Saturday, December 13, 2008

ကြားဖူးနားဝဟာသများ

ကြားဖူးနားဝဟာသများဖြစ်ပါသည်။ မူပိုင်ရှိလျှင် အသိပေးပါရန်။ ကျေးဇူးတင်ပါသည်။

သေချာပြောပါ

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….

www.walkinginthedesert.blogspot.com
ဒီဇင်ဘာ၊၂၀၀၈။

ဖိုးသူတော် နှင့် ဂဏန်းများ

တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။ နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။ ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ် ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။

www.walkinginthedesert.blogspot.com
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Friday, December 12, 2008

မရဏာနုဿတိ ( ဖေမြင့် )

ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို ကို အောက်ဖော်ပြရာ web site မှာတွေ့ပါတယ်။ အရမ်းကောင်းလို့မျှဝေလိုက်ပါတယ်။
ဤနေရာတွင်ဖတ်ပါ။

Read More...

စစ်မီးထဲ မှစန္ဒယားဆရာ


Wladyslaw Szpilman သည်ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ပိုလန်ပြည်တစ် ပြည်လုံးတွင် အတော်ဆုံး စန္ဒယား ဆရာတစ်ဦးဖြစ်သည်။ သူမိတ်ဆွေတစ်ဦးကမူ တစ်ကမ္ဘာလုံးရှိအတော်ဆုံးများတွင်ပါဝင်သည် ဟုပင် ဆို သည်။ သူတို့မိသား စုသည်သာမာန်မိသားစုများကဲ့သို့ ရိုးရိုးအေးအေးသာနေသည်။ အနုပညာသမား ဖြစ် သောကြောင့် သူ့ကို နည်းနည်းပျော့သည်ဟုထင်ရသည်။ သူ့ညီကတော့သူနှင့် ဆန့်ကျင်ဘက် ဖြစ်လေ သည်။ သူတို့မိသားစု သည် ပိုလန်နိုင်ငံတွင် ချစ်ချစ်ခင်ခင်သိုက်သိုက်ဝန်းဝန်းနေကြလေသည်။ သို့သော် သူတို့ မိသားစု ကမ္ဘာလေးသည် ဒုတိယကမ္ဘာ စစ်မီးတောက်လောင်ပြီး နာဇီ ဂျာမနီတို့ ပိုလန်ပြည်ကို သိမ်းပိုက်သော အခါ တွင်ပျက်စီးသွားရသည်။ နာဇီတို့ သည် ဂျူးလူမျိုးတို့၏ အခွင့် အရေးကို တစ်စတစ်စ ချုပ်ခြယ် လာ ကြ သည်။ စာသောက်ဆိုင် အချို့တွင် ဂျူးလူမျိုးများ မ၀င်ရဟူသော ဆိုင်းဘုတ်ကို ပြောင်ပြောင်တင်းတင်း ပင်ချိတ်ဆွဲ လာကြသည်။ ဂျူးလူမျိုးများကို လက်မောင်းတွင် ဒေးဗစ်ကြယ်ပါရှိသော လက်ပတ်ကို ပတ်စေ သည်။ ဂျာမာန်စစ်သားများ ကအမျိုးမျိုး နှိပ်စက်စော်ကားကြသည်။ နောက်ဆုံးတွင် ဂျူးလူမျိုးများ၏ နေအိမ် အားလုံးကို သိမ်းယူပြီ ဂျူးလူမျိုးများကို ဂက်တို ghetto ဟုခေါ်သော သီးသန့်ရပ်ကွက် များတွင်နေရာချ ထား ပေး ခဲ့သည်။ ယခင်က အေးချမ်းစွာနေထိုင်ခဲ့သူများ သည် ဂက်တို များတွင် အတိဒုက္ခ ကြီးစွာ နေထိုင် ခဲ့ရသည်။ Wladyslaw Szpilman တို့မိသားစုသည် စုတ်ပြတ်နေသော ဂက်တိုရှိ တိုက်ခန်းကျဉ်း လေး ထဲတွင်စိတ်ဆင်းရဲခြင်းကြီးစွာနေခဲ့ရသည်။

နာဇီတို့ ကဂျူးလူမျိုး အခြင်းခြင်းနှိပ်ကွပ်ရန် ဂျူးရဲတပ်ဖွဲ့ကို ဖွဲ့စည်း ပေးခဲ့သည်။ ထိုအဖွဲ့ သည် နာဇီတို့၏ အကျိုးကိုသာ ဆောင်ရွက်သော အဖွဲ့ဖြစ်သည်။ ထိုရဲတပ်ဖွဲ့ထိတွင် Wladyslaw Szpilman ၏မိတ်ဆွေတစ်ဦးပါခဲ့လေရာ သူတို့ ညီအစ်ကို ကိုထိုသူက စေတနာဖြင့် ရဲအဖွဲ့ ထဲသို့ဝင်ရန် ဖိတ်ခေါ်ခဲ့လေသည်။ သို့သော် Wladyslaw Szpilman တို့ကကိုယ့်လူမျိုးခြင်းနှိပ်စက်နေ သောအလိုတော်ရိ အဖွဲ့ထဲသို့ဝန်ရန်ငြင်းဆိုခဲ့သည်။ နာဇီတို့၏ရက်စက်မှု့သည် တစ်စတစ်ပိုမိုဆိုး ၀ါးလာ သည်။ ဂက်တိုများထဲသို့ဝင်ပြီး အကြောင်းမဲ့ညှင်းပန်းနှိပ်စက်မှု့များ သတ်ဖြတ်မှု့များ ပြုလုပ်ခဲ့သည်။ နောက် ဆုံးတွင် ဂတ်တိုမှ လူများကို သေမင်းတမန် အကျဉ်းစခန်းများသို့ ပို့ခဲ့သည်။ Wladyslaw Szpilman တစ်ယောက်သည်သာ သူ၏မိတ်ဆွေ ဂျူးရဲ ၏အကူအညီဖြင့် အကျဉ်းစခန်းသို့ မပါသွားခဲ့ပါ။ သူသည် ဒုက္ခအမျိုးမျိုးဖြင့် ရှောင်တိမ်းပုန်းအောင်းနေခဲ့ရသည်။ သူ့၏မိတ်ဆွေ (သူ့ ဂီတကို လေးစား သော) ဂျာမာန်တစ်ချို့ကလည်း သူ့ကို ကယ်တင်ခဲ့လေသည်။ ၀ါဆောမြို့သည် စစ်မြေပြင်ဖြစ်သော အခါမြို့ပျက်ထဲတွင် သူတစ်ယောက်ထဲ ဖြစ်သလိုပုန်းအောင်းနေခဲ့ရသည်။ သူ့ကို ဂျာမာန်စစ်ဗိုလ်တစ် ယောက်ကတွေ့သွားခဲ့သော်လည်း ကံကောင်းထောက်မစွာထို စစ်ဗိုလ်သည် အနုပညာ ၀ါသနာပါသော၊ နှလုံးသားရှိသော စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့သည်။ ထိုစစ်ဗိုလ်ကပင်သူ့ကို ကယ်တင်ခဲ့လေသည်။ နောက်ဆုံးတွင် ဂျာမာန်တို့စစ်ရှုံးပြီး ရုရှားတပ်နီတော်က ပိုလန်ပြည်ထဲဝင်လာသည့် အချိန်မှ Wladyslaw Szpilman ၏ ဒုက္ခအဆုံးသတ်သွားခဲ့ရသည်။
ဂျူးလူမျိုးတို့သည် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက နိုင်ငံ ပျောက်ခဲ့ရသည်။ ထိုကြောင့် ယခုအချိန်တွင် အတိဒုက္ခရောက်ခဲ့ရလေသည်။ ထိုကြောင့် မိမိနိုင်ငံနှင့်လူမျိုးသည် မိမိတို့အတွက် မည်မျှပင် ရေးပါကြောင်း သဘောပေါက်မိပါသည်။ ထို့ကြောင့် မိမိကို ကိုယ်စားပြုသော နိုင်ငံတစ် ခုရှိခြင်းအတွက် ပထမဆုံးအကြိမ် ကျေးဇူးတင်ရကောင်းမှန်း၊တန်ဖိုးထားရကောင်းမှန်း သိခဲ့ရပါသည်။ ထိုဇာတ်လမ်းထဲတွင် Wladyslaw Szpilman ၏မိတ်ဆွေ ဂျူးရဲ သည် အလိုတော်ရိ ပုဆိန်ရိုးဖြစ် နေသော်လည်း Wladyslaw Szpilman အပေါ်တွင်တော့ မိတ်ဆွေ စစ်ပီသခဲ့သည် ကို အံသြစွာ တွေ့ခဲ့ရပါသည်။ ထို့ပြင် နှလုံသားရှိသော နာဇီစစ်ဗိုလ်ကိုလည်း လေးစားမိပါသည်။ ယုတ်မာ ဆိုးသွမ်းနေသော နာဇီတို့ အထဲတွင်လည်း လူကောင်းသူကောင်းရှိ နေသည်ကို ကြည်နူးစွာ တွေ့လိုက်ရပါသည်။ သူသည် ဘက်မှားနေသော လူကောင်းဖြစ်လိမ့်မည် ဟုထင်ပါသည်။ နာဇီတို့ တို့ထဲတွင်လည်း လူတစ်စုကသာ ဆိုးသွမ်းယုတ်မာနေခြင်းဖြစ်ပြီး လူကောင်းသူကောင်းများလည်း အများကြီးရှိမည်ဟုထင်ပါသည်။ ထို့ပြင် “ ပညာ“ သည် လူတစ်ယောက် ၏ဘ၀အတွက် မည်မျှ အကျိုးပြုနိုင်ကြောင်းမီးမောင်းထိုးပြထားပါသည်။ Wladyslaw Szpilman အသက်ရှင် သန်ရပ်တည်နိုင်ခြင်းမှာ သူ၏ အနုပညာကြောင့်သာဖြစ်သည်။ သူ့ကိုကူညီသူ အများစု မှာ သူ၏ အနုပညာကို လေးစားမြတ်နိုးသော သူများသာ ဖြစ်သည်။ အကယ်၍ သူ့တွင် ထို အနုပညာ သာမရှိ ခဲ့ဘူးဆိုလျှင် သူသည်လည်း အခြားသူများကဲ့သို့ ပင် စစ်၏သားကောင်အဖြစ် မထင်မရှား သေဆုံးသွားခဲ့ မည်သာဖြစ်ပါသည်။
ဤဇာတ်လမ်းကို Wladyslaw Szpilmanကရေးသားခဲ့ပြီး ဒါရိုက်တာ Roman Polanski က ၂၀၀၂ တွင်ရိုက်ကူးခဲ့ပါသည်။ Wladyslaw Szpilman အဖြစ် Adrien Brody ကသရုပ်ဆောင်ခဲ့ပါသည်။
ဤ movie သည် Classic ဆိုသည့် စကားလုံးထက် ပိုမိုသော စကားလုံးရှိလျှင် ထိုစကားလုံးဖြင့်သာ ထိုက်တန်ပါကြောင်း။။
ဒီဇင်ဘာ၊၂၀၀၈။
walkinginthedesert.blogspot.com

Read More...

Thursday, December 11, 2008

ရ၀မ်ဒါ လူမျိုးတုံးသတ်ဖြတ်ပွဲ

Hotel Rwanda ဇာတ်လမ်းသည် အာဖရိက အလယ်ပိုင်း ရ၀မ်ဒါနိုင်ငံ တွင် ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်ပွဲ အကြောင်း ကို ဒါရိုက်တာ Terry George ရိုက် ကူးထားသော ဇာတ်လမ်းဖြစ်သည်။
ရ၀မ်ဒါနိုင်ငံရှိလူမျိုးရေး ပြသနာကြောင့်လူပေါင်း မြောက်များစွာ သေကျေ ပျက်စီးခဲ့ရပါသည်။ Hutu လူမျိုးနှင့် Tutsi လူမျိုးတို့ ပဋိပက္ခ ဖြစ်သည်။
ရ၀မ်ဒါနိုင်ငံသည် ယခင်က ဘယ်(လ)ဂျီရမ် နိုင်ငံ၏ ကိုလိုနီဖြစ်သည်။ Hutu လူမျိုးက ၉၀%ရှိသည်။ သို့သော် ဘယ်(လ)ဂျီရမ်တို့ အုပ်ချုပ်စဉ်က Tutsi လူမျိုးတို့ ကအာဏာရှိခဲ့ပြီး Hutu လူမျိုးတို့ အပေါ်ကြီးစိုးခဲ့သည်။ ဘယ်(လ)ဂျီရမ်တို့ ထံမှလွပ်လပ်ရေးရသော အခါတွင်ကား Hutu လူမျိုးတို့က အာဏာရခဲ့လေရာ လူမျိုးတုံးသတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာခဲ့လေသည်။ လူပေါင်း ၈၀၀၀၀၀ မှ ၁၀၀၀၀၀၀ ထိသေဆုံးခဲ့ ရသည်ဟု ခန့်မှန်းကြသည်။
ထိုဇာတ်ကားထဲတွင် Hôtel des Mille Collines ၏မန်နေဂျာ Paul Rusesabagina အဖြစ်သရုပ် ဆောင်ခဲ့သော (Don Cheadle), က Hutu လူမျိုးဖြစ်သော်လည်း သူ့ ဇနီး Tutsi လူမျိုးနှင့် အခြား Tutsi လူုမျိုးတို့ ကို အသက်စွန့်ပြီး အမျိုးမျိုး အကာအကွယ်ပေးခဲ့လေသည်။ သူ၏ ဟိုတယ်သည် Tutsi ဒုက္ခသည်တို့၏ ခိုလှုံရာဖြစ်ခဲ့သည်။ သူ၏ ဇွဲသတ္တိ အနစ်နာခံမှု့တို့ကြောင့် Tutsi လူမျိုး မြောက်များစွာကို ကယ်တင်နိုင်ခဲ့သည်။ United Nation မှလည်း ကူညီဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။ အတိုင်းအတာတစ်ခု အထိတော့ ကူညီနိုင်ခဲ့သည်။ ဇာတ်လမ်းက သဲထိတ်ရင်ဖိုစရာကောင်းသည်။ Tutsi လူမျိုးတို့ ကိုကယ်တင် ရန် မည်သို့ လာဘ်ထိုးခဲ့ရပုံ၊ လှည့်ကွက်များသုံးခဲ့ရပုံ၊ လူသားတို့၏ရက်စက်မှု့များ စသည်ဖြင့် အစအဆုံး စွဲခေါ်သွားနိုင်သော ဇာတ်လမ်းတစ်ခုဖြစ်သည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Wednesday, December 10, 2008

လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများ


အထက်ပါပုံကို ကြည့်ပြီးလျှင် အမေဇုံတောမှ လူသားစားလူရိုင်းများ၏ပုံလော ဟုထင်စရာရှိပါသည်။ မဟုတ်ပါ။ ဤပုံ သည် ဒါရိုက်တာ Bernardo Bertolucci ရိုက်ကူးသော Little Buddha (1993)ဇာတ်ကားထဲမှ ဘုရားမပွင့်မှီ အချိန် တွင်တွေ့ရသော ပဉ္စ၀က္ကီ ငါးဦး၏ ပုံဖြစ်ပါသည်။ အကယ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် ဤနေရာတွင် ပင်နှလုံးခုန် ရပ်သွားနိုင်ပါသည်။
ဗုဒ္ဓစာပေများ အရ ပဉ္စ၀က္ကီငါးဦးတို့ ၏သရုပ်ဖော်ပုံများကို ဖော်ပြရာတွင် သင်္ကန်း အပြည့်အစုံ ဦးပျည်း ကတုံးနှင့် ကြည်ညိုဖွယ်ရာသာ ဖော်ပြကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ စာပေများရှိ ပဉ္စ၀က္ကီငါးဦးပုံတို့မှာ ဘုရားပွင့်ပြီး အချိန် ကိုသာရည်စူး သရုပ်ဖော်ထားခြင်း ဖြစ်သောကြောင့်ဟု ထင်ပါ သည်။ သို့သော် ဘုရားပွင့် ပြီးပြီးချင်း အချိန် ဓမ္မစကြာ တရားဦးကို ဗောဓိပင် အောက်၌ ဟောကြား တော်မူ သော အချိန်တွင် ထို ပဉ္စ၀က္ကီငါးဦးတို့ ၏ပုံမှာ သင်္ကန်း၊ဦးပျည်း ကတုံးဖြင့် ဖြစ်နိုင်ပါသလား။ သို့မဟုတ် အထက်ပါပုံ အတိုင်းဖြစ်နိုင်ပါသလား။
ကျွန်ုပ်တို့ လက်လှမ်းမှီသလောက် စဉ်းစားကြည့်သော် ဘုရားပွင့်တော်မူသော နေရာသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် (ယခု နီပေါနိုင်ငံ)၊ 485BC ၊ထိုအချိန်က ယခုခေတ် သံဃာ ကဲ့သို့သော အဆင်အပြင်မှာ မပေါ်သေး၊ ထိုအချိန်က အိန္ဒိယတွင် စိတ်အကျင့် ကိုကျင့်သောသူများ ၊လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများသည် ယခုခေတ် ကျွန်ုပ်တို့သိသော ဆာဒူးကဲ့သို့သော ပုဂ္ဂိုလ်များ သာဖြစ်နိုင်လေသည်။ သံဃာဆိုသည် မှာ ဘုရားပွင့်ပြီးမှ ပေါ်လာခြင်းဖြစ်သည်။
ပဉ္စ၀က္ကီငါးဦး၏ပုံမှာ မည်သို့ပင်ဖြစ်စေကာမူ အရေးမကြီးပါ။ အဓိကကျသည်မှာ ဗုဒ္ဓတရား တော်သာ ဖြစ်သည်ဟု စောဒကတတ်နိုင်ပါသည်။ ထိုအချက်လည်းမှန်ပါသည်။ သို့သော်လည်း ထိုခေတ်က ပထမဆုံးသော ဗုဒ္ဓ၀ါဒကို လက်ခံသူများ သည် အဘယ်ကဲ့သို့သော သူများဖြစ်သနည်းဟု လေ့လာသင့်ပါသည်။ ထိုကြောင့် ဓမ္မစကြာတရားဦး ဟောသည့် ပုံစံ ကို သရုပ်ဖော်ရာတွင် မည်သည့်ပုံစံကို သရုပ်ဖော်သင့်သနည်း။ ယခင်ပုံစံအတိုင်း ကြည်ညိုဖွယ်ရာ သံဃာများ၏ ပုံစံသရုပ်ဖော်လျှင် အပြည့်အ၀ မှန်နိုင်မည်လား။ အကယ်၍ အထက်ပါပုံ အတိုင်း သရုပ်ဖော်လျှင်ရော ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ သဘောထားမည်နည်း။ ပိုပြီး အကျိုးရှိမလား၊ မရှိဘူးလား။ စဉ်းစားကြည့်ဖို့ဖြစ်ပါသည်။


ကိုးကား http://www.buddhist-temples.com/gautam-buddha.html
http://en.wikipedia.org/wiki/Buddhism
Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

မျိုးချစ်

I was long fear that my sin would return to me one day and the cause is more than I can bear.
Mel Gibson ၏ The Patriot ဇာတ်ကားထဲ မှ ပထမဆုံးဇာတ်လမ်းအဖွင့် စကားပြောဖြစ်လေသည်။ Benjamin Martin (Mel Gibson) သည် French and Indian War တွင်တိုက်ခိုက်ခဲ့စဉ်က ရက်ရက်စက်စက် လူသတ် ခဲ့ဖူးသည်။ ထိုမကောင်း မှု့က သူ့ကိုခြောက်လှန့်နေခြင်းဖြစ်သည်။ သူသည် American Revolution အစတွင် စစ်တိုက်ရန်ငြင်းဆိုခဲ့သည်။ သူ့တွင် ကလေး (၇)ယောက်ရှိ၍ ဟုအကြောင်းပြသည်။ ထိုဇာတ်ဝင် ခန်းမှ The war is not only fought by the childless man ဆိုသည့် စာသားကိုလည်း သဘောကျမိသည်။ သို့သော်သူသည် စစ်ကို ရှောင်ခဲ့သည်။ သူ၏သားအကြီးကတော့ သူ့ အမိန့်ကို ဆန့်ကျင်ပြီး စစ်ထဲဝင်သွားသည်။
သူသည် စစ်ဖြစ်နေသော်လည်း ယခင်အတိုင်းငြိမ်းချမ်း စွာနေဖို့ကြိုးစားခဲ့ သည်။ သို့သော် ကံတရားက သူ့ကို မျက်နှာသာမပေးပါ။ သူ၏သားတစ်ယောက်ကို အင်္ဂလိပ် စစ်ဗိုလ်က ပစ်သတ်လိုက်သည့် အချိန်မှာတော့ သူမနေသာတော့ပါ။ စစ်ပွဲတွင် ပါဝင်ကာရွပ် ရွပ်ချွန်ချွန်တိုက်ခဲ့သည်။ နောက်ဆုံး တွင် အမေရိကန် တို့က အနိုင်ရရှိခဲ့သည်။
ဤဇာတ်လမ်းကို ယခင်က သိပ်နားမလည်ခဲ့ပါ။ Partiot ဆိုသည်မှာ မျိုးချစ်ပုဂ္ဂိုလ် ဟုနားလည်ထားပါသည်။ ကျွန်တော့်အမြင်မှာ Benjamin Martin ကမျိုးချစ် မဟုတ် ပါ။ သူ့မိသား စုကိုထိသဖြင့် စစ်ထဲကိုပါဝင် လာခြင်း ဖြစ်သည်ဟုယူဆသည်။
နောက်မှ သဘောပေါက်မိသည်။ Partiot ဟုနာမည်ပေးထားခြင်းမှာ မိမိ နိုင်ငံ၊ လူမျိုးကို ချစ်မြတ်နိုးရန်၊ ကာကွယ်ရန်၊ တာဝန်များကိုကျေပွန်စွာ ထမ်းရွက်ရန် ရည်ညွန်း ထားပါ သည်။ ကိစ္စတစ်ခုကို မိမိနှင့် မဆိုင်ဟု ဘဘောထားလို့ မရပါ။မိမိ မှီတင်းနေထိုင်သော ဒေသအတွင်းမှ ကိစ္စ အားလုံးသည် မိမိနှင့် သက်ဆိုင်သည် သာဖြစ်သည်။ ကိုယ်က မသက်ဆိုင် ဟုသဘောထားခဲ့ပါက ထိုကောင်းခြင်း ဆိုးခြင်း သည် မိမိဆီကို တစ်နေရာရာ တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သက်ရောက်မှု့ရှိမည်သာဖြစ်သည် ဟု ဆိုလိုထားခြင်းဖြစ် ပါသည်။ ရသပေးစွမ်းနိုင်သော၊ အသိပညာ ရရှိနိုင်သော ဇာတ်ကားကောင်း တစ်ကားဖြစ်ပါသည်။


walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

ရွာဦးစေတီ



ပေနှစ်ပင်ရွာသူကြီး ဦးလှမောင်သည် အိမ်ရှေ့ ကွပ်ပစ်တွင်ထိုင်ကာ ရေနွေးကြမ်းနှင့် မြို့ မှ တကူးတက မှာယူထားသော နဂါးနှစ်ကောင်ဆေးပေါလိပ်ကို ဖွာရှိုက်ရင်းတောင်တောင်အီအီ အတွေးနယ်ချဲ့နေမိသည်။ သူကြီးဦးလှမောင် ဟုဆိုသော်လည်း သူ၏အသက်မှာ လေးဆယ်ပင် မပြည့်တတ်သေး။ ဦးလှမောင်ဖခင် သည်လည်း ဤရွာ၏ သူကြီးပင်ဖြစ်ခဲ့သည်။ သူ၏ဖခင်သူကြီးဆုံးသောအခါ ရွာသူရွာသားများက တစ်ညီတစ်ညွတ်ထဲပင် ဦးလှမောင်အား သူကြီး အဖြစ်ရွေးခြယ်ခဲ့ ကြခြင်းဖြစ်သည်။ ဦးလှမောင်သည် ရွာရှိအတန်းပညာသင် ဖူးသူ အနည်းစုထဲမှာ ပါလေသည်။ သူသည်ခရိုင်မြို့ကြီး တွင်ပင် အတန်းကျောင်းတတ်ဖူးသည်ဟုသိရသည်။ ဘယ်နှစ်တန်း ထိတတ်ဖူးသည်ကို မူမည်သူမှ အတိအကျမသိကြချေ။
ဦးလှမောင်သည် ဆေးလိပ်ကိုရှိုက်ဖွာရင်းဖြင့် ဤရွာကို အဘယ်ကြောင့် ပေနှစ်ပင်ရွာဟု ခေါ်သနည်း ဟုစဉ်းစားနေမိသည်။ တစ်ရွာလုံးတွင် ပေပင်နှစ်ပင်တည်းရှိသဖြင့် ပေနှစ်ရွာဟု အမည်တွင်ခြင်း မဟုတ်သည်မှာတော့ သေချာသည်။ အဘယ်ကြောင့် ဆိုသော် ဤရွာတစ်ဝိုက်တွင် ပေပင်ပေါင်းမြောက် များစွာ ရှိသောကြောင့်ဖြစ်သည်။ ရွာရှိ ရှေ့ မှီနောက်မှီလူကြီးများ ကိုမေးမြန်းကြည့်ရာ လည်းမည်သူမှ သူကျေနပ်လောက် အဖြေနိုင်ကြချေ။ တစ်ချို့ လူကြီးများက ဆိုလျှင်
‘မောင်လှမောင်ရာ မင်းမလဲ လွယ်တာကို ခက်အောင်လုပ်နေပြီ နာမည်ဆိုတာ ပညတ်ချက်ပဲ ပေနှစ်ပင်ပဲခေါ်ခေါ်ပေ အပင်နှစ်ရာပဲခေါ်ခေါ် မထူးပါဘူးကွာ’ ဟုပင်ပြောကြသည်။ သို့သော် ဦးလှမောင်သည် ရှေးရိုးစွဲလူကြီးများကဲ့ သို့ အရာရာကိုမျက်စိမှိတ်လက်ခံနိုင်သူတစ်ဦးမဟုတ်ချေ။ သူက ‘ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ကြုံရင်ကြုံသလို စုံစမ်နေဦးမှာပဲ’ ဟုပြောတတ်သည်။
တကယ်တော့ ဤကိစ္စက ပြသနာမဟုတ်ပါ။ ရပ်ရေးရွာရေးကိစ္စ အချို့ တွင်သာ ရွာရှိရှေးရိုးစွဲလူကြီးများ နှင့် ဦးလှမောင်မကြာခဏ ကတောက်ကဆ ဖြစ်ရသည်။ တော်တော်များများ အခြေအနေမျိုးတွင် လူကြီးများကသာ အလျှော့ပေးရသည်ကများသည်။ အဘယ်ကြောင့်ဆိုသော် ဦးလှမောင်က ဗဟုသူတအတန်အသင့် ပြည့်စုံ၍ ချက်ကျလက်ကျပြောတတ်သည်ကတစ်ကြောင်း၊ တစ်ချို့အကြောင်းအရာများတွင် ဦးလှမောင်ပြောသည်မှာ မှန်နေသည်ကတစ်ကြောင်းတို့ ကြောင့်ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကပင် ‘အိမ်း မောင်လှမောင်ကတို့များထက် တော့ဗဟုသုတစုံပါတယ်ကွာ၊ ဒီတော့ မင်းပဲဆုံဖြတ်လကွာ’ ဟုပင်ပြောယူရသည်။
ယခုလည်းရပ်ရွာကိစ္စတိုင်ပင်ကြရင်း သူကြီးဦးလှမောင်နှင့် လူကြီးတစ်ချို့ အငြင်းပွားကြလေသည်။ ကိစ္စက ရွာလုံခြုံရေးကိစ္စဖြစ်သည်။ ခေတ်ကာကလည်း အင်္ဂင်္လိပ် အပြေး ဂျပန်အ၀င်ဖြစ်သဖြင့် ခေတ်ဆိုးကြီး ဖြစ်သည်။ အစိုးရအုပ်ချုပ်ရေး ယနရားကလည်း ရပ်ဆိုင်းသလောက်ဖြစ်နေသည်။ ထိုကြောင့် ကျေးရွာများမှာ မိမိလုံခြုံရေးမိမိတာဝန်ယူရသည့် အခြေအနေဖြစ်နေသည်။ ထိုကြောင့် သူကြီးဦးလှမောင်က ကျေးရွာရှိ ရံပုံငွေကို ကာကွယ်ရေးအတွက် ရွာစည်းရိုးခတ်မည်၊ လက်နက်အချို့စု ဆောင်းမည်ဟုတင်ပြသည်။ ရွာလူကြီးများကလည်း လက်ခံပါသည်။ သို့သော် သူတို့က ရံပုံငွေထဲမှ တစ်ချို့ တစ်ဝက်ကို ရွာဦးစေတီမွမ်းမံရေးအတွက်သုံးချင်သည်။ ဤသည်မှာ နှစ်စဉ်လုပ်နေကျ အလုပ်ဖြစ်သည်။ စေတီမှာလည်း ပြုပြင်သင့်နေပြီ။ သုတ်ထားသော ထုံးများကလည်းကွာနေပြီ။ အချို့နေရာများ ဆိုရင် အင်္ဂတေတောင် အနည်းငယ်ကွာကျနေပြီဖြစ်သည်။ ဤစေတီသည် ဟိုးဘုရင်ခေတ်ကတည်းက တည်ထားခဲ့သောစေတီဟုဆိုကြသည်။ ထိုခေတ်က မင်းသားကြီးတစ်ပါးသည် စစ်ထွက်ခါနီးတွင် ဤအရပ်တွင် လာပြီး စစ်ရေးလေ့ကျင့်သွားသည်။ ထို့နောက် ရန်အပေါင်းကို အောင်မြင်နိုင်ရန် အလို့ ငှာ အဓိဌာန်ပြီး ဤ ရန်အောင်မြင် စေတီကို တည်ထားခဲ့သည်ဟုဆိုသည်။ မှန်မမှန်မည်သူမျှတော့ အတိုအကျမသိကြချေ။
မည်သို့ ပင်ဖြစ်စေကာမူ ထိုစေတီသည် ရွာသူရွာသားတို့၏ အားကိုးအားထားရာတစ်ခုဖြစ် လေသည်။ ရွာသားတို့သည် အကြောင်းကြီးငယ်ရှိသည်များကို ဤစေတီ၌ ပူစော်ဆုတောင်းလေ့ရှိသည်။ ရပ်ဝေးသို့သွားရောက်မည့်သူများ၊ လယ်ထွန်ကောက်ရိတ်ပျိုးကြဲ စသည့်ဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်ထောင်ပြုမည်သူများပါမကျန် ဤစေတီ၌ ဦးစွာဆုတောင်းလေ့ရှိကြသည်။ ထိုသို့ ဆုတောင်းပူစော်လိုက် မှသာလျှင်မိမိလုပ်မည့် လုပ်ငန်းများတွင် အနှောက်အရှက်ကင်းရှင်းအောင်မြင်နိုင် မည်ဟုယုံကြည်ကြလေသည်။
ဤတွင်ဦးလှမောင်၏ ဘာသာရေးခံယူချက်ကိုသိရှိရန်လိုအပ်ပေသည်။ ဦးလှမောင်သည် မိရိုးဖလာအား ဖြင့်ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လေသည်။ သူ၏မိဘများမှာ ဘာသာရေးကိုင်းရှိုင်းသော သူများဖြစ်ကြသည်။ ဦးလှမောင်ငယ်စဉ်ကတော့ မိဘများကိုးကွယ်သော ဘာသာကိုကိုင်းရှိုင်းခဲ့ပါသည်။ သို့သော်မြို့ကျောင်းတတ်ပြီးသည့် အချိန်မှစ၍ သူ၏အမြင်မှာ တစ်မျိုးပြောင်းခဲ့သည်။ ထိုအချိန်က ကွန်မြူနစ်ဝါဒကလည်း မြန်မာနိုင်ငံတွင် စတင်ခေတ်စားသည့် အချိန်ဖြစ်သည်။ ထို့ကြောင့်တောမှ ကျောင်းသားလေး ကိုလှမောင်ကိုလည်း ထိုဝါဒကဖမ်းစားဟန်တူသည်။ သူသည် မြို့မှ ပြန်ရောက်သည့် အချိန်မှစ၍ ရုပ်ဝါဒီဆန်လာလေသည်။ သို့သော် သူ့၏မိဘများ ရှိစဉ်အခါကတော့ သူ၏ခံယူချက်ကို ပြောင်ပြောင်တင်းတင်း မဖော်ထုတ်ရဲခဲ့ပေ။ နောက်ပိုင်းတွင်မူ သူ၏ခံယူချက်ကို သွယ်ဝိုက်၍ တစ်မျိုးတိုက်ရိုက်တစ်ဖုံဖောက်ထုတ်ခဲ့လေသည်။ သို့သော်လည်းသူသည် ဘာသာမဲ့လုံးလုံးတော့လည်း မဟုတ်ချေ။ သူက
'ကျွန်တော်က ဘာသာမဲ့တော့ မဟုတ်ဘူးဗျ ဒါပေမဲ့ မိရိုးဖလာကိုးကွယ်တဲ့သတွေနဲ့ တော့ ယုံကြည်ပုံခြင်းမတူတာ' ဟုပြောတတ်လေသည်။
ယခုစေတီပြင်မည့်ကိစ္စတွင်လည်း ဦးလှမောင်နှင့် ရွာလူကြီး အချို့ အမြင်မတူကြ။ ဦးလှမောင် ကအရေးကြီးတာ အရင်လုပ်ချင်သည်။ ယခုအချိန်တွင် လက်နက်က အရေးကြီးသည်။ ထိုအုတ်ခဲစေ တီက မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ဟုယူဆသည်။ ထိုကြောင့် စေတီကို ယခုမပြင်နိုင် နောင်နှစ် ပြေလည်မှပြင်မည်ဟုဆိုသည်။ ရွာလူကြီးတစ်ချို့ ကဦးလှမောင်နှင့် ပြိုင်ငြင်းရန်ကြိုးစားသေး သော်လည်း ဦးလှမောင် ၏သြဇာကို မလွန်ဆန်နိုင်သည်ကတစ်ကြောင်း၊ ဦးလှမောင်ပြောသည်မှာ အထိုက်အလျှောက် နည်းလမ်းကျနေသည် တစ်ကြောင်းတို့ကြောင့် လက်လျှော့လိုက်ရသည်။ ရွာရှိ အသက် အကြီးဆုံး ဦးထော် က
ူ “မောင်လှမောင်ရဲ့ ဒီစေတီက တကယ်တန်ခိုးကြီးတာကွ၊ ဒါကိုမင်းလက်ခံရမယ်၊ မင်းလက်မခံရင်တောင် ရွာသားတွေရဲ့ယုံကြည်မှု့ကို မင်း လေးစားရမယ်“ ဟုပြောလေသည်။ သို့သော်လည်း ဦးလှမောင်က သူ၏ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါ။
ပေနှစ်ပင်ရွာ ကလေးကို ကာကွယ်ရန်လက်နက် အပြည့်စုံရရှိခဲ့သော်လည်း ထုံးကွက်ကြားစေတီလေး ကိုမြင်ရသော ရွာသူရွာသားများမှာ သိပ်စိတ်မချမ်းသာကြချေ။
ဤသို့ဖြင့်စစ်မီးကြီး သည်ပေပင်ရွာကလေးသို့ နီးသထက်နီးလာလေသည်။ သို့သော်လည်း ကံကောင်းသော ရွာကလေးမှာ ယခုအချိန်အထိ
အန္တရာယ်အငွေ့ အ သက်မတွေ့ရသေး။ သို့သော်မကြာမီတွင် ရွာသားများသည် စစ်ရိပ်စစ်ငွေ့များတွေ့လာရလေသည်။ အဝေးဆီမှ ပေါက်ကွဲသံ ကြားရခြင်း၊ ရံဖန်ရံခါ လေယာဉ်ပျံများကို တွေ့ရခြင်း တို့ကိုကြုံတွေ့ရလေသည်။ ဦးလှမောင်ကလည်း လုံခြုံရေး အစီအမံများကို စနစ်တကျချမှတ်လေသည်။ ရွာကို စည်းရိုးခတ်သည်။ ရွာရှိအားကောင်းမောင်းသန်များ စုစည်းပြီး လုံခြုံရေး အဖွဲ့ ဖွဲ့သည်။ ကင်းအလှည့်ကျစောင့်သည်။ ဗုံးဒဏ် ကာကွယ်ရန် အချို့နေရာများတွင် ကတုတ်ကျင်းများပင် တူးစေသည်။ ဦးလှမောင်၏အုပ်ချုပ်မှု့ အောက်တွင် အားလုံးသည် စနစ်တကျရှိနေလေသည်။
တစ်နေ့တွင်ကား လေယဉ်ပျံတစ်စီးသည် မည်ကဲ့သို့ မျက်စိလည်လမ်းမှား သည်မသိ။ ရွာတောင်ဘက်ပိုင်း ကုန်းမြင့်ပေါ်ရှိ ဦးသော်က အိမ်ပေါ်သို့ ဗုံးတစ်လုံးကျဲချလေသည်။ ထိုအချိန်က နေ့လည်ခင်းထမင်းစားချိန်ဖြစ်သဖြင့် ဦးသောက်က အိမ်မှ အိမ်သားအားလုံး အိမ်တွင်ရှိနေကြရာ အားလုံးသေဆုံးသွားလေသည်။ လေယာဉ်ပျံဝေးသွားမှ ဦးလှမောင်နှင့် ရွာသားများ ဦးသော်ကအိမ် သို့သွားရောက်ရှင်းလင်းကြလေသည်။ အိမ်သားများမှာ အလောင်းပင်ရှာမရတော့ချေ။ ရွာသားများ ကြောက်ရွံ့နေကြသည်။ ဦးလှမောင် ကမကြောက်ရန် အမျိုးမျိုးအားပေးသည်။ ကတုတ်ကျင်းများ ကို အိမ်တိုင်း တူးစေ၍ နောက်တစ်ကြိမ်လေယာဉ်ပျံသံ ကြားလျှင် ကတုတ်ကျင်းများထဲသို့ အမြန်ဆင်းရန်ညွှန် ကြားလေသည်။ တစ်ရက်နှစ်ရက် အကြာတွင် ရွာသားများ ယခင်အတိုင်းတည်တည်ငြိမ်ငြိမ်ပြန် ဖြစ်သွားသည်။ ဦးလှမောင်၏ စီမံကွပ်ကဲမှု့အောက်တွင် တစ်ရွာလုံးစနစ်တကျဖြစ်နေသည်ကို ကြည့်ပြီး ဦးလှမောင်တစ်ယောက်ကျေနပ်နေသည်။
သို့သော် အခြေအနေက ကြာကြာမခံပါ။ ပြသနာ ကတစ်နေ့ညကစလေသည်။ တစ်နေ့ညတော့ လေယာဉ်ပျံသံကြားရပြီး ရွာထိပ်သို့ဗုံးကျဲချလေသည်။ မည်သည့်နေရာကိုဗုံးထိမှန်သည်ကိုကား မသိရချေ။ နံနက်လင်းမှ ရွာသားမျာစုပြီး ဗုံးကျသည့်နေရာကိုရှာဖွေကြလေသည်။ ဗုံးထိမှန်သည့်နေရာကား ရန်အောင်မြင် စေတီဖြစ်လေသည်။
ဦးလှမောင်နှင့်ရွာလူကြီး အချို့ရောက်သွားသော အချိန်တွင်စေတီတည်ရှိရာကုန်းမြင့်ပေါ်တွင် ရွာသူရွာသားများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ အားလုံးသည် သွေးမရှိတော့သောမျက်နှာများရပ်နေကြ သည်။ စေတီကားမရှိတော့ချေ။ စေတီနေရာတွင်ချိုင့်ခွက်ကြီးနှင့် အုတ်အကျိုးအပဲ့များသာကျန်ခဲ့လေသည်။ ယခင်ကဤနေရာတွင်စေတီတည်ရှိသည်ဟုသိထားသည့်သူများသာ စေတီတည်နေရာကို မှန်းဆနိုင်မည်ဖြစ် သည်။ ရွာသားအားလုံးသွေးပျက်နေကြသည်။ အချို့လူကြီးများက တို့ရွာတော့ ကပ်ဆိုက်တာပဲဟုငြီးငြူကြသည်။ မိန်းမနှင့်ကလေးများက ငိုကြသည်။ အားလုံး၏စိတ်ထဲတွင် မကြာခင်၌ ကပ်ဆိုးကြီးတစ်ခုကျရောက်တော့မည်ဟုစွဲမှတ်နေကြသည်။
နောက်ရက်ကစပြီးရွာတွင်မည်သူမျှ အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့။ အားလုံးက သည်အကြောင်းပဲတွေးနေကြသည်။ သူကြီးဦးလှမောင်က အခြေအနေကိုထိန်းရန်ကြိုးစားသည်။ ရွာသားများကို အားပေးသည်။ သူက
“ခင်ဗျားတို့ ဒီလောက် အယူမသီးကြနဲ့ ဒီအုတ်ခဲနဲ့ဆောက်တဲ့ စေတီက ကျွန်တော်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ပါဘူး“ ဟုပြောသည်။ ဦးလှမောင်ပြော သော်လည်း ရွာသားတို့၏ အကြောက်တရားကို မလွှမ်းမိုးနိုင်ခဲ့။ ထိုအချိန် မည်သူကစလိုက်သည် လည်းမသိ “စေတီပျောက် ရွာမှောက်“ ဆိုသည့် တဘောင်လိုလို စကားကလည်း ရွာသားတို့၏ အကြောက်ဒီရေကိုတိုးမြှင့်စေခဲ့သည်။ ရွာသားများက ဘေးကင်းရွာသို့ ပြောင်းရွေ့ရန်ဦးလှမောင် ကိုပြောသည်။ သို့သော် သူကြီးကလက်မခံ။
“ အကယ်၍ ခင်ဗျားတို့အားလုံး ပြောင်းသွားရင် ကျုပ်တို့ရွာလေး ပျက်သွားမှာပေါ့။ ဘယ်လောက်ကြာမလဲမသိတော့ လယ်တွေကောကုန်မယ်။ ရေတွင်းတွေပျက်စီးမယ်။ ကျွဲနွားတိရိစ္ဆာန်တွေအားလုံးကိုရောဘယ်လို လုပ်မလဲ၊ အခုဘာမှမဖြစ်သေးပဲနဲ့ ခင်ဗျားတို့ဘာလို့ပြောင်းရမှာလည်း၊ကျုပ်တို့ရွာကို ကျုပ်တို့ ကာကွယ်နိုင်တာပဲ“။ ဦးလှမောင် ဘယ်လောက်ပြောပြောရွာသားတွေနားမ၀င်ချင်တော့။
ရွာတောင်ပိုင်းမှ ဆေးဆရာ ဦးဖိုးထိန် တို့မိသားစု တိတ်တဆိတ်ပြောင်းပြေးသော အချိန်မှ စ၍ အခြေအနေကို ဘယ်လိုမှ ထိန်းမရတော့။ မိသားစုတစ်စုပြီးတစ်စုပြောင်းပြေးကုန်ကြသည်။ နောက်ဆုံးတွင် ဦးလှမောင်တို့မိသားစု နှင့် ရုတ်တရက် မပြောင်းနိုင်သေးသော မိသားစုအချို့သာ ကျန်ရစ်ခဲ့လေသည်။
ဦးလှမောင်သည် စေတီပျက်အုတ်ခုံပေါ်တွင်ထိုင်ပြီး အတွေးနယ်ချဲ့နေမိသည်။ အင်း ဦးသော်ကတို့ မိသားစုသေတုံးက ရွာသားတွေက မကြောက်ပဲနဲ့ ဘာဖြစ်လို့ ဒီစေတီပြိုမှ ကြောက်သွားရတာလည်း။ ဒီစေတီက တကယ်တန်ခိုးရှိလို့လား။ အဲဒီလိုတန်ခိုးရှိတယ်ဆိုရင်လည်း တန်ခိုးက စေတီမှာရှိတာလား လူတွေမှာရှိတာလား။ လူတွေကယုံကြည်လို့ အဲဒီယုံကြည်မှု့ကနေ တန်ခိုးဖြစ်သွားတာလား။ ဒါမှမဟုတ်အဲဒီယုံကြည်မှု့ကိုပဲတန်ခိုးလို့ခေါ်တာလား။ လူတွေမယုံကြည်ရင်ရော အဲဒီစေတီက တန်ခိုးရှိသေးသလား။ ဦးလှမောင်တွေးရင်း ခေါင်းရှုပ်လာသည်။
“အင်း ဘယ်လိုပဲဖြစ်ဖြစ်စေတီက တန်ခိုးရှိတယ်ပဲပြောရမှာပေါ့လေ“ ဟုငြီးငြူရင်း ပေနှစ်ပင်ရွာသူကြီးဦးလှမောင်သည် စိတ်ညစ်ဟန်ဖြင့် ခေါင်းတရမ်းရမ်း ဖြင့် ကျန်ရှိနေသော ပစ္စည်းများ ထုတ်ပိုးရန် အိမ်ဘက်ဆီသို့ လေးကန်စွာ ထွက်ခွာသွားလေသတည်း။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP