Wednesday, December 10, 2008

ရွာဦးစေတီ



ပေနှစ်ပင်ရွာသူကြီး ဦးလှမောင်သည် အိမ်ရှေ့ ကွပ်ပစ်တွင်ထိုင်ကာ ရေနွေးကြမ်းနှင့် မြို့ မှ တကူးတက မှာယူထားသော နဂါးနှစ်ကောင်ဆေးပေါလိပ်ကို ဖွာရှိုက်ရင်းတောင်တောင်အီအီ အတွေးနယ်ချဲ့နေမိသည်။ သူကြီးဦးလှမောင် ဟုဆိုသော်လည်း သူ၏အသက်မှာ လေးဆယ်ပင် မပြည့်တတ်သေး။ ဦးလှမောင်ဖခင် သည်လည်း ဤရွာ၏ သူကြီးပင်ဖြစ်ခဲ့သည်။ သူ၏ဖခင်သူကြီးဆုံးသောအခါ ရွာသူရွာသားများက တစ်ညီတစ်ညွတ်ထဲပင် ဦးလှမောင်အား သူကြီး အဖြစ်ရွေးခြယ်ခဲ့ ကြခြင်းဖြစ်သည်။ ဦးလှမောင်သည် ရွာရှိအတန်းပညာသင် ဖူးသူ အနည်းစုထဲမှာ ပါလေသည်။ သူသည်ခရိုင်မြို့ကြီး တွင်ပင် အတန်းကျောင်းတတ်ဖူးသည်ဟုသိရသည်။ ဘယ်နှစ်တန်း ထိတတ်ဖူးသည်ကို မူမည်သူမှ အတိအကျမသိကြချေ။
ဦးလှမောင်သည် ဆေးလိပ်ကိုရှိုက်ဖွာရင်းဖြင့် ဤရွာကို အဘယ်ကြောင့် ပေနှစ်ပင်ရွာဟု ခေါ်သနည်း ဟုစဉ်းစားနေမိသည်။ တစ်ရွာလုံးတွင် ပေပင်နှစ်ပင်တည်းရှိသဖြင့် ပေနှစ်ရွာဟု အမည်တွင်ခြင်း မဟုတ်သည်မှာတော့ သေချာသည်။ အဘယ်ကြောင့် ဆိုသော် ဤရွာတစ်ဝိုက်တွင် ပေပင်ပေါင်းမြောက် များစွာ ရှိသောကြောင့်ဖြစ်သည်။ ရွာရှိ ရှေ့ မှီနောက်မှီလူကြီးများ ကိုမေးမြန်းကြည့်ရာ လည်းမည်သူမှ သူကျေနပ်လောက် အဖြေနိုင်ကြချေ။ တစ်ချို့ လူကြီးများက ဆိုလျှင်
‘မောင်လှမောင်ရာ မင်းမလဲ လွယ်တာကို ခက်အောင်လုပ်နေပြီ နာမည်ဆိုတာ ပညတ်ချက်ပဲ ပေနှစ်ပင်ပဲခေါ်ခေါ်ပေ အပင်နှစ်ရာပဲခေါ်ခေါ် မထူးပါဘူးကွာ’ ဟုပင်ပြောကြသည်။ သို့သော် ဦးလှမောင်သည် ရှေးရိုးစွဲလူကြီးများကဲ့ သို့ အရာရာကိုမျက်စိမှိတ်လက်ခံနိုင်သူတစ်ဦးမဟုတ်ချေ။ သူက ‘ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ကြုံရင်ကြုံသလို စုံစမ်နေဦးမှာပဲ’ ဟုပြောတတ်သည်။
တကယ်တော့ ဤကိစ္စက ပြသနာမဟုတ်ပါ။ ရပ်ရေးရွာရေးကိစ္စ အချို့ တွင်သာ ရွာရှိရှေးရိုးစွဲလူကြီးများ နှင့် ဦးလှမောင်မကြာခဏ ကတောက်ကဆ ဖြစ်ရသည်။ တော်တော်များများ အခြေအနေမျိုးတွင် လူကြီးများကသာ အလျှော့ပေးရသည်ကများသည်။ အဘယ်ကြောင့်ဆိုသော် ဦးလှမောင်က ဗဟုသူတအတန်အသင့် ပြည့်စုံ၍ ချက်ကျလက်ကျပြောတတ်သည်ကတစ်ကြောင်း၊ တစ်ချို့အကြောင်းအရာများတွင် ဦးလှမောင်ပြောသည်မှာ မှန်နေသည်ကတစ်ကြောင်းတို့ ကြောင့်ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကပင် ‘အိမ်း မောင်လှမောင်ကတို့များထက် တော့ဗဟုသုတစုံပါတယ်ကွာ၊ ဒီတော့ မင်းပဲဆုံဖြတ်လကွာ’ ဟုပင်ပြောယူရသည်။
ယခုလည်းရပ်ရွာကိစ္စတိုင်ပင်ကြရင်း သူကြီးဦးလှမောင်နှင့် လူကြီးတစ်ချို့ အငြင်းပွားကြလေသည်။ ကိစ္စက ရွာလုံခြုံရေးကိစ္စဖြစ်သည်။ ခေတ်ကာကလည်း အင်္ဂင်္လိပ် အပြေး ဂျပန်အ၀င်ဖြစ်သဖြင့် ခေတ်ဆိုးကြီး ဖြစ်သည်။ အစိုးရအုပ်ချုပ်ရေး ယနရားကလည်း ရပ်ဆိုင်းသလောက်ဖြစ်နေသည်။ ထိုကြောင့် ကျေးရွာများမှာ မိမိလုံခြုံရေးမိမိတာဝန်ယူရသည့် အခြေအနေဖြစ်နေသည်။ ထိုကြောင့် သူကြီးဦးလှမောင်က ကျေးရွာရှိ ရံပုံငွေကို ကာကွယ်ရေးအတွက် ရွာစည်းရိုးခတ်မည်၊ လက်နက်အချို့စု ဆောင်းမည်ဟုတင်ပြသည်။ ရွာလူကြီးများကလည်း လက်ခံပါသည်။ သို့သော် သူတို့က ရံပုံငွေထဲမှ တစ်ချို့ တစ်ဝက်ကို ရွာဦးစေတီမွမ်းမံရေးအတွက်သုံးချင်သည်။ ဤသည်မှာ နှစ်စဉ်လုပ်နေကျ အလုပ်ဖြစ်သည်။ စေတီမှာလည်း ပြုပြင်သင့်နေပြီ။ သုတ်ထားသော ထုံးများကလည်းကွာနေပြီ။ အချို့နေရာများ ဆိုရင် အင်္ဂတေတောင် အနည်းငယ်ကွာကျနေပြီဖြစ်သည်။ ဤစေတီသည် ဟိုးဘုရင်ခေတ်ကတည်းက တည်ထားခဲ့သောစေတီဟုဆိုကြသည်။ ထိုခေတ်က မင်းသားကြီးတစ်ပါးသည် စစ်ထွက်ခါနီးတွင် ဤအရပ်တွင် လာပြီး စစ်ရေးလေ့ကျင့်သွားသည်။ ထို့နောက် ရန်အပေါင်းကို အောင်မြင်နိုင်ရန် အလို့ ငှာ အဓိဌာန်ပြီး ဤ ရန်အောင်မြင် စေတီကို တည်ထားခဲ့သည်ဟုဆိုသည်။ မှန်မမှန်မည်သူမျှတော့ အတိုအကျမသိကြချေ။
မည်သို့ ပင်ဖြစ်စေကာမူ ထိုစေတီသည် ရွာသူရွာသားတို့၏ အားကိုးအားထားရာတစ်ခုဖြစ် လေသည်။ ရွာသားတို့သည် အကြောင်းကြီးငယ်ရှိသည်များကို ဤစေတီ၌ ပူစော်ဆုတောင်းလေ့ရှိသည်။ ရပ်ဝေးသို့သွားရောက်မည့်သူများ၊ လယ်ထွန်ကောက်ရိတ်ပျိုးကြဲ စသည့်ဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်ထောင်ပြုမည်သူများပါမကျန် ဤစေတီ၌ ဦးစွာဆုတောင်းလေ့ရှိကြသည်။ ထိုသို့ ဆုတောင်းပူစော်လိုက် မှသာလျှင်မိမိလုပ်မည့် လုပ်ငန်းများတွင် အနှောက်အရှက်ကင်းရှင်းအောင်မြင်နိုင် မည်ဟုယုံကြည်ကြလေသည်။
ဤတွင်ဦးလှမောင်၏ ဘာသာရေးခံယူချက်ကိုသိရှိရန်လိုအပ်ပေသည်။ ဦးလှမောင်သည် မိရိုးဖလာအား ဖြင့်ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လေသည်။ သူ၏မိဘများမှာ ဘာသာရေးကိုင်းရှိုင်းသော သူများဖြစ်ကြသည်။ ဦးလှမောင်ငယ်စဉ်ကတော့ မိဘများကိုးကွယ်သော ဘာသာကိုကိုင်းရှိုင်းခဲ့ပါသည်။ သို့သော်မြို့ကျောင်းတတ်ပြီးသည့် အချိန်မှစ၍ သူ၏အမြင်မှာ တစ်မျိုးပြောင်းခဲ့သည်။ ထိုအချိန်က ကွန်မြူနစ်ဝါဒကလည်း မြန်မာနိုင်ငံတွင် စတင်ခေတ်စားသည့် အချိန်ဖြစ်သည်။ ထို့ကြောင့်တောမှ ကျောင်းသားလေး ကိုလှမောင်ကိုလည်း ထိုဝါဒကဖမ်းစားဟန်တူသည်။ သူသည် မြို့မှ ပြန်ရောက်သည့် အချိန်မှစ၍ ရုပ်ဝါဒီဆန်လာလေသည်။ သို့သော် သူ့၏မိဘများ ရှိစဉ်အခါကတော့ သူ၏ခံယူချက်ကို ပြောင်ပြောင်တင်းတင်း မဖော်ထုတ်ရဲခဲ့ပေ။ နောက်ပိုင်းတွင်မူ သူ၏ခံယူချက်ကို သွယ်ဝိုက်၍ တစ်မျိုးတိုက်ရိုက်တစ်ဖုံဖောက်ထုတ်ခဲ့လေသည်။ သို့သော်လည်းသူသည် ဘာသာမဲ့လုံးလုံးတော့လည်း မဟုတ်ချေ။ သူက
'ကျွန်တော်က ဘာသာမဲ့တော့ မဟုတ်ဘူးဗျ ဒါပေမဲ့ မိရိုးဖလာကိုးကွယ်တဲ့သတွေနဲ့ တော့ ယုံကြည်ပုံခြင်းမတူတာ' ဟုပြောတတ်လေသည်။
ယခုစေတီပြင်မည့်ကိစ္စတွင်လည်း ဦးလှမောင်နှင့် ရွာလူကြီး အချို့ အမြင်မတူကြ။ ဦးလှမောင် ကအရေးကြီးတာ အရင်လုပ်ချင်သည်။ ယခုအချိန်တွင် လက်နက်က အရေးကြီးသည်။ ထိုအုတ်ခဲစေ တီက မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ဟုယူဆသည်။ ထိုကြောင့် စေတီကို ယခုမပြင်နိုင် နောင်နှစ် ပြေလည်မှပြင်မည်ဟုဆိုသည်။ ရွာလူကြီးတစ်ချို့ ကဦးလှမောင်နှင့် ပြိုင်ငြင်းရန်ကြိုးစားသေး သော်လည်း ဦးလှမောင် ၏သြဇာကို မလွန်ဆန်နိုင်သည်ကတစ်ကြောင်း၊ ဦးလှမောင်ပြောသည်မှာ အထိုက်အလျှောက် နည်းလမ်းကျနေသည် တစ်ကြောင်းတို့ကြောင့် လက်လျှော့လိုက်ရသည်။ ရွာရှိ အသက် အကြီးဆုံး ဦးထော် က
ူ “မောင်လှမောင်ရဲ့ ဒီစေတီက တကယ်တန်ခိုးကြီးတာကွ၊ ဒါကိုမင်းလက်ခံရမယ်၊ မင်းလက်မခံရင်တောင် ရွာသားတွေရဲ့ယုံကြည်မှု့ကို မင်း လေးစားရမယ်“ ဟုပြောလေသည်။ သို့သော်လည်း ဦးလှမောင်က သူ၏ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါ။
ပေနှစ်ပင်ရွာ ကလေးကို ကာကွယ်ရန်လက်နက် အပြည့်စုံရရှိခဲ့သော်လည်း ထုံးကွက်ကြားစေတီလေး ကိုမြင်ရသော ရွာသူရွာသားများမှာ သိပ်စိတ်မချမ်းသာကြချေ။
ဤသို့ဖြင့်စစ်မီးကြီး သည်ပေပင်ရွာကလေးသို့ နီးသထက်နီးလာလေသည်။ သို့သော်လည်း ကံကောင်းသော ရွာကလေးမှာ ယခုအချိန်အထိ
အန္တရာယ်အငွေ့ အ သက်မတွေ့ရသေး။ သို့သော်မကြာမီတွင် ရွာသားများသည် စစ်ရိပ်စစ်ငွေ့များတွေ့လာရလေသည်။ အဝေးဆီမှ ပေါက်ကွဲသံ ကြားရခြင်း၊ ရံဖန်ရံခါ လေယာဉ်ပျံများကို တွေ့ရခြင်း တို့ကိုကြုံတွေ့ရလေသည်။ ဦးလှမောင်ကလည်း လုံခြုံရေး အစီအမံများကို စနစ်တကျချမှတ်လေသည်။ ရွာကို စည်းရိုးခတ်သည်။ ရွာရှိအားကောင်းမောင်းသန်များ စုစည်းပြီး လုံခြုံရေး အဖွဲ့ ဖွဲ့သည်။ ကင်းအလှည့်ကျစောင့်သည်။ ဗုံးဒဏ် ကာကွယ်ရန် အချို့နေရာများတွင် ကတုတ်ကျင်းများပင် တူးစေသည်။ ဦးလှမောင်၏အုပ်ချုပ်မှု့ အောက်တွင် အားလုံးသည် စနစ်တကျရှိနေလေသည်။
တစ်နေ့တွင်ကား လေယဉ်ပျံတစ်စီးသည် မည်ကဲ့သို့ မျက်စိလည်လမ်းမှား သည်မသိ။ ရွာတောင်ဘက်ပိုင်း ကုန်းမြင့်ပေါ်ရှိ ဦးသော်က အိမ်ပေါ်သို့ ဗုံးတစ်လုံးကျဲချလေသည်။ ထိုအချိန်က နေ့လည်ခင်းထမင်းစားချိန်ဖြစ်သဖြင့် ဦးသောက်က အိမ်မှ အိမ်သားအားလုံး အိမ်တွင်ရှိနေကြရာ အားလုံးသေဆုံးသွားလေသည်။ လေယာဉ်ပျံဝေးသွားမှ ဦးလှမောင်နှင့် ရွာသားများ ဦးသော်ကအိမ် သို့သွားရောက်ရှင်းလင်းကြလေသည်။ အိမ်သားများမှာ အလောင်းပင်ရှာမရတော့ချေ။ ရွာသားများ ကြောက်ရွံ့နေကြသည်။ ဦးလှမောင် ကမကြောက်ရန် အမျိုးမျိုးအားပေးသည်။ ကတုတ်ကျင်းများ ကို အိမ်တိုင်း တူးစေ၍ နောက်တစ်ကြိမ်လေယာဉ်ပျံသံ ကြားလျှင် ကတုတ်ကျင်းများထဲသို့ အမြန်ဆင်းရန်ညွှန် ကြားလေသည်။ တစ်ရက်နှစ်ရက် အကြာတွင် ရွာသားများ ယခင်အတိုင်းတည်တည်ငြိမ်ငြိမ်ပြန် ဖြစ်သွားသည်။ ဦးလှမောင်၏ စီမံကွပ်ကဲမှု့အောက်တွင် တစ်ရွာလုံးစနစ်တကျဖြစ်နေသည်ကို ကြည့်ပြီး ဦးလှမောင်တစ်ယောက်ကျေနပ်နေသည်။
သို့သော် အခြေအနေက ကြာကြာမခံပါ။ ပြသနာ ကတစ်နေ့ညကစလေသည်။ တစ်နေ့ညတော့ လေယာဉ်ပျံသံကြားရပြီး ရွာထိပ်သို့ဗုံးကျဲချလေသည်။ မည်သည့်နေရာကိုဗုံးထိမှန်သည်ကိုကား မသိရချေ။ နံနက်လင်းမှ ရွာသားမျာစုပြီး ဗုံးကျသည့်နေရာကိုရှာဖွေကြလေသည်။ ဗုံးထိမှန်သည့်နေရာကား ရန်အောင်မြင် စေတီဖြစ်လေသည်။
ဦးလှမောင်နှင့်ရွာလူကြီး အချို့ရောက်သွားသော အချိန်တွင်စေတီတည်ရှိရာကုန်းမြင့်ပေါ်တွင် ရွာသူရွာသားများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ အားလုံးသည် သွေးမရှိတော့သောမျက်နှာများရပ်နေကြ သည်။ စေတီကားမရှိတော့ချေ။ စေတီနေရာတွင်ချိုင့်ခွက်ကြီးနှင့် အုတ်အကျိုးအပဲ့များသာကျန်ခဲ့လေသည်။ ယခင်ကဤနေရာတွင်စေတီတည်ရှိသည်ဟုသိထားသည့်သူများသာ စေတီတည်နေရာကို မှန်းဆနိုင်မည်ဖြစ် သည်။ ရွာသားအားလုံးသွေးပျက်နေကြသည်။ အချို့လူကြီးများက တို့ရွာတော့ ကပ်ဆိုက်တာပဲဟုငြီးငြူကြသည်။ မိန်းမနှင့်ကလေးများက ငိုကြသည်။ အားလုံး၏စိတ်ထဲတွင် မကြာခင်၌ ကပ်ဆိုးကြီးတစ်ခုကျရောက်တော့မည်ဟုစွဲမှတ်နေကြသည်။
နောက်ရက်ကစပြီးရွာတွင်မည်သူမျှ အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့။ အားလုံးက သည်အကြောင်းပဲတွေးနေကြသည်။ သူကြီးဦးလှမောင်က အခြေအနေကိုထိန်းရန်ကြိုးစားသည်။ ရွာသားများကို အားပေးသည်။ သူက
“ခင်ဗျားတို့ ဒီလောက် အယူမသီးကြနဲ့ ဒီအုတ်ခဲနဲ့ဆောက်တဲ့ စေတီက ကျွန်တော်တို့ရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုက်ရိုက် မဆုံးဖြတ်နိုင်ပါဘူး“ ဟုပြောသည်။ ဦးလှမောင်ပြော သော်လည်း ရွာသားတို့၏ အကြောက်တရားကို မလွှမ်းမိုးနိုင်ခဲ့။ ထိုအချိန် မည်သူကစလိုက်သည် လည်းမသိ “စေတီပျောက် ရွာမှောက်“ ဆိုသည့် တဘောင်လိုလို စကားကလည်း ရွာသားတို့၏ အကြောက်ဒီရေကိုတိုးမြှင့်စေခဲ့သည်။ ရွာသားများက ဘေးကင်းရွာသို့ ပြောင်းရွေ့ရန်ဦးလှမောင် ကိုပြောသည်။ သို့သော် သူကြီးကလက်မခံ။
“ အကယ်၍ ခင်ဗျားတို့အားလုံး ပြောင်းသွားရင် ကျုပ်တို့ရွာလေး ပျက်သွားမှာပေါ့။ ဘယ်လောက်ကြာမလဲမသိတော့ လယ်တွေကောကုန်မယ်။ ရေတွင်းတွေပျက်စီးမယ်။ ကျွဲနွားတိရိစ္ဆာန်တွေအားလုံးကိုရောဘယ်လို လုပ်မလဲ၊ အခုဘာမှမဖြစ်သေးပဲနဲ့ ခင်ဗျားတို့ဘာလို့ပြောင်းရမှာလည်း၊ကျုပ်တို့ရွာကို ကျုပ်တို့ ကာကွယ်နိုင်တာပဲ“။ ဦးလှမောင် ဘယ်လောက်ပြောပြောရွာသားတွေနားမ၀င်ချင်တော့။
ရွာတောင်ပိုင်းမှ ဆေးဆရာ ဦးဖိုးထိန် တို့မိသားစု တိတ်တဆိတ်ပြောင်းပြေးသော အချိန်မှ စ၍ အခြေအနေကို ဘယ်လိုမှ ထိန်းမရတော့။ မိသားစုတစ်စုပြီးတစ်စုပြောင်းပြေးကုန်ကြသည်။ နောက်ဆုံးတွင် ဦးလှမောင်တို့မိသားစု နှင့် ရုတ်တရက် မပြောင်းနိုင်သေးသော မိသားစုအချို့သာ ကျန်ရစ်ခဲ့လေသည်။
ဦးလှမောင်သည် စေတီပျက်အုတ်ခုံပေါ်တွင်ထိုင်ပြီး အတွေးနယ်ချဲ့နေမိသည်။ အင်း ဦးသော်ကတို့ မိသားစုသေတုံးက ရွာသားတွေက မကြောက်ပဲနဲ့ ဘာဖြစ်လို့ ဒီစေတီပြိုမှ ကြောက်သွားရတာလည်း။ ဒီစေတီက တကယ်တန်ခိုးရှိလို့လား။ အဲဒီလိုတန်ခိုးရှိတယ်ဆိုရင်လည်း တန်ခိုးက စေတီမှာရှိတာလား လူတွေမှာရှိတာလား။ လူတွေကယုံကြည်လို့ အဲဒီယုံကြည်မှု့ကနေ တန်ခိုးဖြစ်သွားတာလား။ ဒါမှမဟုတ်အဲဒီယုံကြည်မှု့ကိုပဲတန်ခိုးလို့ခေါ်တာလား။ လူတွေမယုံကြည်ရင်ရော အဲဒီစေတီက တန်ခိုးရှိသေးသလား။ ဦးလှမောင်တွေးရင်း ခေါင်းရှုပ်လာသည်။
“အင်း ဘယ်လိုပဲဖြစ်ဖြစ်စေတီက တန်ခိုးရှိတယ်ပဲပြောရမှာပေါ့လေ“ ဟုငြီးငြူရင်း ပေနှစ်ပင်ရွာသူကြီးဦးလှမောင်သည် စိတ်ညစ်ဟန်ဖြင့် ခေါင်းတရမ်းရမ်း ဖြင့် ကျန်ရှိနေသော ပစ္စည်းများ ထုတ်ပိုးရန် အိမ်ဘက်ဆီသို့ လေးကန်စွာ ထွက်ခွာသွားလေသတည်း။

Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP