Wednesday, December 10, 2008

လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများ


အထက်ပါပုံကို ကြည့်ပြီးလျှင် အမေဇုံတောမှ လူသားစားလူရိုင်းများ၏ပုံလော ဟုထင်စရာရှိပါသည်။ မဟုတ်ပါ။ ဤပုံ သည် ဒါရိုက်တာ Bernardo Bertolucci ရိုက်ကူးသော Little Buddha (1993)ဇာတ်ကားထဲမှ ဘုရားမပွင့်မှီ အချိန် တွင်တွေ့ရသော ပဉ္စ၀က္ကီ ငါးဦး၏ ပုံဖြစ်ပါသည်။ အကယ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် ဤနေရာတွင် ပင်နှလုံးခုန် ရပ်သွားနိုင်ပါသည်။
ဗုဒ္ဓစာပေများ အရ ပဉ္စ၀က္ကီငါးဦးတို့ ၏သရုပ်ဖော်ပုံများကို ဖော်ပြရာတွင် သင်္ကန်း အပြည့်အစုံ ဦးပျည်း ကတုံးနှင့် ကြည်ညိုဖွယ်ရာသာ ဖော်ပြကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ စာပေများရှိ ပဉ္စ၀က္ကီငါးဦးပုံတို့မှာ ဘုရားပွင့်ပြီး အချိန် ကိုသာရည်စူး သရုပ်ဖော်ထားခြင်း ဖြစ်သောကြောင့်ဟု ထင်ပါ သည်။ သို့သော် ဘုရားပွင့် ပြီးပြီးချင်း အချိန် ဓမ္မစကြာ တရားဦးကို ဗောဓိပင် အောက်၌ ဟောကြား တော်မူ သော အချိန်တွင် ထို ပဉ္စ၀က္ကီငါးဦးတို့ ၏ပုံမှာ သင်္ကန်း၊ဦးပျည်း ကတုံးဖြင့် ဖြစ်နိုင်ပါသလား။ သို့မဟုတ် အထက်ပါပုံ အတိုင်းဖြစ်နိုင်ပါသလား။
ကျွန်ုပ်တို့ လက်လှမ်းမှီသလောက် စဉ်းစားကြည့်သော် ဘုရားပွင့်တော်မူသော နေရာသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် (ယခု နီပေါနိုင်ငံ)၊ 485BC ၊ထိုအချိန်က ယခုခေတ် သံဃာ ကဲ့သို့သော အဆင်အပြင်မှာ မပေါ်သေး၊ ထိုအချိန်က အိန္ဒိယတွင် စိတ်အကျင့် ကိုကျင့်သောသူများ ၊လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများသည် ယခုခေတ် ကျွန်ုပ်တို့သိသော ဆာဒူးကဲ့သို့သော ပုဂ္ဂိုလ်များ သာဖြစ်နိုင်လေသည်။ သံဃာဆိုသည် မှာ ဘုရားပွင့်ပြီးမှ ပေါ်လာခြင်းဖြစ်သည်။
ပဉ္စ၀က္ကီငါးဦး၏ပုံမှာ မည်သို့ပင်ဖြစ်စေကာမူ အရေးမကြီးပါ။ အဓိကကျသည်မှာ ဗုဒ္ဓတရား တော်သာ ဖြစ်သည်ဟု စောဒကတတ်နိုင်ပါသည်။ ထိုအချက်လည်းမှန်ပါသည်။ သို့သော်လည်း ထိုခေတ်က ပထမဆုံးသော ဗုဒ္ဓ၀ါဒကို လက်ခံသူများ သည် အဘယ်ကဲ့သို့သော သူများဖြစ်သနည်းဟု လေ့လာသင့်ပါသည်။ ထိုကြောင့် ဓမ္မစကြာတရားဦး ဟောသည့် ပုံစံ ကို သရုပ်ဖော်ရာတွင် မည်သည့်ပုံစံကို သရုပ်ဖော်သင့်သနည်း။ ယခင်ပုံစံအတိုင်း ကြည်ညိုဖွယ်ရာ သံဃာများ၏ ပုံစံသရုပ်ဖော်လျှင် အပြည့်အ၀ မှန်နိုင်မည်လား။ အကယ်၍ အထက်ပါပုံ အတိုင်း သရုပ်ဖော်လျှင်ရော ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ သဘောထားမည်နည်း။ ပိုပြီး အကျိုးရှိမလား၊ မရှိဘူးလား။ စဉ်းစားကြည့်ဖို့ဖြစ်ပါသည်။


ကိုးကား http://www.buddhist-temples.com/gautam-buddha.html
http://en.wikipedia.org/wiki/Buddhism
Walking in the desert
ဒီဇင်ဘာ၊၂၀၀၈။

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP