Wednesday, December 31, 2008

မင်္ဂလာနှစ်သစ် ၂၀၀၉

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။
တစ်နှစ်ကုန်သွားပြန်ပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်ပါတယ်။ ဒါမှမဟုတ်တော်တော် မြန်တယ်လို့ ထင်ရပါတယ်။
စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။
“ ဘယ်ကိုသွားသွား အသွားခရီးထက် အပြန်ခရီးက ပိုမြန်တယ်လို့ ထင်ရတတ်တယ်“တဲ့
အဲဒီတော့ သင် အချိန်တွေကုန်တာ မြန်နေတယ်လို့ ထင်ရင်တော့ အပြန်ခရီးကို ရောက်နေပြီလို့ မှတ်ယူလိုက်ပါတဲ့။

ပြီးတော့ စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ ဒီလိုရေးထားတယ်။
တကယ်တော့ အချိန်တွေက မြန်တယ်လို့ ကျွန်တော်တို့ အသက်အရွယ်ကြောင့်ထင်ရတာတဲ့။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသက် (၅) နှစ်တုံးက (၁) နှစ်ဆိုတာ ကျွန်တော်တို့ ဘ၀မှာ ဖြတ်သန်းခဲ့တဲ့ အချိန်ရဲ့ ငါးပုံတစ်ပုံ (၁/၅)၊ ကျွန်တော်တို့ ၁၀ နှစ်ဆိုရင် (၁) နှစ်ဆိုတာ ကျွန်တော်တို့ အသက်ရဲ့ ဆယ်ပုံ တစ်ပုံ (၁/၁၀)၊ တကယ်လို့ အသက်ငါးဆယ်ဆိုရင်တော့ အပုံ ငါးဆယ်ပုံတစ်ပုံ (၁/၅၀)။ ဒါကြောင့် အသက်ကြီးလာလေလေ အချိန်က ပိုမြန်တယ်လို့ ထင်ရလေလေပဲတဲ့။

နှစ်သစ်မှာ အားလုံးချမ်းမြေ့ပါစေ။


Read More...

Monday, December 29, 2008

ကြားဖူးနားဝ ဟာသများ

ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး ၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။


သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

Read More...

Friday, December 26, 2008

သရဲပုံပြင်

“အမလေး ထုတ်တန်းပေါ်မှာ လျှာတန်းလန်းကြီးနဲ့“
“ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ နောက်မှာ မည်းမည်းရှည်ရှည်ကြီး“
“သစ်ပင်ပေါ်က ဇောက်ထိုးကြီးဆင်းလာတာ“
စသဖြင့် ကျွန်တော်တို့ သည် သရဲအကြောင်းများစွာကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြသည်။ သင်သည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား များကြည့်ရှု့ပါက The Ring ကဲ့သို့ သော တီဗွီထဲမှ ထွက်လာသော သရဲမ၊ Grudge ကဲ့သို့သော ဂျပန်သရဲကား၊ The Eye ကဲ့သို့သော မျက်စိအစားထိုးထားသူ ကောင်မလေး မှ နာနာဘာဝမျိုးစုံမြင်နေရသော သည်းထိတ်ဖွယ်သရဲကား စသည်တို့ ကိုတွေ့ရပေလိမ့်မည်။ ထို့အတူ အင်တာနက် စာမျက်နှာတွင်လည်း တကယ့်သရဲ အစစ်ပုံဆိုပြီး ဓါတ်ပုံ၊ဗွီဒီယို၊ အသံများစွာ ကြည့်ရှု့ နားဆင်နိုင်သေး သည်။ ဟုတ်မဟုတ်မည်သူမှ ရေရေရာရာမသိ။ ဆိုလိုချင်သည်မှာ နာနာဘာ ၀၊သရဲတစ္ဆေနှင့် ပတ်သက်သော အကြောင်းအရာများသည် ကျွန်တော်တို့ အတွက် အစိမ်းသက် သက်မဟုတ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်မြင်နေကြားနေရသည်။

သို့ဖြစ်၍ သရဲတစ်ကယ်ရှိလားဟုမေးသော်
“ဟာသေချာပေါက်ရှိတာပေါ့“ ဟူသော ယတိပြတ်အဖြေမျိုး။
“တကယ်မရှိပါဘူးကွာ အလကား လူတွေကိုက လျှောက်ပြောနေတာ“ ဟူသော တစ်ဖက်သတ်အဖြေ။
“ရှိမရှိက မင်းစိတ်ပေါ်မှာမူတည်တယ်။ မင်းကရှိတယ်လို့ ယူဆရင်ရှိတယ်၊ မရှိဘူးလို့ယူဆရင်မရှိဘူး“
ဟူသောမရေမရာအဖြေ။
“ရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒီကိစ္စက တို့လူတွေနဲ့ တိုက်ရိုက် မပတ်သက်နိုင်ဘူး“ ဟူသော ၀ါး တားတား အဖြေမျိုး တွေသာ ကြားခဲ့ရပါသည်။
သေချာပေါက်ရှိတာပေါ့ဆိုသော လူကိုလည်း သေချာပေါက်ပြောစမ်းပါဆိုလျှင်ဝါးတားတားပင်။ သရဲ ဆိုတာလုံးသလားရှည်သလားပြားသလား သေချာမပြောနိုင်။ ကြားဖူးနားဝသာပြောနိုင်သည်။ မရှိဘူးဆို တဲ့သူကို ဒါဆို သင်္ချိုင်းကုန်းက ဇရပ်မှာ တစ်ယောက်ထည်းသွားအိပ်ပြဗျာ ဟုပြောလျှင့် ဘုကြည့် ကြည့်ပြီး “တို့ကဒီလို အကျိုးမရှိတာတွေမလုပ်ဘူး“ ဟုပြောတတ်သည်။ မရေမရာဝါးတားတား လူများကိုမေးမိ လျှင်ပိုဆိုးသေး။ အစကတည်းက ကိုယ်က လည်ချင်ချင်ပါဆို ပိုရှုပ်ကုန်သည်။
ကျွန်တော့် အနေနဲ့ကတော့ ခေတ်ပညာတတ်လူငယ် သိပံ္ပသမားဟု ကိုယ့်ကိုကိုယ်ယူဆထား သဖြင့် အမှန်အတိုင်းဝန်ခံရလျှင် သရဲတစ္ဆေကို ယုံသည်ဟုပြောရမှာ ရှက်သည်။ သို့သော် သေချာတာ တစ်ခုက ကျွန်တော် သရဲကြောက်တတ်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် မယုံဘူးဆိုသောသူသည် မည်သည့် နည်းနှင့်မျှမကြောက်နိုင်။ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ရှိသည်ဟုယုံကြည်နေသဖြင့်သာ ကြောက်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ညဘက်အပြင်မထွက်နဲ့ ကျားဆိုးကြီးရှိတယ်ဆိုလျှင် ထိုကလေးတကယ်မထွက်ရဲပေ။ ရှိသည်ဟု သူယုံကြည်သောကြောင့်ဖြစ် သည်။ ကျွန်တော့်ကို ထိုသို့ပြောလားလျှင်ကား ရယ်မိမည်သာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျားဆိုးကြီး တကယ်မရှိဟု တစ်ရာရာခိုင်နှုန်းသေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သရဲတစ္ဆေမရှိဘူး ဆိုတာ ရာနှုန်းပြည့်သေချာလျှင်ကြောက်စရာမလိုပါ။ သင်ခဏရပ်ပြီးစဉ်းစားကြည့်ပါ။ သင်ကြောက်တတ် မကြောက်တတ်ဘူးလား။ ကြောက်တတ်လျှင် သင်သရဲတစ္ဆေရှိသည်ကို ယုံကြည်၍ဖြစ်သည်။
သရဲတကယ်မကြောက်တတ်ဘူးဆိုသောသူ တစ်ဦးသာတွေ့ဖူးသည်။ ဒါတောင်ကိုယ်တိုင်တွေ့ဖူးခြင်းမ တဆင့်ခံသာ ကြားဖူးခြင်းဖြစ်သည်။ ထိုသူသည် ပင်လယ်ဘူးဖက်က ဆေးရုံဝန်ထမ်းဟုသိရသည်။ သူသည် သရဲကို လုံးဝမယုံ။ ထို့အတွက် မည့်သည့် လောင်းကြေးလုပ်လုပ် လုပ်ရဲသည်။ ရင်ခွဲရုံတွင် လောင်းကြေးဖြင့် တစ်ယောက်ထဲအိပ်ပြသည်။ သင်္ချိုင်းသို့သွားပြီး လောလောလတ်လတ်သေထားသောသူ ၏အုတ်ဂူတွင် ထုံးသွားဝိုင်းပြသည်။ စသဖြင့် လောင်းကြေးထပ်တိုင်းသူနိုင်သည်သာဖြစ်သည်။ ထူးဆန်းပေစွ။ သူ့လို စိတ်စွမ်းအင်မျိုး တစ်ခါတစ်လေတော့ရချင်သည်။
တကယ်တော့ သရဲကြောက် မကြောက် ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အခြေအနေဖြင့်လည်း ဆိုင်သည် ဟုထင်ပါသည်။ စိတ်အင်အားမြင့်မား နေသည့်အချိန်တွင် သိပ်မကြောက်ပဲ စိတ်အင်အား နိမ့်ကျ နေသည့် အချိန်တွင်ပိုပြီး ကြောက်တတ်သည်ဟုထင်ပါသည်။ ကျွန်တော်ဆိုလျှင် The Ring ဇာတ်ကားကို ကြည့်ပြီး နှစ်ပတ်လောက် အိပ်နေကျ အိပ်ခန်းတွင်ပင် ညအိပ်ရသည်မှာ ခပ်လန့် လန့် ဖြစ်နေသည်။ မယုံမရှိပါနှင့်။ သို့သော် ဇာတ်ကားကြည့်သည်ဆိုသည်မှာ သမန်ကာရှန်ကာမကြည့်ပဲ ရသခံစားပြီး တစ်ကားလုံးကို တစ် ကွက် မှ မလွတ်တန်း သေသေချာချာ တစ်ယောက်တည်းကြည့်ကြည့်ပါ။ လူတော်တော်များများ ထိုကဲ့သို့ ဖြစ်မည်ဟုထင်ပါသည်။ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင်ကျွန်တော် ထက် စိတ်အင်အား ပိုကောင်း သည် ဟု ချီးကျူးပါသည်။
စိတ်အင်အားဆိုမှာ ဘာကိုဆိုလိုသည်းဟုမေးသော် ကျွန်တော်လည်းသေချာမသိပါ။ စိတ်ပညာရှင်များ ဆိုလျှင်တော့သေချာရှင်းပြ နိုင်မည်ထင်ပါသည်။ ဘာသာရေးလုပ်လျှင်တော့ စိတ်အင်အား ပိုကောင်းမည် ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြောကြတာရှိသည်။ ဘာသာရေးလုပ် တယ်ထား ပါတော့ ဗုဒ္ဓဘာသာ ဘုရားစာရွတ်လို့ ခရစ်ယာန်သရဲက ကြောက်ပါ့မလားဟု ပြောတတ်ကြသည်။ ကျွန် တော်တော့ ထိုသို့ မထင်ပါ။ ဘာသာရေးဆိုသည်မှာ မိမိက တကယ်ယုံ ကြည်လျှင် သူ့နည်းသူ့ဟန်နှင့် အနည်းနဲ့အများတော့ အကျိုးရှိမည်ဟုထင်ပါသည်။ တစ်ခုခုကို ယုံယုံကြည်ကြည်လုပ်လျှင် စိတ်အင်အား ကောင်းလာမည်ဖြစ်သည်။ ဥပမာ ရန်သူကို ကာကွယ်ရန်အတွက် သင့်မှာ လှံဖြစ်စေ၊ဓါးဖြစ်စေ၊ သေနတ် ဖြစ်စေ လက်နက်တစ်ခုခုရှိဖို့သာလိုပါသည်။ မည်သည့် လက်နက်မဆို အသုံးဝင်ပါသည်။
ထို့ကြောင့် တစ္ဆေသရဲနာနဘာဝ ကိစ္စများသည် မည်သူကမှ အတိအကျ ရှိသည်မရှိဘူးဟု မဆုံးဖြတ်နိုင် သေးဘူးဟုထင်ပါသည်။ ပညာရှင်အချို့ က Research လုပ်နေသောလည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် လက်ခံနိုင်သော အဖြေမပေးနိုင်သေးပါ။ မည့်သည့် ဘာသာရေးကမှလည်း တိကျသော ငြင်း၍မရသော အဖြေမပေးနိုင်ပါ။ လောလောဆယ်တော့ သင်၏စိတ်၊ ခံယူချက်အပေါ်မူတည်မည်ဟုထင်ပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Thursday, December 25, 2008

ကျွန်တော်မသိတဲ့ ကျွန်တော်

မိမိကိုယ်သာကိုးကွယ်ရာဟု မြတ်စွာဘုရားကဟောခဲ့ပါသည်။ သို့ဆိုလျှင်မိမိကိုယ်မိမိ မည်သို့ကိုးကွယ် နည်း။ ကိုယ့်ဓါတ်ပုံကို တစ်ပေပတ်လည် ပုံကြီးချဲ့ပြီး ခပ်မြင့်မြင့်တစ်နေရာမှာ ချိတ်ထားပြီး နေတိုင်းရှိခိုးရင် ကောင်းမလား။ထို့သို့လည်းမဖြစ်သေးပါ။ အိမ်မှာ ကိုယ့်မိန်းမနဲ့ ကိုယ့် သားသမီးချည်းပဲဆိုရင် ဖြစ်နိုင်ချေရှိ သေး။ အဖေ၊အမေ၊ဦးလေး၊ဒေါ်လေး၊ ဘိုးဘွားတွေ ရှိနေလျှင်ထိုနည်းသည် မဖြစ်နိုင်။ သေချာစဉ်းစားကြည့် တော့လည်း ကိုယ့်ကိုကိုယ်ကိုးကွယ်ရအောင် ကိုယ်တိုင် ကိုငါဘာလဲ၊ဘယ်ကလာသလဲဆိုတာမသိ။ ဘာကောင်လဲဆိုတာမသိ။ ကိုယ်တိုင်က သူများလေးစားစရာ မကောင်းသည့် အပြင် ကိုယ်ကိုကိုယ်တောင် သိပ်မကြိုက် ချင်။ နောက်တော့မှ နည်းနည်းတွေးတတ်ခေါ်တတ်တဲ့ မိတ်ဆွေတစ်ယောက်က ရှင်းပြမှနားလည်သည်။ အဲလိုမဟုတ်ဘူးကွ။ မိမိကိုယ်မိမိ ကိုးကွယ်ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ဝိရိယ နဲ့ ကြိုးစား ပြီး လုပ်ရမှာကိုပြောတာ။ တို့ဘုရားက လမ်းပဲညွှန်ပြတာကွတဲ့။ သူက နောက်ထပ်အများကြီးဆက်ပြောပါ သေးသည်။ ကျွန်တော်က ခပ်ထိုင်းထိုင်းဆိုတော့ ဒီလောက်ပဲနားလည်လိုက်တယ်။

တစ်ချို့ကလည်း ကျွန်တော်တို့တွေ အားလုံးကို တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်က ဖန်တီး သည်ဟု ယုံကြည်ကြသည်။ ကျွန်တော်တော့ ဥာဏ်မမှီသဖြင့် သိပ်များများစားစားမသိပါ။ အကယ်၍တစ်စုံတစ် ယောက်က ဖန်တီးသည် ဆိုလျှင်လည်း ထိုသူ့ကို မေးခွန်းများစွာ (လူပြိန်းမေးခွန်းများသာဖြစ် ပါလိမ့်မည်) မေးချင်နေ ပါသည်။ ပထမဆုံးတစ်ခု ကတော့ သတ္တ ၀ါခြင်း သတ်ရတာ မကောင်းသော် လည်း အဘယ့် အတွက် ကြောင့် သူများအသားကို စားကောင်းအောင်ထွင်ထားပါသနည်းဟု။ ကျွန်တော်က အစားမက်သည်။ အသားလည်းကြိုက်။ ဘာဘီကျူးတို့ဘာတို့ဆိုကြားတာနှင့် သားရေယိုသည်။ သို့သော် ၀က်သတ် နွားသတ်တာရံဖန်ရံခါ မြင်ရလျှင် စားထားသမျှမြိုမကျဖြစ်ရသည်။ သို့သော် ဗိုက်ဆာလျှင် ပြန်စား ဖြစ်စမြဲ။ ထို့ကြောင့် ထိုတီထွင်သည့် တစ်စုံတစ်ယောက်များရှိခဲ့ရင် နည်းနည်းလောက် ပြန်ပြင်ပေး ဖို့တောင်းဆိုချင်သည်။ ဥပမာ ၀က်ပေါင်ခြောက်တို့၊ ဘဲကင်တို့ဆိုတာ အပင်တစ်ပင်ပင်က ခူးစားရတာမျိုး။ ပုဇွန်ထုတ် ဆိုတာမျိုးကအိမ်မှာ ပန်းအိုးသေး သေးလေးနှင့် စိုက်လို့ ရတာမျိုး။ ကျွန်တော် လက်လှမ်းမှီ သလောက်စဉ်းစားကြည့်တာပါ။ ဆရာကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ ရှိမှာပါ။ တကယ်တော့ ကျွန်တော်တို့ကမှတော်သေးတယ်။ စိတ်ဖြတ်နိုင်ရင် အသီးအရွက်ကြည့်ပဲ စားလို့ ရသေးတယ်။ အသားမှ မစားရင်သေမယ့် သတ္တ ၀ါတွေကရှိ သေးဗျ။ ကျားတို့၊ ခြင်္သေ့တို့။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ထက် တစ်ခုသာသွားပြန်ရော။ ကျွန်တော်တို့လို မစဉ်းစားတတ်တာလေ။ အဲဒီတော့ စိတ်ညစ်စရာမလိုဘူးပေါ့ဗျ။ စားစရာရှိစားလိုက်ရုံပဲ။ ပြီးတော့ လည်း ဘာဘာညာညာ တွေးနေစရာ မလိုဘူး။ ဒါလည်းတစ်မျိုးကောင်းတာပဲ။ မြင်ဘူး တယ်မဟုတ်လား ကျားတွေ၊ခြင်္သေ့တွေ သားကောင်ကို ကိုက်သတ်တာ အရှင်လတ်လတ်စားတာ။ မမြင်ဘူးရင် YouTube မှာ ရှာကြည့်ဗျာ။ အများကြီးပဲ။ တစ်ခါတစ်လေဆို သားကောင်ကမသေသေးဘူး။ စားတဲ့ သူကစားနေပြီ။ တကယ့် ဒုက္ခပဲဗျာ။ တစ်ချို့ကတော့ ဒါသဘာဝပဲတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီလိုပဲ ဖြစ်ရမှာပတဲ့။ ဒါမှ မစားရင် အဲဒီ ခြင်္သေ့က သေမှာပဲ တဲ့။ ကျွန်တော်ကတော့ အဲဒီလိုပြောတဲ့သူကို ခြင်္သေ့ စားခိုင်းပြီး အင်တာဗြူးလိုက်ချင်တယ်။ ဒါသဘာဝ နိုင်သေးလားလို့။ The Root ၀တ္ထုထဲမှာတော့ ဒုက္ခတွေ တနင့် တစ်ပိုးခံစားနေရ တဲ့ လူမည်း ကျွန်တစ်ယောက်က ညည်းတွားဖူးတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကသာ ဖန်ဆင်းတယ်ဆိုရင် သူကတော့ မာန်နတ်ကိုပဲ ကိုးကွယ်တော့မယ်တဲ့။ သူပြောတာလည်း ဟုတ်သလိုလိုပဲ။ သေချာတော့ မပြောတတ်ဘူးလေ။ ကိုယ်က ဒီလောက်ပဲတွေးတတ်တာကိုး။
ဆရာကြီးတစ်ယောက်ကတော့ သေချာရှင်းပြတယ်။ အတိတ်ကံကြောင့်တဲ့။ ကံ ကံ၏အကျိုးတဲ့။ အဲလိုမလုပ်ပါနဲကဗျာ လူပြိန်းနား လည်အောင်ရှင်းစမ်းပါလို့ပြောတော့ မင်းအရင်ဘ၀တွေ က လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ပဲတဲ့။ အကြောင်းကြောင့် အကျိုးဖြစ်တာတဲ့။ ကျွန်တော် အရင်ဘ၀တွေက ဘာတွေလုပ်သလဲမှတ်မှ မမှတ်မိပဲဗျာလို့ပြောတော့။ မှတ်မိစရာမလိုဘူး။ နောက်ဘ၀တွေ မှာကောင်းချင် ရင် ဒုက္ခအားလုံးချုပ်ငြိမ်းချင်ရင် အခုကောင်းတာလုပ်တဲ့။ ဒီလိုမှ မဟုတ်ရင် မင်း သံသရာမှာပဲ လည်နေမယ်၊ငရဲကျမယ်။ သံသရာမှာ ဒီလို ဒုက္ခတွေရှိတယ် ဆိုပြီးသေချာရှင်းပြတယ်။
နားတော့ သေချာမလည်ဘူး။ ကြောက်တော့ကြောက်တယ်ဗျာ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သ လောက်တော့ ကောင်းအောင် လုပ်တယ်။ ဒါပေမယ့်ဗျာ တစ်ခုတော့ ဘ၀င် မကျတာ ရှိတယ်။ အကျိုး ကြောင့် အကြောင်း ဖြစ်တယ်ဆိုရင် အရင်ဘ၀က လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို သိခွင့်ရ ဘာလုပ်လို့ဘာဖြစ်တယ် ဆိုတာ ဆရာစာရှင်း သလို ဘလက်ဘုတ်မှာ အမှတ်စဉ် တစ်နှစ်သုံလေး တပ်ပြီး ရှင်းပြရင် ပိုနားလည်မလား လို့ပါ။ အဲဒါမှ ရှောင်သင့်တာလည်း သေချာသိ လုပ်သင့်တာလည်း သေချာသိ ပိုကောင်း မှာပေါ့နော်။ အဲလိုပြောတော့ အဲဒီ ဆရာကြီးက ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ် ကောင်လိုကြည့်တယ်။ ပြီးတော့ သူကပြောတယ် မင်းဒါတွေကို သေချာနားလည်ချင်ရင် မင်းတစ်သက် သင်တောင်မမှီဘူးတဲ့။ အဲဒီတော့ ငါပြောသလိုပဲမှတ်ထားတဲ့။ ကျွန်တော်လည်း ဒါနဲ့ သူပြောတာကိုပဲ စာနဲ့ကိုသေချာရေးမှတ်လာခဲ့တယ်။ ကိုယ်ကမှ လိုက်မမှီတာကို။ ဟုတ်ဖူးလား။
ကျွန်တော်တို့ ဘာလို့ ဒီမှာရောက်နေတယ်။ ဘာလုပ်ရမယ်။ ဘာတွေဖြစ်မယ် ဆိုတာ ဘယ်သူက စီစဉ်နေလဲမသိဘူး။ ဒီမှာဗျာ ဆင်းရဲတဲ့သူက ဆင်းရဲ။ ချမ်းသာတဲ့သူကချမ်းသာ။ သေတဲ့သူကသေ။ ရှင်တဲ့သူကရှင်။ ကျွန်တော်ကောင်းတယ်လို့ထင်တဲ့သူတွေက ဒုက္ခရောက်၊ ကျွန်တော်ဆိုးတယ်လို့ ထင်တဲ့သူတွေက ချမ်းသာ။ ရှုပ်နေတာပဲဗျ။ ကျွန်တော့်လို လူပြိန်းတွေးတွေးရင်တော့ စနစ်ကို မကျဘူးဗျာ။ မှားရင်လည်း ခွင့်လွတ်ဗျ။ ကျွန်တော်က ဒီလောက်ပဲ စဉ်းစားတတ်တာ။ ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို မှာတော့ ဒေါက်တာငွေရက ဒီလိုပြောထားတယ်။
“ကျွန်တော် မကြောက်ပါ။ မခံချင်တာဘဲ ရှိသည်။ သည်ကိစ္စနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသူ ရှိလျှင် ထိုသူကို ကျွန်တော် ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်သည်။ သို့သော် တရားခံ ရှာမရပါ။ ပြီးတော့ ဘယ်ကို တိုင်တည်ရမည်လဲ။ ကျွန်တော့်မှာ တိုင်စရာလည်း မရှိ၊ တည်စရာလည်း မရှိ။ ကျွန်တော်က မသေချာတာတွေနှင့် အဆက်အဆံ မလုပ်ခဲ့။ ကျွန်တော့်ဘာသာ လူချည်းသက်သက် နေခဲ့သည်“ တဲ့။
ဒေါက်တာငွေရကို တွေ့ပါကကျွန်တော်ပြောချင်တာတစ်ခုသာရှိပါသည်။ အဲဒီ ပုဂ္ဂိုလ်ကိုများ တကယ် လို့တွေ့ ခဲ့ရင် ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦးလို့။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

Read More...

Wednesday, December 24, 2008

နှလုံသားမရှိသည့် မြို့တော်

သင်ငါးမျှား ဖူးပါသလား။ သို့တည်းမဟုတ်ငါးမျှား သူတစ်ယောက်၏ ခံစားချက်မည်သို့ရှိသည် ဟုသိပါသလား။ ငါးမျှားခြင်းအလုပ်မှာ မမြင်ရသော ရေထဲမှ တစ်စုံတစ်ခု(ငါး)ကို ရရှိရန် စိတ်လှုပ်ရှားစွာ ကြိုးစားရ ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ရေထဲသို့ငါးမျှားချိတ်ချလိုက်ယုံဖြင့် မည်သည့် ငါးအမျိုး အစားရမည် အလေးချိန်မည်မျှရှိမည် မည်သည့် အချိန်တွင်ရမည် အစရှိသဖြင့် ကြိုတင်သိရှိနေပါက သင်၏ ငါးမျှားခြင်း အလုပ်သည် စိတ်ဝင်စားစရာကောင်းတော့မည် မဟုတ်ချေ။ ထိုကဲ့သို့သော ဘာမှန်းမသိသော အရာကို မှန်းဆ၍ ကြိုးစားရခြင်းကို ကျွန်ုပ်တို့နှစ်သက်ကြပါသည်။

အကယ်၍ကျွန်ုပ်သည် ခြုံပုတ်တစ်ခုအနားတွင်ထိုင်နေလျှင်ထိုခြုံပုတ်ထဲမှာ မြွေပဲထွက်လာမလား၊ ကင်းပဲထွက်လာမလား သို့တည်းမဟုတ်ထိုခြုံပုတ်ထဲတွင် ရတနာသိုက်ပဲရှိနေမလား ထိုကဲ့သို့ သောခံစား မှု့မျိုးရှိချင်သည်။ လူတို့ ပြုပြင်ဖန်တီးထားသော ပန်းခြံထဲရှိခြုံပုတ်သည်ကား ရာနုန်းပြည့် စိတ်ချရသည်။ မည်သည့် မြွေမည်သည့် ကင်းမှမရှိသလို မည့်သည့်ရတနာသိုက်မှလည်းမရှိပါ။ လုံခြုံမှု့ အပြည့်အ၀ရှိသလို ရင်ခုန်စရာလည်းမရှိပါ။ သို့အတွက် အန္တရာယ်ရှိသောနေရာကို ပို၍နှစ်သက်ပါသလား ဟုမေးလာသော် ဤ သို့ဖြေရပါလိမ့်မည်။ ဥပမာအားဖြင့်ဖြေသော ကျွန်တော် တောလည်ထွက်လျှင် တကယ့်တော အစစ်ကို သာ လည်ချင်ပါသည်။ လှော်ကားဥယျာဉ်လိုမျိုးလူတို့ ဖန်တီးထားသည့် ဥယျာဉ်မျိုးကို သားကောင်မျိုးစုံ မည် မျှပင် ရှိပါစေ၊ မည်မျှပင်လုံခြုံစိတ်ချရပါစေ သဘောမကျပါ။ တကယ့်တော အစစ်ကို အကာအကွယ် လက်နက်ဆေးဝါး အပြည့် အစုံဖြင့်သွားခြင်းကို ပိုမိုနှစ်သက်ပါသည်။ ထို့ကြောင့် လက်တွေ့ ဘ၀ တွင်လည်း အန္တရာယ်ရှိပါစေဦး မိမိအရည်အချင်း၊ မိမိ၏ကြိုးစားအားထုတ်မှု့ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင် သောအခွင့် အလမ်းရှိသည့် နေရာ တွင်သာ နေထိုင်လိုပါသည်။
ကျွန်ုပ်နေထိုင်သော နှလုံးသား မရှိသည့်မြို့တော်သည် ရာနုန်းပြည့် လုံခြုံ သည်။ ရုပ်ဝတ္ထုပစ္စည်း အတွက် စိုးစဉ်းမှ ပူပန်စရာမရှိ။ လေကောင်းလေသန့်အတွက် နောက်ဆုံးပေါ် လေအေးပေး စက်ကြီး များရှိသည်။ ရှု့မျှော်ခင်းကြည့်ရန်အတွက် အကောင်းစား ရုပ်မြင်သံကြားစက် ကြီများရှိသည်။ လမင်း၏ အလင်းရောင်မလို။ ထိုထက်ပိုလင်းသော နီယွန်မီးလုံးမြောက်များစွာရှိသည်။ သစ်ပင်ပန်းမန်များ အမျိုးစားစုံ လင် စွာမြောက်များစွာ ရှိသော်လည်း ပန်းအိုး အကြီးစားထဲတွင် စိုက်ထားသော လွတ်လပ်စွာရှင် သန်ခွင့်မရသော သစ်ပင်များ ဟုသာမြင်မိသည်။ အရာရာအတွက် အကောင်းစား ရုပ်ဝတ္ထု ပစ္စည်းများ ရှိသည်။ သို့သော် လည်း ရင်ခုန်စရာမရှိပါ။
စာရေးဆရာကြီးတစ်ဦးရေးသားသည် ကိုဖတ်ဖူးပါသည်။ ငှက်လှောင် အိမ်ကလေး ကို မည်မျှ မွမ်းမံ ပါစေ အထဲမှ ငှက်ကလေးကိုအစာရေစာ ၀၀လင်လင်မကျွေးလျှင် အဘယ်မှာ အဓိပ္ပာယ်ရှိပါ မည်နည်း ဟုဆိုထားသည်။ ကျွန်တော်နေထိုင်သော နှလုံးသားမရှိသည့် မြို့တော်တွင် ရွေပိန်းချ လှောင်အိမ်များ အတွင်းမှ ပိန်လှီပြီး အသွေးအမွှေးမလှတော့သော ငှက်ကလေး မြောက်များ စွာ တွေ့ခဲ့ ရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

ကာတွန်း(၁)

ရယ်စရာ တွေးစရာ ကာတွန်းလေးတွေပါ။
http://www.time.com/time/cartoons


http://www.funny-games.biz/pictures/745-silly-colleagues.html



http://www.funny-games.biz/pictures/808-terror-school.html


http://www.funny-games.biz/pictures/852-human-evolution.html

Read More...

Sunday, December 21, 2008

ထူးဆန်းပါပေ့ ဆရာတွတ်ရယ် (၂)


ကျွန်တော့် အမေကို အခြားသူများက ကပ်စေးနဲသည်ဟု ဆိုကြလေသည်။ အချို့ကမူ စည်းစနစ်ကျသည် ဟုဆိုသည်။ ကပ်စေးနဲ သည်ဟုဆိုလျှင် အပျက်သဘောတွေးခြင်းဖြစ်ပြီး စည်းစနစ်ကျသည်ဟု တွေးလျှင် အပြုသဘောတွေးခြင်းဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့် အမေသည် အနည်းငယ် နှမြောတတ် သူတစ်ဦးဟုထင်ပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ အိမ်ထောင်ရှင်မတစ်ဦးအနေနှင့် အလေ အလွင့် နည်းပါးစေရန် အတတ်နိုင်ဆုံးထိန်းသိမ်းရမည် မဟုတ်ပါလား။ ကျွန်တော်တို့အိမ်တွင်လည်း မည် သူ ကမှ စေ့စေ့စပ်စပ်မရှိသဖြင့် အမေမှ မထိန်းသိမ်းလျှင်လည်း အလေအလွင့်က တော်တော်များ မည် ဖြစ်သည်။ ထို့ကြောင့် အမေ၏ နှမြောတတ်သော အကျင့်သည် ကျွန်တော်တို့ မိသားစုထဲတွင် အရေးပါသလို တစ်ခါ တစ်ခါရယ်စရာ (အကောင်းဘက်ကပြောခြင်းဖြစ်သည်)လည်း ဖြစ်တတ်လေသည်။

တစ်ညသော် ကျွန်တော်တို့ မိသားစု အားလုံးအိပ်ယာဝင်ကြသည့် အချိန်တွင် အောက်ထပ် ဧည့်ခန်းထဲမှ အသံကြားသဖြင့် ကျွန်တော် ဆင်းကြည့်ရာ အမေ့ကို ဆက်တီခုံပေါ်တွင် တစ်ယောက်တည်း ထိုင်ပြီး ဘုရားစာ ရွတ်နေသည်ကိုတွေ့ ရသည်။ တွေ့ရိုးတွေ့ စဉ်မဟုတ်သဖြင့် ကျွန်တော်အံ့သြသွား ပြီး အမေ့ကိုမေးလိုက်သည်။ “ အမေ မအိပ် သေးဘူးလား ဘာလုပ်နေတာတုံး“ အမေကမော့ ကြည့်ပြီး “အေးဒီမှာ ခြင်ဆေး ခွေလေး မကုန်သေးလို့ထိုင်နေတာ“
ကြည့်လိုက် တော့ ခြင်ဆေးခွေလေးက လက်တစ်ဆစ် လောက်သေးသေးလေး ကျန်နေခြင်းဖြစ်သည်။ မီးငြိမ်းလိုက် လျှင်လည်း နောက်တစ်ခါ ပြန်ထွန်းရမည် မဟုတ်တော့ချေ။ အမေက ဒီခြင်ဆေးခွေလေးကို သူ့ဟာသူ ကုန်သွား အောင်ထွန်းထားခဲ့ရမည်ကို လည်း မသိစိတ်က နှမြောနေပုံရသည်။ အမေ့ စိတ်ကူးထဲတွင် ခြင်ဆေး ထွန်းထားလျှင်လူထိုင်နေမှ အကျိုးရှိမည်ဟူသော အချက်သာ လောလော ဆယ်ရှိနေသည်ဟုထင်သည်။ ထိုကြောင့် အိပ်ချင်ရက်နှင့် အပင်ပန်းခံပြီး ပေထိုင်နေခြင်းဖြစ်လေသည်။ တစ်ခါအလေ လူများမှာ အဲလို အတွေးလွန်ပြီး အတွေးချော်သွားတတ်သည်။
ထိုနည်း၎င်းပင် ကျွန်တော်၏ အစ်ကိုဝမ်းကွဲတစ်ယောက်လည်းဖြစ်ဖူးသည်။ သူသည် ကျွန်တော့် အမေဖက်မှ ဖြစ်ပြီး လူလတ်ပိုင်းစီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ စီးပွားရေးတွက်တွက်တတ်သည်။ တစ်ခုခုရင်းနှီးပြီး လျှင် အကျိုးအမြတ် တစ်ခုခုတော့ ပြန်ရမှ ဖြစ်မည် ဟူသော သူမျိုးဖြစ်သည်။ တစ်ခါသော် နိုင်ငံခြားဇာတ်ကားတစ်ကား ရုပ်ရှင်ရုံတွင် ပြသရာသူကအရင်ကြည့်ပြီး အလွန်ကောင်းသဖြင့် ဆွေမျိုး များကြည့်ရန် နောက်ရက်တွင် လက်မှတ်ငါးစောင်ဝယ်ခဲ့ လေသည်။ ရုပ်ရှင်သွားခါနီးတွင် တစ်ယောက်က အရေးကြီး ကိစ္စပေါ်လာသဖြင့် မလိုက်နိုင်ခဲ့ရာ အခြားလူတစ်ယောက် ကို လူစားထိုးရန်ရှာဖွေရာ ကံဆိုးစွာ ပင်ဆွေမျိုးမိတ်ဆွေများထဲမှ မည်သူကမှ မလိုက်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ရုပ်ရှင်ရုံတွင် ပိုနေသော လက်မှတ်တစ်စောင်ကို ပြန်ရောင်းရန် ကြိုးစားရာလည်း ၀ယ်မည့် သူရှာမတွေ့ပါ။ ကြံရာမရသည့် အဆုံးတွင် ထိုအစ်ကို သည် အနွေးထည်လေး ၀တ်ပြီး ရုပ်ရှင်ရုံထဲသို့လိုက်ထိုင်ကာ ဇာတ်ကားပြီးသည် အထိထိုင်ခုံတွင် ထိုင်အိပ်နေပါသည်။ ၀ယ် ထား သည့် ထိုင်ခုံ အလဟသ အဖြစ်မခံနိုင်လို့ တန်အောင် အပင်ပန်းခံပြီး ထိုင်ခုံပေါ်တွင် လာအိပ်ခြင်းဖြစ်လေသည်။
လူများမှာ အကြောင်းအရာတစ်ခုတည်းကို ဂရုစိုက်လွန်းလျှင် ထိုကဲ့သို့ ရံဖန်ရံခါဖြစ်တတ်လေသည် ဟုထင်ပါသည်။ ထိုကိစ္စများ ကိုနောင်တွင် ပြန်ပြောသော အခါရယ်စရာ အကြောင်းအရာများအဖြစ် ကျန်ရစ်ခဲ့ပြီး “ထူးဆန်းပါပေ့ ဆရာတွတ်ရယ်“ ဟုသာရေရွတ် လိုက်ပါတော့သည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို
http://www.walkinginthedesert.blogspot.com/

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP