“ကံဆိုတာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု့ မကောင်းမှု့တွေ ကိုယ့်ဆီကို ပြန်လာတာ”
“အတိတ် ဘ၀က ကံပေါ့ဗျာ”
“ဘုရားသခင် အလိုတော် အတိုင်းပေါ့ဗျာ”
ကံနှင့် ပတ်သက်သမျှ မှတ်ချက်များကို ထိုကဲ့သို့ ဖတ်ဖူး မှတ်ဖူး ပါသည်။

ကျွန်တော် မကြာခဏတွေးဘူးပါသည်။ လူတစ်ဦးနဲ့ တစ်ဦး ကံအပေါ်မူတည်ပြီး အခြေအနေခြင်း မတူကြပုံ အကြောင်းပါ။

ကျွန်တော်တို့ ဘ၀တွေကို မောင်းနှင်နေသည့် အရာမှာ ကံ၊ဥာဏ်၊၀ိရိယ ထိုသုံးခု ဖြစ်ပါသည်။ ထိုသုံးခုထဲတွင် သေချာစဉ်းစားကြည့်ပါက ကံသည် ကျွန်တော်တို့ လတ်တလောအားဖြင့် မည်သို့မှ ထိန်းချုပ်၍မရပါ။ သိလည်း မသိနိုင်ပါ။ ဥာဏ်ကိုတော့ အတော် အသင့် ထိန်းချုပ်လို့ရသည်။ အတော် အသင့် ဟုဆိုရခြင်းမှာ မွေးကတည်းက ဥာဏ်ရည် မမှီသောသူ အဖြစ် မွေးလားခဲ့ လျှင် မည်သို့မှ မတတ်နိုင်ပါ။ အဲ သူလိုကိုယ်လို လူအဖြစ်မွေးလာခဲ့ရင်တော့ ဥာဏ်ရည်မြင့်မားအောင် လုပ်ဖို့က မိမိ တာဝန်ပင်ဖြစ်သည်။ လူမှာ ထိန်းချုပ်လို့ ရတာ ၀ိရိယတစ်ခုသာရှိသည်။ ၀ိရိယကတော့ မိမိ ကိုယ်ပိုင် ဖြစ်သည်။ မိမိပေါ်မှာပဲ မူတည်သည်ဟု ပြောလို့ရသည်။ ဟော အဲသလို ကိုယ်က ပိုင်သလိုလို ရှိသော ၀ိရိယကြတော့ အကန့် အသတ်ရှိသွားပြန်သည်။ လူတစ်ယောက်က တစ်ခုခုကို လုပ်နေတယ်ထားပါတော့။ ဘယ်လောက် ၀ိရိယကောင်းကောင်း တစ်ရက်ကို ၂၄ နာရီထက် ပိုကြိုးစားလို့ မရပြန်ဘူးဗျာ။ ဒါတောင် အလွန်ဆုံး ပြောထားတာ။ အဲဒီ အထဲက စားချိန် အိပ်ချိန်တွေ နှုတ်ရဦးမှာ။

အဲဒီတော့ လူတစ်ယောက် တစ်ခုခုကို ဖြစ်ဖြစ် မြောက်မြောက်လုပ်ဖို့ ဆိုရင် ကံ၊ဥာဏ်၊၀ိရိယ သုံးခုလုံး စုံမှကိုရမှာ။ ဘယ်ဟာက ရာခိုင်နုန်းပိုများများ ပါနေသလဲဆိုတာတော့ လူတစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ဘူး။ဒါပေမယ့် တစ်ချို့ ကံကောင်းတဲ့သူများကျတော့ လည်း ဥာဏ်သမားနဲ့ ၀ိရိယသမား လိုက်လို့မမှီသလို ဥာဏ်ဝိရိယကောင်းရင်လည်း တော်ရုံတန်ရုံ ကံကို ကျော်လွှားလို့ ရပြန်ရောဗျာ။

ဥပမာပြောရရင် ဘုရင်နဲ့ အမတ်ချုပ်ကြီးတွေ နန်းရင်းဝန်တွေနဲ့ ယှဉ်လိုက်ရင် များသောအားဖြင့် အမတ်ချုပ်ကြီးတွေ နန်းရင်းဝန်တွေက ပိုတော်ကြတယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တိုင်းပြည်ရဲ့ အထွတ် အထိတ်ဘာလို့ မဖြစ်သလဲ။ ဘုရင်မျိုးအဖြစ် မွေးမလာလို့ပဲ။ ကံပဲ။ တစ်ချို့ဆိုရင် မွေးကင်းကဘုရင့်သားကိုတောင်မှ ရင်ခွင်ပိုက်ဘုရင် အဖြစ်ထားပြီး ကျန်တဲ့သူတွေက တိုင်းပြည်ကို အုပ်ချုပ်ရသေးတာ။ ဥာဏ်ဘယ်လောက် သာသာ ကံလိုသေးတယ်ဆိုတာ ပြောချင်လို့ပါ။

ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ လူတစ်ယောက်က ဆပ်ကပြဖို့ အတွက် ကုလားအုပ်တွေကို နောက်ပြန်လျှောက်ဖို့ သင်ပေးတယ်တဲ့။ တော်တော်ကို မလွယ်ဘူးဆိုပဲ။ အဲဒီလူက နှစ်ပေါင်းအတော်ကြာ နေ့မအိပ် ညမအိပ်နဲ့ သင်လိုက်တာ ကုလားအုပ်ငါးကောင်က နောက်ပြန်လျှောက် တတ်သွားသတဲ့။ အဲဒါနဲ့ သူလည်း အထူးဆန်းဆုံး ဆပ်ကပွဲပြမယ်လို့ ကြေညာပြီး ရုံသွင်းပါလေရောတဲ့။ ပြပွဲလည်း စရော သူနဲ့ ကုလားအုပ်တွေက နောက်ပြန်လျှောက်ပြီး စင်ပေါ်တက်လာပြီး ကုလားအုပ်တွေက ဆက်ပြီး နောက်ပြန်လျှောက်ပြသတဲ့။ ပြီးတော့ အထူးဆန်းဆုံး ပြကွက်က ဒါပါပဲ ဆိုတော့ ပရိတ်သတ်က ၀ိုင်းဆဲကြသတဲ့။ ခဲတွေနဲ့ တောင် ပေါက်ကြသတဲ့။ ခက်တာက ပရိတ်သတ်က ကုလားအုပ်ကို နောက်ပြန်လျှောက်အောင် ကမ္ဘာပေါ်မှာ ဘယ်သူမှ မသင်နိုင်သေးဘူးဆိုတာ မသိကြဘူးတဲ့။ သိကြရင်လဲ ဆပ်က လာကြည့်တယ်ဆိုတာ ထူးထူးဆန်းဆန်းတွေကို ပဲကြည့်ချင်ကြတဲ့အတွက် ကြိုးတန်းလျှောက်ပြ တာတို့ ဘာတို့ကို ပိုပြီး စိတ်ဝင်စားမှာပဲလေ။ သူကြိုးစားတာနဲ့ လိုအပ်ချက်နဲ့ မကိုက်ဘူးဖြစ်သွားတာ ပေါ့။ အဲဒါကြောင့် ၀ိရိယ ဘယ်လောက် ကောင်းကောင်း ဥာဏ်မပါရင် လည်း မဖြစ်ပြန်ဘူး။

ဥာဏ်မရှိရင်တော့ ဘယ်ဟာ မှအောင်မြင်ဖို့ မလွယ်ဘူးဆိုတာကတော့ ရှင်းနေလို့ ဥပမာတွေ ဘာတွေ မရှာတော့ပါဘူး။

အဲဒီ အထဲမှာမှ လူတွေ ထိန်းချုပ်လို့ မရတဲ့ ကံအကြောင်းကို ဆွေးနွေးချင်တာ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ကံကိုထိန်းချုပ်ဖို့ ကြိုးစားကြတယ်လို့ ဆိုရင် လက်ခံကြမလားမသိဘူး။ နောင်ဘ၀ကံကောင်းဖို့(သံသရာမှာ ကောင်းဖို့) ဆိုပြီး ယခုဘ၀မှာ ကိုသိုလ်ကောင်းမှု့လုပ် အလှူ အတန်းတွေ လုပ်ကြတယ်။ အဲဒါ ကံကို တနည်းအားဖြင့် ထိန်းချုပ်ဖို့ လုပ်ကြတာပဲလေ။ တခြားဘာသာဝင်တွေက တော့ ဘယ်လို ထိန်းချုပ်ဖို့ ကြိုးစားသလဲ သေချာလေ့လာ မကြည့်ဖူးဘူး။ သူတို့ လည်း များသောအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတယ့် သဘောမျိုးတော့ ရှိကြတာပဲလေ။

“ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်”
ဒါပေမယ့် လည်း ယခုဘ၀မှာ ကောင်းတာတွေလုပ်နေရဲ့ မကောင်းတာဖြစ်နေတဲ့သူတွေ၊ ဘာမှ မလုပ်ရသေးပဲနဲ့ မကောင်းတာဖြစ်နေသူတွေ (ဥပမာ မွေးကတည်းက ကိုယ်လက် မသန်စွမ်း)၊ မကောင်းတာတွေလုပ်နေရဲ့နဲ့ လောကီစည်းစိမ်တွေခံစားနေရသူတွေ ဒုနဲ့ဒေးပါ။ အဲလိုလူတွေကို ကြတော့ အရင်ဘ၀က ကုသိုလ်ကံလို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်ခုဂွကျနေတာက အရင်ဘ၀က ဘယ်သူက ဘာလုပ်ခဲ့တယ်ဆိုတာ မသိနိုင်တာပဲ။ သိရင်ပိုကောင်းမလားလို့ပါ။ အရင်ဘ၀က ဖြစ်ခဲ့ လုပ်ခဲ့တာတွေကို ဘလက်ဘုတ်မှာ တစ်နှစ်သုံးလေ တန်းစီရေးပြီး မင်းအရင်ဘ၀က နံပါတ် တစလုပ်ပ်ခဲ့လို့ အခုဘ၀မှာ ဒီဟာ ဖြစ်တယ်။ နောင်ဘ၀မှာ နံပါတ်နှစ်လုပ်လို့ ဟိုဟာ ဖြစ်တယ်။ အဲသလို ရှင်းပြရင် ဘယ်လိုနေမလဲ မသိဘူး။

သေချာစဉ်းစားကြည့်တော့လည်း အဲလိုကြီးသိနေတော့ လည်း သိပ်တော့ အဆင်မပြေသေးဘူး။ ဥပမာ ဘွားအေသေလို့ မြေးနေရာမှာ ပြန်ဝင်စားရင် သူ့ သမီးကို အမေလို့ ပြန်ခေါ်ရမှာကျတော့ သိနေရင် ဂွမကျဘူးလား။ တကယ်လို့ ပီအိတ်(ခ်ျ)ဒီ ဒေါက်တာတစ်ယောက် သေပြီး နောက်တစ်ခါပြန်မွေးလို့ အားလုံးကို မှတ်မိနေတယ်ဆိုရင် မွေးကတည်းက သူ့ကို ပီအိတ်(ခ်ျ)ဒီ ပေးရမလား။ သူဌေးကြီးတစ်ယောက် ကသေသွားပြီးတော့ ဆင်းရဲသား ဗိုက်ထဲမှာဝင်စားပြီး ပြန်မွေးလာရင် အဲဒီဆင်းရဲသားရဲ့ ကလေးက သူ့ပစ္စည်းတွေပါဆိုပြီး တောင်းရင်ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် သေချာ စဉ်းစားကြည့်တော့ အရင်ဘ၀တွေဘာတွေ တကယ်ရှိခဲ့ရင်တောင်မှာ ပြန်မသိမှ ဖြစ်မှာလို့ ထင်တာပဲ။ အဲ ပြန်မသိပဲနဲ့ အရင်ဘ၀က လုပ်ခဲ့တဲ့ အပြစ်တွေကို မင်းဒီဘ၀မှာ အပြစ်ပေးမယ်ကွာဆိုတာကြတော့ လည်း တစ်မျိုးကြီးပဲ။ ကလေးတစ်ယောက်ကို အဖေက ရိုက်တော့ ကလေးက မေးတယ်တယ်။ အဖေသားကို ဘာလို့ရိုက်တာလဲပေါ့။ အဲဒါဖေက တုတ်နဲ့ နောက်တစ်ချက်ထပ်ရိုက်ပြီး မင်းဟာမင်းသိ နောက်ဆိုဒီထက်နာမယ် လို့ဆိုသတဲ့။ တစ်မျိုးကြီးပဲနော်။

ပြီးတော့ ကြားဖူးသေးတယ် အမေတစ်ယောက်ထဲဝမ်းထဲက တစ်ပြိုင်နဲ ထွက်လာတဲ့ အမွှာပူးနှစ်ယောက် တစ်ယောက်ကသေပြီး တစ်ယောက်ကံရှင်သတဲ့။ မွှေးလာကတည်းက ကံကွာပုံပြောပါတယ်။ ဗေဒင်တို့ ဘာတို့ အလိုအရဆိုရင် လ၊ရက်၊နှစ် နက္ခတ် အားလုံးအတူတူပဲ။ အကျိုးပေးကြတာ ဆန့်ကျင်ဘက်ပဲ။
များသောအားဖြင့် အောင်မြင်နေတဲ့ သူတွေက ကံကို မယုံကြပါဘူး။ ကံဆိုတာ အလုပ်လို့ပဲ ယုံကြတယ်။ ငါလုပ်ရင် လုပ်သမျှဖြစ်မယ်လို့ ထင်ကြပါတယ်။ ဥာဏ် နဲ့ ၀ိရိယသမားတွေပေါ့။ ကျွန်တော်လည်း အရင်က အဲဒီဘက်ကို ပိုယုံခဲ့တယ်။ ဒါပေမယ့်ကြာလာတာနဲ့ အမျှမမြင်ရတဲ့ကံဆိုတာ လူ့ဘ၀မှာ ရာနုန်း အတော်များပါလားဆိုတာ သတိထားမိလာသလိုပဲ။ လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ အချိန်မှာ ဘာသာရေးကို မေ့မယ် မိသားစုရဲ့ အေးမြတဲ့ မေတ္တာကို မေ့နေမယ်၊ ငါသာလျှင် အဓိကလို့ ထင်တတ်ကြ ပြီး ကံဆိုတာလည်း ရှိသေးတယ်ဆိုတာကို သတိမရတတ်ကြဘူးလို့ထင်ပါတယ်။ အောင်မြင်နေတဲ့ ဆိုတဲ့အခြေနေတွေ တနည်းနည်းနဲ့ ဆုံးရှုံးသွားတော့မှာ သံဝေဂရသွားကြတာတွေ အများကြီးပါ။ လူတော်တော်များများက ဘ၀ကို ကံတစ်ခုတည်းနဲ့ မောင်းနှင်နေကြတယ်ဆိုတာ သတိထားမိကြလား မသိဘူး။ ကျွန်တော့် ပတ်ဝန်းကျင်မှာတော့ အနည်းနဲ့ အများတွေ့ဖူးပါ့ဗျာ။ ကံတစ်ခုထဲနဲ့ ပဲဘ၀ကို တည်ဆောက်ထားကြတာ။ တစ်ချို့လည်း တစ်သက်ပတ်လုံး ကံကောင်းတဲ့ သူတွေလည်း တော်တော်များများ ရှိမယ်ထင်တယ်။

ဒါပေမယ့် အဲဒီလို ဖြစ်ချင်တိုင်း ဖြစ်တယ်လို့ ထင်ရတဲ့ ကံဆိုတာက ဗရမ်းပတာ ဖြစ်နေတာ မဟုတ်ပါဘူးတဲ့။ ဗုဒ္ဓဘာသာ အလိုအရဆိုရင် အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုရမလားပဲ။ ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းကလည်း God didn’t play dice ဘုရားသခင်က ကြွေအံ မစားဘူး လို့ပြောသွားပါတယ်။ သူဆိုလိုတာက ဘယ်အရာမဆို ဖြစ်ချင်တိုင်း ဗရမ်းပတာ ဖြစ်နေတာမဟုတ်ဘူး။ သူ့ဟာသူ စနစ်တကျဖြစ်နေတာဆိုတဲ့ သဘောလို့ထင်ပါတယ်။ အဲလိုဆိုတော့ ကျလည်း ကျွန်တော်တို့ ထိန်းချုပ်မရဘူးဆိုတဲ့ ကံက စနစ်တကျ ဖြစ်သင့်လို့ ဖြစ်နေတာတဲ့ဗျာ။ တခြားဘာသာဝင်တွေ အဆိုအရ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းဆိုသလိုပေါ့။ အဲလိုစဉ်းစားရင် လူလောကရဲ့ မတရားမှု့တွေ ယုတ်မာမှု့တွေ မကောင်းမှု့တွေ အားလုံးက ဖြစ်သင့်လို့ ဖြစ်တာလား။ ဘုရားသခင် အလိုတော် အတိုင်းလား လို့မေးစရာရှိပါတယ်။

ဒီအကြောင်းတွေပြောပြတော့ ကျွန်တော့်မိတ်ဆွေ ဘာသာရေးဆရာတစ်ယောက်ကတော့ ပြောတယ်။ အဲလိုတွေ ပြောနေတာ မင်းဗုဒ္ဓဟောခဲ့တာတွေကို သေချာမသိသေးလို့ပဲတဲ့။ မင်းလေ့လာဖို့ လိုသေးတယ်တဲ့။ ဟုတ်မှာပါ။ အခုဟာက လူပြိန်းအတွေးတွေနဲ့ လျှောက်တွေးကြည့်ထားတာ။

မိုးတိမ်ညို
15,May,09

Read More...

Sunday, May 10, 2009

ဗေဒင် လက္ခဏာ

ဗေဒင် လက္ခဏာနဲ့ ပတ်သက်လို့ ဆရာဦးအောင်သင်း ပြောခဲ့ဖူးတာလေး သတိရလို့ပါ။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ဒါဖြစ်ကိုဖြစ်ရမယ်လို့ ဟောတာမဟုတ်ဘူးတဲ့။ သူက ဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်းကိုပဲ ပြောတာတဲ့။ ဥပမာ ဒီလမ်းကတည့်တည့်သွား လမ်းဆုံးရင် ရွာကို ရောက်မယ်ဆိုတာက ဒီလမ်းကသွားတဲ့ သူတိုင်းအဲဒီရွာကို ရောက်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလမ်းက တော့ရွာကို ဦးတည်နေတယ် ရောက်မရောက်ဆိုတာကတော့ သွားတဲ့သူအပေါ်မှာ မူတည်တယ်လို့ ဆိုလိုတာတဲ့။

လက္ခဏာဆိုရင်လည်း အဲလိုပဲ။ ဒီလို အရေးအကြောင်းရှိတဲ့သူတော်တော်များများက ဒါမျိုး ဖြစ်တတ်တယ် လို့ ဟောတယ်ဆိုပါဆို့။ အဲဒါက ဖြစ်ကို ဖြစ်ရမယ်လို့ ဟောတာ မဟုတ်ဘူးတဲ့။ ဟောတဲ့ အတိုင်း ဖြစ်မဖြစ်ဆိုတာက ကာယကံရှင်ပေါ်မှာလည်း မူတည်ပါသတဲ့။ ဗေဒင်လည်း အဲလိုပါပဲတဲ့။မှန်၏ မမှန်၏ ယုံ၏ မယုံ၏ ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်အပေါ်မှာ မူတည်မှာပါ။ အဲဒီအကြောင်းတွေစဉ်းစားမိရင် ဆရာဆွေမင်း ဓနုဖြူရဲ့ တွတ်ပီကာတွန်းလေးတစ်ခု သွားသတိရမိတယ်။ ကာတွန်းထဲမှာ ဦးတွတ်ပီတို့ရဲ့ ကြုံတိုင်းရွာနဲ့ တခြားရွာတစ်ရွာ ဘောလုံး ချိန်း ကန်ကြတာပေါ့။ ကြုံတိုင်းရွာဘက်မှာက ဗေဒင်ဆရာလား ဘာလားမသိဘူး တစ်ယောက်က အခါတော် ပေးသတဲ့။ အဲဒီ အခါတော်ပေးဆရာက ဂိုးတိုင်မှာ အင်းချထားတယ်တဲ့။ သူကပြီးတော့ ဂိုးသမားကို သေချာမှာထားတယ် ဘောလုံးက အလယ်စည်းကို ကျော်လာပြီး ကိုယ့်ဘက်ကို ရောက်လာရင် ဂိုးတိုင်ကို ဖနောင့်နဲ့ သုံးချက်သွားပေါက်။ အဲဒါမှ ဂိုးမ၀င်မှာတဲ့။ ဂိုးသမားလည်း အဲဒီဆရာပြောတဲ့ အတိုင်း ဘောလုံးဒီဘက်ရောက်လာတဲ့ အချိန်မှာ ဂိုးတိုင်ကို ဖနောင့်နဲ့ သွားပေါက်နေတုံး ဟိုဘက်အသင်းက ကန်လိုက်တာ ဖမ်းချိန်တောင်မရလိုက်ပဲ ဂိုးသွားပါလေရောတဲ့။
ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ပညာရပ်တစ်ခုအနေနဲ့ တော့ ရှိမှာပါ။ အဲဒီပညာရပ်ကို ယုံကြည်လက်ခံပုံ အပေါ်မှာ မူတည်ပြီးတော့ အကျိုးရှိမရှိဆိုတာ ကွာခြားမှာပါ။ ဆရာတော်အရှင်ဧသိက ဆိုထားသလို ကျိုးကြောင်းဆီလျှော်တဲ့ သုံးသပ်ချက်မျိုးကို ရှု့မြင်တတ်ဖို့လိုပါတယ်။ ဥပမာ ဒီနှစ်မိုး ခေါင်သည် ထို့ကြောင့် စပါးအထွက်နည်းလိမ့်မည်။ အဲလိုမျိုးပေါ့။

ကျိုးကြောင်း မဆီလျှော်တာတွေလည်း ကြားဖူးပါတယ်။ ဟိုးအရင်က သတင်းတစ်ခုထဲမှာ ဖတ်ဖူးတယ်။ ကံပွင့်အောင်လို့ ကံပွင့် အမွှေးတိုင် တစ်ထုတ် ၀ယ်ထွန်းလိုက်တာ အိမ်ပါမီးလောင်သွားရောတဲ့။ အိမ်မီးလောင်တာကတော့ မတော်တဆ ဖြစ်တာပါ။ ပြောချင်တာက အစကတည်းက ကျိုးကြောင်းဆီလျှော်မှု့ မရှိတာကို ဆိုလိုချင်တာပါ။ကံကောင်းချင်လို့ ဘာသာရေးလုပ်တယ်ဆိုတာ ကကျိုးကြောင်းဆီလျှော်နိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ တရားထိုင်တယ်ဆိုပါတော့။ (တရားထိုင်လျှင်ကံကောင်းသည် ဟု မဆိုလိုပါ ဥပမာပေးခြင်း ဖြစ်ပါသည်) တရားထိုင်လို့ ကိုယ်ဆီကို ကောင်းတဲ့ ကံကြီးက ၀ုန်းခနဲ ရောက်လာတာလို့ မထင်ပါဘူး။ တရားထိုင်တဲ့ အတွက် အဲဒီလူရဲ့ စိတ်ဟာ အနည်းနဲ့ အများ ငြိမ်းချမ်းနေမယ်၊ မျက်နှာမှာလည်း အဲဒီ ငြိမ်းချမ်းမှု့ ဟာ အနည်းနဲ့ အများဆိုသလို ပေါ်လွင်နေမယ်၊ ပြီးတော့ စိတ်က ငြိမ်းချမ်းနေတဲ့ အတွက် လုပ်ကိုင် ဆောင်ရွက်သမျှတွေက မှန်ကန်ဖို့ များနေတယ်။ အဲဒီတော့ ကံကောင်းခြင်းဆိုတာက သူ့ဆီကို အလိုလိုရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဗေဒင်မေးပြီး ယတြာချေတာက သိပ်တော့ သဘာဝကျတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဥပမာ ဗေဒင်က သပြေပန်း သုံးခက် ဘုရားတင်ခိုင်းတယ်ဆိုပါစို့။ အဲဒီလူက ယုံယုံကြည်ကြည် နဲ့ တင်လိုက်လို့ စိတ်ဓါတ် ခွန်အား တစ်ချို့ ရသွားတယ်ဆိုရင်တော့ သူ့ အတွက် အဲဒီ ယတြာက အနည်းနဲ့ အများတော့ အကျိုးရှိမှာပါ။အဲဒါကြောင့် ကောင်း၏ မကောင်း၏ အကျိုးရှိ၏ မရှိ၏ ဆိုတာက ခံယူတဲ့ သူအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ဗေဒင် တို့ လက္ခဏာ တို့ကို ယုံလား မယုံဘူးလားလို့ မေးရင်တော့ ယုံတယ် မယုံဘူးမဖြေပဲနဲ့ မသိဘူးလို့ ပဲ ဖြေရပါလိမ့်မယ်။ မသိပဲနဲ့ ယုံမယုံ ဆုံးဖြတ်လို့ မှ မရပဲနဲ့ကိုး။

မိုးတိမ်ညို
May 2009

Read More...

Thursday, April 16, 2009

ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်

ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းက တစ်လမ်းပဲရှိတယ်။

ကျွန်တော်က မူလတန်း။ အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့် လဲ ပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ် ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့ လေယာဉ်ပုံ။ ရုတ်တရက်ကြည့် ရင် လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသ လိုပဲ။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ပေါ့)

ကျောင်းကိုယူသွား ပြီးပြတဲ့ နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ တစ်ယောက်က တော့ ပုံဆွဲမဆိုး ဘူးဗျ။ သူကသေဘာၤ ကပၸတိန္ပံု။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး လည်းပါတယ်။ တော်တော်လှတယ်ပေါ့ဗျာ။

အဲဒါပေမယ့် ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။

နောက်ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း သူတို့ထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်က မြုတ်သွားတယ်။ ကျွန်တော့်လို ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို ပြောတာပါ)

ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။

အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတာတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။

မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။
April 2009
မိုးတိမ်ညို

Read More...

Friday, April 10, 2009

ဂွတ်မောနင်း

‘Good morning’ ‘Good afternoon’ ‘Good evening’ ‘Good night’
ထိုနှုတ်ဆက်စကားများကို လူတိုင်း အတွက်ကြားနေကျ အင်္ဂလိပ် အသုံးအနှုန်းများဖြစ်ပါသည်။ ဆရာမင်းသိင်္ခ စာအုပ်တစ်အုပ် ထဲမှာဖတ်ဖူးသော အတွေးလေးကိုပြောချင်လို့ပါ။ မြန်မာလိုဆိုရင်တော့ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ခင်းပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်း သောညပါလို့ ဆိုရမပေါ့။ ဆရာမင်းသိင်္ခက ပြောတယ်။ အင်္ဂလိပ်တွေက အဲဒီလို နှုတ်ဆက်တာ သူတို့ ဆီမှာ ရာသီဥတုက သိပ်ဆိုး လို့ ဖြစ်နိုင်တယ်တဲ့။ အဲဒါကြောင့် နေပွင့်တဲ့ နေ့လေးဖြစ်ဖြစ် ကောင်းကင်ကို ကောင်းကောင်း မြင်ရတဲ့ နေ့လေးပဲ ဖြစ်ဖြစ် အချိန်ပေါ်မူတည်ပြီးတော့ ကောင်းသော မနက်ပါ၊ ညနေပါ စသည်ဖြင့် နှုတ်ဆက်ကြ တာနေမှာပေါ့တဲ့။ ရာသီဥတု မကောင်းလဲ ကောင်းပါစေတော့ ဆိုတဲ့ သဘောနဲ့ နှုတ်ဆက်ရတာ ဖြစ်မယ် ထင်တာပဲ။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ မြန်မာတွေဘယ်လိုနှုတ်ဆက်တာလဲ လို့ တွေးကြည့်မိတယ်။ မှတ်မိသလောက်တော့ ကျွန်တော်တို့ တွေရဲ့ အဓိက နှုတ်ဆက်စကားက “နေကောင်းလား” “စားပြီး ပြီလား” အဲဒါတွေဖြစ်မယ်ထင်တယ်။ “မင်္ဂလာပါ” ဆိုတာ တော့ အပြင်မှာ တကယ်မသုံးဘူးလေ။ အခန်း အနားတွေမှာမှ သုံးတာ။

“နေကောင်းလား” လို့နှုတ်ဆက်တာကိုတွေးကြည့်ရင် ကျွန်တော်တို့ဆီမှာ ကဟိုးရှေးတုန်းက ကျန်းမာ ရေးက တော်တော် အရေးကြီးမယ်နဲ့တူတယ်။ ခေတ်ကလည်း နောက်ကျ၊ ဆေးဆရာဆို တာလည်း မိရိုး ဖလာ ဆေးဆရာပဲ ရှားရှားပါးပါးရှိ၊ တောတောင်ကလဲ ထူထပ်တော့ ရောဂါလဲ ထူ လိမ့်မယ် ထင်တယ်။ အဲဒီ တော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင် မလွယ်ဘူး နဲ့တူ တယ်။ အဲဒါကြောင့် ကျန်းမာ ရေးက အရေးကြီးလို့ အဲလို နှုတ်ဆက်တာလားလို့တွေးမိတယ်။

“စားပြီးပြီလား” ဆိုတာကို စဉ်းစားကြည့်တော့ အခုလို စဉ်းစား မိတယ်။ မြန်မာတွေက အစားကောင်း အသောက် ကောင်းကို ခုံမင်လို့ လူတစ်ယောက်ကို တွေ့ရင် စားပြီးပြီလား တင်မကပဲ ဘာဟင်းလဲ လို့ပါ မေးလေ့ရှိကြသဗျ။ ပြီးတော့ မစားရသေးဘူးဆိုရင်လည်း ရှေးတုန်းကတော့ အိမ်လာလည်တဲ့သူ ဆိုရင် ကျွေးဖို့ ၀န်မလေးဘူးနဲ့တူတယ်။ သဒ္ဓါတရား ထက်သန်တယ်ပေါ့ဗျာ။ အဲဒါကြောင့် အစားအသောက်ကို ခုံမင်လို့၊ ကျွေးချင်မွေးချင်လို့ အဲဒီလို နှုတ်ဆက်တာလို့ ထင်ရတာပဲ။

ရှမ်းတွေကျတော့ ပြန်ခါနီးနှုတ်ဆက်ရင် “ဖြေးဖြေးနော်”လို့ ရှမ်းလိုပြောလေ့ရှိတယ် လို့ကြားဖူးတယ်။ စဉ်းစားကြည့်တော့ ရှမ်းပြည်က တောင်ပေါ်ဒေသ။ တောင်တက်တောင်ဆင်းတွေများမယ်။ ကုန်းတွေကမူတွေများ လိမ့်မယ်။ လမ်းလျှောက်ရင် သေချာလျှောက်ဖို့လိုမယ်ထင်တယ်။ အဲလိုမှ မဟုတ်ရင် မြေပြင်ညီမဟုတ်တော့ ချော်လဲ နိုင်တယ်။ ကျိုးနိုင်တယ်၊ ပဲ့နိုင်တယ်၊ အခန့်မသင့်ရင် တောင်ပေါ်ကကျသေ နိုင်သေးတယ်။ အဲဒါကြောင့် ဖြေးဖြးနော်လို့ နှုတ်ဆက်ရတာထင်တာပဲ။

ဒါတွေကစဉ်းစားကြည့်ထားတာပါဗျာ။ ဟုတ်မဟုတ်တော့ သေချာ သုတေသနလုပ်ကြည့် မှ သိမယ် ထင်တယ်။ တခြားဘာသာ စကားတွေနဲ့ ဘယ်လိုနှုတ်ဆက်လည်း သိရင် လည်း စဉ်းစား ကြည့်ကြပါ။ ဟုတ်မဟုတ်သိရတာပေါ့။ ဘာပဲ ပြောပြော လူမျိုး တစ်မျိုးရဲ့ ဓလေ့လေးတွေက အဲဒီလူမျိုးရဲ့ အခြေအနေ အချို့ကို တစ်နည်း မဟုတ် တစ်နည်း ထင်ဟပ်နေမှာတော့ အသေအချာပါပဲဗျာ။

Read More...

Wednesday, February 25, 2009

ခွက်



”ဦးလေးသောင်း ဘရန်ဒီကြိုက်တယ်ဆိုလို့ မန္တလေးမှာ ၀င်ပြီး ဘရန်ဒီရယ်၊ ဖန်ခွက်ရယ် ၀ယ်ခဲ့တယ်” လို့ ကိုရင်မောင်တင့်သားကပြောတယ်။ ကိုယ်ကလည်း ဘာမှန်းမသိတော့ ”ဘရန်ဒီဝယ်တာကတော့ ဟုတ်ပါတယ်။ ဖန်ခွက်ကတော့ကွာ ငါ့အိမ်မှာလည်း အများကြီးရှိပါတယ်” လို့ပြောတော့၊ သင်းက ခုလိုပြန်ပြောတယ်။ “ဘဒွေးအိမ်က ဖန်ခွက်တွေက ရေသောက်တာ။ အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတယ်” တဲ့။
ဆရာမြင့်သန်း ၏ စာအုပ်ထဲမှာ ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒါဖတ်လိုက်ရတော့ တော်တော် ခေါင်းစားသွားတယ်။ ဆရာမြင့်သန်းပြောသလို ခေါင်းရှုပ်လို့ သစ်ပင်အောက် သွားထိုင်နေတာ၊ လမုသီး ကြီးပြုတ်ကျလာတာနဲ့ တိုးရောဆိုတာမျိုးဖြစ်နေတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ကျွန်တော်လည်း အဲလို ခံစားချက်မျိုးရှိတယ်။
အရက်ဆိုတာ သူ့ခွက်နဲ့သူ သောက်ရတာတဲ့။ ဟုတ်သလိုပဲဗျ။ သာမာန်စဉ်းစား ကြည့်ရင်တော့ ဘာမှမဆိုင် သလိုပဲ။ ဘာပဲသောက်သောက် ဒီအရေ ကဒီအရေပဲ။ ပြောင်းသွားတာမှ မဟုတ်ပဲနဲ့။ ဒါပေမယ့် ဒါက စိတ်ခံစားမှု့နဲ့ဆိုင်တယ်ဗျ။

ကျွန်တော့် အတွေ့ အကြုံအရတော့ အရက်သောက်ရင် အရက်သောက်တဲ့ ဖန်ခွက် သေးသေး၊ အရက်ရဲ့ အရောင်ကို မြင်နေရတဲ့ခွက်နဲ့မှကောင်းတယ်။ အဲလိုပဲ ဘီယာသောက် ရင်ကျတော့ ဂိုင်းဖန်ခွက် ကြီးကြီး၊ ရွှေဝါရောင် အရည်လေးတွေကို မြင်နေရမှာ ပိုသောက်ကောင်းတာဗျ။ ပြီးတော့ ရှိသေးတယ်။ ကော်ဖီ လက်ဖက်ရည် စတဲ့ အပူသောက်ရင် ကြွေခွက်နဲ့မှ ကောင်းတာဗျာ။ ဖိုက်ဘာခွက်၊ ပလတ်စ တစ်ခွက်၊ ဖော့ခွက် နဲ့ဆိုရင် ကျွန်တော့် စိတ်ထဲမှာ ကော်ဖီအရသာ တော်တော်ကြီးကို ညံ့သွားတယ်လို့ ထင်တယ်။ ပြီးတော့ အပူကို ဖိုက်ဘာခွက်နဲ့ ထည့်သောက်ရင် ကျန်းမာရေး အတွက် မကောင်းဘူးလို့ကြားဖူးတယ်။ သေချာတော့ မသိဘူး။
အဲဒါလူရဲ့ စိတ်ခံစားချက်နဲ့လည်း ဆိုင်မယ် ပစ္စည်းနဲ့လည်း ဆိုင်မယ်လို့ယူဆတယ်ဗျ။ ဥပမာဗျာ ကော်ဖီ အပူကို ကော်ခွက်ထဲထည့်သောက်ကြည့်။ အပူကြောင့် ကော်ခွက်က ကော်နံ့ ကြီးရတတ်တယ်။ သိပ်သောက်လို့ မကောင်းတော့ဘူး။ တခြားဟာတွေကို တော့ အဲလိုထင်ရှားတဲ့ ဥပမာ မပြတတ်သေးဘူး။
စိတ်ခံစားမှု့အရတော့ တော်တော်ကွာတယ်။ သေချာတာတစ်ခုကတော့ ဘီယာတို့ အရက်တို့က သူ့ အရောင်လေး မြင်နေရမှ ပိုသောက်လို့ ကောင်းတာကလား။ လူရဲ့ ခံစားချက်ကထူးဆန်းတယ်ဗျ။ တော်တော်များများ ကိစ္စတွေမှာ ဘာကြောင့်ဆိုတာပြောရခက်တယ်။ ဆရာမြင့်သန်းရဲ့ စာကို ထပ်ကိုးကားလိုက်ဦးမယ်။
“ကြိုက်တာ မကြိုက်တာမှာ ဆင်ခြေမရှိဘူး။ မကြိုက်တာဟာ မကြိုက်တာပဲ၊ ကြိုက်တ်ာဟာ ကြိုက်တာပဲ” တဲ့။
ဒါပေမယ့် လူတော်တော်များများက ကြိုက်တာ မကြိုက်တာကို ဆင်ခြေရှိတယ်လို့ ခံယူထားကြတယ်ဗျ။ ကျွန်တော့် အယူအဆကတော့ တစ်ချို့ကိစ္စတွေမှာတော့ ဆင်ခြေရှိတယ် တစ်ချို့ကိစ္စတွေမှာတော့ မရှိဘူးလို့ ထင်တယ်ဗျာ။
တစ်ယောက်နဲ့တစ်ယောက် အယူအဆတူချင်မှတော့ တူမှာပေါ့ဗျ။ တစ်လက်စတည်း ဆက်ပြောလိုက်ဦးမယ်။ ချစ်တီးထမင်း (ကုလားထမင်း) ဆိုရင် ဖက်နဲ့ နယ်စားတာက ပိုကောင်းသဗျာ။
ဖေဖ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

photo source: please click on photo.

Read More...

Wednesday, December 31, 2008

မင်္ဂလာနှစ်သစ် ၂၀၀၉

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။
တစ်နှစ်ကုန်သွားပြန်ပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်ပါတယ်။ ဒါမှမဟုတ်တော်တော် မြန်တယ်လို့ ထင်ရပါတယ်။
စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။
“ ဘယ်ကိုသွားသွား အသွားခရီးထက် အပြန်ခရီးက ပိုမြန်တယ်လို့ ထင်ရတတ်တယ်“တဲ့
အဲဒီတော့ သင် အချိန်တွေကုန်တာ မြန်နေတယ်လို့ ထင်ရင်တော့ အပြန်ခရီးကို ရောက်နေပြီလို့ မှတ်ယူလိုက်ပါတဲ့။

ပြီးတော့ စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ ဒီလိုရေးထားတယ်။
တကယ်တော့ အချိန်တွေက မြန်တယ်လို့ ကျွန်တော်တို့ အသက်အရွယ်ကြောင့်ထင်ရတာတဲ့။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသက် (၅) နှစ်တုံးက (၁) နှစ်ဆိုတာ ကျွန်တော်တို့ ဘ၀မှာ ဖြတ်သန်းခဲ့တဲ့ အချိန်ရဲ့ ငါးပုံတစ်ပုံ (၁/၅)၊ ကျွန်တော်တို့ ၁၀ နှစ်ဆိုရင် (၁) နှစ်ဆိုတာ ကျွန်တော်တို့ အသက်ရဲ့ ဆယ်ပုံ တစ်ပုံ (၁/၁၀)၊ တကယ်လို့ အသက်ငါးဆယ်ဆိုရင်တော့ အပုံ ငါးဆယ်ပုံတစ်ပုံ (၁/၅၀)။ ဒါကြောင့် အသက်ကြီးလာလေလေ အချိန်က ပိုမြန်တယ်လို့ ထင်ရလေလေပဲတဲ့။

နှစ်သစ်မှာ အားလုံးချမ်းမြေ့ပါစေ။


Read More...

Friday, December 26, 2008

သရဲပုံပြင်

“အမလေး ထုတ်တန်းပေါ်မှာ လျှာတန်းလန်းကြီးနဲ့“
“ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ နောက်မှာ မည်းမည်းရှည်ရှည်ကြီး“
“သစ်ပင်ပေါ်က ဇောက်ထိုးကြီးဆင်းလာတာ“
စသဖြင့် ကျွန်တော်တို့ သည် သရဲအကြောင်းများစွာကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြသည်။ သင်သည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား များကြည့်ရှု့ပါက The Ring ကဲ့သို့ သော တီဗွီထဲမှ ထွက်လာသော သရဲမ၊ Grudge ကဲ့သို့သော ဂျပန်သရဲကား၊ The Eye ကဲ့သို့သော မျက်စိအစားထိုးထားသူ ကောင်မလေး မှ နာနာဘာဝမျိုးစုံမြင်နေရသော သည်းထိတ်ဖွယ်သရဲကား စသည်တို့ ကိုတွေ့ရပေလိမ့်မည်။ ထို့အတူ အင်တာနက် စာမျက်နှာတွင်လည်း တကယ့်သရဲ အစစ်ပုံဆိုပြီး ဓါတ်ပုံ၊ဗွီဒီယို၊ အသံများစွာ ကြည့်ရှု့ နားဆင်နိုင်သေး သည်။ ဟုတ်မဟုတ်မည်သူမှ ရေရေရာရာမသိ။ ဆိုလိုချင်သည်မှာ နာနာဘာ ၀၊သရဲတစ္ဆေနှင့် ပတ်သက်သော အကြောင်းအရာများသည် ကျွန်တော်တို့ အတွက် အစိမ်းသက် သက်မဟုတ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်မြင်နေကြားနေရသည်။

သို့ဖြစ်၍ သရဲတစ်ကယ်ရှိလားဟုမေးသော်
“ဟာသေချာပေါက်ရှိတာပေါ့“ ဟူသော ယတိပြတ်အဖြေမျိုး။
“တကယ်မရှိပါဘူးကွာ အလကား လူတွေကိုက လျှောက်ပြောနေတာ“ ဟူသော တစ်ဖက်သတ်အဖြေ။
“ရှိမရှိက မင်းစိတ်ပေါ်မှာမူတည်တယ်။ မင်းကရှိတယ်လို့ ယူဆရင်ရှိတယ်၊ မရှိဘူးလို့ယူဆရင်မရှိဘူး“
ဟူသောမရေမရာအဖြေ။
“ရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒီကိစ္စက တို့လူတွေနဲ့ တိုက်ရိုက် မပတ်သက်နိုင်ဘူး“ ဟူသော ၀ါး တားတား အဖြေမျိုး တွေသာ ကြားခဲ့ရပါသည်။
သေချာပေါက်ရှိတာပေါ့ဆိုသော လူကိုလည်း သေချာပေါက်ပြောစမ်းပါဆိုလျှင်ဝါးတားတားပင်။ သရဲ ဆိုတာလုံးသလားရှည်သလားပြားသလား သေချာမပြောနိုင်။ ကြားဖူးနားဝသာပြောနိုင်သည်။ မရှိဘူးဆို တဲ့သူကို ဒါဆို သင်္ချိုင်းကုန်းက ဇရပ်မှာ တစ်ယောက်ထည်းသွားအိပ်ပြဗျာ ဟုပြောလျှင့် ဘုကြည့် ကြည့်ပြီး “တို့ကဒီလို အကျိုးမရှိတာတွေမလုပ်ဘူး“ ဟုပြောတတ်သည်။ မရေမရာဝါးတားတား လူများကိုမေးမိ လျှင်ပိုဆိုးသေး။ အစကတည်းက ကိုယ်က လည်ချင်ချင်ပါဆို ပိုရှုပ်ကုန်သည်။
ကျွန်တော့် အနေနဲ့ကတော့ ခေတ်ပညာတတ်လူငယ် သိပံ္ပသမားဟု ကိုယ့်ကိုကိုယ်ယူဆထား သဖြင့် အမှန်အတိုင်းဝန်ခံရလျှင် သရဲတစ္ဆေကို ယုံသည်ဟုပြောရမှာ ရှက်သည်။ သို့သော် သေချာတာ တစ်ခုက ကျွန်တော် သရဲကြောက်တတ်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် မယုံဘူးဆိုသောသူသည် မည်သည့် နည်းနှင့်မျှမကြောက်နိုင်။ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ရှိသည်ဟုယုံကြည်နေသဖြင့်သာ ကြောက်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ညဘက်အပြင်မထွက်နဲ့ ကျားဆိုးကြီးရှိတယ်ဆိုလျှင် ထိုကလေးတကယ်မထွက်ရဲပေ။ ရှိသည်ဟု သူယုံကြည်သောကြောင့်ဖြစ် သည်။ ကျွန်တော့်ကို ထိုသို့ပြောလားလျှင်ကား ရယ်မိမည်သာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျားဆိုးကြီး တကယ်မရှိဟု တစ်ရာရာခိုင်နှုန်းသေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သရဲတစ္ဆေမရှိဘူး ဆိုတာ ရာနှုန်းပြည့်သေချာလျှင်ကြောက်စရာမလိုပါ။ သင်ခဏရပ်ပြီးစဉ်းစားကြည့်ပါ။ သင်ကြောက်တတ် မကြောက်တတ်ဘူးလား။ ကြောက်တတ်လျှင် သင်သရဲတစ္ဆေရှိသည်ကို ယုံကြည်၍ဖြစ်သည်။
သရဲတကယ်မကြောက်တတ်ဘူးဆိုသောသူ တစ်ဦးသာတွေ့ဖူးသည်။ ဒါတောင်ကိုယ်တိုင်တွေ့ဖူးခြင်းမ တဆင့်ခံသာ ကြားဖူးခြင်းဖြစ်သည်။ ထိုသူသည် ပင်လယ်ဘူးဖက်က ဆေးရုံဝန်ထမ်းဟုသိရသည်။ သူသည် သရဲကို လုံးဝမယုံ။ ထို့အတွက် မည့်သည့် လောင်းကြေးလုပ်လုပ် လုပ်ရဲသည်။ ရင်ခွဲရုံတွင် လောင်းကြေးဖြင့် တစ်ယောက်ထဲအိပ်ပြသည်။ သင်္ချိုင်းသို့သွားပြီး လောလောလတ်လတ်သေထားသောသူ ၏အုတ်ဂူတွင် ထုံးသွားဝိုင်းပြသည်။ စသဖြင့် လောင်းကြေးထပ်တိုင်းသူနိုင်သည်သာဖြစ်သည်။ ထူးဆန်းပေစွ။ သူ့လို စိတ်စွမ်းအင်မျိုး တစ်ခါတစ်လေတော့ရချင်သည်။
တကယ်တော့ သရဲကြောက် မကြောက် ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အခြေအနေဖြင့်လည်း ဆိုင်သည် ဟုထင်ပါသည်။ စိတ်အင်အားမြင့်မား နေသည့်အချိန်တွင် သိပ်မကြောက်ပဲ စိတ်အင်အား နိမ့်ကျ နေသည့် အချိန်တွင်ပိုပြီး ကြောက်တတ်သည်ဟုထင်ပါသည်။ ကျွန်တော်ဆိုလျှင် The Ring ဇာတ်ကားကို ကြည့်ပြီး နှစ်ပတ်လောက် အိပ်နေကျ အိပ်ခန်းတွင်ပင် ညအိပ်ရသည်မှာ ခပ်လန့် လန့် ဖြစ်နေသည်။ မယုံမရှိပါနှင့်။ သို့သော် ဇာတ်ကားကြည့်သည်ဆိုသည်မှာ သမန်ကာရှန်ကာမကြည့်ပဲ ရသခံစားပြီး တစ်ကားလုံးကို တစ် ကွက် မှ မလွတ်တန်း သေသေချာချာ တစ်ယောက်တည်းကြည့်ကြည့်ပါ။ လူတော်တော်များများ ထိုကဲ့သို့ ဖြစ်မည်ဟုထင်ပါသည်။ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင်ကျွန်တော် ထက် စိတ်အင်အား ပိုကောင်း သည် ဟု ချီးကျူးပါသည်။
စိတ်အင်အားဆိုမှာ ဘာကိုဆိုလိုသည်းဟုမေးသော် ကျွန်တော်လည်းသေချာမသိပါ။ စိတ်ပညာရှင်များ ဆိုလျှင်တော့သေချာရှင်းပြ နိုင်မည်ထင်ပါသည်။ ဘာသာရေးလုပ်လျှင်တော့ စိတ်အင်အား ပိုကောင်းမည် ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြောကြတာရှိသည်။ ဘာသာရေးလုပ် တယ်ထား ပါတော့ ဗုဒ္ဓဘာသာ ဘုရားစာရွတ်လို့ ခရစ်ယာန်သရဲက ကြောက်ပါ့မလားဟု ပြောတတ်ကြသည်။ ကျွန် တော်တော့ ထိုသို့ မထင်ပါ။ ဘာသာရေးဆိုသည်မှာ မိမိက တကယ်ယုံ ကြည်လျှင် သူ့နည်းသူ့ဟန်နှင့် အနည်းနဲ့အများတော့ အကျိုးရှိမည်ဟုထင်ပါသည်။ တစ်ခုခုကို ယုံယုံကြည်ကြည်လုပ်လျှင် စိတ်အင်အား ကောင်းလာမည်ဖြစ်သည်။ ဥပမာ ရန်သူကို ကာကွယ်ရန်အတွက် သင့်မှာ လှံဖြစ်စေ၊ဓါးဖြစ်စေ၊ သေနတ် ဖြစ်စေ လက်နက်တစ်ခုခုရှိဖို့သာလိုပါသည်။ မည်သည့် လက်နက်မဆို အသုံးဝင်ပါသည်။
ထို့ကြောင့် တစ္ဆေသရဲနာနဘာဝ ကိစ္စများသည် မည်သူကမှ အတိအကျ ရှိသည်မရှိဘူးဟု မဆုံးဖြတ်နိုင် သေးဘူးဟုထင်ပါသည်။ ပညာရှင်အချို့ က Research လုပ်နေသောလည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် လက်ခံနိုင်သော အဖြေမပေးနိုင်သေးပါ။ မည့်သည့် ဘာသာရေးကမှလည်း တိကျသော ငြင်း၍မရသော အဖြေမပေးနိုင်ပါ။ လောလောဆယ်တော့ သင်၏စိတ်၊ ခံယူချက်အပေါ်မူတည်မည်ဟုထင်ပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP