Thursday, July 9, 2009

ကိုဂိုင်းမျိုး၊ ကိုစာအုပ်နှင့် ကျွန်တော်- Hip Hop အမှန်နှင့် အမှား

“နင့်အမေတော့ မသိရှာဘူး ငါ့သမီးလေး ကျူရှင်တတ်နေတာ ကွယ်ရာကြပါသွားပြန်ပြီ အကောင်တစ်ကောင်နဲ့ လူမမြင်တဲ့ဂေဟာ အရွယ်ရောက်လို့ အိမ်ထောင်ကျလည်း မယူခင်ပဲ့နေတာ…”

ဘေးဝိုင်းမှ ဆယ်ကျော်သက်အရွယ် လူငယ်လေးများထံမှ ဂျောက်ဂျက်၏ hip hop သီချင်းသံသည် ကျွန်တော်တို့ ၀ိုင်းသို့ ပျံလွင့်လာလေသည်။ ကိုစာအုပ်သည် ထိုသီချင်းသံကို ကြားပြီး လက်ဖက်ရည် သောက်နေရာမှ နင်မလိုဖြစ်သွားသဖြင့် လက်ဖက်ရည်ခွက်ကို အမြန်ချကာရေနွေးကြမ်းဖြင့် မျှောချလိုက်ရ လေသည်။

“အင်း မြန်မာ့ ယဉ်ကျေးမှု့ကြီးတော့ ပျက်စီးပါပြီကွာ”

ယခုတစ်ခါလက်ဖက်ရည်သီးသွားသည်မှာ ကိုဂိုင်းမျိုးဖြစ်လေသည်။

ဂိုင်းမျိုး- “အံမယ် ကိုစာအုပ်ရ ဒီသီချင်းကြားရတာနဲ့ ဘယ်နဲ့ မြန်မာ့ယဉ်ကျေး မှု့ကြီးက ပျက်စီးရမှာတုံး ဗျ”

စာအုပ်-“ဒီလိုလေ ဂီတမှာ ပေါက်ကွဲသံစဉ်ဆိုတာ ကျွန်တော်လည်း နားလည်ပါတယ်။ ခံစားချက်ကို ပေါက်ကွဲပစ်လိုက်တာ ကြမ်းကြမ်းရမ်းရမ်းပေါ့ဗျာ။ အခုဟာက ပေါက်ကွဲတာ မဟုတ်တော့ ဘူး ရိုင်းတာ ဖြစ်သွားပြီ ခင်ဗျားလည်း ကြားဖူးမှာပါ ဒီထက်ရိုင်းတဲ့ စကားလုံးတွေရှိသေးတယ်”

ဟုတ်ပါသည်။ ကျွန်တော်လည်း ထိုသီချင်းများကို နားထောင်ဖူးပါသည်။ စာသားတွေကတော့ တော်တော် ကြမ်းသည်။ ဒါပေမယ့် နားထောင်လို့တော့ သိပ်မဆိုးသလိုလို။ ထိုထက်ပို၍ များများမတွေးမိပါ။ ကိုစာအုပ်က ဆက်ပြောသည်။

စာအုပ်-“ဘယ်နှယ့်ဗျာ အမေနှမ ကြားလို့မှ မသင့်တော့ ဒီလောက် အောက်တန်းကျပြီး အောက်တန်းကျရိုင်းစိုင်း တဲ့စကားလုံးတွေကို ဘယ်လိုလုပ်ဂီတလို့ အသိအမှတ်ပြုရမလဲ။ အဲဒါအဲဒီဆိုတဲ့သူရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပဲ”

ဂိုင်းမျိုး- “ဒီလိုရှိတယ် ကိုစာအုပ်ရ ဒီနေရာမှာတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ အတွေးအခေါ်မတူတော့ဘူး။ ဟဲဟဲကျုပ်က ခေတ်ရေစီးကြောင်းကို ပိုလိုက်နိုင်တဲ့လို့ ဆိုရမလားပဲ”

ကိုစာအုပ်က ဖြတ်ပြောသည်။

စာအုပ်-“ဒါကခေတ်ရေစီးကြောင်းဆိုရင်တော့ မမှီရင်လည်း နေပါစေဗျာ”

ဂိုင်းမျိုး-“ကျုပ်အယူအဆကတော့ လူ့သဘာဝကို မကွယ်မ၀ှက်ပဲ ပွင့်ပွင့်လင်းလင်း ဖော်ပြတာလို့ ဆိုချင်တာပဲ”

ကျွန်တော်-“လင်းစမ်းပါဦးဗျ”

ဂိုင်းမျိုး-“ဒီလိုလေ လူတွေရဲ့ စိတ်က အရိုင်းစိတ်လို့ ဆိုကြတယ်ဗျ။ အဲဒါ ခင်ဗျားတို့ လက်ခံသလား”

ကျွန်တော်-“ဟုတ်တယ်ထင်တာပဲ ဗုဒ္ဓဘာသာမှာတောင် စိတ်ကို နွားရိုင်းနဲ့ နှိုင်းထားတာ ရှိသလိုပဲ။ ဟိုဟာလေဗျာ ဘာတဲ့ ရားထိုင်တဲ့ အခါစိတ်ကို နွားရိုင်းကို တိုင်မှာချည်ပြီး တစ်ဖြည်းဖြည်းနဲ့ ငြိမ်သွားအောင် စုစည်းသလိုဆိုလား မသိဘူး ကြားဖူးတယ်”

ဂိုင်းမျိုး-“အဲဒီ အရိုင်းစိတ်ကို ဘာသာရေး၊ လူမှု့ရေး၊ ယဉ်ကျေးမှု့၊တရားဥပဒေ ဆိုတာတွေနဲ့ ထိန်းထားရတာဗျ။ ဥပမာဗျာ ခင်ဗျား မကျေနပ်တဲ့ သူတစ်ယောက်ကို ဥပဒေမရှိ၊ ငရဲကြီးတာမရှိဘူး ဘာအနှောင်အဖွဲ့မှ မရှိဘူးဆိုရင်ခင် ဗျားဘာလုပ်မလဲ။”

ကျွန်တော်-“သတ်ပစ်ချင်သတ်ပစ်မိမှာပေါ့ဗျ”

ဂိုင်းမျိုး-“အဲဒါပဲဗျ။ လူစိတ်ရဲ့ သဘာဝကအရိုင်းစိတ်။ နောက်ထပ် ခပ်ရိုင်းရိုင်းဥပမာတစ်ခုပေးမယ်ဗျာ။ အခုနေလမ်း ပေါ်မှာ ကောင်မလေး ချောချောလေး တစ်ယောက်ဖြတ်သွားတယ်ဆိုပါစို့။ ကျန်တဲ့ ဟာတွေ အားလုံးဘေးဖယ်ထား။ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာရှိတာကို အရိုးသားဆုံးဖြေ။ ဘာလုပ်ချင်မလဲလို့။ သူတော်စင်တွေကလွဲပြီး သာမာန်ပုထုစဉ် တွေဆိုရင် တဏှာစိတ်ဖြစ်တာပဲ။ အဲဒီလို အရိုင်းစိတ်တွေကို ဘောင်ကွပ်ပြီး ထိန်းထားရတာပဲ။”

စာအုပ်-“ဒါကတော့ မထိန်းလို့ဖြစ်မလားကွ။ မဟုတ်ရင် ကမ္ဘာတောင် ပျက်သွားဦးမယ်”

ဂိုင်းမျိုး-“ဟုတ်ပါတယ်။ မထိန်းရဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်ဆိုလိုတာက သာမာန်လူတွေရဲ့ ပင်ကိုယ်စိတ်ကို ပြောချင်တာ။ ပြောရင်းနဲ့ ကျုပ်စကားက ဘေးရောက်တော့မယ်။ ဒီတော့ အဲဒီသီချင်းတွေက လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ဟာတွေကို အရှိအတိုင်းထုတ်ပြတာလို့ မြင်တယ်”

စာအုပ်-“ဒါဆိုရင်ခင်ဗျားက ဒီသီချင်းတွေကို ကောင်းတယ်၊ လူတိုင်း နားထောင်သင့်တယ်လို့ ဆိုချင်တာလား”

ဂိုင်းမျိုး-“အာကိုစာအုပ် ခင်ဗျား တော်တော်ဝေးတာပဲ။ ကျုပ်ကအဲလိုလဲ မဆိုလိုဘူး။ အရက်ဆိုင်တို့ ဇိမ်ခန်းရှိတာရော ကောင်းလား မကောင်းဘူးလားလို့ မေးရင် ခင်ဗျား ဘယ်လိုဖြေမလဲ။ သူများကို မထိခိုက်ရင် ပြဿနာမရှိဘူးပေါ့ဗျာ။ ကြိုက်ရင်နားထောင် မကြိုက်ရင် နားမထောင်နဲ့ပေါ့ဗျ။”

စာအုပ်-“ဒီလိုဆိုကျုပ်ကို ထိခိုက်နေတယ်ဗျ။ အခုမကြားချင်ဘူး။ မကြိုက်ဘူးဗျာ။ ဒါပေမယ့် သူများဖွင့်တော့ ကြားနေရတယ်။ အဲဒါဘယ်လိုလုပ်မလဲ။” ဂိုင်းမျိုး-“ဒီလိုဆိုလည်း ခင်ဗျား ၀န်ကြီးချုပ်ဖြစ်ရင် ဆိုင်တွေမှာ လိုက်ကပ်ပေါ့ဗျ။ No smoking အပြင် No Hip Hop လို့။ ”

စာအုပ်-“ခင်ဗျားကတော့ ပြောလိုက်ရင် ဂွပဲ။ ကျွန်တော်က အကောင်းပြောနေတာဗျ။ အဲဒီ စောက်သုံးမကျတဲ့ စာသားတွေကို ကြားနေရတာ နားကလောတယ်”

ဂိုင်းမျိုး-“ဟောတွေ့လား အဲဒါပြောတာ။ ခင်ဗျားတောင်မှ တစ်ခုခုကို ပေါက်ကွဲရင်“ စောက်” ဆိုတဲ့ စကားလုံးထွက်လာတာပဲ။ ဒါလူ့သဘာဝအမှန်ပဲ”

ကိုစာအုပ် ငြိမ်သွားလေသည်။

ကျွန်တော်-“ကိုဂိုင်းမျိုးပြောမှ ကျွန်တော်စဉ်းစားမိတယ်။ အနောက်တိုင်းက ရုပ်ရှင်ကားတွေမှာ F_ _ _ စကားလုံးတို့ S_ _ _ စကားလုံးတို့ကို တွင်တွင်ကြီးသုံးနေတာ။ မြန်မာဇာတ်လမ်းတွေကျတော့ ယဉ်ကျေး မှု့အရဆိုပြီး အဲဒါတွေ မသုံးရဘူး။ ရပ်ကွပ်ထဲက အမူးသမားဆဲတဲ့အခန်းမှာတောင်မှ ခွေးမသားဆိုတာ အလွန်ဆုံးပဲပါတယ်နော်။ ယဉ်ကျေးပေမယ့် reality နဲကတော့ တော်တော်ကင်းကွာသွားပြီနော်။”

ဂိုင်းမျိုး-“ဟုတ်တယ် ဒါတွေက ကောင်းလားဆိုးလားဆိုတာတော့ မဆုံးဖြတ်တတ်ဘူး။ ဒါပေမယ့် သေချာတာတော့ အမူးသမားဆဲတဲ့ အခန်းဆိုရင် အပြင်က အမူးသမား ဆဲတယ်ဆိုရဲ့ felling ကို အပြည့်အ၀ မပေးနိုင်တာတော့ သေချာတယ်”

စာအုပ်-“ဟာ အဲဒီလိုသာ တစ်တစ်ခွခွဆဲတဲ့ အခန်းတွေ ထည့်ထားရင် မိသားစုဘယ်လိုကြည့်မလဲ။ လူငယ်တွေကို အဆဲသင်သလိုဖြစ်နေမှာပေါ့။ ခင်ဗျား သာသမီးတွေကြည့်ဖို့ ခင်ဗျား ခွင့်ပြုနိုင်မလား”

ဂိုင်းမျိုး-“အနုပညာမှာ အဓိကလိုအပ်တာ လွပ်လပ်မှု့ပဲလို့ ဖတ်ဖူးတယ်။ အနှောင်အဖွဲ့တွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ အနုပညာဆိုတာ မဖွံ့ဖြိုးနိုင်ဘူးတဲ့။”

ကျွန်တော်-“ဒါဆိုရင် ဒီလိုသီချင်းတွေကရော မှန်တယ်မှားတယ်လို့ ဘယ်လိုဆုံးဖြတ်မလဲ”

ဂိုင်းမျိုး-“ဟားဟား မှန်တယ် မှားတယ်ဆုံးဖြတ်မယ် ဟုတ်လား။ မင်းက ဘယ်ပေတံနဲ့တိုင်းမှာလဲ။ တစ်ချို့နေရာတွေမှာ အမှန်အမှားဆို တာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်လေ”

စာအုပ်-“ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီသီချင်းတွေကို လုံးဝလက်မခံနိုင်ဘူး။ ခင်ဗျားတို့ စဉ်းစားကြည့် အခု Media မှာ စီးကရက်ကြော်ငြာတွေမရိုက်ရဘူး ဘာလို့လဲဆိုတော့ လူငယ်တွေ အဲဒီ ကြော်ငြာတွေကြောင့် စီးကရက်သောက်သုံးသူပိုများလာနိုင်လို့ဆိုပဲ။ အဲလိုဆိုရင် အဲဒီဆဲတဲ့သီချင်းတွေကြောင့် လူငယ်တွေပိုမရိုင်း ကုန်နိုင်ဘူးလား။ ဦးနှောက်လေး နည်းနည်းသုံးပါ ကိုဂိုင်းမျိုးရ”

ကျွန်တော်-“ဒါလည်း ဟုတ်တာပဲ”

ဂိုင်းမျိုး-“ကျုပ်အမြင်ကတော့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုရင်းရမှာပဲ”

စာအုပ်-“ခင်ဗျားက ဘာကိုလိုချင်တာလဲ”

ဂိုင်းမျိုး-“ထားပါလေ ခင်ဗျားတို့က ကိုယ့်ကိုကိုယ်ဘောင်ခတ်ပြီး ဘောင်ထဲမှာပဲနေတာကိုးဗျ”

ကိုဂိုင်းမျိုးကပြောပြောဆိုဆို သူ၏မှတ်စုစာအုပ်ထဲမှ မိတ္တူကူးထားသော ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းလေးကိုထုတ်ပြသည်။ ဂိုင်းမျိုး-“တွေ့လား ကိုယ့်ကိုကိုယ်ဘောင်ခတ်ထားသူတစ်ယောက်အကြောင်း”

ကျွန်တော်လည်း ကိုဂိုင်းမျိုးပြသော ကာတွန်းပုံကိုသေချာကြည့်လိုက်လေသည်။ ဆရာအော်ပီကျယ်၏ ကာတွန်း မှာ အလွန်အတွေးအခေါ်ကောင်းလှလေသည်။ လူတစ်ယောက် ကိုယ့် အတွေးနဲ့ကိုယ် အကျဉ်းကျသွားပုံ။

ကျွန်တော်-“ဟာကိုဂိုင်းမျိုး ခင်ဗျားပြောတာဟုတ်တယ်ဗျ”

စာအုပ်-“အော်ခင်ဗျားက ဒီလိုဆိုတော့ကျုပ်ကလည်း ပြရသေးတာပေါ့”

ကိုစာအုပ်ကလည်း အားကျမခံသူသိမ်းထားသော ဆရာအော်ပီကျယ်၏ အောက်ပါကာတွန်းလေးကို ထုတ်ပြလေသည်။ စာအုပ်-“ဒါက မဟုတ်တာကို အဟုတ်ထင်နေသူတစ်ယောက်အကြောင်းဗျာ ဟဲဟဲ”

ကိုစာအုပ်ပြသော ဆရာအော်ပီကျယ်၏ ကာတွန်းလေးမှာလည်း အလွန်ကောင်းလှလေသည်။

ကျွန်တော်-“ဟင် ကိုစာအုပ်ပြောတာလည်း ဟုတ်တာပဲ”

ကိုဂိုင်းမျိုးနှင့် ကိုစာအုပ်ကတော့ ဆက်ငြင်းနေကြလေသည်။ ကျွန်တော်ကတော့ ကာတွန်းနှစ်ပုံကို ကြည့်တွေးပြီး ခေါ်င်းရှုပ်လာလေသည်။ ဘယ်သူမှန်သလဲ ဘယ်သူမှားသလဲ ဆုံးဖြတ်ရ အတော်ခက်နေလေသည်။ ကိုဂိုင်းမျိုးပြောသလို တစ်ချို့နေရာတွေမှာ အမှန်အမှားဆိုတာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်ဆိုတာ ဟုတ်မလား မသိဘူး။
အင်းဒီနေညတော့ ဘာမီတွန် နှစ်ပြားလောက်သောက်မှ အိပ်ပျော်တော့မယ်ထင်ပါရဲ့ဗျာ။

မှတ်ချက်- ဆရာအော်ပီကျယ်၏ အော်ပီကျယ် - ကာတွန်းအတွေးစုများ တတိယအစု ကာတွန်းများကို အောက်ပါ လင့်မှရပါသည်။
http://wntbookshelf.com/bookshelf/cartoon/

July,2009
မိုးတိမ်ညို

3 comments:

ကိုပေါ July 10, 2009 at 2:11 AM  

ကိုမိုးတိမ်ညို….

ကိုဂိုင်းမျိုးက ကျနော်နဲ့ တော်တော်နီးစပ်တယ်။ (ကျနော့်ကိုလည်း ဓားထိုးခံရမယ့်ကောင်လို့ မကြာခဏ အပြောခံရဘူးသဗျ… ဟီး)။

ဂျောက်ဂျက်ကိစ္စ ကျနော်လည်း ငြင်းဖူးပါ့ဗျာ။

အင်း…ကိုစာအုပ်တို့ အလိုသာဖြင့် အင်မတန်ကောင်းတဲ့ အနုပညာတွေ၊ အတွေးအခေါ်တွေကို လက်လွတ်သွားနိုင်တယ်ဗျ။ ဥပမာပေးရရင်ဗျာ ဟောလီးဝုဒ်က ရုပ်ရှင်တကားဖြစ်တဲ့ Scent of a woman ဆိုတဲ့ ဇာတ်ကား အရမ်းကောင်းတယ်။ အဲသည်ကားထဲမှာ မင်းသားကြီး အယ်လ်ပါချီနိုရဲ့ ပါးစပ်က တချိန်လုံး အယုတ္တအနတ္တတွေ အတုံးလိုက်အတစ်လိုက် ထွက်နေတာဗျ။ ဒါပေမယ့် ဇာတ်ကားက ကောင်းလွန်းလို့ အောက်မှာ ပြထားတဲ့ ဆုတွေတောင်ရလိုက်သေးတယ်။ ဆဲလုံးတွေကလည်း ဗမာတွေက နားရှက်နေသေးလို့ပါဗျာ။ နိုင်ငံခြားမှာ ခဏနေလိုက်ရင် နားယဉ်သွားတာပါဘဲ။ တခါတလေ အချင်းချင်း ဆဲလုံးလေးနဲ့ ပြောလိုက်ရရင် အရသာကို ရှိလို့။ (ကောင်းတဲ့ အကျင့်တော့ မဟုတ်ဘူးပေါ့ဗျာ။းး-) မြန်မာပြည်မှာလည်း အပြင်က လူတွေ စကားပြောတာနားထောင်လိုက်။ ယောကျာင်္းလေးတွေဆိုရင် သူငယ်ချင်းချင်း စကားတခွန်းပြောဖို့အရေး… သူ့ပစ္စည်းလေးကို ထည့်ထည့်ပြောရတာ အမော။ ကျနော့်အမြင်ကတော့ စိတ်ရင်းဖြူစင်ရိုးသားဖို့က ပဓာနပါဗျာ။ နှုတ်ကြမ်းတာကတော့ ၀သီပေါ့။ ဗုဒ္ဓဘာသာမှာလည်း မထေရ်ကြီးတပါးဟာ ရဟန္တာဖြစ်တာတောင် နှုတ်ကြမ်းတဲ့ အကျင့် မပျောက်ဘူးဆိုတာလေ။ (သူကြမ်းတာကတော့ ၀သလ လို့ ခေါ်ရုံလောက်ပေါ့။) ကိုမိုးတိမ်ညို ပိုသိမှာပါ။
It won the Academy Award for Best Actor (Al Pacino) and was nominated for Best Director (lost to Clint Eastwood for Unforgiven), Best Picture (lost to Unforgiven) and Best Adapted Screenplay (lost to Howards End).
The film was also the big winner at the Golden Globe Awards winning three for: Best Adapted Screenplay, Best Actor, and Best Picture of the Year.

မိုးတိမ်ညို July 11, 2009 at 6:17 AM  

ဟုတ်တယ်ကိုပေါရေ။ မြန်မာစာသင်တုံးက ရင်းနှီးသည့် သဘော ရိုင်းသည့် သဘောဆိုတဲ့ စာကြောင်းလေးကို သွားသတိရမိတယ်။

မိုးခါး December 19, 2009 at 11:25 PM  

ဘယ်အရာ ဘယ်ကိစ္စပဲဖြစ်ဖြစ် အလွန်အကျွံမဖြစ်လို့ လိုအပ်မယ်တော့ ထင်ပါတယ် .. အစွန်းနှစ်ဖက် ကင်းကင်းနေပြီး ကိုယ့်ကိုကိုယ်ရော သူတပါးကို မစော်ကားမိတာတော့ ကောင်းတာပေါ့ ..
လွတ်လပ်မှုကို မြတ်နိုးတဲ့ လူငယ်တွေအတွက် ပွင့်လင်းမှုဆိုတာ လိုအပ်သလို စည်းလွတ်ဘောင်လွတ် လွတ်လပ်ခြင်းမျိုးတော့ မဖြစ်သင့်ပါဘူး
ဘယ်လိုခေတ်အခြေအနေကိုပဲ ရောက်ရောက် မြန်မာက မြန်မာပါပဲ
ကိုယ်ပြောလိုက်တဲ့ စကား ကိုယ်ပြုလိုက်တဲ့ အပြုအမူက ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြပါတယ် .. ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆက်နွယ်နေပါတယ် ..း))
ဒီသီချင်းတွေကို လက်မခံနိုင်သေးတာတော့ အမှန်ပါပဲ .. :D
(စိတ်ထဲရှိတာ ချရေးသွားပါတယ် ..း))

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP