Monday, July 13, 2009

သူ့အမြင်ကိုယ့်အမြင်

(၁)


ရန်ကုန်မြို့တော်၏ ရပ်ကွပ်တစ်ခုအတွင်းမှ လမ်းသွယ်လေးတစ်ခုတွင် ခေတ်ဆန်ဆန်လူငယ်လေးတစ်ယောက် သည်ကျောပိုးအိတ်လေးလွယ်ကာ တစ်နေရာသို့ဦးတည်နေလေသည်။ ထိုအချိန်တွင် ကိုရင်နှင့် ဦးဇင်း ကြားအရွယ် လောက်ရှိ သင်္ကန်းဝတ် ကိုယ်တော်လေး တစ်ပါးသည် မချင့်မရဲဖြင့် ထိုသူငယ်လေး အနားကို ချည်းကပ် လာလေသည်။ ထိုနောက် မ၀ံ့မရဲလေသံလေးဖြင့်

“ဒကာလေး ဦးဇင်း နယ်ကလာတာပါ ပိုက်ဆံအိတ်ကျပျောက်သွားလို့ အဲဒါ..နေ့ဆွမ်းကလည်း မစားရသေးဘူး”

ထိုအခါထိုသူငယ်လေးသည် စိတ်မရှည်ဟန်ဖြင့် ပိုက်ဆံအိတ်ကို ထုတ်ကာ ဆယ်တန်တစ်ရွက် ကမ်းပေး လိုက်လေသည်။ ဦးဇင်းလေး၏ မျက်နှာမှာ အလွန်အမင်းပျက်သွားပြီး

“ဟာ နေနေ ဒကာရပါတယ်”

ဟုဆိုကာ ရှက်ကိုးရှက်ကန်း ခြေလှမ်းအမှားမှားနှင့် တက်သုတ်ရိုက်ထွက်သွားလေသည်။ ယခုခေတ်တွင် တစ်ဆယ်ဆိုသည့်ပိုက်ဆံမှာ သူတောင်းစားတောင် လက်မခံချင်တော့သော ပိုက်ဆံ ဖြစ်သောကြောင့်ပင်တည်း။

*******************************************************************
(၂)


အထက်ပါဖြစ်ရပ်ကို မိတ်ဆွေဖတ်ရှု့မိပါက အဆိုပါကောင်လေးကို အလွန်ရိုင်းစိုင်းသော ကောင်လေးဟု ထင်ကောင်းထင်ပါလိမ့်မည်။ ဦးဇင်းလေးကို သနားကောင်း သနားမိလိမ့်မည်။ သို့သော်လည်း အကြောင်းစုံကို အရင်တင်ပြခွင့်ပြုပါ။ ပြီးမှ မိတ်ဆွေကောက်ချက်ချကြည့်ပါလို့ အကြံပြုလိုပါတယ်။

ကျွန်တော်လည်း ထိုဖြစ်ရပ်ကို မလှမ်းမကမ်းမှ မြင်တွေ့လိုက်ပါသည်။ အဆိုပါကောင်ကလေးကိုလည်း ရပ်ကွပ်တည်းကမို့ အတန်ငယ်မျက်မှန်းတန်းမိနေပါသည်။ သို့ကြောင့် နောက်ရက်တွင် ထိုကောင်လေး နှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံသော အခါတွင် မေးကြည့်မိပါသည်။

“ဟုတ်တယ်ဦးလေးရေ ကျွန်တော်လည်း စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော့်လုပ်ရပ်က ရိုင်းသလိုဖြစ်သွားတယ် ထင်တယ်။ ဒါလည်း အကြောင်းရှိတယ်ဦးလေးရေ။ ဒီလိုဗျ”

အောက်ပါအကြောင်းအရာများမှာ အဆိုပါကောင်လေး ပြန်လည်ပြောပြသော အကြောင်များဖြစ်ပါသည်။
**************

(၃)


ဒီလိုဗျ။ ကျွန်တော်တစ်ခါက မြို့ထဲကို အသွား လမ်းမှာ ဦးဇင်းတပါးတွေ့တယ်။ သူကနေ့ဆွမ်းမစားရသေးလို့ ဆိုပြီးတော့ အလှူခံလို့ ကျွန်တော်က ကျွန်တော်ရတဲ့ မုန့်ဖိုးထဲက ငါးရာလှူလိုက်တယ်။ ညနေကြတော့ ကျွန်တော် မြို့ထဲက ပြန်လာတော့ လမ်းက ဘီယာဆိုင်တစ်ဆိုင်မှာ အဲဒီဦးဇင်းကို လူဝတ်နဲ့တွေ့တယ်ဗျာ။ ဦးထုတ်လေးဆောင်းလို့။ ဘာလို့ အတိအကျမှတ်မိသလဲဆိုရင် သူ့မျက်နှာမှာ အမှတ်တစ်ခုပါတယ်လေ။

နောက်တစ်ခါက ကိုရင်လေးတစ်ပါး။ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်နေတုံး သပိတ်ပိုက်ပြီး အနားလာရပ်တယ်။ ကျွန်တော်လည်း ကန်တော့ပါသေးရဲ့လို့ ပြောမိတယ်။ အဲဒါကို သူကဘုကြည့်ကြည့်ပြီး ပေကပ်ကပ်နဲ့ ဆက်ရပ်နေတယ်ဗျာ။ ကျွန်တော်က ကိုရင် ကန်တော့ပါသေးရဲ့လိုပြောတာကြားလား ဆိုတော့လည်း မရဘူးဗျာ။ အနားမှာပဲ ရပ်နေတယ်။ ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်း လည်းဗျာ။ တော်တော်ကြာမှ မကျေမနပ်နဲ့ထွက်သွားသေး။ ယုံချင်ယုံ မယုံချင်နေ။ မကြားတစ်ကြားတောင် ဆဲသွားသေးတယ်။ အဲဒီ ကတည်းက သင်္ကန်းဝတ်ကို ကြောက်သွားတာ။ အခုကိစ္စကတော့ ရုတ်တရက်ဆိုတော့ ဗျာ အရင်ကအရှိန်နဲ့ ပေါင်းပြီး ရိုင်းသလိုဖြစ်သွားတယ်။ ကျွန်တော်လည်း တွေးမိတိုင်းစိတ်မကောင်းဘူး။ အဲဒီ ဦးဇင်းလေးကများ အတကယ့် အမှန်အကန် ဦးဇင်းလေးဆိုရင်တော့ တော်တော်ခံစားသွားရမှာပဲ

**********************
(၄)


ဦးဇင်းလေး ဦးကောဝိဒသည် ငယ်ဖြူကလေး ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး မရှိတော့ သဖြင့် ရွာဦးကျောင်းမှာပဲ ကိုရင်ဝတ်နှင့်နေလေသည်။ ထိုနောက် ဦးဇင်းလေးဖြစ်လာလေသည်။ ဦးဇင်းလေးသည် ငယ်ငယ်ကတည်းက မြို့ကိုတစ်ခေါက်မှ မရောက်ဘူး။ ယခု ဆရာတော်နေမကောင်း၍ ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ကုသသောအခါမှ ရန်ကုန်သို့ ဆရာတော်၏ ဒကာများနှင့်အတူရောက်လာလေသည်။

တစ်နေ့တွင်ဆရာတော်ကို အခြားစောင့်မည့်သူများရှိသဖြင့် ခွင့်ပန်ပြီး မြို့ထဲသို့ ထွက်လာခဲ့သည်။ မရောက်ဖူးသဖြင့် သူ့အတွက်တော့ အထူးအဆန်းချည်းပဲ ဖြစ်နေသည်။ တစ်နေရာအရောက်တွင် ဘက်(စ်)ကား ပေါ်မှ အဆးင်းတွင် သူ့၏ပိုက်ဆံအိတ်မရှိတော့တာ သတိထားမိသည်။ ဦးဇင်းလေး အလွန်တုန်လှုပ်သွားသည်။ ရန်ကုန်မြို့ကြီးထဲတွင် ပိုက်ဆံမရှိပဲ သူဘယ်လိုပြန်ရပါ့မလဲ။ သူတစ်စုံတစ်ယောက်ကို အကူအညီတောင်းရန်ဆုံးဖြတ်ခဲ့လေသည်။

သနားကမားနှင့် ရည်မွန်ဟန်ရှိသော သူငယ်လေးထံသို့ ဦးဇင်းလေး ချည်းကပ်ပြီး အလှူခံခဲ့လေသည်။ သို့သော်လည်း သူ ခါးသီးရက်စက်သော တုန့်ပြန်မှု့ကိုသာရခဲ့လေသည်။ အဲဒီနေ့က သူအခြားမည့်သည့် အကူအညီမှ မတောင်းခံရဲတော့ပဲ ဆေးရုံအထိ ခြေလျှင်လျှောက်ပြန်ခဲ့လေသည်။

ရွာပြန်ရောက်တော့ ရွာမှ တကာများကို ရန်ကုန်အတွေ့ အကြုံကို နာကြည်းစွာပြန်ပြောပြလေသည်။

“မလွယ်ပါဘူး ဒကာတို့ရာ ရန်ကုန်မြို့ကြီးက လူတွေက အတော်ကြောက်စရာကောင်းပါတယ်။ ကျုပ်အလှူခံတာကို ကျုပ်ကို သူတောင်းစားတစ်ယောက်လို သဘောထားတယ်လေ။ ရန်ကုန်မြို့ကြီးတော့ ကြောက်ပါပြီ ဒကာတို့ရာ”

***********************************
(၅)


အထက်ပါအကြောင်းအရာများကို အကြောင်းစုံသိရှိပြီး ကျွန်တော် အဖြစ်အပျက်ကို သေချာစဉ်းကြည့်ပြီး သက်ပြင်းချမိပါသည်။ သူ့ရှု့ဒေါင့်နှင့်သူတော့ မှန်နေကြတာလေပဲ ဟုသာ ထင်မိပါသည်။


ဇူလိုင်၊၂၀၀၉။
မိုးတိမ်ညို

Read More...

Thursday, July 9, 2009

ကိုဂိုင်းမျိုး၊ ကိုစာအုပ်နှင့် ကျွန်တော်- Hip Hop အမှန်နှင့် အမှား

“နင့်အမေတော့ မသိရှာဘူး ငါ့သမီးလေး ကျူရှင်တတ်နေတာ ကွယ်ရာကြပါသွားပြန်ပြီ အကောင်တစ်ကောင်နဲ့ လူမမြင်တဲ့ဂေဟာ အရွယ်ရောက်လို့ အိမ်ထောင်ကျလည်း မယူခင်ပဲ့နေတာ…”

ဘေးဝိုင်းမှ ဆယ်ကျော်သက်အရွယ် လူငယ်လေးများထံမှ ဂျောက်ဂျက်၏ hip hop သီချင်းသံသည် ကျွန်တော်တို့ ၀ိုင်းသို့ ပျံလွင့်လာလေသည်။ ကိုစာအုပ်သည် ထိုသီချင်းသံကို ကြားပြီး လက်ဖက်ရည် သောက်နေရာမှ နင်မလိုဖြစ်သွားသဖြင့် လက်ဖက်ရည်ခွက်ကို အမြန်ချကာရေနွေးကြမ်းဖြင့် မျှောချလိုက်ရ လေသည်။

“အင်း မြန်မာ့ ယဉ်ကျေးမှု့ကြီးတော့ ပျက်စီးပါပြီကွာ”

ယခုတစ်ခါလက်ဖက်ရည်သီးသွားသည်မှာ ကိုဂိုင်းမျိုးဖြစ်လေသည်။

ဂိုင်းမျိုး- “အံမယ် ကိုစာအုပ်ရ ဒီသီချင်းကြားရတာနဲ့ ဘယ်နဲ့ မြန်မာ့ယဉ်ကျေး မှု့ကြီးက ပျက်စီးရမှာတုံး ဗျ”

စာအုပ်-“ဒီလိုလေ ဂီတမှာ ပေါက်ကွဲသံစဉ်ဆိုတာ ကျွန်တော်လည်း နားလည်ပါတယ်။ ခံစားချက်ကို ပေါက်ကွဲပစ်လိုက်တာ ကြမ်းကြမ်းရမ်းရမ်းပေါ့ဗျာ။ အခုဟာက ပေါက်ကွဲတာ မဟုတ်တော့ ဘူး ရိုင်းတာ ဖြစ်သွားပြီ ခင်ဗျားလည်း ကြားဖူးမှာပါ ဒီထက်ရိုင်းတဲ့ စကားလုံးတွေရှိသေးတယ်”

ဟုတ်ပါသည်။ ကျွန်တော်လည်း ထိုသီချင်းများကို နားထောင်ဖူးပါသည်။ စာသားတွေကတော့ တော်တော် ကြမ်းသည်။ ဒါပေမယ့် နားထောင်လို့တော့ သိပ်မဆိုးသလိုလို။ ထိုထက်ပို၍ များများမတွေးမိပါ။ ကိုစာအုပ်က ဆက်ပြောသည်။

စာအုပ်-“ဘယ်နှယ့်ဗျာ အမေနှမ ကြားလို့မှ မသင့်တော့ ဒီလောက် အောက်တန်းကျပြီး အောက်တန်းကျရိုင်းစိုင်း တဲ့စကားလုံးတွေကို ဘယ်လိုလုပ်ဂီတလို့ အသိအမှတ်ပြုရမလဲ။ အဲဒါအဲဒီဆိုတဲ့သူရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပဲ”

ဂိုင်းမျိုး- “ဒီလိုရှိတယ် ကိုစာအုပ်ရ ဒီနေရာမှာတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ အတွေးအခေါ်မတူတော့ဘူး။ ဟဲဟဲကျုပ်က ခေတ်ရေစီးကြောင်းကို ပိုလိုက်နိုင်တဲ့လို့ ဆိုရမလားပဲ”

ကိုစာအုပ်က ဖြတ်ပြောသည်။

စာအုပ်-“ဒါကခေတ်ရေစီးကြောင်းဆိုရင်တော့ မမှီရင်လည်း နေပါစေဗျာ”

ဂိုင်းမျိုး-“ကျုပ်အယူအဆကတော့ လူ့သဘာဝကို မကွယ်မ၀ှက်ပဲ ပွင့်ပွင့်လင်းလင်း ဖော်ပြတာလို့ ဆိုချင်တာပဲ”

ကျွန်တော်-“လင်းစမ်းပါဦးဗျ”

ဂိုင်းမျိုး-“ဒီလိုလေ လူတွေရဲ့ စိတ်က အရိုင်းစိတ်လို့ ဆိုကြတယ်ဗျ။ အဲဒါ ခင်ဗျားတို့ လက်ခံသလား”

ကျွန်တော်-“ဟုတ်တယ်ထင်တာပဲ ဗုဒ္ဓဘာသာမှာတောင် စိတ်ကို နွားရိုင်းနဲ့ နှိုင်းထားတာ ရှိသလိုပဲ။ ဟိုဟာလေဗျာ ဘာတဲ့ ရားထိုင်တဲ့ အခါစိတ်ကို နွားရိုင်းကို တိုင်မှာချည်ပြီး တစ်ဖြည်းဖြည်းနဲ့ ငြိမ်သွားအောင် စုစည်းသလိုဆိုလား မသိဘူး ကြားဖူးတယ်”

ဂိုင်းမျိုး-“အဲဒီ အရိုင်းစိတ်ကို ဘာသာရေး၊ လူမှု့ရေး၊ ယဉ်ကျေးမှု့၊တရားဥပဒေ ဆိုတာတွေနဲ့ ထိန်းထားရတာဗျ။ ဥပမာဗျာ ခင်ဗျား မကျေနပ်တဲ့ သူတစ်ယောက်ကို ဥပဒေမရှိ၊ ငရဲကြီးတာမရှိဘူး ဘာအနှောင်အဖွဲ့မှ မရှိဘူးဆိုရင်ခင် ဗျားဘာလုပ်မလဲ။”

ကျွန်တော်-“သတ်ပစ်ချင်သတ်ပစ်မိမှာပေါ့ဗျ”

ဂိုင်းမျိုး-“အဲဒါပဲဗျ။ လူစိတ်ရဲ့ သဘာဝကအရိုင်းစိတ်။ နောက်ထပ် ခပ်ရိုင်းရိုင်းဥပမာတစ်ခုပေးမယ်ဗျာ။ အခုနေလမ်း ပေါ်မှာ ကောင်မလေး ချောချောလေး တစ်ယောက်ဖြတ်သွားတယ်ဆိုပါစို့။ ကျန်တဲ့ ဟာတွေ အားလုံးဘေးဖယ်ထား။ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာရှိတာကို အရိုးသားဆုံးဖြေ။ ဘာလုပ်ချင်မလဲလို့။ သူတော်စင်တွေကလွဲပြီး သာမာန်ပုထုစဉ် တွေဆိုရင် တဏှာစိတ်ဖြစ်တာပဲ။ အဲဒီလို အရိုင်းစိတ်တွေကို ဘောင်ကွပ်ပြီး ထိန်းထားရတာပဲ။”

စာအုပ်-“ဒါကတော့ မထိန်းလို့ဖြစ်မလားကွ။ မဟုတ်ရင် ကမ္ဘာတောင် ပျက်သွားဦးမယ်”

ဂိုင်းမျိုး-“ဟုတ်ပါတယ်။ မထိန်းရဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်ဆိုလိုတာက သာမာန်လူတွေရဲ့ ပင်ကိုယ်စိတ်ကို ပြောချင်တာ။ ပြောရင်းနဲ့ ကျုပ်စကားက ဘေးရောက်တော့မယ်။ ဒီတော့ အဲဒီသီချင်းတွေက လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ဟာတွေကို အရှိအတိုင်းထုတ်ပြတာလို့ မြင်တယ်”

စာအုပ်-“ဒါဆိုရင်ခင်ဗျားက ဒီသီချင်းတွေကို ကောင်းတယ်၊ လူတိုင်း နားထောင်သင့်တယ်လို့ ဆိုချင်တာလား”

ဂိုင်းမျိုး-“အာကိုစာအုပ် ခင်ဗျား တော်တော်ဝေးတာပဲ။ ကျုပ်ကအဲလိုလဲ မဆိုလိုဘူး။ အရက်ဆိုင်တို့ ဇိမ်ခန်းရှိတာရော ကောင်းလား မကောင်းဘူးလားလို့ မေးရင် ခင်ဗျား ဘယ်လိုဖြေမလဲ။ သူများကို မထိခိုက်ရင် ပြဿနာမရှိဘူးပေါ့ဗျာ။ ကြိုက်ရင်နားထောင် မကြိုက်ရင် နားမထောင်နဲ့ပေါ့ဗျ။”

စာအုပ်-“ဒီလိုဆိုကျုပ်ကို ထိခိုက်နေတယ်ဗျ။ အခုမကြားချင်ဘူး။ မကြိုက်ဘူးဗျာ။ ဒါပေမယ့် သူများဖွင့်တော့ ကြားနေရတယ်။ အဲဒါဘယ်လိုလုပ်မလဲ။” ဂိုင်းမျိုး-“ဒီလိုဆိုလည်း ခင်ဗျား ၀န်ကြီးချုပ်ဖြစ်ရင် ဆိုင်တွေမှာ လိုက်ကပ်ပေါ့ဗျ။ No smoking အပြင် No Hip Hop လို့။ ”

စာအုပ်-“ခင်ဗျားကတော့ ပြောလိုက်ရင် ဂွပဲ။ ကျွန်တော်က အကောင်းပြောနေတာဗျ။ အဲဒီ စောက်သုံးမကျတဲ့ စာသားတွေကို ကြားနေရတာ နားကလောတယ်”

ဂိုင်းမျိုး-“ဟောတွေ့လား အဲဒါပြောတာ။ ခင်ဗျားတောင်မှ တစ်ခုခုကို ပေါက်ကွဲရင်“ စောက်” ဆိုတဲ့ စကားလုံးထွက်လာတာပဲ။ ဒါလူ့သဘာဝအမှန်ပဲ”

ကိုစာအုပ် ငြိမ်သွားလေသည်။

ကျွန်တော်-“ကိုဂိုင်းမျိုးပြောမှ ကျွန်တော်စဉ်းစားမိတယ်။ အနောက်တိုင်းက ရုပ်ရှင်ကားတွေမှာ F_ _ _ စကားလုံးတို့ S_ _ _ စကားလုံးတို့ကို တွင်တွင်ကြီးသုံးနေတာ။ မြန်မာဇာတ်လမ်းတွေကျတော့ ယဉ်ကျေး မှု့အရဆိုပြီး အဲဒါတွေ မသုံးရဘူး။ ရပ်ကွပ်ထဲက အမူးသမားဆဲတဲ့အခန်းမှာတောင်မှ ခွေးမသားဆိုတာ အလွန်ဆုံးပဲပါတယ်နော်။ ယဉ်ကျေးပေမယ့် reality နဲကတော့ တော်တော်ကင်းကွာသွားပြီနော်။”

ဂိုင်းမျိုး-“ဟုတ်တယ် ဒါတွေက ကောင်းလားဆိုးလားဆိုတာတော့ မဆုံးဖြတ်တတ်ဘူး။ ဒါပေမယ့် သေချာတာတော့ အမူးသမားဆဲတဲ့ အခန်းဆိုရင် အပြင်က အမူးသမား ဆဲတယ်ဆိုရဲ့ felling ကို အပြည့်အ၀ မပေးနိုင်တာတော့ သေချာတယ်”

စာအုပ်-“ဟာ အဲဒီလိုသာ တစ်တစ်ခွခွဆဲတဲ့ အခန်းတွေ ထည့်ထားရင် မိသားစုဘယ်လိုကြည့်မလဲ။ လူငယ်တွေကို အဆဲသင်သလိုဖြစ်နေမှာပေါ့။ ခင်ဗျား သာသမီးတွေကြည့်ဖို့ ခင်ဗျား ခွင့်ပြုနိုင်မလား”

ဂိုင်းမျိုး-“အနုပညာမှာ အဓိကလိုအပ်တာ လွပ်လပ်မှု့ပဲလို့ ဖတ်ဖူးတယ်။ အနှောင်အဖွဲ့တွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ အနုပညာဆိုတာ မဖွံ့ဖြိုးနိုင်ဘူးတဲ့။”

ကျွန်တော်-“ဒါဆိုရင် ဒီလိုသီချင်းတွေကရော မှန်တယ်မှားတယ်လို့ ဘယ်လိုဆုံးဖြတ်မလဲ”

ဂိုင်းမျိုး-“ဟားဟား မှန်တယ် မှားတယ်ဆုံးဖြတ်မယ် ဟုတ်လား။ မင်းက ဘယ်ပေတံနဲ့တိုင်းမှာလဲ။ တစ်ချို့နေရာတွေမှာ အမှန်အမှားဆို တာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်လေ”

စာအုပ်-“ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီသီချင်းတွေကို လုံးဝလက်မခံနိုင်ဘူး။ ခင်ဗျားတို့ စဉ်းစားကြည့် အခု Media မှာ စီးကရက်ကြော်ငြာတွေမရိုက်ရဘူး ဘာလို့လဲဆိုတော့ လူငယ်တွေ အဲဒီ ကြော်ငြာတွေကြောင့် စီးကရက်သောက်သုံးသူပိုများလာနိုင်လို့ဆိုပဲ။ အဲလိုဆိုရင် အဲဒီဆဲတဲ့သီချင်းတွေကြောင့် လူငယ်တွေပိုမရိုင်း ကုန်နိုင်ဘူးလား။ ဦးနှောက်လေး နည်းနည်းသုံးပါ ကိုဂိုင်းမျိုးရ”

ကျွန်တော်-“ဒါလည်း ဟုတ်တာပဲ”

ဂိုင်းမျိုး-“ကျုပ်အမြင်ကတော့ တစ်ခုကိုလိုချင်ရင် တစ်ခုကိုရင်းရမှာပဲ”

စာအုပ်-“ခင်ဗျားက ဘာကိုလိုချင်တာလဲ”

ဂိုင်းမျိုး-“ထားပါလေ ခင်ဗျားတို့က ကိုယ့်ကိုကိုယ်ဘောင်ခတ်ပြီး ဘောင်ထဲမှာပဲနေတာကိုးဗျ”

ကိုဂိုင်းမျိုးကပြောပြောဆိုဆို သူ၏မှတ်စုစာအုပ်ထဲမှ မိတ္တူကူးထားသော ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းလေးကိုထုတ်ပြသည်။ ဂိုင်းမျိုး-“တွေ့လား ကိုယ့်ကိုကိုယ်ဘောင်ခတ်ထားသူတစ်ယောက်အကြောင်း”

ကျွန်တော်လည်း ကိုဂိုင်းမျိုးပြသော ကာတွန်းပုံကိုသေချာကြည့်လိုက်လေသည်။ ဆရာအော်ပီကျယ်၏ ကာတွန်း မှာ အလွန်အတွေးအခေါ်ကောင်းလှလေသည်။ လူတစ်ယောက် ကိုယ့် အတွေးနဲ့ကိုယ် အကျဉ်းကျသွားပုံ။

ကျွန်တော်-“ဟာကိုဂိုင်းမျိုး ခင်ဗျားပြောတာဟုတ်တယ်ဗျ”

စာအုပ်-“အော်ခင်ဗျားက ဒီလိုဆိုတော့ကျုပ်ကလည်း ပြရသေးတာပေါ့”

ကိုစာအုပ်ကလည်း အားကျမခံသူသိမ်းထားသော ဆရာအော်ပီကျယ်၏ အောက်ပါကာတွန်းလေးကို ထုတ်ပြလေသည်။ စာအုပ်-“ဒါက မဟုတ်တာကို အဟုတ်ထင်နေသူတစ်ယောက်အကြောင်းဗျာ ဟဲဟဲ”

ကိုစာအုပ်ပြသော ဆရာအော်ပီကျယ်၏ ကာတွန်းလေးမှာလည်း အလွန်ကောင်းလှလေသည်။

ကျွန်တော်-“ဟင် ကိုစာအုပ်ပြောတာလည်း ဟုတ်တာပဲ”

ကိုဂိုင်းမျိုးနှင့် ကိုစာအုပ်ကတော့ ဆက်ငြင်းနေကြလေသည်။ ကျွန်တော်ကတော့ ကာတွန်းနှစ်ပုံကို ကြည့်တွေးပြီး ခေါ်င်းရှုပ်လာလေသည်။ ဘယ်သူမှန်သလဲ ဘယ်သူမှားသလဲ ဆုံးဖြတ်ရ အတော်ခက်နေလေသည်။ ကိုဂိုင်းမျိုးပြောသလို တစ်ချို့နေရာတွေမှာ အမှန်အမှားဆိုတာ မင်းတိုင်းတဲ့ ပေတံအပေါ်မှာလည်း မူတည်တယ်ဆိုတာ ဟုတ်မလား မသိဘူး။
အင်းဒီနေညတော့ ဘာမီတွန် နှစ်ပြားလောက်သောက်မှ အိပ်ပျော်တော့မယ်ထင်ပါရဲ့ဗျာ။

မှတ်ချက်- ဆရာအော်ပီကျယ်၏ အော်ပီကျယ် - ကာတွန်းအတွေးစုများ တတိယအစု ကာတွန်းများကို အောက်ပါ လင့်မှရပါသည်။
http://wntbookshelf.com/bookshelf/cartoon/

July,2009
မိုးတိမ်ညို

Read More...

Saturday, June 27, 2009

MRT စီးခြင်း အနုပညာ

MRT စီးခြင်း အနုပညာ ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ MRT စီးရင်း တွေးမိသည်များကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် MRT စီးသွားဖြစ်သည့် အချိန်များတွင် MRT ပေါ်တွင် တွေ့ရသော လူအမျိုးမျိုးကို ဟိုငေးဒီငေး ငေးရင်းဖြင့်သော်လည်းကောင်း၊ ငိုက်မြည်းလျှက်သော် လည်ကောင်း၊ သီချင်းတစ်ပုဒ်ပုဒ်နားထောင် လျှက်သော် လည်းကောင်း စီးလေ့ရှိပါသည်။ MRT ပေါ်တွင် တွေ့ရသော လူများမှာလည်း အမျိုးမျိုးအထွေထွေ၊ အသက်ကြီးသူ ငယ်သူ မိန်းမ ယောက်ကျား တစ်ချို့ကသုတ်သုတ် သုတ်သုတ် တစ်ချို့က လေးလေးပင်ပင် တစ်ချို့က စကားဖောင်ဖွဲ့လျှက် တစ်ချို့က တိတ်တိတ်ဆိတ်ဆိတ်။ MRT ပေါ်တွင် ယျေဘူယျ ကြည့်ပါက မတ်တပ်ရပ်လျှက် စီးသူများသည် ထိုင်စီးသူများထက် ပိုများပါသည်။ ထိုင်ခုံ အရေအတွက်မှာ နည်းသောကြောင့်ဟု ထင်ပါသည်။

ကျွန်တော်အနေနှင့်တော့ MRT ကို ထိုင်စီးသည်မှာ အလွန်နည်းပါသည်။ ဒါလည်း ကိုယ့်အကြောင်းနှင့်ကိုယ် သာဖြစ်ပါသည်။ အမြဲတမ်းထိုင်နေရသော အလုပ်လုပ်ရသဖြင့် အပြင်ထွက်သည့်အခါလေးတွင် မတ်တပ်ရပ် လျှက် နေချင်သည်။ ထို့အပြင် MRT ပေါ်တွင် ထိုင်စရာနေရာရဖို့ဆိုသည်မှာ အခြားသူများနှင့် အနည်းနှင့် အများတော့ လုရသည်သာဖြစ်သည်။ ထိုသို့လည်း နည်းနည်းလေးမှ လုချင်စိတ်က မရှိ။ ၄င်းအပြင် မိမိထက် ပို၍ ထိုင်ရန်လိုအပ်သော သူများကိုလည်း ထိုင်ပါစေတော့ ဟူသော စေတနာ လည်းရာနုန်း တော်တော်များများ ပါ သည်ဟု ပြောရဲပါသည်။ တစ်ချို့တွေ့ရသောသူများကတော့ MRT ပေါ်ရောက်သည်နှင့် ထိုင်ရမည့်နေရာကို မျက်လုံးဒေါက်ထောက်ပြီးရှာကြပါသည်။ နေရာတစ်ခုလောက်လွတ်ရင်း လျှပ်ပျက်သလို အမြန်နုန်းနှင့် စွေ့ကနည်း ၀င်ထိုင်တတ်ကြပါသည်။

ဒီနေ့ MRT စီးတော့ သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ယဉ်ထားသော လူလတ်ပိုင်း အရွယ်တစ်ဦးကို သတိထားမိပါသည်။ သူက ရထားပေါ် စတတ်လာကတည်းက ထိုင်ရန်နေရာကို မျက်လုံးဒေါက်ထောက်ကာ ဦးရန် ပြင်နေပါသည်။ စရပ်ကတည်းက ထိုင်ခုံများရှိရာနေရာ အနီးတွင် အသင့်အနေအထား နှင့်ရပ်နေပါသည်။ သူ့ပုံစံကြည့်ရသည်မှာ တာထွက်တော့ မည့် အပြေးသမားကဲ့သို့ အသင့်ရှိနေပါသည်။ ကျွန်တော်နှင့်တော့ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျွန်တော်ကတော့ လူရှုပ်သည့် ထိုင်ခုံများနှင့် ခပ်ဝေးဝေး ချောင်တစ်ချောင်တွင် သာ ခပ်ဆိပ်ဆိပ်ရပ်လျှက် စီးပါသည်။ မည့်သည့်ထိုင်ခုံကိုမှလည်း ဦးရန်စိတ်ကူး မရှိသောကြောင့် ဖြစ်သည်။

ကျွန်တော်သူ့ကို သာသတိထား ကြည့်မိနေပါသည်။ ခဏကြာသော် သူ့ရပ်နေသော နေရာ အနားမှ လူတစ်ယောက်ထသွားတော့ သူက ထိုထိုင်ခုံကို အလျှင် အမြန်ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သူ့ကို ကြည့်ပြီး ပြုံးမိပါသည်။ သြော် ဒီနေရာလေး ခဏထိုင်ဖို့ အတွက် ဒီလောက်တောင် ကြိုးစားရသလားပေါ့။ ခဏနေတော့ ကျွန်တော့် အထင်နည်းနည်းမှားသွားသည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘူတာ တစ်ခုတွင် ဘွားဘွားတစ်ဦးတက်လာတော့ သူက ရုတ်တရက် ထပြီး ထိုဘွားဘွားကို နေရာ အလျှင် အမြန်ပေးပါသည်။ ဒီလိုဆိုတော့ လည်း ဘယ်ဆိုးလို့တုံး ဟု ကျွန်တော် တွေးမိပြန်သည်။

အတန်ကြာတွင် ဘူတာတစ်ခုတွင် ထိုဘွားဘွားဆင်းသွားတော့ သူက ထိုနေရာကို အလျှင် အမြန်ပြန်ဦးပြန်ပါသည်။ ထိုဘွားဘွားကတော့ သူ့ကို ကျေးဇူး ကျေးဇူး ဟု တစ်ဖွဖွပြောရင်း ဆင်းသွားပါသည်။ခဏကြာတော့ အန်ကယ်ကြီးတစ်ဦးတက်လာပြန်လေသည်။ ထိုအခါတွင်လည်း သူက အလျှင်အမြန် ထပေးပြီး ထိုအန်ကယ်ကြီးကို နေရာပေးပြန်လေသည်။ အနီး အနားမှာ လူများကလည်း သူ့ကို ကြည့်ပြီး တော်တော် တော်တဲ့ ကောင်လေးဟု မှတ်ချက်ချနေသယောင်ထင်မိပါသည်။

ဗုဒ္ဓဘာသာ အလိုအရဆိုလျှင် ထိုသူသည် ယနေ့အဖို့ တော်တော်ကုသိုလ်ရနေပြီဟု မြင်မိပါသည်။ ထိုသို့ တွေးမိမှ ကျွန်တော်ဒုက္ခကောင်းကောင်းရောက်ပါတော့သည်။ အဖြစ်ကဒီလိုပါ။ သူကကုသိုလ်တွေ ရပြီဆိုပါတော့။ သူက သူများတွေနှင့် နေရာအလုအယကက်ဦးပြီး ထိုင်သည့် အချိန်တွင် ထိုင်ရသေးသည်။ ကျွန်တော်ကတော့ အစကတည်းက သူများတွေ ထိုင်ပါစေတော့ ဟုသော စေတနာ ဖြင့် နေရာ မဦးခဲ့။ တစ်ချိန်လုံး မတ်တပ်ရပ်လိုက်ရသည်။ သူ့လို ကိုယ်ထိလက်ရောက် မကူညီပေမယ့် စေတနာကတော့သူ့ထက် မနည်းပါ။ ထိုသို့ဆိုလျှင် သူကကုသိုလ်ရပြီး ငါ့ ကြတော့ ကုသိုလ်မရဘူးလားပေါ့။ ငါကပိုတောင် အပင်ပန်းခံရသေးတယ်ပေါ့။ တစ်ချိန်လုံး ရပ်လိုက် ရတာလေ။ ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။

နောက်ဘူတာရောက်တော့ သူလည်း ဆင်းသည် ထိုအန်ကယ်ကြီးလည်း ဆင်းသည်။ သူကရထား အထွက်မှာ ထိုအန်ကယ်ကြီးကို တွဲများပင် ခေါ်သွားလိုက်သေးသည်။ ထိုအန်ကယ်ကြီးကလည်း မြန်မာလို ဆိုရင်တော့ သာဓုတစ်ခေါ်ခေါ်ပေါ့။ ပတ်ဝန်းကျင်မှ လူများကလည်း ပီတိမျက်လုံးများနှင့် ကြည့်နေသလိုလို။ ကျွန်တော် တွေးရင်း မနာလိုသလိုဖြစ်လာသည်။ တစ်ခုခုတော့ မှားနေသလိုလို။ သေချာစဉ်းစားကြည့်လိုက်တော့ ဒါလူရည်လည်တာပဲ ဟုတွေးမိသည်။ သူများကို ကူညီချင်လျှင် ကိုယ်က ကူညီနိုင်တဲ့ နေရာရောက်အောင် အရင်လုပ်ပေါ့။ ကိုယ့်မှာ ဘာမှ မရှိပဲ သူများကို ကူညီဖို့ဆိုတာ မဖြစ်နိုင်။ အဲတစ်ခုခုရှိဖို့ဆိုလျှင် နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ကြိုးစား ရမည်ပေါ့။ အခုတော့ ကိုယ်က ကူညီချင်စိတ်ရှိတယ်ဆိုရင်တောင် ကိုယ်ကူညီတာက လူမသိသူမသိ။ အင်း ကူညီတာက လူသိဖို့လည်း မလိုပါဘူးလေဟုလည်းတွေးမိသည်။ ဒါပေမယ့် သူ့ကူညီပုံမျိုးက ပိုအကျိုး ရှိသလိုလို။ သူနဲ့ ကျွန်တော်နဲ့ အခွင့်အရေးအတူတူရပေမယ့် သူကအဲဒီအခွင့်အရေးကို ပိုအကျိုးရှိအောင် အသုံးချနိုင်တာပဲ။ အပြင်လောကမှာဆို ဒီလူတော်တော်အောင်မြင်မှာပဲ လို့ မဆီမဆိုင်တွေးမိသေးသည်။

ကျွန်တော်တွေးရင်းတွေးရင်း သဘောကျလာသည်။ အင်းငါလည်း သူ့လိုလုပ်ကြည့်ဦးမှဆိုပြီး ထိုင်ခုံတွေရှိသည့် နေရာ အနားသို့ မသိမသာရွေ့သွားသည်။ နေရာတစ်နေရာလွတ်တော့ စွေ့ကနည်း ၀င်ထိုင်လိုက်ပါသည်။ အင်းပထမအဆင့်တော့ အောင်မြင်သွားပြီ။ ငါသူများကို ကူညီဖို့နေရာတစ်နေရာရသွားပြီ ဟုတွေးနေတုံး တာဝန်သိ ပြည်သူတစ်ဦးဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးက ပုခုံးပုတ်ပြီး “ညီလေး ဒီအန်ကယ်ကြီးကို နေရာပေးလိုက် ပါကွာ မင်းကလူငယ်ပဲ” ဟု လာပြောလေသည်။ ကျွန်တော်အလန့်တကြား ကြည့်လိုက်မှ ဟုတ်ပါ့ဗျား ကျွန်တော့် အနားမှ တောင်ဝှေးနှင့် အန်ကယ်ကြီးတစ်ယောက် တုန်ချိတုန်ချိနှင့် ရပ်နေလေသည်။ ဘယ်အချိန်ကတက်လာမှန်း မသိ။ ခက်တာပဲ။ ပတ်ဝန်းကျင်မှ သူများကလည်း မသိမသာ ခိုးကြည့်နေကြလေသည်။ ကျွန်တော်ကပဲ အန်ကယ်ကြီးနှင့် နေရာလုနေသလို။ ကျွန်တော် ရှက်ရှက်နှင့် အလျှင်အမြန် ထပေးလိုက်ရလေသည်။ အန်ကယ်ကြီးကလည်း ၀တ်ကျေတန်းကျေ ကျေးဇူးပဲဟု ပြောလေသည်။ သူကလည်း ထင်မပေါ့။ ဒီသူငယ်နဲ့ သူများပြောမှပဲ ထပေးတယ်။ မသိတတ်လိုက်တာလို့။ ကျွန်တော်တော်တော် စိတ်ညစ်သွားသည်။

အင်း တရားရှာကိုယ်မှာသာတွေ့ဆိုသလိုပေါ့။ ကျွန်တော့်အမှားပဲလေ။ ကျွန်တော်က မမြင်တာပဲ။ ကူညီချင် ရုံနဲ့ တော့ မရသေးဘူး။ လည်ဦးမှ။ နပ်ဦးမှ။ အထာသိဦးမှ။ ဟိုတစ်ယောက်က ငါ့ထက်လည် လို့ နပ်လို့ အိုကေတာပဲ။ ငါကသူ့လို မရည်အချင်းမရှိတော့ ခံပေါ့ ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါသည်။ သူများလို အရည်အချင်းမရှိပဲနဲ့ မတုနဲ့လေဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ သူ့လိုလုပ်ချင်ရင်လည်း ရထားကို ကိုယ့်အတွေးလေနဲ့ ကိုယ်အေးအေးလူလူစီးရမည်မဟုတ်။ ရှေ့တန်းမှာ ကင်းစောင့်နေသော စစ်သားတစ်ယောက်လိုက် မျက်လုံးပြဲနေအောင်ကြည့်နေရမည်ဖြစ်သည်။ အဲလိုတော့ မလုပ်နိုင်ပါခင်ဗျား။ နေပါစေတော့။ ဘယ်သူသိသိ မသိသိ ကုသိုလ်ရရ မရရ နေပါစေတော့။ ကိုယ့်စတိုင်နဲ့ကိုပဲလေ။

ထိုနေ့မှစ၍ကျွန်တော် ရထားပေါ်တွင် ထိုင်ဖို့ မကြိုးစားတော့ ပါခင်ဗျား။ မိတ်ဆွေသူငယ်ချင်းများအနေနှင့် ယနေ့မှစ၍ ကိုမိုးတိမ်ညို MRT စီးသွားသည်ဟု ကြားမိပါက ပျင်းတိပျင်းရွဲ မတ်တပ်ရပ် လျှက် လိုက်ပါနေကြသူများ အကြားတွင် တစ်နေရာရာကို မှီပြီး မတ်တပ်ရပ်လျှက် ငိုက်မြည်းနေသော သူတစ်ယောက် အဖြစ်သာ မြင်ယောင်ကြည့်ကြပါကုန်။

မိုးတိမ်ညို
ဇွန်၊၂၀၀၉

Read More...

Thursday, June 25, 2009

ကောက်ရိုးပုံဖွသူ

တစ်ခါသော် ကတ်သီးကတ်သတ် မေးတတ်သော ဂျာနယ်လစ် တစ်ဦးက နာမည်ကျော် အိုင်းစတိုင်းကြီးကို ဤသို့ အမေးရှိသည်ဆိုသတတ်။

“ဆရာကြီးခင်ဗျာ၊ ဆရာကြီးနဲ့ တခြားသူတွေ ဘာကွာပါသလဲ”။
“နေဦး၊ ကျုပ်က ခင်ဗျားကို ပြန်မေးရဦးမယ်။ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကျပျောက်တယ် ဆိုပါတော့။ တခြားတစ်ယောက်ကို အဲဒီ အပ်ရှာခိုင်းရင် ဘာဖြစ်မယ်ထင်သလဲ…။”
“ခင်ဗျာ”
“ခင်ဗျာ မနေပါနဲ့။ ကိုင်းပါ၊ ကျုပ်မေးခွန်းကို ကျုပ်ကပဲ စဖြေပါ့မယ်။ ဒီလူက အပ်ကိုရှာမယ်။ အပ်လည်း တွေ့ပြီဆိုပါတော့..။ သူ ဘာဆက်လုပ်မယ်ထင်သလဲ..။ ဒါတော့ ခင်ဗျားဖြေ…။”
“အပ်ကိုတွေ့ပြီဆိုမှာတော့ ပြီးပြီပေါ့ ဆရာကြီး၊ ဘာဆက်လုပ်ရဦးမှာလဲ…။”
“ကျုပ်ဆိုရင်တော့ မပြီးသေးဘူးဗျ။ ကောက်ရိုးပုံကို ဆက်ဖွဦးမှာပဲ။”
“ခင်ဗျာ…။ ဆရာကြီး ဘာကိုဆိုလိုတာပါလဲ…။”
“ခင်ဗျားမေးခွန်းကိုဖြေတာလေ…။”
“ကျွန်တော်နားမရှင်းဘူး ဆရာကြီး”
“မှတ်ထား။ သူတို့က အပ်ရှာတဲ့သူ။ ကျုပ်က ကောက်ရိုးပုံဖွတဲ့သူ…။ အဲဒါကွာတာပဲဗျ…။”

အထက်ပါ အမေးအဖြေလေးကို ဆရာကျော်ဝင်း၏ ထွိုင်ယာလက်တစ်နှင့် အော်လတာနေးတစ်စာစုများ စာအုပ်မှ ထုတ်နှုတ်ထားပါသည်။ ထိုအမေးအဖြေလေးကို ဖတ်ကာ တစ်စိမ့်စိမ့်တွေး ပြီး တစ်စိမ့်စိမ့် သဘောကျမိပါသည်။

အပ်ရှာသူနှင့် ကောက်ရိုးပုံဖွသူ။

ကျွန်တော်စဉ်းစားကြည့်မိသည်။ ကျွန်တော်တို့တစ်တွေရော အပ်ရှာသူလား ကောက်ရိုးပုံဖွသူလား။ ကျွန်တော်ထင်ပါသည် ကျွန်တော်အပါအ၀င် ကိုးဆယ့်ကိုး ဒဿမ ကိုးကိုးကိုးကိုး ရာခိုင်နုန်းကတော့ အပ်ရှာသူ များသာဖြစ်ပါလိမ့်မည်။ ကောက်ရိုးပုံကိုတော့ မဖွချင်ကြ (သို့) မဖွနိုင်ကြ။ ရည်မှန်းချက် တစ်ခုခု အတွက် သာအလုပ်လုပ်ကြပါသည်။ အများစုကတော့ စားဝတ်နေရေးအတွက် တိတိကျကျအလုပ် တစ်ခုခုကိုသာ လုပ်ကိုင်နိုင်ကြသည်။ ဟိုဟိုဒီဒီ မစဉ်းစားနိုင်။ မတွေးတောနိုင်ပါ။ တစ်ချို့ကတော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ရင်း အားသည့် အချိန်ကလေးများတွင် ကောက်ရိုးပုံဖွကြပါသည်။ တစ်ခါတစ်လေကြတော့ ငါဘာအဓိပ္ပယ်နှင့် ဒါတွေလုပ်နေတာလဲ ဟု စဉ်းစားမိပါသည်။ လွယ်လွယ်တွေးလျှင် ထမင်းစားဖို့ ဟုသာ အဖြေရပါသည်။ ကိုယ်လုပ်ချင်တာကို လုပ်ပြီးတော့ ထမင်းစားလို့ရော မရနိုင်ဘူးလား ဟု မေးကြည့်မိပါသည်။ အဖြေက မသေချာ။ ကိုယ်ကပဲ ညံ့လွန်းနေသလား။ အခြေအနေမပေးလို့ပဲလား။

ကောက်ရိုးပုံကို ဖွချင်စိတ်တော့ရှိပါသည် (သို့မဟုတ်) ဖွချင်စိတ်ရှိသည်ဟုထင်ပါသည်။ သို့သော် မဖွနိုင်သေးပါ။ အပ်ပဲရှာရပါဦးမည်။ ရှာရင်းနှင့်တော့ တတ်နိုင်သလောက်တော့ ဖွသွားပါမည်။

မိုးတိမ်ညို
၂၅ ဇွန် ၂၀၀၉

Read More...

Friday, June 5, 2009

Necessary Evil

Necessary Evil ဆိုတဲ့စကားလုံးကို ကြားဖူးနေခဲ့တာကြာပါပြီ။ မြန်မာလိုပြန်ရင်တော့ လိုအပ်သော မကောင်းဆိုးဝါးလို့ ပြန်မလားမသိဘူး။ ဝေါဟာရဆရာတွေမှာတော့ ပိုကောင်းတဲ့ စကားလုံးရှိမှာပါ။ စကြားဖူးစကတော့ ဘယ်နှယ့်ဟာကြီးတုံး လို့တွေးမိပါတယ်။ Evil ဆိုတာမကောင်းဆိုးဝါးလို့ သိထားတာကို။ မကောင်းဆိုးဝါးကို ဘယ်သူတွေကများ လိုအပ်ပါလိမ့်လို့ ခေါင်းကုတ်မိပါတယ်။

အမေရိကန်တွေက ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အဏုမြူဗုံးကြဲတဲ့လေယာဉ်ကို Necessary Evil လို့ခေါ်တယ်ဆိုပဲ။ မကောင်းဆိုးဝါးတော့ မကောင်းဆိုးဝါးပဲ။ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။ စစ်ကြီးပြီးသွားတာ အဲဒီ Necessary Evil ကြောင့်လည်းပါတယ်လို့ ဆိုကြပြန်တယ်။

အစ္စရေးမှာလည်း အာဂွန်းအဖွဲ့ဆိုတာ ဟိုးအရင်က ပါလက်စတိုင်းကို အင်္ဂလိပ်အုပ်ချုပ်တုန်းက ရှိတယ်လို့ ကြားဖူးတာပဲ။ အဲဒီအဖွဲ့က အင်္ဂလိပ်ပိုင်နေရာတွေကို ဗုံးခွဲ၊ လူသတ်၊ မီးရှို့ အဲလိုကြမ်းကြမ်းရမ်းရမ်းတွေ အကုန်လုပ်သတဲ့။ အာရပ်တွေက ဂျူးတစ်ယောက်သတ်ရင် သူတို့က နှစ်ယောက်ပြန်သတ်သတဲ့။ အဲဒီအလုပ်တွေက မကောင်းဘူးဆိုပေမယ့် အစ္စရေးနိုင်ငံပေါ်ထွက်လာရေး အတွက်က တော့ တစ်တပ်တစ်အား အရေးပါတယ်လို့ ယူဆကြသတဲ့။ အင်းဒါလဲ Necessary Evil ပဲဖြစ်မှာပဲလို့ တွေးမိပါတယ်။

Nicolus Cage ရဲ့ Lord of the War ဇာတ်ကားထဲမှာလည်း သူက သူ့ကိုယ်သူ ‘I am evil, but necessary evil’ လို့ပြောပါတယ်။ သူကမှောင်ခို လက်နက်ကုန်သည်ပါ။ လက်နက်ဆိုကတည်းက လူသတ်ပစ္စည်းဆိုတော့ မကောင်းတဲ့အလုပ်ပဲပေါ့။ ဒါပေမယ့် တော်လှန်ရေးသမားတွေ တိုင်းပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေအတွက်ကျတော့ အဲဒါကလိုအပ်ပြန်ရောဗျာ။ အဲလူဆိုးတွေလက်ထဲကို ရောင်တာလည်း ရှိတာပေါ့။ ကောင်းတယ်ဆိုးတယ်ပြောရခက်သွားပြန်ရော။ Evil တော့ Evil ပဲ ဒါပေမယ့် Necessary Evil တဲ့ဗျာ။သေချာစဉ်းစားကြည့်တော့ Necessary Evil ဆိုတာ တစ်ဖက်ထဲအတွက်ပဲ ကောင်းတယ်လို့ထင်ပါတယ်။ ကျန်တဲ့ တစ်ဖက်အတွက်တော့ ဘယ်လိုမှ မကောင်းနိုင်ဘူး။

ကျွန်တော်ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားနေတာ တကယ်တော့ ကျွန်တော်ငယ်ငယ်ကနေခဲ့တဲ့ တောမြို့လေးမှာပဲ အဲဒီအကြောင်းအရာမျိုးကြုံဖူးခဲ့တယ်။ လူပုဂ္ဂိုလ်နဲ့ဆိုင်တာတော့ မဟုတ်ဘူး အကြောင်းအရာတစ်ခု။ ကျွန်တော်တို့နေတဲ့မြို့လေးဘေးမှာ မောချောင်းဆိုတဲ့ ချောင်းလေးတစ်ချောင်းရှိတယ်။ သိပ်တော့မကြီးပါဘူး။ ပုံမှန်ချောင်းအရွယ်လောက်ပေါ့။ များသောအားဖြင့် ရေတိမ်တဲ့နေရာကများပါတယ်။ မြို့ကလူတွေကများသောအားဖြင့် အဲဒီမှာပဲ ရေချိုးကြတာ။ အဲဒီမှာရေနက်တဲ့နေရာတစ်နေရာရှိတယ်။ ၀ါးတစ်ပြန်ကျော်ကျော်လောက် နက်မယ်ထင်တယ်။ ကျွန်တော်တို့က ကလေးဆိုတော့ အဲဒီရေနက်နက်ထဲ မှာရေကူးချင်တယ်။ အတန်အသင့် မသေအောင်လည်း ရေကူးတတ်နေတာဆိုတော့။ လူကြီးတွေလစ်တဲ့ အချိန်ဆိုရင် ကျွန်တော်တို့ အဲဒီမှာရေသွားကူးကြတယ်။ အဲဒီရေနက်နက်ရဲ့ ဘေးမှာ လူတစ်ရပ်ကျော် အမြင့်လောက်ထိုးထွက်နေတဲ့ ကျောက်ဆောင်တစ်ခုရှိတော့ အဲဒီကျောက်ဆောင်ပေါ်ကနေ ခုန်ချရတာကို သဘောကျကြတာလေ။ အဲတစ်ရက်ကြတော့ အဲဒီမှရေချိုးနေကြတုန်း ဖိုးထူးဆိုတဲ့ သူငယ်ချင်း တစ်ယောက်က ကျောက်ဆောင်ပေါ်ကနေ ရေထဲခုန်ချလိုက်တာ ပြန်ကိုပေါ်မလာတော့ ဘူး။ တိုတိုပြောရရင် ရေအောက်က တစ်ခုခုနဲ့ ငြိပြီး ပြန်မတတ်နိုင်တာနဲ့ သေရောဗျာ။ အဲဒီသတင်းလည်းသိရောဗျာ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ကိုယ့်မိဘသူ့မိဘ ဘက်က အဆူခံလိုက်ရတာ မပြောပါနဲ့တော့ဗျာ။ နောက်ကို အဲဒီမှာဘယ်တော့မှရေမချိုးဖို့။ ဘာတို့ပေါ့ဗျာ။ ခက်တာက ကျွန်တော်တို့ ကလေးတစ်သိုက်ကလည်း အဲဒီအချိန်က သိပ်အကြောက်အလန့်မရှိဘူး။ အဲဒီနေရာမှာကို ထပ်ချိုးချင်တာ။ နည်းနည်းကြီးတဲ့ကောင်တွေကလည်း မြောက်ပေးတာကို။ မင်းတို့ သတ္တိမရှိဘူးလား။ အခြောက်လားနဲ့ပေါ့။ အဲဒီတော့ လူကြီးတွေလစ်ရင် သွားချိုးဖြစ်စမြဲပဲ။ ဖြစ်ချင်တော့ ဂျပုလို့ခေါ်တဲ့ တစ်ယောက်လဲ သိပ်မကြာခင်မှာ အဲဒီနေရာပဲ ရေနစ်သေပါရောဗျာ။ ကျွန်တော်တို့တစ်တွေ ထပ်အဆူခံရတာပေါ့။ အဲဒီအချိန်မှာပဲ မိဘတွေကပြောတယ်။ အဲဒါ ဖိုးထူးဆွဲသွားတာ။ ဖိုးထူးက အဲဒီမှာ သေပြီး ရေသရဲဖြစ်နေတာ။ တစ်နေ့က တောင်ကုန်းက လူတစ်ယောက်တောင် ငါးမျှားနေတုန်း ဖိုးထူးက ရေထဲကနေ လျှာကြီးထုတ်ပြလို့ ထွက်ပြေးလာရသတဲ့။ နင်တို့ဒီတစ်ခါသွားရင် နင်တို့လည်း အဆွဲခံရမှာလို့ ခြောက်ရော။ ကျွန်တော်တို့လည်း အစကရေနစ်သေမှာ မကြောက်ပဲ ရေသရဲဆိုတာနဲ့ ကျောထဲကို စိမ့်သွားတာပဲ။

အဲဒီအချိန်ကစပြီး အဲဒီနေရာကို အဲဒီမြို့လေးက ပြောင်းလာတဲ့နေထိ ဘယ်တော့မှ ရေမချိုး ဖြစ်ခဲ့ပါဘူးဗျာ။ နောက်ပိုင်းအသက်ကြီးတော့ တော့မှ အမေကို ပြန်မေးကြည့်တော့ ဘယ်ကရေသရဲကို ရှိရမှာလဲ။ နင်တို့သေမှာစိုးလို့ သက်သက် ခြောက်လိုက်တာတဲ့။

အခုမှ သေသေချာချာစဉ်းစားကြည့်တော့ အဲဒီတုန်းကသာ အမေတို့ကသာ ရေသရဲနဲ့ သာမခြောက်ရင် ကျွန်တော်တို့ ကြောက်မှာ မဟုတ်ဘူး။ မကြောက်တော့ ရေသွားသွားကူးဖြစ်နေမှာ။ အဲလိုဆိုရင် ကျွန်တော် အခုအချိန်အထိတောင် အသက်ရှင်ချင်မှရှင်မှာ။ ကျွန်တော်ဆိုလိုချင်တာက အဲဒီအကြောင်းအရာကြီးကအမှားကြီး။ ကလေးတွေကို သရဲနဲ့ ခြောက်လိုက်တာ။ တစ်ဖက်က စဉ်းစားကြည့်ရင် ဘယ်လိုမှ မကောင်းဘူး။ ကလေးတွေကို မဟုတ်တာ နဲ့ ကြောက်အောင် မခြောက်သင့်ဘူးလို့ ထင်တယ်။ ဒါပေမယ့် တစ်ဖက်ကစဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့တို့ အတွက် အကျိုးရှိသွားတယ်။ မကောင်းတော့ မကောင်းဘူး။ ဒါပေမယ့် လိုအပ်တယ်။ Necessary Evil လို့ ဆိုလို့ရမလားလို့။အခုအသက်ကြီးလာလေလေ ပတ်ဝန်းကျင်မှာ Necessary evil တွေ တွေ့ရတာ များလာလေလေ ပါပဲ။ မကောင်းတဲ့ အလုပ် လူသတ်တဲ့ အလုပ်တွေမှ Necessary evil မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေထဲမှာကို အများကြီးရှိတယ်လို့ ထင်ပါတယ်။

၁) စီးကရက် ဗူးတွေမှာ ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို လိုအပ်တာထက် ပိုဆိုးတဲ့ ပုံတွေနဲ့ ပြပြီး ခြိမ်းခြောက်ထားသည်။

၂) သတင်းဌာနအချို့သည် သတင်းတစ်ခု မမှန်မှန်းသိရက်နှင့် ၀ါဒတစ်ခု အတွက် ထိုသတင်းကို ဖော်ပြ ကြသည်။

၃) လေကြောင်းလိုင်းများသည် လူတစ်ယောက်ချင်းစီ၏ privcacy ထိခိုက်လောက်အောင် လုံခြုံရေး တင်းကြပ်ကြ၏။
၎).......
.........
.........
.........
.........

မိုးတိမ်ညို
ဇွန်၊၂၀၀၉။

Read More...

Friday, May 22, 2009

ကျွန်တော်လွဲခဲ့ဖူးသော အကြောင်း

အခုကျွန်တော်ပြောချင်တာက ကျွန်တော်လွဲခဲ့ဖူးတဲ့ အကြောင်းဗျ။ ခက်တာက အဲလိုလွဲခဲ့လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာ အခုထိမသိဘူး။ ထားပါတော့ ကျွန်တော် အဓိကအကြောင်းကို ပြောပြပါမယ်။ ပြီးမှ မိတ်ဆွေဘာသာသုံးသပ်ပေါ့။ ဒီလိုဗျ။ ကျွန်တော် အကြားအမြင်ရလို့လွဲခဲ့တာ။ အင်းနားရှုပ်စရာတော့ ဖြစ်ကုန်တော့မှာပဲ။ အကြားအမြင်ရနေမှတော့ ဘယ်လိုလုပ်လွဲမှာတုံးလို့တော့ အပြစ်တင်မစောလိုက်နဲ့ဦး။ ဇာတ်လမ်းကို ဆုံးအောင် နားထောင်ပါဦးလေ။ ခင်ဗျားလည်း ခေါင်းရှုပ်သွားစေရမယ်လို့ အာမခံပါတယ်။

ကျွန်တော် ထူးထူးဆန်းဆန်းအကြားအမြင်ရခဲ့ဘူးတယ်ဗျ။ ပထမဆုံးစတာကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးမောင်ကိုဆိုတာနဲ့စတာ။ တစ်ရက်တော့ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ အဲဒီ ဦးမောင်ကိုကြီး နဖူးပေါက်လို့တဲ့။ ပေါက်တာက နဖူးညာဖက်နား တစ်လက်မလောက်ပြဲသွားတာတဲ့။ အိပ်မက်ထဲမှာ အဲဒီလို အတိအကျဗျ။ ဒါပေမယ့် ကျွန်တော်လည်း အိပ်မက်ဆိုတော့ သိပ်အလေး မထားပါဘူး။ ဖာသိဖာသာပဲပေါ့။ ဖြစ်ချင်တော့ နောက်ရက်ကျတော့ ဦးမောင်ကိုကြီးက လမ်းလျှောက်ရင်းနဲ့ အိမ်ရှေ့မှာ အဖေနဲ့တွေ့လို့ ရပ်စကားပြောနေပါရောဗျာ။ အိမ်ရှေ့က အုန်းပင်အောက်မှာ။ အုန်းပင်ပေါ်မှာလည်း အုန်းသီးခြောက်တွေ ရှိနေသေးတယ်။ ကျွန်တော်လည်း ဖျတ်ခနဲဆို အိမ်မက်ကို သွားသတိရလိုက်တယ်။ အင်း အခုနေ အုန်းသီးများကြွေကျလိုက်လို့ကတော့လို့ တွေးမိတယ်။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်လိုက်ပါဘူး။ အဲခဏနေတော့ ကျွန်တော်ထင်တဲ့ အတိုင်းအတိအကျဗျာ။ အုန်းသီးခြောက်က ဦးမောင်ကို ခေါင်းပေါ်ကို တည့်တည့်ကြွေကျတာ နဖူးကွဲပါလေရော။ ကွဲတာမှ ကျွန်တော့် အိမ်မက်ထဲက အတိုင်း ညာဘက် နဖူး တစ်လက်မလောက် အတိအကျဗျာ။ ကျွန်တော်လည်း နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာဖြစ်လို့ ငါအိမ်မက်နဲ့ လာတူနေရတာလဲပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာနေမှာပါလေဆိုပြီးပဲ ထားလိုက်တယ်။

နောက်တစ်ခါကျတော့လည်း ဟိုဘက်လမ်းက လူပျိုကြီး ကိုလှဘော် သူ့အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုနေတယ် လို့ အိပ်မက် မက်တယ်။ ဒါကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကထင်တာလေ။ သူကလူပျိုကြီး တစ်ယောက်ထဲ နေတာ။ ပိုက်ဆံလည်း ချမ်းသာတယ်။ အပူအပင်လည်း မရှိဘူး။ ယောက်ကျားလည်း ယောက်ကျားဗျာ။ အဲဒီတော့ အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုစရာအကြောင်းကို မရှိဘူးထင်တာ။ ဒါပေမယ့် အဲဒီနေ့ မနက် ကျွန်တော်သူ့အိမ်ရှေ့က ဖြတ်တော့ ဗျာ အံ့သြစရာ တကယ်ကို သူက အိပ်မက်ထဲကတွေ့တဲ့နေရာ မှာထိုင်ငိုနေတာဗျာ။ သူ့အိမ်မနေ့ညက သူခိုး အခိုးခံရလို့တဲ့။ အတွင်းပစ္စည်းတွေ အကုန်ပါသွားဆိုပဲ။ အဲဒီမှာ ကျွန်တော်တော်တော်အံ့သြသွားတယ်။ တိုက်ဆိုင်တာတော့ မဟုတ် လောက်တော့ ဘူးလို့ထင်လာတယ်။

ဒါနဲ့ အဲဒီလို အသေးအဖွဲလေးတွေ နောက်ထပ် လေးငါးခုလောက်ထပ် တွေ့ရသေးတယ်ဗျ။ စာရှည်နေမှာစိုးလို့ မပြောတော့ဘူး။ အားလုံးမှန်တာကြည့်ပဲ။ အဲဒီတော့ ကျွန်တော့်ကိုကျွန်တော် အကြားအမြင်ရနေတယ် လို့ပြောရင်မလွန်လောက်ပါဘူးနော်။ ဒါပေမယ့် ကျွန်တော်ဘယ်သူ့မှ မပြောသေးဘူး။ သေချာအောင်လုပ်ရ ဦးမယ်လေ။ ဒီတစ်ခါတော့ ဒုက္ခရောက်မယ့်သူဆိုရင် ကူညီမယ်လို့ စိတ်ကူးထားတာဗျာ။

အဲဒီအခေါက်က နောက်ဆုံးအခေါက် အကြားအမြင်ရတဲ့ အခါပေါ့ဗျာ။ အိပ်မက်ထဲမှာ အမေက အိမ်ရှေ့က ထိုင်ခုံမှာ ထီတိုက်နေရင်းနဲ့ ဟယ် သိန်း ငါးရာ ဆုပေါက်တယ်တော့လို့ ၀မ်းသာအားရထအော်တယ်တဲ့။ မနက်အိပ်ယာကနိုးလာတော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေတယ်။ စိတ်လှုပ်ရှားတာပေါ့ဗျ သိန်းငါးရာဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ ရက်ကို ကြည့်လိုက်တော့ ထီဖွင့်ဖို့က နှစ်ရက်ပဲလို တော့တယ်။ ဟာနှစ်ရက်အတွင်းမှာ သိန်းငါးရာရတော့ မှာပါလားလို့ တွေးမိရင်း ရင်ခုန်နေရတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုသတိရသွားတာက အမေဒီလ ထီထိုးဖြစ်လား မထိုးဖြစ်ဖူးလားဆိုတာပဲ။ ကံကထီပေါက်မယ်ဆိုပေမယ့် ကိုယ်ကတော့ အနည်းဆုံး ဥာဏ်နဲ့ ၀ိရိယ စိုက်ပြီး ထီတော့ ထိုးရမှာပေါ့ မဟုတ်ဘူးလား။ ဒါကိုကြိုသိနေမှတော့ မထိုးဖြစ်သေးရင် ထိုးဖြစ်အောင်လုပ်ရမှာပေါ့လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ စဉ်းစားမှာပါ။

ဒါပေမယ့် အမေ့ကိုလည်း ပေါ်တင်တော့ မပြောချင်သေးဘူး။ မသိမသာလေး မေးကြည့်ဦးမှဆိုပြီး အမေ့ကို မေးဖြစ်တယ်။

“အမေ ထီထိုးပြီးပြီလား”

အမေကအဲဒီကျမှ သတိရသွားတဲ့ ပုံစံနဲ့

“ဟယ် ဟုတ်ပါ့ မထိုးရသေးဘူး ထီဖွင့်ဖို့တောင် နှစ်ရက်ပဲလိုတော့တာပဲ”

“အဲဒါဆိုကျွန်တော် အခုမြို့ထဲသွားမလို့ ထီထိုးခဲ့လိုက်မယ် ပိုက်ဆံပေးလိုက်”

ကျွန်တော်ကကျွန်တော့် အကြံနဲ့ကျွန်တော်လေ။ အမေ့ဆီက ပိုက်ဆံတောင်းရတာကလည်း အကြောင်းရှိတယ်။ အိပ်မက်က အမေပေါက်တယ် လို့ မက်တော့ အမေထိုးမှ ဖြစ်မှာလို့ ကျွန်တော်ယူဆတယ်လေ။ အဲဒါကြောင့် အမေ့ဆီက ပိုက်ဆံတောင်း ရတာ။ တိုတိုပြောရရင်အဲဒီနေ့က ထီထိုးပြီး ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး။ ရင်ခုန်လွန်းလို့။ ထီထွက်မယ့်နေ့ ရောက်တော့ နေမထိထိုင်မသာပဲ။ တကယ်ကို။

ထီထွက်မယ့်နေ့လည်းရောက်ရော ကျွန်တော်ကောင်းကောင်းကို မထိုင်နိုင်ဘူး။ အမေက ဈေးက အပြန် ထီပေါက်စဉ်ကြီးဝယ်လာပြီး ကျွန်တော့် အိပ်မက်ထဲမြင်တဲ့ ထိုင်ခုံမှာ ထီတိုက်နေလိုက်တာတွေ့တော့ ကျွန်တော့ နှလုံးက အပြင်ပေါက်ထွက်မလားကို ထင်ရတယ်။ ခုန်လွန်းလို့။ အဲဒါနဲ့ အခန်းထဲမှာ သွားပြီး စောင်ကို ခေါင်းမူးခြုံနေလိုက်တယ်။ ဘယ်အချိန် အမေ ထအော်သံကြားရမလဲလို့ပေါ့။ တော်တော်သာကြာ သွားတယ် ဘာသံမှ မကြားရဘူးဗျာ။ ကျွန်တော်နည်းနည်းတော့ သံသယဖြစ်လာတယ်။ သိန်းငါးရာ ပေါက်တာများ အမေတွေ့ပြီးတော့ မူးများလည်းသွားသလားပေါ့။ မနေနိုင်ပဲ ထကြည့်မိတယ်။ အမေက ထီပေါကစဉ်ကြီးချပြီး ပေါက်ပါဘူးအေ လို့ တစ်ခွန်းပဲ ပြောပြီး မီးဖိုဘက် ထွက်သွားတယ်။ ကျွန်တောလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ဒီတစ်ခါ ဘာဖြစ်တာလဲဟပေါ့။ အိပ်မက် ကအသေအချာကြီးပဲကို။ ကျန်တာတွေကျတော့ မှန်ပြီးတော့ ဒါကျမှ မမှန်ဘူးလား။

အဲဒီအချိန်မှာပဲ ဘေးအိမ်ကကိုထွန်းအောင်တို့ရဲ့ အော်သံကြားရတယ်။ ဟေး သိန်းငါးရာပေါက်တယ်ကွတဲ့။ ခဏနေတော့ ကိုထွန်းအောင်ရဲ့ သားလေးက အိမ်နီးချင်းတွေကို လိုက်အော်ပြောနေတယ်။ သားတို့ သိန်းငါးရာ ပေါက်တယ်တဲ့။ အမေလည်း အသံကြားလို့နေမှာ မီးဖိုထဲပြေးထွက်လာပြီး ကိုအောင်မိန်းမကို လှမ်းမေးနေတယ်။ ပြီးတော့မှ ငိုရမလို ရယ်ရမလို မျက်နှာနဲ့ ကျွန်တော့်ကို လှည့်ပြောတယ်လေ။

အမေပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်တစ်ခါတည်း ရူးသွားရင်ကောင်းမှာပဲလို့တောင်တွေးမိပါရဲ့။ အမေပြောလိုက်တာက

“ဟယ် ကံများထူးဆန်းလိုက်တာ။ သူတို့ဝယ်တဲ့ ထီက စက်ဘီးနဲ့ လိုက်ရောင်းနေတဲ့ ထီသည်လေ။ အရင်က ငါဝယ်နေကျ။ အဲဒီနေ့က သူက သုံးစောင်ပဲ ကျန်တော့တာ ၀ယ်ပါဦးလို့ ငါ့ဆီကို အတင်းလာရောင်း တယ်လေ။ အဲဒီအချိန်က မင်းက ထီဝယ်မယ်ဆိုပြီး သွားဝယ်နေတဲ့ အချိန်။ ဒါနဲ့ ငါလည်း မ၀ယ်တော့ ဘူးပြောလိုက်တာ။ သူကတော်တော်ကြာအောင် ၀ယ်ဖို့ပြောနေသေးတယ်။ မင်းသာ ထီသွားမ၀ယ်သေးရင် သေချာပေါက် ၀ယ်ဖြစ်တယ်။ ငါမ၀ယ်တာ နဲ့သူလည်း ကိုထွန်းအောင်တို့အိမ်သွားရောင်းတာလေ။ အဲဒါနဲ့ ကိုထွန်းအောင်အမျိုးသမီးက ၀ယ်ဖြစ်သွားတာ။ အမလေး ကံများပြောပါတယ်” တဲ့။

ကဲမိတ်ဆွေ။ ကျွန်တော့် အဖြစ်ကို ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲဗျာ။ ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင် ဘယ်လိုခံစားရမလဲ။ ကျွန်တော်လောင်းရဲပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ လုပ်မှာပဲ။ ဟုတ်တယ်မဟုတ်လား။အကြားအမြင်များ မရခဲ့ရင်ကျွန်တော် တို့ အခု သိန်းငါးရာပေါက်ပြီး အဆင်ပြေနေလောက်ပြီလို့ဗျနော်။ အဲဒီနေ့က စပြီး ကျွန်တော်လည်း ဘာအကြားအမြင်မှ မရတော့ ပါဘူး။ အဲရလည်း မရချင်တော့ပါဘူး။

အဲဒီတော့ ကျွန်တော် အကြားအမြင်ရလို့ သိန်းငါးရာဆုနဲ့ လွဲခဲ့ဖူးတယ်ဗျာ လို့ပြောရတော့မှာပဲ။

မေ၊၂၀၀၉။
မိုးတိမ်ညို

Read More...

Saturday, May 16, 2009

Butterfly effect နှင့် အကြောင်းအကျိုး

Butterfly effect ဆိုတာ ကြားဖူးကြမှာပါ။ သီအိုရီတစ်ခုပေါ့။ ကမ္ဘာ့တစ်ဖက်ခြမ်းမှာ လိပ်ပြာတောင်ပံခတ် တဲ့ အဖြစ်ဟာ အခြားတစ်ဖက်မှာ ဆိုင်ကလုန်း မုန်တိုင်းကြီး တစ်ခုတိုက်နိုင်သည် ဟု ဆိုလိုခြင်းဖြစ်သည် ဟု ဖတ်ဖူးပါသည်။ ဤသို့ဆိုလျှင် အောက်ပါအကြောင်းအရာကို ဖတ်ကြည့်ပါ။

“မြောက်ကိုရီးယားမှ ဒုံးပျံပစ်လွတ်ခြင်းကြောင့် လှိုင်သာယာ မီးကွက်ဈေးအနီးမှ ဆိုက်ကားဆရာတစ်ဦး ခြေထောက်ကျိုးသွားခြင်း”

အထက်ပါခေါင်းစဉ်ကို မြန်မာနိုင်ငံရှိဂျာနယ်တစ်ခုတွင် တွေ့လိုက်ရလျှင် မိတ်ဆွေ ပြုံးကောင်းပြုံးလိမ့်မည်။ ဘာဆိုင်လို့တုန်းကွာဟု မှတ်ချက်ချချင် ချလိမ့်မည်။ ရှင်းပါမည်။ ဆန္ဒ မစောပါနှင့်ဦး။ အဖြစ်က ဤသို့ ဖြစ်လေသည်။ မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သည့် သတင်း ယနေ့ထုတ် ဂျာနယ်တစ်စောင်တွင် ပါလာလေသည်။ ဆိုက်ကားစီးသူတစ်ဦးမှ ထိုဂျာနယ်ကို ၀ယ်လာပြီး ဆိုက်ကားပေါ်တွင် လှန်လှော ဖတ်ရှု့နေလေသည်။ ထိုသတင်းကို အရောက်တွင် ခရီးသည်က ဆိုက်ကားဆရာအား “ဟာ မြောက်ကိုးရီး ယားကတော့ ဒုံးပျံလွတ်လိုက်ပြီတဲ့“ ဟုပြောရာ ဆိုက်ကားဆရာက ဟုတ်လားဟု ဆိုကာ ဂျာနယ်ကို စိတ်ဝင်တစား စောင်းငဲ့ကြည့်လိုက်လေသည်။ ထိုအချိန်တွင် လမ်းတစ်ဖက်မှ ကွေ့လာသော ကားတစ်စီးကို ဆိုက်ကားဆရာ သတိမထားမိဖြစ်သွားသည်။ ထို့ကြောင့် ထိုကားနှင့် မလွတ်ပဲ ဆိုက်ကားနှင့် ပွတ်ဆွဲမိသွားကာ ဆိုက်ကားမှာ မြောင်းထဲသို့ထိုးကျကာ ဆိုက်ကားဆရာ ခြေတစ်ဖက်ကျိုးသွားလေသည်။ ထိုကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သောကြောင့် ဆိုက်ကားဆရာ ခြေကျိုးသွားသည် ဟု ဆိုလျှင် လွန်မည် မထင်ပါ။

မိတ်ဆွေကတော့ ကတ်သီးကက်သတ်ဗျာဟု ထင်ချင်ထင်ပါလိမ့်မည်။ ဤကိစ္စနှစ်ခုသည် တိုက်ရိုက် မဆိုင်သော်လည်း ဆိုင်သည်ဟု ပြောလို့ရပါသည်။ အကယ်၍ မြောက်ကိုရီးယားက ဒုံးပျံမလွတ်ခဲ့လျှင် ခရီးသည်က ဂျာနယ် မ၀ယ်ခဲ့လျှင် ခရီးသည်က ဂျာနယ်ထဲမှ သတင်းဖတ်ပြစဉ် ဆိုက်ကားဆရာက စိတ်ဝင်စားမှု့ မရှိခဲ့လျှင် ထိုကဲ့သို့ ခြေကျိုးမည် မဟုတ်ပါ။ အကြောင်းပေါင်းများစွာ (causes) တိုက်ဆိုင်၍ အကျိုး (effect) တစ်ခုဖြစ်လာရခြင်းဖြစ်ပါသည်။ ထိုအကြောင်းပေါင်းများစွာထဲမှ တစ်ခုခုသည် မဖြစ်ခဲ့လျှင် ထိုအကျိုးလည်း ဖြစ်လာမည် မဟုတ်ဟု ထင်ပါသည်။

ရုရှစာရေးဆရာကြီး လီယိုတော်စထွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုထဲတွင် ဖော်ပြခဲ့သလို အဖြစ်အပျက်ကြီး တစ်ခုသည် သန်းပေါင်းများစွာ အဖြစ်အပျက် အသေးလေးများ စုပေါင်းပြီး ဖြစ်ပေါ်လာသည် ဟု ဆိုရမည် ဖြစ်လေသည်။အကြောင်း (cause) ကြောင့်အကျိုး (effect) ဖြစ်သည်ဆိုသည်မှာ လည်းထိုသဘောမျိုးပင် ဖြစ်မည်ဟု ထင်ပါသည်။ ဒီအကြောင်း (cause) ကြောင့် ဒီအကျိုး (effect) ဖြစ်သည်ဟု ဆိုရလောက်အောင် မရိုးရှင်းပဲ သန်းပေါင်းများစွာသော အကြောင်းများကြောင့် အကျိုးတစ်ခုဖြစ်သည်။ ထိုဖြစ်ပေါ်လာသော အကျိုးသည်လည်း နောက်ထပ်အကျိုးတစ်ခုဖြစ်စေရန် စုပေါင်းသော သန်းပေါင်းများစွာသော အကြောင်းတစ်ခုထဲ တွင် ပြန်လည်ပါဝင်သွားမည်ဟု ယူဆပါသည်။

ဥပမာတစ်ခု စဉ်းစားကြည့်ရအောင်ဗျာ။ မောင်ဖြူသည် ကုမ္မဏီတစ်ခုတွင် အလုပ်ရလေသည်။ သူအလုပ်ရသည့် အကြောင်းအရင်းမှာ သူဌေးနှင့် သူ့၏ဖခင်သည် ယခင်က မတော်တဆသိကျွမ်းဖူးခြင်း ကြောင့်ဖြစ်သည်။ သူတို့ဖခင်နှင့်ထိုသူဌေးသည် ရန်ကုန်မှမန္တလေးသို့သွားသော ကားပေါ်တွင် ခုံချင်းကပ်လျှက်ထိုင်မိသောကြောင့် သိကျွမ်းလာခဲ့ခြင်းဖြစ်လေသည်။ ထိုသို့ဆိုလျှင် မောင်ဖြူ၏အဖေ ထို ခရီးစဉ်ကို မသွားလျှင် မောင်ဖြူထိုအလုပ်ကိုရရန် မသေချာ။ ထိုခရီးစဉ်ကိုသွားရန် လက်မှတ်ဝယ်ခဲ့သော မောင်ဖြူအဖေ၏ တပည့်သည် လက်မှတ်ကို မှောင်ခိုမှ မ၀ယ်ပေးခဲ့လျှင် ထိုနေ့က မောင်ဖြူ၏ အဖေသွားဖြစ်မည် မဟုတ်သဖြင့် ထိုသူဌေးနှင့် ရင်းနှီးရန် အခွင့်အရေးရမည် မဟုတ်။ မောင်ဖြူလည်း မလုပ်ရမည် မဟုတ်သဖြင့် မောင်ဖြူ အဖေ၏ တပည့်လေးကလည်း မောင်ဖြူအလုပ်ရဖို့ အရေးကြီးလေသည်။ ဒါတင်မကသေးပါ။ ဆက်ပြီးစဉ်းစားလိုပါသေးလျှင် ထိုနေ့က မှောင်ခိုလက် မှတ်ရောင်းသူသည် မင်္ဂလာဆောင်တစ်ခုကို မသွားပဲအလုပ်ဆင်းသဖြင့် ထိုလက်မှတ်ကို ၀ယ်နိုင်ခြင်းဖြစ်သည်။ ထိုသို့စဉ်းစားလျှင် မှောင်ခိုလက်မှတ်ရောင်းသူသည်လည်း အရေးပါသောနေရာတွင် ရှိနေပြန်ပါသည်။ ထိုသို့ မသွားဖြစ်ရသည် အကြောင်းအရင်မှာ သူ့မိန်းမကမသွားလို့၍ဖြစ်သည် ဟုဆိုလျှင် ထိုသူ၏မိန်းမသည်လည်း အရေးကြီးသော နေရာတစ်ခုတွင်ပါလာပြန်ပါသည်။ တော်လောက်ပါပြီ။ ဆက်စဉ်းစားလျှင်ပြီးတော့မည် မဟုတ်ပါ။ ထို့ကြောင့် မည်သည့် အဖြစ်အပျက် တစ်ခုအတွက်မဆို ထိုအဖြစ် အပျက်ကို ဖြစ်စေနိုင်သော အကြောင်းအရာလေးအားလုံးက အရေးကြီးသည်ဟု ဆိုနိုင်ပါသည်။

Butterfly effect ဆိုသည်မှာလည်း ထိုသဘောမျိုးခပ်ဆင်ဆင်သာ ဖြစ်သည်ဟု ယူဆပါသည်။

ဗိုလ်ချုပ်အပါအ၀င် အာဇာနည်များလုပ်ကြံခံရပုံကို အနည်းငယ်စဉ်းစားကြည့်ပါ။ တခြားကိစ္စများကို မစဉ်းစားပဲ ရိုးရိုးလေး စဉ်းစားကြည့်ကြပါစို့။ အကယ်၍ လူတစ်ယောက် (လုပ်ကြံသေနတ်ပစ်သူ) ၏လက်ညှိုးလေးတစ်ချောင်း ကွေးလိုက်ခြင်းကြောင့် လူပေါင်း သန်းပေါင်းများစွာ အတိဒုက္ခရောက်ရသည် ဟုဆိုလျှင်ကော။ ရာနုန်းပြည့် မှန်သည်ဟု မဆိုနိုင်သော်လည်း မှားသည်ဟု တော့မငြင်းနိုင်ဟု ထင်ပါသည်။


ပြီးတော့ မြန်မာနိုင်ငံက ပြည်တွင်းစစ်အကြောင်း။ ပြည်တွင်းစစ်ကို ပညာရှင်များက မည်သူ့ကြောင့် မည်ဝါကြောင့် မည်သူက အဓိက တရားခံ မည့်သည့်အကြောင်းကြောင့် စသည်ဖြင့် ရှု့ထောင့်မျိုးစုံမှ ထောက်ပြဆွေးနွေးကြပါသည်။ သူတို့လည်း သူတို့အယူအဆအရ မှန်ကြပါလိမ့်မည်။ ကျွန်တော့် အယူအဆအရတော့ မြန်မာနိုင်ငံသားအားလုံးနှင့် မြန်မာနိုင်ငံ နှင့် ပတ်သက်နေသောသူ အားလုံး၏ လုပ်ဆောင်ချက်အားလုံးသည် (သေးသည်ဖြစ်စေ ကြီးသည် ဖြစ်စေ နိုင်ငံရေးနှင့် ဆိုင်သည် ဖြစ်စေ မဆိုင်သည် ဖြစ်စေ) သန်းပေါင်းများစွာသော ပြည်တွင်းစစ် ဖြစ်ရန် အကြောင်းများ(causes) ထဲတွင် ပါဝင်မည် ဟုယူဆပါသည်။ အကြောင်းအရာတစ်ခုနှင့် တစ်ခုတော့ ပါဝင်မှု့ ပမာဏခြင်းတော့ တူနိုင်မည် မဟုတ်ပါချေ။ တစ်ချို့အကြောင်းအရာများကအဓိကကြောင်းများဖြစ်ပြီး အချို့သော ကြောင်းအရာများသည် သာမည အကြောင်းအရာများ ဖြစ်ပါလိမ့်မည်။ သို့သော် အကြောင်းအရာတိုင်းသည် သူ့နေရာနှင့်သူတော့ အရေးပါမည်သာဖြစ်ပါသည်။

နိဂုံးချုပ်ဆိုသော် သဘာဝကြီးက ကျွန်တော်တို့၏ လုပ်ဆောင်ချက်အားလုံးကို မှတ်တမ်းတင်ထားပါသည်။ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ထိုအကြောင်း (cause) တစ်ခုသည် သက်ရောက်မှု့ (effect) တစ်ခု ခုတော့ မလွဲမသွေရှိပါသည်။ သင်ကောင်းတာလုပ်သော်လည်း ဆိုးသောသက်ရောက်မှု့လည်း ရှိနိုင်သလို သင်မဟုတ်တာလုပ်သောလည်း ကောင်းသောသက်ရောက်မှု့လည်း ဖြစ်နိုင်နေသေးသည်။ အဘယ်ကြောင့် ဆိုသော သက်ရောက်မှု့ (effect) တိုင်းသည် သင်၏လုပ်ဆောင်ချက် တစ်ခုထဲကြောင့် မဟုတ်ပဲ သန်းပေါင်များစွားသော် အကြောင်းများ (causes) ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ထို့ကြောင့် ကျွန်တော်တို့၏ပတ်ဝန်းကျင်ရှိအကြောင်းအရာများအားလုံးသည်လည်း ကျွန်တော်တို့နှင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ ဖြစ်စေသက်ဆိုင်နေပါသည်။ မည်သည့်အရာကိုမှ လျှစ်လျှူရှု့လို့ မရပါချေ။မည်သို့ပင်ဖြစ်စေကာမူ ကောင်းသည့် အကြောင်းများလုပ်လျှင် ကောင်းသော အကျိုးများဖြစ်ပေါ်လာဖို့ များပြီး မကောင်းသည့် အကြောင်းများလုပ်လျှင် မကောင်းသော အကျိုးများ ဖြစ်ပေါ်လာဖို့များမည် ဆိုသည်မှာ မြေကြီးလက်ခက် မလွဲပါချေ။

“သင်ပြုလုပ်သော အကြောင်းကိစ္စတစ်ခု (သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ) အတွက် အကျိုးသက် ရောက်မှု့တစ်ခုခု မလွဲမသေရှိနေမည် ဖြစ်ပါသည်”

မှတ်ချက်။ အချို့သော အကြောင်းအရာများမှာ ဆရာမင်းသိင်္ခ၏ စာတစ်ပုဒ်ထဲမှာ ကိုးကားပါသည်။

မိုးတိမ်ညို
May,2009

Read More...

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP