Wednesday, December 10, 2008

ဝံပလွေများနှင့်ကခုန်ခြင်း




အမေရိကန်ပြည်တွင်းစစ်ကာလဖြစ်သည်။ ရှေ့တန်းစခန်းတစ်ခုအတွင်းရှိ ဆေးရုံလူနာကုတင်ပေါ်တွင် သူလဲလျှောင်းနေသည်။ ဆရာဝန်နှစ်ဦးက သူ့ဘေးတွင်ရပ်ပြီး ဆွေးနွေးနေကြသည်။ သူ့ခြေထောက်ကို ဖြတ်ပစ်တော့မည်။ ကံကောင်းထောက်မစွာ ခြေထောက်မဖြတ်ခင်မှာ ဆရာဝန်နှစ်ဦး အပြင်ထွက်သွားသည်။ သူသည် လူနာကုတင်ပေါ်မှာ အားယူပြီးခေါင်းထောင်ကြည့်လိုက်သည်။ မလှမ်းမကမ်းတွင် ခြေထောက်ပြတ်နေသော စစ်သည်တစ်ဦး ဂျိုင်းထောက်ဖြင့် ထော့ကျိုးထော့ကျိုးသွားနေသည် ကိုတွေ့ရသည်။ သူအလွန်ဝမ်းနည်းသွားသည်။ မကြာခင်သူလည်း ထိုစစ်သားကဲ့သို့ဖြစ်တော့မည်လော။ သူဘယ်နည်းနဲ့မှ ထိုကဲ့သို့အဖြစ်မခံနိုင်ပါ။ နာကျင်မှု့ ကိုကြိတ် မှိတ်ပြီး သူကုတင်ပေါ်မှထသည်။ ဆရာဝန်များချွတ်သွားသော သူ၏ဖိနပ်ကို လှမ်းယူလိုက်သည်။ သူဖိနပ်စီးရန် ကြိုးစားသည်။ ခြေထောက်က ဒဏ်ရာကြောင့် သူ့အတွက်မလွယ်လှ။ ခဲခဲယဉ်းယဉ်း စီးလိုက်ရသည်။ ထိုနောက့် သူဒယိမ်းဒယိုင်ဖြင့် စစ်မြေပြင်သို့ပြန်သွားသည်။ ထိုအချိန်က စစ်မြေပြင် တွင် တစ်ဖက်နှင့်တစ်ဖက် စောင်နေကြသည့် အချိန်။ လူရိပ်မြင်လျှင် လှမ်းပစ်ရုံသာ။ စည်းရိုးအကွယ်တွင်မှိန်းနေသော သူ့မိတ်ဆွေနားသို့သူရောက်သွားသည်။ ရန်သူဖက်ကလှမ်းပစ်လေ သည်။ ကံကောင်းထောက်မ၍ သူကိုမထိ။ သူကတော့ တုတ်တုတ်မှ မလုပ်။ သူ၏မိတ်ဆွေက ဆေးရုံက ဘယ်လိုလည်း ဟုမေးသည်။ သူက သိပ်မကောင်းဟုသာ လေးလေးပင်ပင်ပြန်ဖြေသည်။ သူမိတ်ဆွေ ရဲ ဘော်က သူ့ကို စကားပြောရင်း ရန်သူကိုလှမ်းပစ်နေသည်။ သူဘာစိတ်ကူးပေါက်သွားသည် မသိ။ မြင်းဇောင်းမှ မြင်းတစ်စီး ယူပြီး ရန်သူနှင့် သူတို့ကြားရှိ ကွင်းပြင်တွင် ရင်ကိုကော့ မြင်းဇက်ကို လက်လွက်ပြီး စီးလေသည်။ ရန်သူများက ငြာသံပေးပြီး ပစ်ကြသည်။ သူ့ကိုတစ်ချက်မှ မထိ။ ထိုသို့ ရန်သူများသူ့ကို စိတ်ဝင်စား နေစဉ် သူတို့ဖက်မှ ရန်သူကို အငိုက်ဝင်တိုင်ပြီး အနိုင်ရလိုက်လေသည်။ သူလည်း သူရဲကောင်းဖြစ်သွားသည်။



အထက်ပါ ဇတ်ဝင်ခန်းသည် ဒါရိုက်တာ မင်းသား Kevin Costner ၁၉၉၀နှစ်က ရိုက်ကူးသော Dances with Wolves, ဇာတ်ကားထဲမှပထမဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ မင်းသား Kevin Costner က Lt. John J. Dunbar အဖြစ်သရုပ်ဆောင်ထားသည်။ ကြည့်ရှု့သင့်သော ဇာတ်ကားတစ်ကားဖြစ်ပါသည်။
သူရဲကောင်း ဖြစ်ပြီးနောက် ထို Lieutenant သည် အထူးအခွင့် အရေးရသော်လည်း လူနီရိုင်းများ နှင့် တိုက်ခိုက်နေသော အနောက်ဖက် စစ်မြေပြင်ကိုသာ သွားရန် သူ့သဘောနဲ့သူတောင်းဆိုခဲ့သည်။ သူအနောက်ဖက်စစ်မြေပြင်ရှိ အစွန်အဖျားရှိ စခန်းသို့ရောက်သောအခါ ထိုစခန်းတွင် လူတစ်ယောက်မှ မရှိတော့။ သို့သော်သူသည် ထိုစခန်းတွင် တစ်ယောက်တည်းနေခဲ့သည်။ ထိုစခန်းကိုသူဟာသူပြင်သည်။ သူ၏ အဖော်မှာ မြင်းလေးတစ်ကောင်သာရှိသည်။ သူ့ဘ၀သည် အလွန်လွပ်လပ်နေသည်။ ရေချိုးရင်လည်း စခန်းအနီးရှိရေအိုင်တွင် ကိုယ်တုံးလုံးချိုးသည်။ လူ့အသိုင်းအ၀ိုင်း၏ ရှုပ်ထွေးပွေလီသော ကိစ္စများနှင့် ကင်းဝေးနေသည်။ သူသည်ဝံပလွေတစ်ကောင်နှင့်ပင် ရင်းနှီးလာသည်။
မကြာမီသူသည် လူနီရိုင်းတို့၏မိတ်ဆွေဖြစ်လာသည်။ လူနီရိုင်းတို့ က သူ့ကို ၀ံပလွေနှင့် ကခုန်သူဟုခေါ်ကြသည်။ ထိုနောက်သူသည် လူနီရိုင်းတို့ဆီတွင်သွားနေသည်။ သူတို့အတွက် စစ်ပင်တိုက်ပေးသည်။ ဇာတ်လမ်းကို အကြမ်းဖြင်းသာ ဖော်ပြခြင်းဖြစ်ပါသည်။ အချိန်ရလျှင် ကြည့်သင့်သော ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါကြောင်း။
walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Tuesday, December 9, 2008

ဘုရားဖူးသွားခြင်း

(အဆိုးမြင်ဝါဒကို မကြိုက်နှစ်သက်သူများ မဖတ်ပါနှင့်။ ဤစာသည် အဆိုးမြင်ဝါဒီ တစ်ယောက်က ရေးသားထားခြင်းကြောင့်ဖြစ်သည်။)

မနေ့ကတနင်္ဂနွေနေ့လေ။ ကောင်မလေးနဲ့အတူ ဘုရားကိုသွားကြတယ်။ ခင်မောင်တိုးသီချင်း ထဲကလို ပေါ့။ မောင်မယ်စုံတောင်ဖက်မုတ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့ ဆိုသလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့သွားတာက မန္တလေးက မဟာမုနိဘုရားကြီးဆိုတော့ လှေခါးတော့ တတ်စရာမလို ဘူးပေါ့။ မနက်စောစော ကောင်မလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။ ကုသိုလ်လည်းရ၀မ်းလည်း ၀ပေါ့။ အဲဟုတ်သေးပါဘူး။ ဒီလိုနဲ့ ဘုရားကြီးကိုရောက်တော့ ဆိုင်ကယ် စတန်းမှာ ဆိုင်ကယ် အပ်တော့ အပ်ခက ၂၀၀ တဲ့။ မန္ထလေးမှာ နေရာအတော်များများမှာ ဆိုင်ကယ် အပ်ခက ၁၀၀ ပဲပေးရတယ်။ အင်းလေ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင်ဘုရားကြီးပဲ ဒီလောက်တော့ လှူရမှာပေါ့။ ဆိုင်ကယ် စတန်းကနေ ဘုရားထဲကို လျှောက်ရတဲ့လမ်းက တော်တော် ညစ်ပတ်တယ်။ ဖိနပ်ကို ထားခဲ့တာဆိုတော့ ဖိနပ်မပါပဲ လျှောက်ရတာလေ။ မနေ့က မိုးလည်းရွာထားတော့ ရွံ့တွေနဲ့။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ပန်းရောင်းတဲ့မမတွေလေ။ ၀ယ်ပါယူပါနဲ့ အလကားပေးနေသလား မှတ်ရတယ်။
မ၀ယ်ဘူးပြောလည်း မရဘူး။ တကယ်ဝယ်တော့ လည်း ပန်းစည်းသေးသေးလေးကို ၅၀၀ လောက်ပေးရဦးမယ်။ ၅၀၀ လောက်လည်း ဘာအရေးလဲ ဘုရားလာတာ ကုသိုလ်ရဖို့ပဲ မဟုတ်လား။ လှူတယ်လို့ သဘောထားရမှာပေါ့။ ပြီးတော့ အဲဒီပန်းသယ် မမတွေနဲ့ အပြိုင်က ပိုက်ဆံတောင်းတဲ့ အဒေါ်ကြီးတွေလေ။ အောင်မာ တန်းစီပြီးတောင်းနေတာဝန်ကြီးချုပ်လာလို့ လူတွေ တန်းစီပြီးကြိုနေတာကျနေတာပဲ။ မဆီမဆိုင် ကိုယ်တောင် ဘ၀င်မြင့်သွားသေးတယ်။ ဘုရားထဲကို စ၀င်တော့ လမ်းဘေးမှာ ဈေးသည်တွေ အများကြီးပဲ။ သတိထားမိတာကတော့ ငှက်ရောင်းတဲ့သူကကိုပဲ။ လှောင်ချိုင့်ထဲမှာ ငှက်ကလေးတွေ အများကြီးပဲ။ ကုသိုလ်ကောင်းမှု့လုပ်တဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက တကူးတကဖမ်းထားတဲ့ ငှက်ကလေးတွေ ကို တကူးတကလွတ်ပြီးကုသိုလ်ယူကြတယ်တဲ့ဗျ။ တစ်ချို့က “နင့်အသက်တစ်ခါလွှတ် ငါအသက်ဆယ်ခါလွတ်“ လို့အော်ကြတယ်ဆိုပဲ။ တော်တော်မြတ်တာပဲနော်။ ငှက်ရောင်းတဲ့သူက “အကိုကြီး ငှက်ကလေးတွေ လွတ်ပေးပါဦး“တဲ့။ အောင်မာသူပြောတဲ့ပုံက သူ့ငှက်မလွတ်ရင် ကိုယ်ကပဲ အကြင်နာတရား မရှိတဲ့သူလိုလို။ သူကြည့်တဲ့ အကြည့်ကလည်း သေခါနီးလူနာကို ကုလို့ရရဲ့သားနဲ့ ပိုက်ဆံမရလို့ မကုတဲ့ ဆရာဝန်ကိုကြည့်သလိုမျိုး။ ထင်ချင်သလိုထင်ကွာ။ ကျွန်တော်တော့ မလွတ်ဘူး။ ပြီးရင်သူတို့ကပြန်ဖမ်းမှာပဲ။ တစ်ချို့ကတော့ ပြောကြတယ်။ သူ့ဟာသူပြန်ဖမ်းဖမ်း မဖမ်းဖမ်း မင်းဒီ တစ်ကြိမ် လွတ်လိုက်ရင် အဲဒီငှက်ကတော့ အကျိုးရှိသွားတာပဲတဲ့။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကျွန်တော်က အဲဒီလို လွတ်လိုက်ပြီထား ငှက်ကတော့ လွတ်သွားပါတယ်။ သူတို့က အကျိုးအမြတ်ရသွားတယ်။ လွတ်တဲ့သူများလေလေ သူတို့က အကျိုးအမြတ်ပိုများပြီး နောက်ဆို ပိုကောင်းတဲ့ ငှက်ထောင်နည်းတွေသုံး။ ငှက်တွေပိုဖမ်း၊ လူတွေကပိုလွတ်နဲ့ တော်ပြီ အဲဒီ သံသရာထဲ ကျွန်တော် မပါချင်ဘူး။ ပိုက်ဆံကုန်သူ ကျွန်တော်မျိုး၊ အဖမ်းခံရသူငှက်၊ အကျိုးအမြတ်ရသူ သူတို့ပဲလေ။ ဟင်း ဘုရားလာမှ အကုသိုလ်အတော်များနေပြီ။ စိတ်လျှော့ တရားနဲ့ဖြေ။ အဲလိုနဲ့ ဆက်လျှောက်လာတော့ ရှေ့နားလူသွားလမ်းဘေးမှာ ဦးဇင်းတစ်ပါး။ မတ်တပ်ရပ် မျက်စိစုံမှိတ် သပိတ်လေးပိုက်ပြီး ပါးစပ်ကလည်း ပတွတ် ပတွတ်နဲ့ ဘုရားစာရွတ်နေတာဗျာ။ ဘာလုပ်တာလဲလို့ သေချာကြည့်လိုက်တော့မှ အလှူခံနေတာဗျ။ အော်ဖြစ်မှ ဖြစ်ရလေ။ အလှူခံတာများ ရိုးရိုးခံလည်း ရပါတယ်။ အခုဟာက သီချင်းအကျယ်ကြီးဖွင့်ပြီး သူလာတာ သိအောင်လုပ်ရတဲ့ ထီလှည်းလိုဖြစ်နေပြီ။ ဟောဗျာ အကုသိုလ်တစ်မျိုးဝင်ပြန်ပြီ။ မဖြစ်ဘူး အထဲမြန်မြန်ဝင်မှ ဆိုပြီး သုတ်သုတ်လျှောက်လာခဲ့တယ်။ ဘုရားထဲဝင်ခါနီး ပြတိုက်နားမှာ လည်း ပိုက်ဆံတောင်းတဲ့ အမယ်ကြီး တစ်စုဗျာ။ လာပြန်ပြီဒီမှာ တစ်ဖွဲ့။ အထက်လွတ်တော် အောက်လွတ်တော်များ ခွဲထားသလားပဲ။
နောက်ဆုံး တော့ ဆင်းထုတော်ထားတဲ့ ဂူနားကို ရောက်လာခဲ့ပါတယ်။ လူတွေကို ကြိတ်ကြိတ်တိုး နေတာပဲဗျ။ အထဲမှာ တစ်ခုခု အလကားဝေနေသလားမှတ်ရတယ်။ မိန်းမတွေကတော့ အထဲမ၀င်ရတော့ အပြင်ကနေပဲ မျှော်ပြီး ရှိခိုးရတယ်။ ကောင်မလေးက အပြင်မှာ ရှိခိုးနေခဲ့ပြီး ကျွန်တော်က လူတွေကို တိုးဝှေ့ ပြီး ကန်တော့ရအောင်အထဲဝင်။ နှစ်ပေပတ်လယ်လောက် နေရာလေးရအောင်မနည်းကြိုးစား ရှာရတယ်။ အထဲမှာ ချွေးနံ့ လူနံ့တွေက မွန်းကျပ်နေတာပဲ။ ထိုင်ပြီးကန်တော့မယ်ဆိုပြီး မော့လိုက်တော့ ဆင်းထုတော်မှာ ရွှေချနေတဲ့သူတွေ မနည်းပါလား။ ထန်းလျှက်ခဲကို ၀ိုင်းအုံနေတဲ့ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ ကိုယ်ကဘုရားကန်တော့ချင်တာ မထူးပါဘူးကွာကဆိုပြီး သူတို့ပါရောကန်တော့ခဲ့ရတယ်။ ပညာရှိတွေကတော့ ပြောကြတယ်။ ကိုယ်ကဘုရားကို ရည်စူးပြီး ရှိခိုးတာပဲတဲ့။ သူတို့ရှိလည်း ကိုယ်ကစိတ်ရှင်းနေဖို့ပဲ အရေးကြီးတယ်တဲ့။ ဟုတ်ကဲ့ အဲလိုဆိုကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ အဲလိုရည်စူးပြီး ကန်တော့တာဆိုရင် ဘာလို့များ ဘုရားကြီး လာနေသေးလည်းဗျာ။ ကိုယ့်အိမ်ကကို ကန်တော့ပေါ့။ မျက်နှာတော်ကြည့်ချင်ရင် ပုံတော်တွေဝယ်လို့ရတာပဲ။ ကဲအဲလိုပြောတော့ ကျွန်တော်က ပဲ လူ့ဂွစာဖြစ်ဦးမယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်ကန်တော့ခဲ့ပါတယ်။ အဲကန်တော့နေတုန်းအပြင်ထွက်တဲ့ သူတစ်ယောက်က၀င်တိုက်သွားသေးတယ်။ အမလေး ငြိမ်းချမ်းလိုက်တာဗျာ ဘုရားကန်တော့ရတာ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ကန်တော့ပြီး ပြန်ထွက်လာခဲ့တယ်။ (ပြန်အထွက်မှာ ကန်တော့နေတဲ့သူတစ်ယောက်ကို ၀င်တိုက်ခဲ့သေးတယ်)။ အပြင်ရောက်တော့ မရွှေချော ကကန်တော့ လို့မပြီးသေးဘူး။ လက်ထဲမှာ လည်း ဘယ်အချိန်က၀ယ်ထားမှန်းမသိတဲ့ ပန်းစီးနှစ်စီးနဲ့။ တစ်စီးကတော့ ကျွန်တော့ အတွက်ပဲနေမှာပါ။ အဲလိုတွေးနေတုန်း အနားကို ဦးဇင်းနှစ်ပါးရောက်လာတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါဦးတဲ့“ ခပ်မာမာပြောတယ်။ ကျွန်တော်က ကန့်တော့ပါသေးရဲ့ လို့ပြန်ပြောလိုက်တော့ အနားကပ်လာပြီး ခပ်မာမာထပ်ပြောတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါ တဲ့“။ရန်ရှာတော့မယ့်ပုံဗျာ။ ရုပ်ရှင်ထဲမှာ မင်းသားကို လူဆိုးနှစ်ယောက်က ၀ိုင်းလာသလိုမျိုးပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားက ယိယားဆိုပြီး ချပြစ်လိုက်မှာပဲ။ ဒါမေမယ့် အခုတော့ဗျာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေကြားမှာ ကျွန်တော်က ဘုန်းကြီးနှစ်ပါးနဲ့ ထရန်ဖြစ်နေရင် တယ်မသင့်တော်တာနဲ့ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒမြတိုက်ခံရသလိုပါပဲ။ ဘုန်းကြီး အတုတွေကြောင့် ဘုန်းကြီး အစစ်တွေ ဘယ်လောက် သိက္ခာကျလိုက်မလဲ စဉ်းစားကြည့်ကြပါ။ ဒါနဲ့ဖြစ်ချေဘူးဆိုပြီး နေရာပြောင်းရပ်တော့ ဘုရားကြီးလုံခြုံရေး ယူနီဖောင်းနဲ့ လူတစ်ယောက်လာပြီးတော့ “ညီလေး မျက်နှာသစ်တော် ရပြီးပြီလား“တဲ့။ ကျွန်တော်ကလည်း ဘုမသိဘမသိတဲ့ မရသေးဘူးလို့ပြောလိုက်တော့ ဒါဆိုလာ ဆိုပြီးတော့ အနားက ကောင်တာကနေ မျက်နှာသစ်တော် တဘက်တစ်ခုယူပေးတယ်။ ကျွန်တောက်က ကျေးဇူးပဲ အစ်ကိုကြီး ကို ပြောမလို့ကြံနေတုန်း “ငါးရာပါ ညီလေးတဲ့“။ အောင်မလေး ဒါကအေးဒမြ ဗျ။ တတ်နိုင်ဘူးလေ ပေးလိုက်ရတာပေါ့။ ဂေါပကလူကြီး ချွေးသုတ်တဲ့ တဘက် မဟုတ်တာ တော်သေး ပဲလို့ အောင့်မေ့ရတာပဲ။ ကျွန်တော်တော့ ဘုရားကြီးတစ်ခေါက်သွားတာ အကုသိုလ်တွေပဲ ရလာတယ်ဗျာ။ စိတ်ထားတတ်ရင်မြတ်တယ်တဲ့။ ကျွန်တော်ကမထားတတ်လို့ပဲနေမှာပါ။ ကျွန်တော့်ကောင်မလေး ကိုဒီအကြောင်းတွေပြောတော့ အဆူခံရတယ်ဗျာ။ သူတို့ ခဏခဏလာ နေတာ ဘာမှ မဖြစ်ဘူးတဲ့။ ရှင့်ကျမှ ဖြစ်တယ်။ ရှင်ကိုက အဆိုးမြင်ဝါဒီဖြစ်နေလို့နေမှာတဲ့။ ဟုတ်ပါတယ်ဗျာ ကျွန်တော်ကိုက အဆိုးမြင်ဝါဒီပါ။ ဒါနဲ့ သူ့ကိုချော့ရင်း ဘုရားကို တစ်ပတ်ပတ်ပြီး အိမ်ကို အကုသိုလ်များစွာ နဲ့ပြန်လာခဲ့ပါတော့တယ်။

Walking in the desert
ဒီဇင်ဘာ၊ ၂၀၀၈

Read More...

လွဲနေသော“စံ“

ကျွန်တော်သည် စည်းစနစ်ကျသူတစ်ဦးဖြစ်သည်။ (သို့မဟုတ်) စည်းစနစ်ကျသူ တစ်ဦးဟု ကျွန်တော်ကို ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော့်၏ သူငယ်ချင်း မိတ်ဆွေများကတော့ ထိုကဲ့သို့ မထင်ကြပါ။ ငကြောင်၊ ဘ၀င်ရူးဟုသာထင်ကြပါသည်။ သူတို့ ဘယ်လိုထင်ထင် ကျွန်တော် ဂရုမစိုက်ပါ။ ကျွန်တော့် 'စံ' နှင့်ကျွန်တော်သာနေပါသည်။ ထို့ကြောင့်လည်း စကားဝိုင်းများတွင်သူတို့ နှင့်ကျွန်တော် မကြာခဏ အငြင်းပွားလေ့ရှိသည်။

လက်ဖက်ရည်ဆိုင်တွင်ထိုင်နေရင်း လမ်းဘေးသို့ ဆေးလိပ်တိုကို လွင့်ပစ် သောသူကို
၎င်း၊ မြောင်းထဲသို့ ပလပ်စတစ်အိပ်ခွံပစ်ချသောသူကိုလည်းကောင်း ကျွန်တော်ကနှိပ်ကွပ်သည်။
” အေး မင်းတို့လို စည်းမဲ့ကမ်းမဲ့ကောင်တွေရှိနေလို့ ငါတို့ နိုင်ငံမတိုးတက်တာကွ၊ နိုင်ငံသားတိုင်းသာ ကိုယ့်တာဝန်ကိုယူပြီး စည်းကမ်းရှိနေရင် ငါတို့ နိုင်ငံ အခုအချိန်ဆိုရင် နိုင်ငံတကာ အဆင့်မှီနေပြီကွ”
သူတို့ကလည်းပြန်ချေပသည်။
”ဟေ့ကောင်ရ ဒါမျိုးစည်းကမ်းဆိုတာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့လုပ်မှရမှာကွ၊ ဥပမာကွာ နိုင်ငံခြားမှာ လိုလမ်းထောင့် တိုင်းမှာသာ အမှိုက်ပစ်စရာ အမှိုက်ပုံးရှိနေရင်၊ လမ်းတွေက နဂိုကတည်းက သန့်ရှင်းပြီး အမှိုက်ပစ်ရက်စရာမရှိရင် ဘယ်သူမှ လမ်းဘေးကို အမှိုက်မချဘူးဟေ့ကောင်”
ထိုအခါကျွန်တော်က
”အေး ဒါတော့ဒါပေါ့ ဒါပေမယ့်ဒီလိုအခြေအနေမျိုးရောက်အောင် စောင့်မနေပဲ အခုကတည်းက တစ်ယောက်ချင်း စီကနားလည်မှု့နဲ့စည်းကမ်းရှိသွားရင် သူ့ဟာသူတိုး တက်သွားမှာကွ”
ထိုအခါတစ် ယောက်က ၀င်ပြောသည်။
”ဟေ့ကောင် ကိုကြီးကျယ်ရာ အပိုတွေလျှောက်ပြောမနေပါနဲ့၊ ခွေးဟောင်လို့ တောင် မရွှေ့ပါဘူးကွာ၊ မင်းကရောဘယ်လောက်စည်းကမ်းရှိနိုင်လို့ လည်း”
မဖြစ်ချေတော့ ဒီကောင်တွေ ကျွန်တော့်မူကိုထိလာပြီ။
”အေး ငါကအမြဲ ငါမူနဲ့ ငါနေတာကွ၊ မယုံရင်မင်းတို့စောင့်ကြည့်နေ။ ငါ့ သုံးတဲ့ အမှိုက်က လမ်းဘေးတို့ ၊မြောင်းထဲတို့ ဘယ်နည်းနဲ့မှ မရောက်စေရဘူး။ အရင်ကလည်းမရောက်ဘူး၊ အခုလည်းမရောက်ဘူး၊ နောင်လည်းရောက်မှာမဟုတ်ဘူး ”
ထိုနေ့မှစပြီးကျွန်တော့် စကားနှင့် ကျွန်တော် ကျွန်တော်သုံးသည့် အမှိုက်ကိုစနစ်တကျ အမှိုက်တောင်းထဲသို့ အမြဲရောက်အောင် ယခင်ကထက်ပို၍ ဂရုစိုက်ပါသည်သည်။ သူတို့တွေ ဘယ်လိုပဲလှောင်လှောင် ကျွန်တော်မမှု့ပဲကျွန်တော့် မူအတိုင်းသာလုပ်သည်။
တစ်နေ့ လက်ဖက်ရည်ဆိုင်မှ အပြန် ကျွန်တော်သောက်သည့် ဆေးလိပ်တိုကို ပစ်စရာ အမှိုက်တောင်း ရှာမတွေ့သဖြင့် အိမ်ရောက်မှပစ်ရန်အိပ်ထောင်ထဲသို့ ကျွန်တော်သေသေချာချာ ထည့်ယူ လာခဲ့သည်။ သူတို့ ကတော့ကျွန်တော့်ကို ထုံးစံအတိုင်းဝိုင်းလှောင်ကြသည်။ သို့သော်ကျွန်တော်မမှု့ပါ။ ကျွန်တော်က ကျွန်တော့် စံနှင့် ကျွန်တော်နေသည် မဟုတ်ပါလား။ အိမ်ရောက်မှ ထိုအမှိုက်ကို စနစ်တကျ အမှိုက်တောင်းထဲသို့ ထည့်လိုက်သည်။ အဲဒီနေ့က ကျွန်တော့်ကို ကျွန်တော် အတော်ကျေနပ်နေပါသည်။
ထိုနေည ညစာထမင်းစားပြီး ကျွန်တော်အိမ်ရှေ့ တွင်စာထိုင်ဖတ်နေစဉ် အမေက အထုပ်ကြီး တစ်ထုပ်ဆွဲပြီး မီးဖိုထဲမှထွက်လာသည်။
”အမေ ညကြီးမင်းကြီးဘယ်လည်းဗျ“
“အမှိုက်သွားပစ်မလို့လေ“
“ဟင် ဒီအချိန်ကြီး အမှိုက်ကားလာလို့လား” ထိုအခါအမေက
“ဟဲ့ နင့်အမှိုက်ကားကမလာတာ တစ်ပတ်လောက်ရှိပြီ အခုဟာ မှောင်တုံး ဟိုဖက်လမ်း ကြား ထဲသွား ပစ်မလို့လေ“
“ဟာအမေကလည်းဒီလိုတော့ ဘယ်ကောင်းပါ့မလဲ နိုင်ငံကြီးသားပီသမှပေါ့ အမေတို့နဲ့ခက်ပါတယ် အဲလိုသာဆို…“ ကျွန်တော်စကားဆုံးအောင်ပြောခွင့်မရလိုက်ပါ။
“ဟဲ့ငါက နိုင်ငံကြီးသားပီသချင်တာတောင့် နင့်အမှိုက်ကားကလာမှ မလာပဲ။ ငါကဒီလိုမပစ်လို့ ဒါကြီးကို နင့်အိပ်ယာပေါ်လာထားရမှာလား ဒီမှာပင်ပန်းရတဲ့ အထဲနင်ကတစ်မှောင့်“
ဟုဆိုကာ အမှိုက်ထုပ်ကြီးဆွဲပြီး အမေ ဆောင့်ကြီးအောင့်ကြီးထွက်သွားလေသည်။
ကျွန်တော်လည်း အမေ့ဒေါသကို ကြောက်လို့လား အမှိုက်အိတ်ကြီး ကုတင်ပေါ် တင်ပြီးအိပ်ရမှာ ကြောက်လို့လားမသိ ဆက်ပြီးစောဒကမတက်ဝံ့တော့ပါ။ အမှိုက်အိတ်ထဲမှ ကျွန်တော့်ဆေးလိပ်တိုကလေးရှာ ကောက်လျှင်လည်း ခေါင်းခေါက်ခံရသည်သာ အဖတ်တင်မည် ဖြစ်သော ကြောင့် မကြိုးစားရဲတော့ပါ။
ဒီအကြောင်းကိုဟိုကောင်တွေ မသိအောင်တော့ လျှိ့ဝှက်ထား ရမည် ဖြစ်ပါသည်။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP