Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Friday, February 13, 2009

DEATH AT A FUNERAL



မထင်မှတ်ပဲ Death at a Funeral ဇာတ်ကားလေးကို ကြည့်ဖြစ်သွားတယ်။ စကြည့်လိုက်ပြီးကတည်းက ပြီးတဲ့ အထိ မထနိုင်တော့ဘူး။ နောက်လည်း နှစ်ခါလောက်ပြန်ကြည့်လိုက်သေးတယ်။ အဖေရဲ့ အသုဘ မှာ သားနှစ်ယောက် ပြသနာ အမျိုးမျိုးကြုံရပုံကို ဟာသလေးပါနှောပြီးရိုက်ထားတာ။ အရမ်းကို ရသလည်း မြောက်တယ်။ ရယ်လည်း ရယ်ရတယ်။ ဇာတ်ကားက နည်းနည်းတော့ လေးတယ်။ အေးအေးဆေးဆေး စိတ်ဝင် တစား ကြည့်မှပဲကောင်းမှာ။ သေချာကြည့်ရင်တော့ အရမ်းကို ကြိုက်သွားလိမ့်မယ်။
တစ်ခါတစ်လေ သူတို့ဆီက ဓလေ့ တွေကိုလည်း အံ့သြမိတယ်။ တစ်ချို့ဟာတွေက အတုယူစရာကောင်း သလို တစ်ချို့ဟာတွေလည်း ကျွန်တော်တို့ ယဉ်ကျေးမှု့နဲ့ကြတော့ မကိုက်ဘူး။ လူတွေက တအားကို ပွင့်လင်းလွန်းတယ်လို့ထင်တယ်။ ကျွန်တော်တို့ဆီကလို အားနာတာတွေ ဘာတွေ သိပ်မရှိဘူး။

ဇာတ်လမ်းအကျဉ်းကဒီလို။ အဖေရဲ့ အသုဘ မှာ စကတည်းကယဉ်သကို ဆိုသလို အလောင်းလာပို့တဲ့ သူတွေက အလောင်းမှားပြီးလာပို့တယ်။ ထူးဆန်းပေစွ။ အသုဘ လာတဲ့ လူတွေ ဆွေမျိုးတွေကလည်း အမျိုးမျိုး သရုပ်ဖော်ထားတယ်။ အခမ်းအနားကျင်းပတော့ လည်း ဆွေမျိုးထဲက တစ်ယောက်က မူးယစ်ဆေး တစ်မျိုးကို မှားသုံးလာမိလို့ ကမောက်ကမဖြစ်ကုန်ရော။ သူက အခေါင်းကြီး လှုပ်လာပြီ ဆိုပြီး အခေါင်းကို ၀င်ဆွဲတော့ အလောင်းကြီးက ထွက်ကျရော။ အဲလိုနဲ့ အခမ်းအနားက ခဏရပ်သွားရော။
ပြီးတော့ ပိုဆိုးတဲ့ ပြသနာက သူတို့ အဖေက Gay လိုလိုဖြစ်နေတာပဲ။ သူအဖေရဲ့ lover လူပုလေးက သားနှစ်ယောက်ဆီက ငွေလာညှစ်ပါလေရော။ စတာလင်ပေါင် ၁၅၀၀၀ သူလဲရသင့်တယ်ပေါ့လေ။ မပေး ရင် သူ့ အဖေနဲ့ သူနဲ့ ဓါတ်ပုံတွေကို လူအလယ်မှာ ပြပြီး အရှက်ခွဲလိုက်မယ်ပေါ့။ အဲဒီမှာ ညီအစ်ကို နှစ်ယောက် ခေါင်းခြင်းဆိုင်ရတော့တာပေါ့။ နောက်ဆုံးတော့ ပေးဖို့ သဘောတူပြီး ချက်ရေးနေတုံးမှာ ပြသနာတက်ပြန်တယ်။ ဒါကလူ့သဘောလေးတွေကြောင့်။ အပြောမတတ်လို့ ဒုက္ခရောက်ကုန်တာ။ ဖြစ်ပုံကဒီလို။ ညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က စာရေားဆရာ၊ တစ်ယောက်က ရေးဖို့ ကြိုးစားနေတုံး အစမ်းဝတ္ထုတစ်ပုဒ်ရေးတယ်တယ်။ အဲဒါကို လူပုလေး စောင့်နေတဲ့ အခန်းထဲမှာ ထားခဲ့တော့ အဲဒီလူပုလေးက ယူဖတ်တယ်လေ။ ပြီးတော့မှ သူကလည်း အေးအေးမနေဘူး။ သူ့အတွက် ချက်လက်မှတ်ရေးပေးနေတုန်းမှာ ခင်ဗျားဒါပထမဆုံးရေးတာလားလို့မေးတယ်။ ဟိုတစ်ယောက်က ဟုတ်တယ် ဘာဖြစ်လို့လဲလို့မေးတော့။ “ဘာမှ မဖြစ်ပါဘူး ကျွန်တော်လည်း အဲလို တစ်ခုစမ်းရေးဖူးတယ် ဒါပေမယ့် ခင်ဗျားလိုပဲ မအောင်မြင်ပါဘူးဗျာ“ တဲ့ ပြောပုံက ရိုက်ပေါက်။ အဲဒီမှာ သူက စိတ်ဆိုးပြီးတော့ ချက်မပေးတော့ ဘူး။ အဲဒီမှာ ပြသနာတွေတတ်ကုန်တော့တာပဲ။ နောက်ပိုင်းပိုရယ်ရတယ်။
ကျန်တာကတော့ ဆက်ကြည့်တော့ဗျာ…
http://stagevu.com/
မှာ quality ကောင်းကောင်း download ဆွဲလို့ရတယ်။ 100% free ဗျာ

Read More...

Tuesday, January 20, 2009

လူယဉ်ကျေးနှင့် လူရိုင်း


ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါများတွင် ဥာဏ်နီ ဥာဏ်နက်အများဆုံး၊ အကောက်ကျစ်ဆုံး၊ တစ်ကိုယ် ကောင်းအဆန်ဆုံးသော သတ္တ၀ါသည် ကမ္ဘာမြေကြီးကို ကြီးစိုးထားပါသည်။ ထိုသတ္တ၀ါသည် လူပင် ဖြစ်လေသည်။ အခြားသော သားစား သတ္တ၀ါများကိုလည်း ရက်စက်ကြမ်းကြုတ်သည် ဟုဆိုနိုင်ပါသည်။ သို့သော် လူသား၏ ရက်စက်မှု့များကိုကား မှီနိုင်မည် မထင်ပေ။
လူသားများတွင်လည်း လူယဉ်ကျေးဟုခေါ်သော သူများသည် လူရိုင်းများထက် ပို၍ရက်စက် ကြပါသည်။ ဆရာချစ်ဦးညို၏ စာတစ်ပုဒ်ထဲတွင် ဖတ်ဖူးပါသည်။ လူသားစားလူရိုင်းများကို ရိုင်းသည်ဟုဆိုသော် လူယဉ်ကျေးများက ပိုရိုင်းသည် ဟုသူတို့က ပြန်စွပ်စွဲပါသည်။ အဘယ့်ကြောင့်ဆိုသော် “ကျုပ်တို့ လူသတ်တာက စားဖို့၊ ခင်ဗျားတို့က စားလည်း မစားပဲနဲ့သတ်တာ“ ဟု လူရိုင်းများက ဆိုလေသည် ဟူ၏။

လူတွင် မဖြစ်မနေထမ်းဆောင်ရမည့် စာဝတ်နေရေးဟူသော အမှု့ သုံးပါး ရှိသည်ကို လက်ခံပါသည်။ အသားဆိုသည်မှာလည်း မစားမဖြစ်စားရသည် ဟုပင်ယူဆပါသည်။ သို့သော် မြို့ပြမှ လူယဉ်ကျေးများ အတွက် မလိုအပ်ပဲ အလေအလွင့်များပြားလှ၏။ ဥပမာ တောရွာတစ်ခုကို မှာ အိမ်တစ်အိမ်သည် ကြက်တစ်ကောင် ချက်သည်ဆိုပါစို့။ ထိုကြက်သားအား စား၍မရသော အရိုး၊အမွှေး၊နုတ်သီး၊ခြေသဲ စသည်များမှလွဲ၍ အားလုံးကုန်အောင်စားကြလေသည်။ အလေအလွင့်မရှိပါ။ သို့သော် မြို့ပြများရှိ restaurant များ၊ ဘူဖေးဆိုင်များ၊ KFC၊ MCDONALD၊ စသောဆိုင်များမှ ဟင်းအကြွင်းအကျန်များကို သုတေသနပြုကြည့်ပါ။ လူတွေမစားပဲ သတ်မိသော ကြက်ဘယ်နှစ်ကောင်၊ ငါးဘယ်နှစ်ကောင်၊ ၀က်ဘယ်နှစ် ကောင်ပြန်ရမည်နည်းဟု။ဤသည်မှာ တိုးတက်သော မြို့ပြနှင့် မတိုးတတ်သော တောတို့ ကွာခြားလာခြင်းဖြစ်သည်။ ထိုသို့ ဖြစ်လာခြင်း အတွက် လူတစ်ဦးတစ်ယောက်ခြင်းဆီကို အပြစ်တင်၍ မဖြစ်ပါ။ မြို့ပြဟူ၍ ဖြစ်ပေါ်လာလျှင် ဤကိစ္စများမှာ ရှောင်လွှဲမရပါချေ။
ဒါရိုက်တာ Mel Gibson ရိုက်ကူးသော Apocalypto ဇာတ်ကားထဲတွင် ခရစ်သက္ကရာဇ် (c. 250 AD to 900 AD) အတွင် Maya အင်ပါယာမှာ ပိုမိုယဉ်ကျေးသော လူမျိုးများက၊ ယဉ်ကျေးမှု့ နောက်ကျသည် ဆိုသော လူမျိုးများကို ရက်စက်ရိုင်းစိုင်းပုံ ကိုတွေ့ရလေသည်။ Maya အင်ပါယာသည် ထိုခေတ်က အမေရိကတိုက် အလယ်ပိုင်းတွင်တည်ရှိပြီး ယခုခေတ် MEXICO နိုင်ငံ တစ်ဝိုက်တွင်ရှိလေသည်။
မိမိလူမျိုးစု အလိုက် တောထဲတွင် ရွာကလေးများတည်ကာ နေထိုင်စား သောက်သော လူမျိုးစုလေးများကို မြို့ပြတည်ပြီး တိုးတက်နေသော လူမျိုးစုကြီးက အနိုင်ကျင့်သတ်ဖြတ်ဖမ်းဆီးကြလေသည်။ ရွာလုံးကျွတ်မီး ရှို့ ခုခံသူများကို သတ်ပစ်၊ အရွယ်ရောက်သူ မိန်းမယောက်ကျားများကို ကျွန်များအဖြစ် ဖမ်းဆီး၊ ကလေးများကို တော့တောထဲတွင် ဒီအတိုင်းထားခဲ့ စသဖြင့် အစွမ်းကုန် ရက်စက်မှု့များကို ပြုလုပ်ကြလေသည်။ ဖမ်းမိသူများထဲမှာ အချို့ကို ကျွန်အဖြစ်ရောင်း၊ အရွယ်ကောင်းသော အားကောင်းမောင်းသန် ယောက်ကျားများကို တော့ ယစ်ပူဇော်လေသည်။ ယစ်ပူဇော်ပုံမှာ လည်း သွေးပျက် စရာကောင်းလှလေသည်။ လူကို ယစ်ပလ္လင်ပေါ်တွင် ပက်လက် ချုပ်ထားပြီး အသည်းနှလုံးကို အရှင်လတ်လတ် ထုတ်ယူခြင်းဖြစ်လေသည်။
ဤဇာတ်လမ်းထဲတွင် ဇာတ်လိုက်တစ်ယောက်သာ ကံကောင်းပြီး ထွက်ပြေးနိုင်ခဲ့ လေသည်။ ထွက်ပြေးနိုင်ခဲ့ပြီး လိုက်ဖမ်းသောသူများနှင့် သည်းထိတ်ရင်ဖို တိုက်ခိုက်ရပုံမှာ ကြည့်၍ကောင်းလှ ပေသည်။
ဤသည်မှာ ဇာတ်လမ်းကျောရိုးမျှသာ ဖော်ပြခြင်းဖြစ်ပါသည်။ ဇာတ်ကား သည် ရသ အလွန်မြောက် ပါသည်။ တောထဲတွင် မိသားစုဘ၀လေး သာသာယာသာ ချမ်းချမ်းမြေ့မြေ့နေကြ ပုံ၊ ဓလေ့စရိုက်များ၊ ချစ်ခြင်းမေတ္တာ၊ အမုန်း စသည် ဖြင့် ခံစားမှု့ပေါင်းစုံပါဝင်သော ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါသည်။ မင်းသား မှာ Jaguar Paw အဖြစ် သရုပ်ဆောင်သော Rudy Youngblood ဖြစ်ပါသည်။
ကြည့်ရှု့သင့်သော ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါသည်။ဤဇာတ်ကားကို ကြည့်ရှု့ပြီး လူယဉ်ကျေးနှင့် လူရိုင်းဟူသော အဓိပ္ပယ်ဖွင့်ဆိုချက်ကို သံသယ ဖြစ်မိပါသည်။

ဇန်ဇ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

Read More...

Friday, December 12, 2008

စစ်မီးထဲ မှစန္ဒယားဆရာ


Wladyslaw Szpilman သည်ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ပိုလန်ပြည်တစ် ပြည်လုံးတွင် အတော်ဆုံး စန္ဒယား ဆရာတစ်ဦးဖြစ်သည်။ သူမိတ်ဆွေတစ်ဦးကမူ တစ်ကမ္ဘာလုံးရှိအတော်ဆုံးများတွင်ပါဝင်သည် ဟုပင် ဆို သည်။ သူတို့မိသား စုသည်သာမာန်မိသားစုများကဲ့သို့ ရိုးရိုးအေးအေးသာနေသည်။ အနုပညာသမား ဖြစ် သောကြောင့် သူ့ကို နည်းနည်းပျော့သည်ဟုထင်ရသည်။ သူ့ညီကတော့သူနှင့် ဆန့်ကျင်ဘက် ဖြစ်လေ သည်။ သူတို့မိသားစု သည် ပိုလန်နိုင်ငံတွင် ချစ်ချစ်ခင်ခင်သိုက်သိုက်ဝန်းဝန်းနေကြလေသည်။ သို့သော် သူတို့ မိသားစု ကမ္ဘာလေးသည် ဒုတိယကမ္ဘာ စစ်မီးတောက်လောင်ပြီး နာဇီ ဂျာမနီတို့ ပိုလန်ပြည်ကို သိမ်းပိုက်သော အခါ တွင်ပျက်စီးသွားရသည်။ နာဇီတို့ သည် ဂျူးလူမျိုးတို့၏ အခွင့် အရေးကို တစ်စတစ်စ ချုပ်ခြယ် လာ ကြ သည်။ စာသောက်ဆိုင် အချို့တွင် ဂျူးလူမျိုးများ မ၀င်ရဟူသော ဆိုင်းဘုတ်ကို ပြောင်ပြောင်တင်းတင်း ပင်ချိတ်ဆွဲ လာကြသည်။ ဂျူးလူမျိုးများကို လက်မောင်းတွင် ဒေးဗစ်ကြယ်ပါရှိသော လက်ပတ်ကို ပတ်စေ သည်။ ဂျာမာန်စစ်သားများ ကအမျိုးမျိုး နှိပ်စက်စော်ကားကြသည်။ နောက်ဆုံးတွင် ဂျူးလူမျိုးများ၏ နေအိမ် အားလုံးကို သိမ်းယူပြီ ဂျူးလူမျိုးများကို ဂက်တို ghetto ဟုခေါ်သော သီးသန့်ရပ်ကွက် များတွင်နေရာချ ထား ပေး ခဲ့သည်။ ယခင်က အေးချမ်းစွာနေထိုင်ခဲ့သူများ သည် ဂက်တို များတွင် အတိဒုက္ခ ကြီးစွာ နေထိုင် ခဲ့ရသည်။ Wladyslaw Szpilman တို့မိသားစုသည် စုတ်ပြတ်နေသော ဂက်တိုရှိ တိုက်ခန်းကျဉ်း လေး ထဲတွင်စိတ်ဆင်းရဲခြင်းကြီးစွာနေခဲ့ရသည်။

နာဇီတို့ ကဂျူးလူမျိုး အခြင်းခြင်းနှိပ်ကွပ်ရန် ဂျူးရဲတပ်ဖွဲ့ကို ဖွဲ့စည်း ပေးခဲ့သည်။ ထိုအဖွဲ့ သည် နာဇီတို့၏ အကျိုးကိုသာ ဆောင်ရွက်သော အဖွဲ့ဖြစ်သည်။ ထိုရဲတပ်ဖွဲ့ထိတွင် Wladyslaw Szpilman ၏မိတ်ဆွေတစ်ဦးပါခဲ့လေရာ သူတို့ ညီအစ်ကို ကိုထိုသူက စေတနာဖြင့် ရဲအဖွဲ့ ထဲသို့ဝင်ရန် ဖိတ်ခေါ်ခဲ့လေသည်။ သို့သော် Wladyslaw Szpilman တို့ကကိုယ့်လူမျိုးခြင်းနှိပ်စက်နေ သောအလိုတော်ရိ အဖွဲ့ထဲသို့ဝန်ရန်ငြင်းဆိုခဲ့သည်။ နာဇီတို့၏ရက်စက်မှု့သည် တစ်စတစ်ပိုမိုဆိုး ၀ါးလာ သည်။ ဂက်တိုများထဲသို့ဝင်ပြီး အကြောင်းမဲ့ညှင်းပန်းနှိပ်စက်မှု့များ သတ်ဖြတ်မှု့များ ပြုလုပ်ခဲ့သည်။ နောက် ဆုံးတွင် ဂတ်တိုမှ လူများကို သေမင်းတမန် အကျဉ်းစခန်းများသို့ ပို့ခဲ့သည်။ Wladyslaw Szpilman တစ်ယောက်သည်သာ သူ၏မိတ်ဆွေ ဂျူးရဲ ၏အကူအညီဖြင့် အကျဉ်းစခန်းသို့ မပါသွားခဲ့ပါ။ သူသည် ဒုက္ခအမျိုးမျိုးဖြင့် ရှောင်တိမ်းပုန်းအောင်းနေခဲ့ရသည်။ သူ့၏မိတ်ဆွေ (သူ့ ဂီတကို လေးစား သော) ဂျာမာန်တစ်ချို့ကလည်း သူ့ကို ကယ်တင်ခဲ့လေသည်။ ၀ါဆောမြို့သည် စစ်မြေပြင်ဖြစ်သော အခါမြို့ပျက်ထဲတွင် သူတစ်ယောက်ထဲ ဖြစ်သလိုပုန်းအောင်းနေခဲ့ရသည်။ သူ့ကို ဂျာမာန်စစ်ဗိုလ်တစ် ယောက်ကတွေ့သွားခဲ့သော်လည်း ကံကောင်းထောက်မစွာထို စစ်ဗိုလ်သည် အနုပညာ ၀ါသနာပါသော၊ နှလုံးသားရှိသော စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့သည်။ ထိုစစ်ဗိုလ်ကပင်သူ့ကို ကယ်တင်ခဲ့လေသည်။ နောက်ဆုံးတွင် ဂျာမာန်တို့စစ်ရှုံးပြီး ရုရှားတပ်နီတော်က ပိုလန်ပြည်ထဲဝင်လာသည့် အချိန်မှ Wladyslaw Szpilman ၏ ဒုက္ခအဆုံးသတ်သွားခဲ့ရသည်။
ဂျူးလူမျိုးတို့သည် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက နိုင်ငံ ပျောက်ခဲ့ရသည်။ ထိုကြောင့် ယခုအချိန်တွင် အတိဒုက္ခရောက်ခဲ့ရလေသည်။ ထိုကြောင့် မိမိနိုင်ငံနှင့်လူမျိုးသည် မိမိတို့အတွက် မည်မျှပင် ရေးပါကြောင်း သဘောပေါက်မိပါသည်။ ထို့ကြောင့် မိမိကို ကိုယ်စားပြုသော နိုင်ငံတစ် ခုရှိခြင်းအတွက် ပထမဆုံးအကြိမ် ကျေးဇူးတင်ရကောင်းမှန်း၊တန်ဖိုးထားရကောင်းမှန်း သိခဲ့ရပါသည်။ ထိုဇာတ်လမ်းထဲတွင် Wladyslaw Szpilman ၏မိတ်ဆွေ ဂျူးရဲ သည် အလိုတော်ရိ ပုဆိန်ရိုးဖြစ် နေသော်လည်း Wladyslaw Szpilman အပေါ်တွင်တော့ မိတ်ဆွေ စစ်ပီသခဲ့သည် ကို အံသြစွာ တွေ့ခဲ့ရပါသည်။ ထို့ပြင် နှလုံသားရှိသော နာဇီစစ်ဗိုလ်ကိုလည်း လေးစားမိပါသည်။ ယုတ်မာ ဆိုးသွမ်းနေသော နာဇီတို့ အထဲတွင်လည်း လူကောင်းသူကောင်းရှိ နေသည်ကို ကြည်နူးစွာ တွေ့လိုက်ရပါသည်။ သူသည် ဘက်မှားနေသော လူကောင်းဖြစ်လိမ့်မည် ဟုထင်ပါသည်။ နာဇီတို့ တို့ထဲတွင်လည်း လူတစ်စုကသာ ဆိုးသွမ်းယုတ်မာနေခြင်းဖြစ်ပြီး လူကောင်းသူကောင်းများလည်း အများကြီးရှိမည်ဟုထင်ပါသည်။ ထို့ပြင် “ ပညာ“ သည် လူတစ်ယောက် ၏ဘ၀အတွက် မည်မျှ အကျိုးပြုနိုင်ကြောင်းမီးမောင်းထိုးပြထားပါသည်။ Wladyslaw Szpilman အသက်ရှင် သန်ရပ်တည်နိုင်ခြင်းမှာ သူ၏ အနုပညာကြောင့်သာဖြစ်သည်။ သူ့ကိုကူညီသူ အများစု မှာ သူ၏ အနုပညာကို လေးစားမြတ်နိုးသော သူများသာ ဖြစ်သည်။ အကယ်၍ သူ့တွင် ထို အနုပညာ သာမရှိ ခဲ့ဘူးဆိုလျှင် သူသည်လည်း အခြားသူများကဲ့သို့ ပင် စစ်၏သားကောင်အဖြစ် မထင်မရှား သေဆုံးသွားခဲ့ မည်သာဖြစ်ပါသည်။
ဤဇာတ်လမ်းကို Wladyslaw Szpilmanကရေးသားခဲ့ပြီး ဒါရိုက်တာ Roman Polanski က ၂၀၀၂ တွင်ရိုက်ကူးခဲ့ပါသည်။ Wladyslaw Szpilman အဖြစ် Adrien Brody ကသရုပ်ဆောင်ခဲ့ပါသည်။
ဤ movie သည် Classic ဆိုသည့် စကားလုံးထက် ပိုမိုသော စကားလုံးရှိလျှင် ထိုစကားလုံးဖြင့်သာ ထိုက်တန်ပါကြောင်း။။
ဒီဇင်ဘာ၊၂၀၀၈။
walkinginthedesert.blogspot.com

Read More...

Thursday, December 11, 2008

ရ၀မ်ဒါ လူမျိုးတုံးသတ်ဖြတ်ပွဲ

Hotel Rwanda ဇာတ်လမ်းသည် အာဖရိက အလယ်ပိုင်း ရ၀မ်ဒါနိုင်ငံ တွင် ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်ပွဲ အကြောင်း ကို ဒါရိုက်တာ Terry George ရိုက် ကူးထားသော ဇာတ်လမ်းဖြစ်သည်။
ရ၀မ်ဒါနိုင်ငံရှိလူမျိုးရေး ပြသနာကြောင့်လူပေါင်း မြောက်များစွာ သေကျေ ပျက်စီးခဲ့ရပါသည်။ Hutu လူမျိုးနှင့် Tutsi လူမျိုးတို့ ပဋိပက္ခ ဖြစ်သည်။
ရ၀မ်ဒါနိုင်ငံသည် ယခင်က ဘယ်(လ)ဂျီရမ် နိုင်ငံ၏ ကိုလိုနီဖြစ်သည်။ Hutu လူမျိုးက ၉၀%ရှိသည်။ သို့သော် ဘယ်(လ)ဂျီရမ်တို့ အုပ်ချုပ်စဉ်က Tutsi လူမျိုးတို့ ကအာဏာရှိခဲ့ပြီး Hutu လူမျိုးတို့ အပေါ်ကြီးစိုးခဲ့သည်။ ဘယ်(လ)ဂျီရမ်တို့ ထံမှလွပ်လပ်ရေးရသော အခါတွင်ကား Hutu လူမျိုးတို့က အာဏာရခဲ့လေရာ လူမျိုးတုံးသတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာခဲ့လေသည်။ လူပေါင်း ၈၀၀၀၀၀ မှ ၁၀၀၀၀၀၀ ထိသေဆုံးခဲ့ ရသည်ဟု ခန့်မှန်းကြသည်။
ထိုဇာတ်ကားထဲတွင် Hôtel des Mille Collines ၏မန်နေဂျာ Paul Rusesabagina အဖြစ်သရုပ် ဆောင်ခဲ့သော (Don Cheadle), က Hutu လူမျိုးဖြစ်သော်လည်း သူ့ ဇနီး Tutsi လူမျိုးနှင့် အခြား Tutsi လူုမျိုးတို့ ကို အသက်စွန့်ပြီး အမျိုးမျိုး အကာအကွယ်ပေးခဲ့လေသည်။ သူ၏ ဟိုတယ်သည် Tutsi ဒုက္ခသည်တို့၏ ခိုလှုံရာဖြစ်ခဲ့သည်။ သူ၏ ဇွဲသတ္တိ အနစ်နာခံမှု့တို့ကြောင့် Tutsi လူမျိုး မြောက်များစွာကို ကယ်တင်နိုင်ခဲ့သည်။ United Nation မှလည်း ကူညီဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။ အတိုင်းအတာတစ်ခု အထိတော့ ကူညီနိုင်ခဲ့သည်။ ဇာတ်လမ်းက သဲထိတ်ရင်ဖိုစရာကောင်းသည်။ Tutsi လူမျိုးတို့ ကိုကယ်တင် ရန် မည်သို့ လာဘ်ထိုးခဲ့ရပုံ၊ လှည့်ကွက်များသုံးခဲ့ရပုံ၊ လူသားတို့၏ရက်စက်မှု့များ စသည်ဖြင့် အစအဆုံး စွဲခေါ်သွားနိုင်သော ဇာတ်လမ်းတစ်ခုဖြစ်သည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Wednesday, December 10, 2008

မျိုးချစ်

I was long fear that my sin would return to me one day and the cause is more than I can bear.
Mel GibsonThe Patriot ဇာတ်ကားထဲ မှ ပထမဆုံးဇာတ်လမ်းအဖွင့် စကားပြောဖြစ်လေသည်။ Benjamin Martin (Mel Gibson) သည် French and Indian War တွင်တိုက်ခိုက်ခဲ့စဉ်က ရက်ရက်စက်စက် လူသတ် ခဲ့ဖူးသည်။ ထိုမကောင်း မှု့က သူ့ကိုခြောက်လှန့်နေခြင်းဖြစ်သည်။ သူသည် American Revolution အစတွင် စစ်တိုက်ရန်ငြင်းဆိုခဲ့သည်။ သူ့တွင် ကလေး (၇)ယောက်ရှိ၍ ဟုအကြောင်းပြသည်။ ထိုဇာတ်ဝင် ခန်းမှ The war is not only fought by the childless man ဆိုသည့် စာသားကိုလည်း သဘောကျမိသည်။ သို့သော်သူသည် စစ်ကို ရှောင်ခဲ့သည်။ သူ၏သားအကြီးကတော့ သူ့ အမိန့်ကို ဆန့်ကျင်ပြီး စစ်ထဲဝင်သွားသည်။
သူသည် စစ်ဖြစ်နေသော်လည်း ယခင်အတိုင်းငြိမ်းချမ်း စွာနေဖို့ကြိုးစားခဲ့ သည်။ သို့သော် ကံတရားက သူ့ကို မျက်နှာသာမပေးပါ။ သူ၏သားတစ်ယောက်ကို အင်္ဂလိပ် စစ်ဗိုလ်က ပစ်သတ်လိုက်သည့် အချိန်မှာတော့ သူမနေသာတော့ပါ။ စစ်ပွဲတွင် ပါဝင်ကာရွပ် ရွပ်ချွန်ချွန်တိုက်ခဲ့သည်။ နောက်ဆုံး တွင် အမေရိကန် တို့က အနိုင်ရရှိခဲ့သည်။
ဤဇာတ်လမ်းကို ယခင်က သိပ်နားမလည်ခဲ့ပါ။ Partiot ဆိုသည်မှာ မျိုးချစ်ပုဂ္ဂိုလ် ဟုနားလည်ထားပါသည်။ ကျွန်တော့်အမြင်မှာ Benjamin Martin ကမျိုးချစ် မဟုတ် ပါ။ သူ့မိသား စုကိုထိသဖြင့် စစ်ထဲကိုပါဝင် လာခြင်း ဖြစ်သည်ဟုယူဆသည်။
နောက်မှ သဘောပေါက်မိသည်။ Partiot ဟုနာမည်ပေးထားခြင်းမှာ မိမိ နိုင်ငံ၊ လူမျိုးကို ချစ်မြတ်နိုးရန်၊ ကာကွယ်ရန်၊ တာဝန်များကိုကျေပွန်စွာ ထမ်းရွက်ရန် ရည်ညွန်း ထားပါ သည်။ ကိစ္စတစ်ခုကို မိမိနှင့် မဆိုင်ဟု ဘဘောထားလို့ မရပါ။မိမိ မှီတင်းနေထိုင်သော ဒေသအတွင်းမှ ကိစ္စ အားလုံးသည် မိမိနှင့် သက်ဆိုင်သည် သာဖြစ်သည်။ ကိုယ်က မသက်ဆိုင် ဟုသဘောထားခဲ့ပါက ထိုကောင်းခြင်း ဆိုးခြင်း သည် မိမိဆီကို တစ်နေရာရာ တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သက်ရောက်မှု့ရှိမည်သာဖြစ်သည် ဟု ဆိုလိုထားခြင်းဖြစ် ပါသည်။ ရသပေးစွမ်းနိုင်သော၊ အသိပညာ ရရှိနိုင်သော ဇာတ်ကားကောင်း တစ်ကားဖြစ်ပါသည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

ဝံပလွေများနှင့်ကခုန်ခြင်း




အမေရိကန်ပြည်တွင်းစစ်ကာလဖြစ်သည်။ ရှေ့တန်းစခန်းတစ်ခုအတွင်းရှိ ဆေးရုံလူနာကုတင်ပေါ်တွင် သူလဲလျှောင်းနေသည်။ ဆရာဝန်နှစ်ဦးက သူ့ဘေးတွင်ရပ်ပြီး ဆွေးနွေးနေကြသည်။ သူ့ခြေထောက်ကို ဖြတ်ပစ်တော့မည်။ ကံကောင်းထောက်မစွာ ခြေထောက်မဖြတ်ခင်မှာ ဆရာဝန်နှစ်ဦး အပြင်ထွက်သွားသည်။ သူသည် လူနာကုတင်ပေါ်မှာ အားယူပြီးခေါင်းထောင်ကြည့်လိုက်သည်။ မလှမ်းမကမ်းတွင် ခြေထောက်ပြတ်နေသော စစ်သည်တစ်ဦး ဂျိုင်းထောက်ဖြင့် ထော့ကျိုးထော့ကျိုးသွားနေသည် ကိုတွေ့ရသည်။ သူအလွန်ဝမ်းနည်းသွားသည်။ မကြာခင်သူလည်း ထိုစစ်သားကဲ့သို့ဖြစ်တော့မည်လော။ သူဘယ်နည်းနဲ့မှ ထိုကဲ့သို့အဖြစ်မခံနိုင်ပါ။ နာကျင်မှု့ ကိုကြိတ် မှိတ်ပြီး သူကုတင်ပေါ်မှထသည်။ ဆရာဝန်များချွတ်သွားသော သူ၏ဖိနပ်ကို လှမ်းယူလိုက်သည်။ သူဖိနပ်စီးရန် ကြိုးစားသည်။ ခြေထောက်က ဒဏ်ရာကြောင့် သူ့အတွက်မလွယ်လှ။ ခဲခဲယဉ်းယဉ်း စီးလိုက်ရသည်။ ထိုနောက့် သူဒယိမ်းဒယိုင်ဖြင့် စစ်မြေပြင်သို့ပြန်သွားသည်။ ထိုအချိန်က စစ်မြေပြင် တွင် တစ်ဖက်နှင့်တစ်ဖက် စောင်နေကြသည့် အချိန်။ လူရိပ်မြင်လျှင် လှမ်းပစ်ရုံသာ။ စည်းရိုးအကွယ်တွင်မှိန်းနေသော သူ့မိတ်ဆွေနားသို့သူရောက်သွားသည်။ ရန်သူဖက်ကလှမ်းပစ်လေ သည်။ ကံကောင်းထောက်မ၍ သူကိုမထိ။ သူကတော့ တုတ်တုတ်မှ မလုပ်။ သူ၏မိတ်ဆွေက ဆေးရုံက ဘယ်လိုလည်း ဟုမေးသည်။ သူက သိပ်မကောင်းဟုသာ လေးလေးပင်ပင်ပြန်ဖြေသည်။ သူမိတ်ဆွေ ရဲ ဘော်က သူ့ကို စကားပြောရင်း ရန်သူကိုလှမ်းပစ်နေသည်။ သူဘာစိတ်ကူးပေါက်သွားသည် မသိ။ မြင်းဇောင်းမှ မြင်းတစ်စီး ယူပြီး ရန်သူနှင့် သူတို့ကြားရှိ ကွင်းပြင်တွင် ရင်ကိုကော့ မြင်းဇက်ကို လက်လွက်ပြီး စီးလေသည်။ ရန်သူများက ငြာသံပေးပြီး ပစ်ကြသည်။ သူ့ကိုတစ်ချက်မှ မထိ။ ထိုသို့ ရန်သူများသူ့ကို စိတ်ဝင်စား နေစဉ် သူတို့ဖက်မှ ရန်သူကို အငိုက်ဝင်တိုင်ပြီး အနိုင်ရလိုက်လေသည်။ သူလည်း သူရဲကောင်းဖြစ်သွားသည်။



အထက်ပါ ဇတ်ဝင်ခန်းသည် ဒါရိုက်တာ မင်းသား Kevin Costner ၁၉၉၀နှစ်က ရိုက်ကူးသော Dances with Wolves, ဇာတ်ကားထဲမှပထမဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ မင်းသား Kevin Costner က Lt. John J. Dunbar အဖြစ်သရုပ်ဆောင်ထားသည်။ ကြည့်ရှု့သင့်သော ဇာတ်ကားတစ်ကားဖြစ်ပါသည်။
သူရဲကောင်း ဖြစ်ပြီးနောက် ထို Lieutenant သည် အထူးအခွင့် အရေးရသော်လည်း လူနီရိုင်းများ နှင့် တိုက်ခိုက်နေသော အနောက်ဖက် စစ်မြေပြင်ကိုသာ သွားရန် သူ့သဘောနဲ့သူတောင်းဆိုခဲ့သည်။ သူအနောက်ဖက်စစ်မြေပြင်ရှိ အစွန်အဖျားရှိ စခန်းသို့ရောက်သောအခါ ထိုစခန်းတွင် လူတစ်ယောက်မှ မရှိတော့။ သို့သော်သူသည် ထိုစခန်းတွင် တစ်ယောက်တည်းနေခဲ့သည်။ ထိုစခန်းကိုသူဟာသူပြင်သည်။ သူ၏ အဖော်မှာ မြင်းလေးတစ်ကောင်သာရှိသည်။ သူ့ဘ၀သည် အလွန်လွပ်လပ်နေသည်။ ရေချိုးရင်လည်း စခန်းအနီးရှိရေအိုင်တွင် ကိုယ်တုံးလုံးချိုးသည်။ လူ့အသိုင်းအ၀ိုင်း၏ ရှုပ်ထွေးပွေလီသော ကိစ္စများနှင့် ကင်းဝေးနေသည်။ သူသည်ဝံပလွေတစ်ကောင်နှင့်ပင် ရင်းနှီးလာသည်။
မကြာမီသူသည် လူနီရိုင်းတို့၏မိတ်ဆွေဖြစ်လာသည်။ လူနီရိုင်းတို့ က သူ့ကို ၀ံပလွေနှင့် ကခုန်သူဟုခေါ်ကြသည်။ ထိုနောက်သူသည် လူနီရိုင်းတို့ဆီတွင်သွားနေသည်။ သူတို့အတွက် စစ်ပင်တိုက်ပေးသည်။ ဇာတ်လမ်းကို အကြမ်းဖြင်းသာ ဖော်ပြခြင်းဖြစ်ပါသည်။ အချိန်ရလျှင် ကြည့်သင့်သော ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါကြောင်း။
walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP