သူတို့ကိုယ်တို့ အချိန်ဓလေ့ - မောင်သစ်ဆင်း
ဆရာမောင်သစ်ဆင်း၏ သူတို့ကိုယ်တို့ အချိန်ဓလေ့ပါ။ တန်ဖိုးရှိသော စာဖြစ်ပါသည်။
(၁)
ဆရာမြသန်းတင့်၏ကျေးဇူးကြောင့် ‘ရှားလော့ဟုမ်း’ ၀တ္ထုများကိုဖတ်ရသည့်အခါ ထူးထူးခြားခြား သတိပြုမိလာသော
အချက်တစ် ခုကိုတွေ့ရပါသည်။ “သူတို့ဆီက အချိန်ဓလေ့” ဖြစ်၏။
ရှုပ်ထွေး နက်နဲလှသော အမှုတစ်ခုကို ရှားလော့ဟုမ်း ကိုင်တွယ် ဖြေရှင်း ရာတွင် ထိုအချက်ကို အမြဲတမ်း လိုလို အသုံး
ချခဲ့ကြောင်းတွေ့ရသည်။ ရှားလော့ဟုမ်းသည် သူတို့ဆီက တိကျ မှန်ကန်လှစွာသော ဆက်သွယ်ရေး စံနစ် (မီးရထား၊
ကြေးနန်း …စသည်) နှင့် သတ်မှတ် ထားသည့် အချိန်အတိုင်း မလွဲမသေပြုမူ လှုပ်ရှား လုပ်ကိုင် လေ့ရှိသည့် သူတို့လူ့
အဖွဲ့အစည်း၏ နေ့စဉ်ဘ၀သဘာဝတို့ကိုထည့်သွင်းအခြေပြု၍ အမှုအပေါ်စဉ်းစားနည်းကို တည်ဆောက်လေ့ရှိသည်။
အမှုသွားအမှုလာဖြစ်စဉ်၊ ယုတ္တိဗေဒ၊ အသေးအဖွဲ့ကလေးများကိုမြင်တတ်မှု၊ ဗဟုသုတ ကျယ်ပြန့်မှု အစရှိသည်တို့သည် ရှားလော့ဟုမ်း ၀တ္ထုများ၏ ပါဝင်နေကျ အချက်များ ဖြစ်သော်လည်း ရံဖန်ရံခါ၌ ‘အချိန်သဘော’ သည် အမှု၏ အဓိက ကွင်းဆက်ဖြစ်နေတတ်သည်။ ထိုသဘောကို ရှားလော့ဟုမ်း ၀တ္ထု (၁၀) ပုဒ်တွင် အနည်းဆုံး သုံးပုဒ်ခန့်၌ တွေ့ရတတ်သည်။
စာပေ၏သမိုင်းတန်ဖိုးများကို အမှတ်စဉ်ရေး ထိုးကြည့်မည်ဆိုလျှင် သမိုင်းတန်ဘိုးသည် နောက်ဆုံးနေရာတွင်ရှိနေနိုင်ပါလိမ့်မည်။
စာပေအရာ မသွင်းကြသော စာအုပ်များ၌ပင် သူ့ခေတ် လူ့အဖွဲ့အစည်း၏ သဘာဝကို အရိပ်အငွေ့မျှ လောက့်တော့ တွေ့နိုင် တတ်သေး၏။
ရှားလော့ဟုမ်းဝတ္ထုများက ဆာအာသာကိုနင်ဒွိုင်း တို့ရပ်ရွာ၏အချိန်စနစ်ကို အလိုအလျောက်ပြောပြသည်မှာ သဘာဝကျပါသည်။ သူတို့ဆီက အချိန်စနစ်ဆိုသည်မှာ ဒီလိုပါလားဟု သိလိုက်ရ၏။
ရှားလော့ဟုမ်းကိုမြန်မာမှုပြုခဲ့သည့် ဆရာကြီးရွှေဥဒေါင်း၏ ‘စုံထောက်မောင်စံရှား’ ၀တ္ထုများကိုဖတ်ရသည့်အခါတွင်ကား ဆရာကြီး
တို့ခေတ်၏ အချိန်စနစ်ကို တွေ့ရပြန်ပါသည်။
“လာဗျို့ ကိုသိန်းမောင်၊ သုံးနာရီနှစ်ဆယ် လော်ကယ် မီသေးတယ်။ ခပ်သုတ်သုတ် လျှောက်ရင် ဘူတာကို နှစ်မိနစ် နဲ့ ရောက်ပါ
တယ်ဗျ”
“ပါဆယ်ထုပ် ရတာက ကြာသာပတေး နေ့မှာ ရတာဆိုတော့ ဗုဒ္ဓဟူးနေ့ကပို့လိုက်ဟန်တူပါရဲ့၊ ဒီတော့ နားရွက်တွေဖြတ်ခြင်းဟာ
တနင်္လာ၊ အင်္ဂါနေ့လောက် ဖြစ်မှာပဲ”
ရှား ။ ။ (သူ့ခြေထောက်ကို ကြည့်လျက်) “အင်းစိန် ဘက်က လော်ကယ်ရထားနဲ့ လိုက်ခဲ့မှတ်တယ်”
လူငယ် ။ ။ “မှန်ပါတယ်ခင်ဗျာ”
ရှား ။ ။ “ပြီးတော့ လန်ချား ဆက်စီးခဲ့တယ် ဟုတ်စ”
လူငယ် ။ ။ “ဟုတ်ပါတယ်ခင်ဗျာ”
ရှား ။ ။ “ဒီ ရွှံ့မျိုးဟာ မြေနီကုန်းဘက်နဲ့ အင်းစိန်ဘက်မှာ ရှိတတ်တာပဲ။ အချိန်ကလည်း ရှစ်နာရီ ဆိုက်တဲ့ အင်းစိန် လော်ကယ် ရထားကဆင်းပြီး လန်ချားနဲ့ လာရင်ရောက်လောက်တဲ့အချိန်”
“အမှုက နက်နဲတဲ့အပိုင်းရောက်လာတယ်ဆိုပေမယ့် တကယ်သဘာဝကျကျစဉ်းစားတတ်ရင် သိပ်မခက်လှပေဘူး။ သူ့မျက်နှာကို
အ၀တ်နက်နဲ့အုပ်ထားခံရတယ်ဆိုသော်လည်း အသံကိုတော့ကြားရတာပဲလေ။ တိုင်ကပ်နာရီကရှစ်နာရီထိုးသံကို ကြားတယ် သိပ်မကြာခင်မှာ မနီးမဝေးက ရထားဥသြဆွဲသံ ကြားရတယ် ဆိုကတည်းက အမှုကပြီးသွားပြီ၊ သူရောက်နေတာ ဘောက်ထော်ဘူတာနားကအိမ်တစ်အိမ်မှာပဲပေါ့။ ရထားအချိန်စာရင်း ကို ကျုပ်ကြည့်ပြီးပြီ။ နေရာသိမှတော့ ကျန်တာတွေက လွယ်သွားပါပြီဗျာ”
“ကျုပ်က ကြေးနန်းကြိုပြီး ရိုက်လိုက်တယ်လေ။ သူမရောက်ခင် ကြေးနန်းဟာ ကြိုပြီး ရောက်သွားတော့ တရားခံ ဘယ်ပြေးလွတ်
လိမ့်မလဲ”
xxxxxxxxxxxxxxx
“လူသတ်သမားဟာ လက်မှုပညာမှာ အတော်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပေပဲဗျ၊ စားပွဲတင်နာရီကို လူသတ်ကိရိယာ အဖြစ် ဖန်တီးထား
တာ၊ ကိုဘလှအောင် ဟာ မနက်ရှစ်နာရီ လေးဆယ့် ငါးမိနစ်မှာ ရုံးခန်းကိုရောက်တာ သူ သိထားတယ်။ နာရီကို တီထွင်ထားတာက ကိုးနာရီ ထိုးတာနဲ့ နာရီ အံဝှက်တံခါးလေး ပွင့်ပြီး စပရင်ကန်အားနဲ့ အဆိပ်အပ် ထွက်လာအောင် စီမံထားတာပဲ၊ ကိုဘလှအောင်ဟာ သူ့ရုံးခန်းစားပွဲ မှာ ထိုင်ပြီး ဆယ့်ငါးမိနစ်အကြာ ကိုးနာရီတိတိမှာ အဆိပ်အပ်ကြောင့် သေသွားရတာပါ။ တရားခံကတော့ အဲဒီနေ့မနက်က နာရီကို စားပွဲပေါ် လာထားသွားတဲ့သူပါပဲ”
(အခုနေများ ကျွန်တော့ကို ထိုနည်းလမ်းအားဖြင့် လုပ်ကြံရန်ကြံစည်ခဲ့လျှင်တော့ လူသတ်သမားမှာ နာရီတီထွင်ရကြိုးနပ်လိမ့်မည်
မဟုတ်ပါ။ အဆိပ်အပ်ထွက်ပြီး လေးဆယ့်ငါးမိနစ်အကြာမှ ကျွန်တော်က ဘုမသိဘမသိဖြင့် ရုံးခန်းသို့ရောက်ရှိလာလိမ့်မည် ဖြစ်၏။ ဤကား စကားချပ်။)
မောင်စံရှား ၀တ္ထုများကိုဖတ်ရင်းနှင့် စိတ်ထဲမှာ တွေးစရာတစ်ခုပေါ်လာပါသည်။ ‘ရှားလော့ဟုမ်း’ တွေထဲက ‘အချိန်’ အကြောင်းပြု
ဝတ္ထုမျိုးတွေကို အရင်းအတိုင်းမြန်မာမှု ပြုခဲ့ခြင်းမှာ အချိန်စနစ်ခြင်းတူခဲ့ကြလို့လား။
ရှေ့မီနောက်မီ လူကြီးသူမတစ်ဦးအား အကျိုးအကြောင်းပြောပြ မေးမြန်းကြည့်ပါသည်။
“အဘတို့တုန်းက အဲဒီလိုပဲ အချိန်မှန်ကြသလား”
“မှန်တာပေါ့ မောင်ရယ်၊ စောင့်ရတယ်ဆိုတာ သိပ်မရှိလှပါဘူး။ ဆက်သွယ်ရေးစံနစ်က ကွက်တိဖြစ်အောင်လုပ်ထားတာ”
“လူတွေကလည်း သူ့အချိန်နဲ့သူ ကွက်တိဖြစ်ကြသလား”
“တို့တုန်းက လူကြီးလူကောင်းဆိုတာ ဒီလိုလူမျိုးတွေပေါ့ကွာ၊ သူ့ဟာနဲ့သူကွက်တိဖြစ်အောင်နေကြတာပဲ”
ကွက်တိ … ကွက်တိ။
ဆရာကြီး ရွှေဥဒေါင်းသာ ရှိနေသေးလျှင် မောင်စံရှား ကိုစောစောစီးစီးရေးခဲ့မိခြင်းအတွက်အလွန်တရာ ၀မ်းမြောက်ဝမ်းသာဖြစ်နေ
မည်လားမသိ။ ယခုအချိန်မှာ ရေးမည်ဆိုလျှင်တော့ ‘ခေတ်ပြိုင် ယုတ္တိ’ မရှိဟု ဝေဖန်ကြလိမ့်မည် ထင်သည်။
မည်သို့ပင်ဖြစ်စေ တိကျမှန်ကန်စွာလည်ပတ်လှုပ်ရှားနေသော အချိန်စနစ်တစ်ခုအတွင်း၌ ကျွန်တော်တို့ဘိုးဘွားများနေထိုင်ခဲ့ကြ
ဘူးသည်ဟူသော သမိုင်းတစ်ကွက်ရှိခဲ့၏။
(၂)
မြန်မာမှုနယ်ပယ်၌အချိန်၏တန်ဘိုးနှင့်ပတ်သက်၍ စကားပုံများ၊ ဆုံးမစာများ၊ နီတိများ၊ ဆိုရိုးစကားများကြွယ်ဝစွာရှိခဲ့ပြီးဖြစ်သည်။
ဗုဒ္ဓသာသနာ အဆုံး အမ၌ တည်ခဲ့ကြသော ရှေးမြန်မာ ကြီးများ၏ လက်ဆင့်ကမ်း သတိ ပေးချက်များ ဖြစ်ပါသည်။ သို့ရာတွင် ‘အချိန် သတိ’ (Time Conseious) သည်ကျွန်တော်တို့၏ အမျိုးသား ဗီဇလက္ခဏာတစ်ခုဖြစ်မလာသေးပါ၊ အကျင့်စရိုက်တစ်ခု ဖြစ်မလာသေးပါ။ ‘မြန်မာတွေ အချိန်တိကျတယ်’ ဟူသော စကားမျိုး ကမ္ဘာ့ပါစပ်ဖျား၌ ရေပန်းမစားသေးပါ။ မြန်မာ့ ပါးစပ်ဖျားမှာတော့ ‘မြန်မာစံတော်ချိန်လေကွာ’ ဟူသော ပြက်လုံးသာ တွင်ကျယ်ခဲ့ပါသည်။
ဘာကြောင့်များ ဒီလိုဖြစ်ရတာပါလိမ့်။ အချိန်သတိလျော့နည်းခြင်းသည် လူမျိုး၏ဗီဇကြောင့်လား။ သို့မဟုတ် လူမျိုး၏ ဘ၀ကြောင့်
လား။ သို့မဟုတ် ထိုနှစ်မျိုစလုံးကြောင့်လား။
(၃)
“သူတို့ဆီက စက်နာရီ အရင် စပေါ်လို့ သူတို့က ကိုယ့်ထက်ပိုပြီး အချိန်မှန် ကြတာလို့တော့ ပြောလို့ မရဘူး။ ဗီဇ စရိုက်အရေး ကြီး
တယ်၊ တို့ကပေါ့တယ်၊ မလေးနက်ဘူး၊ မေ့လွယ်ပျောက်လွယ်ရှိတယ်။ ဆင်ခြင်တွေးခေါ်ဘို့ပျင်းတယ်။ ခံစားမှုနောက်ကိုပဲ အလွယ်တကူလိုက် တတ်ကြတယ်။ ဒီလိုစရိုက်မျိုးရှိတဲ့လူဟာအချိန်ပေါ်မှာသာမကဘူး တခြားဘာကိစ္စပေါ်မှာမှ လေးလေးနက်နက် သဘောထားတတ်မှာ မဟုတ် ဘူး။ ပညာရေးနဲ့ ထိန်းဘို့လိုတယ်။” ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးကဝေဖန်ပါသည်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ ဤသို့ရှုမြင်၏။ “ဘ၀ချင်းမတူကြဘူးဗျ၊ ကျွန်တော်တိှု့ဆီမှာလူတစ်ယောက်ရပ်တည်ဘို့လွယ်ကူ
ခဲ့တယ်။ သူတို့ဆီမှာကခက်တယ်။ ကျွန်တော်တို့ဆီမှာ ဗြောသံ စည်သံ တညံညံနဲ့ မုဆိုးမတောင် ဘုရားတည်နိုင်ခဲ့တဲ့ အချိန်တုန်းက သူတို့မှာ ပင်လယ် ထဲထွက်၊ ပင်လယ်ဓားပြ လုပ်ပြီး တိုင်းပြည်ကို ပံ့ပိုးပေးခဲ့ရတဲ့ အခြေအနေ၊ သူတို့က ဘ၀နာခဲ့ကြတယ်။ ‘အထိနာ’ တော့ ‘အသိသာ’ တာပေါ့ဗျာ။ နောက်ပိုင်းကိုလိုနီနယ်ချဲ့ဘ၀ရောက်ရတာပါပဲ၊ စီးပွားရေးသဘောတွေပါ၊ အခုလည်း သူတို့ဆီမှာ ကြည့်၊ လူတွေဟာ သုတ်သုတ် သုတ်သုတ်နဲ့ မအားကြဘူး။ ဆင်မယဉ်သာ ပုံစံမျိုးလုပ်နေရင် ဒုက္ခရောက်သွားမယ်၊ သူတို့အတွက် အချိန်ဟာ ငွေဖြစ်နေတာကိုး၊ အချိန်အတိ အကျ မလုပ်ချင်လို့ ကိုမရဘူး။ ဘ၀ပုံစံက အဲဒီလို။ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အချိန်ဟာ မက်လုံးဖြစ်သွားတယ်။ ငွေဖြစ်သွားတယ်၊ ဘ၀ ကတောင်းဆိုလာတဲ့ အခါ အချိန်ကို မလေးစားချင်လို့မရ၊ လေးစားလာရတာပဲ၊ ကြာတော့ အကျင့်ဖြစ်သွားရော”
အမှန်တော့ ကျွန်တော့်မှာ ပြဿနာ ဟောင်းကြီးထဲသို့ ပြန်လည်တိုးဝင် ကြည့်နေခြင်း သာဖြစ်ပါသည်။ ဘ၀ က အသိကို ပြဋ္ဌာန်း
သလား၊ အသိကဘ၀ကို ပြဋ္ဌာန်းသလား ဟူသောပြဿနာကအစ၊ ဗီဇနှင့် ပတ်ဝန်းကျင်အလယ်၊ စိတ် နဲ့ ရုပ် ဘယ်ဟာအဓိကလည်း ဟူသော ပြဿနာဟောင်း ကြီး၌ အဆုံးသတ်ရဖွယ်ရှိပါသည်။ ထားလိုက်ကြပါစို့။
“ဗီဇ ကြောင့်ပဲဖြစ်ဖြစ်၊ ဘ၀ကြောင့်ပဲဖြစ်ဖြစ်၊ အချိန်ပြဿနာ မှာတော့ ကျွန်တော်တို့မှာ အဲဒီနှစ်မျိုးလုံး အားနည်းချို့တဲ့ခဲ့တာအမှန်
ပဲ” ဟု သမိုင်းကထိက တစ်ဦးက ဆိုပါသည်။
(၄)
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ကဖေးဆိုင်တစ်ဆိုင်၌ မြန်မာ အမျိုးသားတစ်ဦး ကော်ဖီ သောက်နေ၏။ ကော်ဖီတစ်ငုံသောက်လိုက်
စီးကရက် တစ်ရှိုက် ဖွာလိုက်၊ လမ်းမဆီသို့ ငေးလိုက် နှင့် အတွေးထဲတွင် ကျွံကျ နစ်မြုပ် နေလေသည်။ အတန်ကြာသော သူ လှုပ်ရှား လာပြီး ကော်ဖီဖိုးရှင်းရန် စားပွဲထိုးကို ခေါ်လိုက်၏။ စုစုပေါင်း လေးဒေါ်လာ ကျပါသည် ဟုဆိုသောအခါ သူမျက်လုံးပြုးသွားလေသည်။
“ဟ … မနေ့က ငါသောက်ခဲ့ပါသေးတယ်၊ ကော်ဖီ တစ်ခွက် တစ်ဒေါ်လာပါ၊ သုံးဒေါ်လာက ဘယ်က ပိုလာတာလဲ”
စားပွဲထိုးကစားပွဲဘေးသို့လက်ညှိုးညွှန်ပြ၏။ သူငုံ့ကြည့်လိုက်၏။ စားပွဲဘေးဘောင်တွင်တပ်ဆင်ထားသည့်အချိန်မှတ်နာရီတစ်လုံး။
“တကတည်း သောက်ကျိုးနည်းဗျာ၊ ကျွန်တော်က ကိုယ့်ဆီ တုန်းကလို တမေ့ တမော ထိုင်ခဲ့ မိတာကိုးဗျ၊ သူတို့ ဆီမှာက ကြာတဲ့
အချိန် အတွက် အခ ပေးရတယ်၊ ကိုယ်ထိုင်နေတဲ့အချိန်အတွင်း ဂရုစိုက်စောင့်ကြည့်ခတွေ ဘာတွေ ညာတွေနဲ့ ဆိုတော့ လေးဒေါ်လာပေးခဲ့ရ သဗျို့။ နောက်တော့ ကြာကြာမထိုင်ရဲတော့ဘူးဗျ” ဟု စာရေးဆရာ ဟိန်းလတ်က ရယ်ရယ်မောမော ပြောပြပါသည်။
ထို့အတူပင် ရေဆင်းတက္ကသိုလ်က ဆရာဦးမောင်မောင်စံ (စာရေးဆရာ ကြည်မင်း၊ ကျော်စောမင်း) သြစတေးလျသို့ ဘွဲ့လွန်သွား
ယူစဉ်က တစ်နေ့တွင် မြို့ထဲ ထွက်လည်ရာ သူ့မိတ်ဆွေ တစ်ဦးရှိသည့် ရုံးဌာနတစ်ခု အနီးသို့ရောက်လာ၏။ ကြုံတုန်း ၀င်တွေ့ဦးမည်ဟူသော အတွေးနှင့်ရုံးထဲဝင်တွေ့လေသည်။ မစ္စတာဘယ်သူဘယ်ဝါနှင့် တွေ့လိုပါကြောင်း ပြောပြပြီးအပြင်ခန်း၌ စောင့်နေသည်။ မကြာမီသူ့မိတ်ဆွေ ထွက်လာ၏။
“ဟေး … မစ္စတာ စံ၊ ဘာ ကိစ္စရှိလဲ”
“အထူးအထွေ မရှိပါဘူး … ကြုံလို့ဝင်လာတာပါ”
“မဟုတ်ဘူးလေ၊ ကျွန်တော် ဘာလုပ်ပေးစရာရှိသလဲ”
“ဘာမှ မရှိပါဘူး၊ ကျွန်တော် ကြုံလို့ …”
“သြော် … ကျွန်တော့်ဆီလာလည်တာထင်တယ်”
“အဲ … ဟုတ်ပါတယ်”
“ဒါဆို ခဏစောင့်ပါဦးနော်”
မဂ္ဂဇင်းစာအုပ် အချို့ယူပေးကာ အပြင်ခန်း၌စောင့်ခိုင်းပြီး အထဲပြန်ဝင်သွားသည်။ တစ်နာရီလည်း ထွက်မလာ၊ နှစ်နာရီကြာလည်း
ပေါ်မလာ။ လူတစ်ချို့က ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြ၏။ နောက်ဆုံးနေ့လည်စာစားချိန်ရောက်မှ ကိုယ်တော်ချောက ပြုံးပြုံးကြီးထွက်တော်မူလာလေသည်။
“လာ .. မစ္စတာစံ ကော်ဖီသွားသောက်ရအောင်” တဲ့
အဲဒီကတည်းက ကျွန်တော် ပညာရလိုက်တယ်။ သူတို့ဆီမှာကကိစ္စ အထူးမရှိဘဲနဲ့ အလုပ်ခွင်ကို သွားတွေ့လေ့မရှိကြဘူး။ အလုပ်
ခွင်မှာ ဧည့်သည် လာခဲတယ်။ တစ်ယောက် နဲ့တစ်ယောက် တွေ့ချင်ရင် ကြိုပြီး ချိန်းကြတာပဲ၊ ဘယ်နေ့ ဘယ်နှစ်နာရီ မှာ လာတွေ့ မယ်ပေါ့၊ အဲဒါလည်း ချိန်းတဲ့အချိန် အတိအကျ သွားရတယ်။ နောက်ကျလွန်းရင် မကြိုက်ဘူး။ စောလွန်းရင်လည်းမကြိုက်ဘူး။ နောက်ကျရင် သူ့အချိန် ကိုကိုယ်ကဖြုန်းပစ်ရာရောက်တယ်။ စောလွန်းရင်လည်း ကိုယ့်အချိန်ကို ဖြုန်းပစ်ရာရောက်တယ်။ ကိုယ်က စောင့်နေရတော့မှာကိုး။ တစ်ခါက ပါမောက္ခချုပ်နဲ့ တွေ့ဘို့ချိန်းထားတဲ့အခါ ကျွန်တော် အချိန်အတိအကျ သွားပြီး တံခါး ခေါက် လိုက်တယ်။ အထဲက အသံထွက် လာတယ်။ “Ok, my son, Mr. San, Come in” တဲ့၊ ဒီအချိန်မှာ တံခါးခေါက်တာ ဘယ်သူဆိုတာ သူ သိပြီးသားလေ”
ပြီးခဲ့သည့် မေလထုတ် ကလျာမဂ္ဂဇင်း တွင်ပါရှိသော ပတ္တမြားခင်၏ ဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရာတွင် အမေရိကန် သို့အလည်
ရောက်လာသည့် အဆိုတော် ဒေါ်မာမာအေး၏ အမြင်ကိုတွေ့လိုက်ရသည်။
“ကျွန်တော်က (ဒေါ်မာမာအေး) မြန်မာ့အသံမှာ ၀န်ထမ်းလုပ်လာတာဆိုတော့အချိန်ကို စက္ကန့်ပိုင်း အထိ တိုင်းတတ်တယ်၊ ဒီမှာက
အချိန်ကုန်မြန်လိုက်တာမမခင်ရာ၊ မြန်မာပြည်မှာတုန်းကလည်း ဒီလက်ပတ်နာရီပဲပတ်တာပဲ၊ အမေရိကားမှာလည်းဒီလက်ပတ်နာရီ ပဲပတ်တာပဲ။ ဘာဖြစ်လို့ အချိန်တွေက မြန်နေ ရတာလဲလို့ တစ်ခါတစ်ခါ စဉ်းစားမိတယ်၊ မြန်မာပြည်မှာလို လူတွေဝတ္တရား မကျေနိုင် ကြတာ ဟာအချိန် မပေး နိုင်ကြလို့ဆိုတာ သဘောပေါက်လာတယ်”
ရင်ခေါင်းခွဲစိတ်ကု ဆရာဝန်ကြီး ဦးခင်မောင်အေးကလည်း အင်္ဂလန်အတွေ့အကြုံကိုပြန်ပြောင်းပြောပြပါသည်။
“ထူးဆန်းတာ တစ်ခုရှိတယ်ဗျ၊ အင်္ဂလန်မှာ ဆောင်းတွင်းကျလာရင် နာရီအချိန်တွေကိုပြင်ပစ်တယ်၊ အဲဒါ လေးငါးလ လောက်ကြာ
တယ်၊ ရေဒီယို ရုပ်မြင် သံကြားကနေ ကြေငြာပြီး ပြင်တာ၊ ဒီလိုဗျ ဟိုမှာဆောင်းတွင်း ကျရင် ရှစ်နာရီလောက်ထိ နေမမြင်ရသေးဘူး၊ မှောင်နေ တုန်းပဲ၊ ညနေကျတော့လည်း နှစ်နာရီလောက်ဆိုနေ၀င်သွားရော၊ ဒီတော့သူတို့က နံက် ၇ နာရီကို ၈ နာရီလို့ပြင်တယ်၊ ညနေ လေးနာရီဆိုရင် ငါးနာရီပေါ့ .. သဘော ကတော့ အစောကြီး ထရတယ်လို့ မထင်ရအောင် လုပ်တယ်နဲ့ တူပါတယ်။ တကယ် အလုပ်ချိန် ကတော့ အတူတူပါပဲ။ စစချင်းတော့ ဆန်းသလိုပေါ့ဗျာ။ နောက်တော့လည်း အသားကျသွားတာပါပဲ”
“ကျွန်တော် နေတဲ့နေရာနဲ့ ဆေးရုံနဲ့ကမဝေးဘူးဗျ၊ လှမ်းမြင်နေရတာပဲ၊ ဒါပေမဲ့ ကျွန်တော်က ၅ မိနစ်လောက် နောက်ကျ နေတတ်
တယ်၊ သူတို့က နောက်ကျလေ့ မရှိဘူး။ လူနာ လှည့်ကြည့် ကြတဲ့ အချိန်မှာ ၅ မိနစ် လောက် နောက်ကျ သွားရင် Case တစ်ခု လောက်တော့ လွတ်သွားရော၊ နောက်မကျအောင် ကြိုးစားရတယ်”
“သူတို့ကအလုပ်ချိန်မှာ တကယ်အလုပ်လုပ်ကြတယ်၊ နားချိန်မှာ တကယ်နားကြတယ်၊ အလုပ်ချိန်မနက် ၇ နာရီက ညနေ ၅ နာရီ
အတွင်းမှာ နားချိန် ၂ ချိန်ရှိတယ်။ အဲဒီအချိန်မှာ အပြည့်အ၀ နားကြတာပဲ၊ အလုပ်အကြောင်း မပြောဘူး။ မခိုင်းဘူး။ တစ်ခါတုန်းက နားချိန်မှာ ဆေးရုံဝန်ထမ်းတစ်ယောက်ကို အလုပ်အကြောင်းကျွန်တော်သွားပြောမိတော့ ‘ဒါဟာ သူ့ကိုယ်ပိုင်အချိန်ပါ၊ မနှောင့်ယှက်ပါနဲ့’ လို့ပြောတယ်ဗျ။ အလုပ်ခွင်မှာတော့ အဆင့်ဆင့် လေးစားမှုရှိပါတယ်၊ နားချိန်မှာတော့မရဘူး”
“ပြီးတော့သူတို့က တစ်နှစ်မှာ တစ်လ ခွင့်ပေးထားတယ်။ မယူချင်လို့မရဘူး။ ယူကိုယူရတာ၊ အဲဒီအချိန်မှာ သွားချင်ရာသွား၊
လည်ချင်ရာလည်၊ လုပ်ချင်ရာလုပ်၊ ဆေးရုံနဲ့လူနာတွေအကြောင်း ခေါင်းထဲမထည့်နဲ့ လုံးဝမေ့ထားလိုက်တော့၊ သူတို့အယူအဆက အလုပ်တစ်ခုကို ကြာရှည် လုပ်နေရရင် ငြီးငွေ့ပြီး စွမ်းရည် ကျသွားတတ်တယ်။ ဒါကြောင့် အပြောင်းအလဲသဘော ကိုယ်လုပ်ချင်တာ၊ စိတ်ဝင်စားတာ တစ်ခုခု ပြောင်းလုပ်စေချင်ကြတယ်”
“Change of work is rest” ဟူသော နပိုလီယံ ၏ စကား တစ်ခွန်း ကို သတိ ရမိ ပါသည်။ သို့သော် ယခု အချိန် ကျွန်တော့် အား
“မောင်မင်း ရုံးတာဝန်တွေနဲ့ ပင်ပန်း ငြီးငွေ့နေပြီ၊ အလုပ်ခွင် စွမ်းရည် ပြန်တက် လာအောင် ခရီးထွက်ပြီးအနားယူချေပါ” ဟု ခွင့်ပြုတိုက်တွန်း လာမည်ကိုတော့ စိုးရိမ်မိပါသည်။ အကြောင်းမှာ ပြည်တွင်း ခရီးသွားရမည်ကို ကျွန်တော်လွန်စွာ ကြောက်ရွံ့နေ၍ ဖြစ်ပါသည်။ ခရီးထွက်ခြင်းသည် အပန်းဖြေခြင်းဟု မယုံကြည်တော့သည်မှာလည်း ကြာပါပြီ။ အပန်းမပြေရုံမက ရှိစုမဲ့စု အားတွေပင် ကုန်လာနိုင်ပါသေးသည်။
သူတို့ဆီက ဆက်သွယ်ရေးစံနစ်မှာ ချောမွေ့အောင်၊ အချိန်မကုန်အောင် စီမံထားကြောင်းကို ကြုံရသူများက တညီတညွတ်တည်း
ပြောကြသည်။ ဘတ်စ်ကားတွေ၊ ရထားတွေ အချိန်မှန်ပုံ၊ လူ့ဂုဏ်သိက္ခာ နှင့်အညီ စီးရပုံ၊ စနစ်ကျပုံများကို ပြောပြသည်မှာ နားထောင်ကောင်းလှပါသည်။
“ဂျပန်မှာ ရုံးတက် ကျောင်းတက်နဲ့ လူစည်ကားတဲ့ အချိန်ဆိုရင် ရထားတွေက ၃ မိနစ် တစ်စီး ထွက်ပေးတယ်၊ လု မတက်ကြဘူး။
တန်းစီပြီး တက်သွားကြတာပဲ၊ လုတက်စရာလည်း မလိုဘူးလေ။ သုံးမိနစ်လောက်စောင့်လိုက်ရင် ရထားတစ်စင်းထပ်ဝင်လာတာကိုး၊ ခရီးဝေး တွေမှာဆိုရင် ဥပမာ အိုဆာကာ နဲ့ နာဂိုရာ ဆိုပါတော့၊ မိုင် လေးငါးရာလောက် ခရီးဝေးတွေမှာ ငါးမိနစ် တစ်စီးထွက်တယ်။”
“ပြီးတော့ လက်မှတ်စစ်တာက အဆင့်မြင့်တယ်၊ ဘူတာအ၀င်ဝက လက်မှတ်စစ်တဲ့အပေါက်လေးထဲကို လက်မှတ်ထိုးထည့်လိုက်၊
တံခါးပွင့်သွားမယ်၊ လက်မှတ်က ဟိုဘက်မှာ ပြန်ထွက်လာတယ်။ ဒါကိုမြင်တော့ ကိုယ်က ‘လူနှစ်ယောက် လက်မှတ် တစ်စောင်နဲ့ ၀င်သွားရင် ဘယ့်နှယ်လုပ်မလဲ’ ဆိုတော့ သူတို့က ‘၀င်ကြည့်လေ’ တဲ့၊ ၀င်ကြည့်တော့မရဘူးဗျ၊ ခေါင်းလောင်းတွေမည်ပြီး ဘူတာရဲတွေပြေးလာ ကြတယ်၊ ကိုယ်ကလည်းမကျေနပ်တာနဲ့ ‘ဒါဖြင့် လူနှစ်ယောက် ကုန်းပိုးပြီးဝင်မယ်ဗျာ’ ဆိုတော့ သူတို့က ရယ်လိုက်တာလေ၊ မလုပ်ပါနဲ့တော့တဲ့၊ သူတို့ဆီ မှာ လက်မှတ်တစ်စောင်အတွက်လောက်နဲ့ ဒီလောက်မလုပ်ကြပါဘူးတဲ့ဗျာ”
မီးရထားဝန်ကြီးဌာန ကုန်စည်ဌာနမှ ဦးသန့်ဇင်မောင် ၏ ဂျပန်လေ့လာရေး အတွေ့အကြုံ တစ်ကွက်ဖြစ်ပါသည်။
(၅)
“စည်းကမ်း ကြီးတာ၊ ကိုယ်ကျင့်သိက္ခာ စောင့်စည်းတာ၊ ခံစားမှုကို ထိန်းချုပ် နိုင်တာ၊ အချိန်ကို ရိုသေ လေးစား တာတွေ မှာတော့
ကမ္ဘာမှာ အင်္ဂလိပ်တွေက နာမည် အကြီးဆုံးပဲ၊ အမေရိကန်တို့ ဘာတို့က ဒီလောက်မဟုတ်ဘူး။ ဒါတောင် အင်္ဂလိပ် တွေလည်း အခုတော့ နဲနဲ လျော့လာကြပြီ ထင်ပါရဲ့။ တကယ်တော့ဗျာ ကျွန်တော်တို့ ဗုဒ္ဓအဆုံးအမ မှာလည်း အချိန်ရဲ့တန်ဘိုးကို အများကြီး ဟောပြောထားတာပါ” ဟု ဆရာတက်တိုးက ပြောပြပါသည်။
စဉ်းစားဖွယ်ကောင်းပါသည်။ ကျွန်တော်တို့သည် ပုဂံခေတ်ကတည်းက ဗုဒ္ဓဘာသာ အဆုံးအမအောက်တွင် နေထိုင်ကြီးပြင်းလာခဲ့
ကြသည်။ အချိန်နှင့် ပတ်သက်သော ဘာသာရေး အဆုံးအမများကိုလည်း တမြည်မြည် သင်အံ ခဲ့ကြရသည်။ ထို့ပြင် သမိုင်း တစ်ကွေ့၌ စနစ်စည်းကမ်းကြီး၍ အချိန် တိကျလှသည်ဟု နာမည်ကြီးသော အင်္ဂလိပ်နှင့်လည်း နှစ်ပေါင်းတစ်ရာ ခန့်နေထိုင်ခဲ့ကြဖူးသည်။ သို့ပါလျက်နှင့် ကျွန်တော်တို့၏ ‘အချိန်သတိ’ မှာမည်သို့ဖြစ်နေလေသနည်း။ အဘယ့်ကြောင့် ‘မြန်မာစံတော်ချိန်’ ဟူသော ကိုယ့်ကိုယ်ကို ပြန်သရော် ရသည့် ပြက်လုံးတစ်ခု ပေါ်ပေါက်ခဲ့ရပါသနည်း။
“ဒီလိုဗျ ကျွန်တော် တို့က မိရိုးဖလာ ဗုဒ္ဓဘာသာ အနေနဲ့ပဲ နေလာ ခဲ့ကြတာ၊ ဗုဒ္ဓ အဆုံး အမကို ခြေခြေ မြစ်မြစ် နက်နက် ရှိုင်းရှိုင်း
လေ့လာ ဆည်းပူးခဲ့တာက လူနည်းစုပဲ ဖြစ်ခဲ့တယ်၊ အများစုကတော့ အပေါ်ယံကြော လောက်နဲ့ပဲ ပြီးနေကြတာကိုး၊ နတ်တွေ၊ တန်ခိုးရှင် တွေနဲ့ပဲ ရောထွေးပြီး အချိန်ကုန်ခဲ့ကြတာ၊ ဒါကတစ်ကြောင်း၊ နောက်တစ်ကြောင်းကအင်္ဂလိပ်နဲ့အတူနေခဲ့ရပေမဲ့ အင်္ဂလိပ်ဆီကကောင်းတဲ့ အကျင့် တွေကို မရခဲ့ဘူးဗျ၊ ဘာဖြစ် လို့လည်း ဆိုတော့ မယူခဲ့ ကြလို့၊ ယူနိုင်စွမ်း မရှိခဲ့ ကြလို့၊ ကျွန်တော်တို့က အင်္ဂလိပ်ကို မုန်းတာကိုး၊ လူကိုလဲ မုန်း တယ်၊ သူတို့ရဲ့ တိကျတဲ့ စည်းကမ်းတွေကိုလည်း မုန်းတယ်၊ အင်္ဂလိပ်နဲ့ ပတ်သက်တာ အားလုံးကိုမုန်းတာပဲ၊ အမုန်းကို ကျော်လွန်ပြီး မကြည့် နိုင်ကြတော့ သူတို့မြင်သလို ကျွန်တော်တို့ မမြင်နိုင်ခဲ့ကြဘူး ဒါကြောင့် ရန်သူဆီကကောင်းတဲ့အချက် တွေကို မရလိုက်ကြတာပါပဲ။ ရခဲ့တဲ့လူ တွေကိုလည်း ဘိုဆန်တယ်၊ ကိန်းကြီးခန်းကြီးနိုင်တယ် ဘာညာနဲ့ ကျွန်တော်တို့ မကြိုက်နိုင်ခဲ့ကြဘူးလေ”
အမုန်းကို ကျော်လွန်ပြီး မကြည့်နိုင်ခဲ့ကြဘူးတဲ့ ရင်ထဲမှာ စိမ့်ကနဲ ဖြစ်သွား ရပါသည်။ ထိုစကားသည် နယ်ပယ်တိုင်းနှင့် သက်ဆိုင်
လိမ့်မည်ထင်သည်။ တစိမ့်စိမ့်စဉ်းစားနေရင်း က ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြောပြခဲ့ဘူးသည့် ဖြစ်ရပ်လေးတစ်ခု ခေါင်းထဲဝင်လာပြန်သည်။
စစ်မဖြစ်ပွားမီ အချိန်ကဖြစ်သည်။ ရုံးတစ်ရုံး၌ စာရေးတစ်ဦးသည် စားပွဲတွင် စာအုပ်ထူကြီးတစ်အုပ်နှင့်အလုပ်ရှုပ်နေ၏။ ထိုစာအုပ်
ကြီးမှာ ကားလ်မာ့ခ်၏ ‘အရင်း’ ကျမ်းကြီးဖြစ်လေသည်။ သူသည်ထိုကျမ်းကြီးကို အပတ်တကုတ်ဘာသာပြန်ဆိုနေ၏။ ထိုစဉ်ခိုက်တွင် အထက်အရာရှိ အင်္ဂလိပ်ကြီးသည် ထိုစာရေး၏ စားပွဲဘေးသို့ လာ၍ရပ်သည်။ စာအုပ်ကြီးကို တစ်ချက်ကြည့်သည်။ ဘာသာပြန် စာမူများကို တစ်ချက်ကြည့်သည်။ စာရေးက မော့ကြည့်လိုက်ချိန်မှာတော့ ဘာတစ်ခွန်းမှ မပြောဆိုဘဲ ရုံးခန်းဆီသို့ လှမ်းသွားပြီဖြစ်၏။ စာရေးက လုပ်မြဲအလုပ်ကို ဆက်လုပ်နေလိုက်၏။
ခဏကြာသော် မင်းစေတစ်ဦးက စာရေးဆီသို့ချည်းကပ်၍လာသည်။ မင်းကြီးက တွေ့လိုပါကြောင် အကြောင်းကြားခြင်းဖြစ်သည်။
စာရေးသည် လေးပင်စွာ ထရပ်လိုက်သည်။ သူသိလိုက်ပြီ။ အင်္ဂလိပ်တွေ မုန်းတီးသော ကွန်မြူနစ်စာအုပ်ကို ဘာသာပြန်ဆိုမိခြင်း အတွက် သူတစ်စုံတစ်ရာ ဖြေရှင်းရတော့မည်။
အရာရှိရှေ့၌ထိုင်မိချိန်တွင် သူယုံကြည်သော ၀ါဒဘက်က အစွမ်းကုန်ခုခံရန် သူပြင်ဆင်ပြီးဖြစ်သည်။
“ခင်ဗျား စောစောက ဘာလုပ်နေပါသလဲ”
“စာအုပ်တစ်အုပ်ကို ဘာသာပြန်နေတာ”
“ဘာစာအုပ်လဲ”
“ကားလ်မာ့ခ် ရဲ့ အရင်းကျမ်း”
“ကောင်းတယ်၊ ကမ္ဘာကို ကိုင်လှုပ်တဲ့စာအုပ်တွေထဲက တစ်အုပ်ပဲ၊ ဖတ်ရတာ အခက်အခဲများ ရှိသလား”
စာရေးသည် ခေတ္တမျှတွေဝေသွားကာ “နည်းနည်းတော့ ရှိပါတယ်”
“ကောင်းပြီ ခင်ဗျားကို အခုခေါ်ပြောရတာက ဒီစာအုပ်ကိုဘာသာပြန်ချင်တယ်ဆိုရင် အိမ်မှာယူပြီးဘာသာပြန်ပါ။ လိုအပ်တဲ့နေရာ
မှာ ကျွန်ုပ်ကိုလည်း အသုံးပြုနိုင် ပါတယ်။ ရုံးချိန်မှာတော့ ရုံးအလုပ်ကိုပဲ လုပ်စေချင် ပါတယ်။ ရုံးမှာ လုပ်စရာတွေ ရှိနေပါတယ်။ ကျွန်ုပ်လည်း မြန်မာစာအုပ်တစ်အုပ်ကို အင်္ဂလိပ်လိုပြန်ဆိုဖို့ကြိုးစားနေပါတယ်။ ရုံးချိန်မဟုတ်တဲ့အားလပ်ရက်တစ်ရက်မှာ ခင်ဗျားနဲ့တိုင်ပင်ချင်ပါသေးတယ် ဒါပါပဲ၊ သွားနိုင်ပါပြီ”
အရင်းရှင်တို့၏ အားကောင်းသောပရိယာယ်တစ်ခုဟူ၍တော့ ကျွန်တော်ဖြင့်မခံစားမိရိုးအမှန်ပါ။ အလုပ်ခွင်အချိန်ကိုလေးစားသော
စိတ်၏ပေါက်ဖွားရာ ရေခံမြေခံများအကြောင်းကို ကျွန်တော်တွေးနေမိပါသည်။
(၆)
ဤသို့နှင့်ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်၍လာသည်။ ဆက်သွယ်ရေးစံနစ်များ တိုးတက် မြန်ဆန်လာမှုနှင့် စီးပွားရေး ဖွံ့ဖြိုးကြီး
ထွားလာမှုတို့မှာ တစ်သားတည်းဖြစ်၍ ဖြစ်၍လာသည်။ ဖွံ့ဖြိုးတိုးတက်မှု၌အထိရောက်ဆုံးနည်းနာများ၊ စီမံခန့်ခွဲမှုများကို အပြိုင်အဆိုင် ရှာဖွေ၍လာကြသည်။ ယိုပေါက်၊ ဟာကွက်မရှိစေရအောင် ထောင့်စေ့စေ့ အသေးစိတ်လေ့လာကြသည်။ ဤတွင် အချိန်ကို အကျိုး ရှိအောင်ဘယ်လို သုံးမလဲဟူသော အချိန်ကို စီမံခန့်ခွဲမှု (Time Management) သည် ကဏ္ဍတစ်ရပ်အနေနှင့် ပါဝင်လာသည်။
“စီမံခန့်ခွဲမှု ဘာသာရပ်မှာ အချိန်ကိုထည့်စဉ်းစားလာကြတာဟာ သူတို့ဆီမှာတောင်သိပ်မကြာလှသေးဘူးဗျ။ ကျွန်တော်တို့ဆီမှာ
တော့ ထည့်မစဉ်းစားကြသေးပါဘူး။ အချိန်ကိုနားမလည်ဘဲလည်း လုပ်လို့ကိုင်လို့ရနေသေးတော့ မစဉ်းစားကြဘူးပေါ့၊ နေလို့ဖြစ်နေ သေးတာကိုး၊ အဲ … ကမ္ဘာကြီးထဲ ၀င်တိုးကြည့်မှ မလွယ်မှန်း သိကြလိမ့်မယ်။ အခုပုံစံ မျိုးနဲ့တော့ နိုင်ငံတကာနယ်ပယ်မှာ ၀င်ဆန့်ဖို့ မလွယ်သေးပါဘူး” ဟု စီးပွားရေးတက္ကသိုလ်မှ ဆရာဦးတင်သောင်းက ဆိုပါသည်။
“အမှန်တော့ သူတို့နဲ့ ကျွန်တော်တို့က ဉာဏ်ရည်မှာ ဘာမှမကွာလှပါဘူးဗျာ၊ တချို့နေရာတွေမှာ ကျွန်တော်တို့ကတောင် သာချင်
ပါသေးတယ်၊ ဒါပေမဲ့ဗျာ” ဆရာဦးခင်မောင်အေးက ဆက်မပြောတော့ဘဲ မဲ့မဲ့ကလေး ပြုံးနေလေသည်။
ဤအကြောင်းများကို ပြန်ပြောပြတော့ ကွန်ပျူတာသင်တန်း တက်နေသည့် ကောင်မလေးက ဆံပင်များကို ၀ဲကနဲခါရမ်းလိုက်၏။
“ဒီမယ် … အမေရိကန်မှာ တစ်နေ့လုပ်ခ အနည်းဆုံးတစ်နာရီ ၄.၃၅ ဒေါ်လာရှိတယ်။ နှစ်ဒေါ်လာနဲ့ ထမင်းစားလို့ရတယ်၊ အဲဒီလို
များ အချိန်ဟာ ငွေဖြစ်ကြည့်စမ်းပါ။ သင့်တော်တဲ့လုပ်ခကို နာရီနဲ့ပေးတဲ့ အလုပ်မျိုးတွေပေါ်လာစမ်းပါ။ ကျွန်မတို့ အချိန်တွေအလဟဿ ဖြုန်းပစ်နေရအောင် ကျွန်မတို့က ဘာသားနဲ့ထုထားတာမို့လဲ၊ အချိန်ကိုရှိခိုးနေမှာပေါ့။ သူတို့လို ကိုယ့်စားရိတ်နဲ့ ကိုယ်ကျောင်းတက်ကြမှာပေါ့ရှင်”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘဲ အငေးသား ကြည့်နေစဉ် လက်ဖက် ရည်ဆိုင် ကက်ဆက် ထဲမှ ‘ဗဒင်’ ၏ ကြေကွဲဖွယ် ရေရွတ်
မည်တမ်းသံထွက်ပေါ်လာပါသည်။
“တို့ကတော့တို့ကတော့”တဲ့။
မောင်သစ်ဆင်း
သင့်ဘ၀၊ ၁၉၉၄၊ ဇူလိုင်
1 comments:
Very Good & valuable post.
Thank you.
Post a Comment