Sunday, December 14, 2008

အကျဉ်းသား ၏အကျပ်အတည်း (prisoner’s dilemma)

တစ်ချို့အခြေအနေတွေကို ပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနှင့်။ တစ်ချို့အခြေအနေ တွေမှာ လူတွေရဲ့တုံပြန်မှု့တွေ အပြုအမူတွေဟာ သာမာန်အခြေအနေနဲ့မတူတာကို တွေ့ရပါတယ်။ သူတို့ တွေကိုကြည့်ပြီးတော့ ငါဆိုရင်တော့ ဒီလိုမဖြစ်ပါဘူး လို့ဆုံးဖြတ်ချက်မစောလိုက်ပါနှင့်။ သင်လည်း အဲဒီ နေရာရောက်ရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရင်စဉ်းစားကြည့်ပါ။ ဥပမာ ရှေ့တန်းမှာ ရောက်နေတဲ့စစ်သား တစ်ယောက်လူရက်ရက်စက်စက်သတ်ရဲတယ်။ ဓါးနဲ့ လဲ ထိုး သတ်ရဲတယ် သေနတ်ဒင်နဲ့လည်းရိုက်သတ်ရဲတယ်။ တန်းစီပြီးလည်းပစ်သတ်ရဲတယ်။ ငါသာ ဆို ရင် တော့လုပ်ရဲမှာ မဟုတ်ဘူး(လုပ်မှာ မဟုတ်ပါဘူး) လို့မထင်နဲ့။ အောက်မှာ ပြထားအခြေ အနေ တွေ ကို စဉ်းစားကြည့်ပါ။

(၁) မိသားစုနဲ့လပေါင်းများစွာခွဲပြီး အငတ်ငတ် အပြတ်ပြတ်နေနေရတယ်
(၂) လပေါင်းများစွာအကြောက်တရားနဲ့နေနေရတယ်
(၃) တစ်ဘက်ရန်သူကြောင့် ဒါတွေဖြစ်တယ်လို ရိုက်သွင်းခံထားရတယ်
(၄) ရန်သူတွေကို ချေမှုန်းနိုင်မှ အေးအေးဆေးဆေး ပြန်နေနို်င်မယ်လို့ ယုံကြည်နေတယ်
(၅) သေခြင်းတရားနဲ့ နေစဉ်ထိတွေ့နေရတယ်
အဲဒီအခြေအနေမှာရှိတဲ့ လူတစ်ယောက်ရဲ့စိတ်က သာမာန်အချိန်မှာ ရှိတဲ့စိတ် အခြေအနေနဲ့ မတူ နိုင်ပါဘူး။ အဲဒီလိုအခြေအနေမှာဆိုရင်သင်လည်း သတ်ရဲမယ် ကျွန်တော်ဆိုလည်းသတ်ရဲမှာပဲ။ စဉ်း စား ကြည့်ပါ။ နိုင်ငံတစ်နိုင်ငံမှာ စစ်ဖြစ်ကြပြီဆိုရင် ပုံမှန် အခြေအနေမှာ ရိုးသားအေးဆေး တဲ့ လယ်သ မားကြီးတွေ၊ အလုပ်သမားကြီး တွေ၊ ဘာသာရေးကိုင်းရှိုင်း တဲ့အိမ်ထောင်ဦးစီးတွေ တောင်မှ သွေး ဆာ နေတဲ့ လူသတ်သမားတွေ ဖြစ်လာ နိုင်ပါတယ်။
အဲဒါ prisoner's dilemma နဲ့သွားတူတယ်။ အဲဒီမှာ ဘာကို ဆိုလိုထားသလဲဆိုတော့ ရာဇ ၀တ်မှု့ တစ်ခုကျုး လွန်ထားတဲ့ အကျဉ်းသား နှစ်ယောက် ကိုစစ်ဆေးတယ်။ သူတို့ကို တစ်ခန်းစီခွဲပြီး စစ်တယ်။ ဘယ်သူက အမှန်ကိုပြောပြီး ဘယ်သူကကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် ကိုသစ္စာဖောက်မလဲ။ အမှန်ကို ဖော်တဲ့သူကို လွတ်ငြိမ်းခွင့်ပေးပြီး ကျန်တဲ့သူကိုထောင်ချမယ်။ နှစ်ယောက်လုံး မဖော်ရင် လည်း ထောင်ကျမယ်။ အောက်က ဇယားအတိုင်းဖြစ်မယ်ဆိုပါစို့။ အကျဉ်းသား (က) နဲ့ အကျဉ်းသား (ခ) တို့ရှိပါတယ်။ သူတို့ကိုစစ်တဲ့ အချိန်မှာ နှစ်ယောက်လုံးက အမှန်ကို ၀န်ခံလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း တစ်ယောက်ကို ထောင်ဒဏ် (၁) နှစ်ဆီပဲကျပါမယ်။ (က) ကထုတ်ဖော်ပြီး (ခ) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(က) လွတ်ပြီး (ခ) က (၅)နှစ်ကျပါမယ်။ အဲလိုပဲ (ခ) ကထုတ်ဖော်ပြီး (က) ကနှုတ်ပိတ်နေရင် ထုတ်ဖော်တဲ့(ခ) လွတ်ပြီး (က) က (၅)နှစ် ကျ ပါမယ်။နှစ်ယောက်လုံးကနှုတ်ပိတ်နေရင် တစ်ယောက်ကို (၁)နှစ်ဆီကျမယ်။ ဘယ်နည်းက အကောင်း ဆုံးဖြစ်မယ်ထင်ပါသလဲ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက် အပေါ်သစ္စာရှိတာ အကောင်းဆုံးလို့ ထင်ရပေ မယ့် ကိုယ်ကတစ်ဘက်လူရဲ အခြေအနေကို မသိတဲ့ အတွက် အခြေအနေအရ သစ္စာဖောက်တာ ဟာ ကိုယ့် အတွက် အသက်သာဆုံးလိုဖြစ်နေပါတယ်။ အကျဉ်းသားတစ်ယောက် ခြင်းစီ အနေနဲ့ သစ္စာ ဖောက်လိုက်ရင် ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် လွတ်နိုင်ပါတယ်။ ရေငုံနှုတ်ပိတ်နေလိုက်ရင် တော့ ထောင်ဒဏ် (၁) နှစ် ဒါမှ မဟုတ် (၅) နှစ်ကျနိုင်ပါတယ်။ ကဲစဉ်းစားကြည့်ပါ။ သင်ဆိုရင်ရော ဘယ် လမ်း ကိုရွေးမလဲ။
အခုခေတ်မှာ အခြေအနေ အတော်များများ ဟာအဲဒီ prisoner’s dilemma လိုဖြစ်နေပါတယ်။ ကိုယ့် အတွက်ကိုယ် ကြည့်မှ သာအဆင်ပြေနိုင်တယ်ဆိုတဲ့ အခြေနေပါ။
အဲဒီလိုပဲ တကယ်လို့ လူတစ်ယောက်ဟာ မကောင်းမှု့ဒုစရိုက် တစ်ခုကိုလုပ်ပြီး ငွေရှာနေတယ်ဆိုပါဆို့။ အဲဒီကိစ္စ ကိုအပေါ်ယံအားဖြင့်ကြည့်ရင်တော့ အဲဒီလူကို အပြစ်မြင် ကြမှာပါ။ ဒါပေမယ့်သေသေချာချာစဉ်းစားကြည့်ပါ။ သူ့အိမ်က ကလေးကထမင်းဆာ လို့ငိုနေမယ်၊ ကျောင်းတတ်နေတဲ့ ကလေးကလည်း စာအုပ်ဖိုးတောင်းနေမယ် ဆိုရင် သူဘယ်လို လုပ်မလဲ။ အဲဒီ လူ အနေနဲ့ တခြားနေရာ က၀င်ငွေလည်း မရှိ၊ သမာအာဇီဝနဲ့ ရှာလို့ရတဲ့ မစို့မပို့ ၀င်ငွေ လေးတစ်ခုတည်းမှာပဲ မှီခိုနေ ရတယ် ဆိုရင် သူဘယ်လိုလုပ်မလဲ။ သူ့နေရာမှာ သင်ဆိုရင်ရော ဘယ်လို လုပ်မလဲ။ အစာငတ်နေ တဲ့ ကိုယ့်ရင်သွေးကို ပစ်ထားရလောက်အောင် နှလုံးသားမာကျော ဖို့တော့ လူအများစု အတွက်သိပ် မလွယ်ပါဘူး။ အဲဒီတော့ သူဘာလုပ်မလဲ။ အရှက်၊ သိက္ခာ၊ တရားမျှတမှု ကိုဘေးချိတ်ပြီး ရတဲ့နေရာကငွေရှာရတော့ တာပါပဲ။ မိမိပတ်ဝန်းကျင်မှာလည်း ဒီလိုနည်းနဲ့ ငွေရှာပြီး အဆင်ပြေတဲ့သူတွေ ရှိနေတော့ အဲဒီအခြေအနေကနေရုန်းထွက်ဖို့ မလွယ်ပါဘူး။ အောက်ပါဇယားကိုကြည့်ပါ။ သင်ဆိုရင်ကောဘယ်လမ်းကိုရွေးမလဲ။
အဲလိုနဲ့ နှစ်တွေကြာသွားတဲ့ အချိန်မှာ အဲဒီလူ တစ်ယောက် ရဲ့ စိတ်ဓါတ်က ဘယ်လောက်ပျက်စီး သွားမလဲဆိုတာ မှန်းကြည့်ပါ။ အဲဒီလူ ရဲ့ အုပ် ထိန်းမှုအောက် မှာ ကြီးပြင်းလာတဲ့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်ဆိုရင်ရော ဘယ် လိုဖြစ်မယ်ဆိုတာ မတွေးဝံ့စရာပါပဲ။
သေချာတာ တစ်ခုက လူတစ်ယောက်ကို သမာအာဇီဝနဲ့ သာလုံလုံလောက်လောက် ရအောင်ဖန်တီးပေး ကြည့်။ လူတစ်ရာမှာ ကိုးဆယ့်ကိုး ယောက်ကမကောင်းမှု့ လုပ်ဖို့ လက်တွန့်လိမ့်မယ်။ အာမခံရဲပါတယ်။ တစ်ချို့က စောဒကတက်နိုင် ပါတယ်။ အဲလို စားဝတ်နေရေးမပြေလည်တာ သူညံ့လို့ပေါ့။ အစကတည်းက ကြိုးစားပြီး တော် အောင်လုပ်ပေါ့။ ဥပမာ ဆရာဝန်၊အင်ဂျင်နီယာဖြစ်အောင်လုပ်။ စီးပွားရေး လုပ်နိုင်အောင်လုပ်ပေါ့တဲ့။ ဒါပေမယ့် ဒါက ပြသနာရဲ့ အဖြေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူ့အဖွဲ့အစည်းတစ်ခုက ဘီဂိတ်တွေ၊ အိုင်းစတိုင်း တွေနဲ့ကြည့် ပဲတည်ထောင်ထားတာ မဟုတ်လို့ပါပဲ။ ဆိုလိုချင်တာက လူ့အဖွဲ့အစည်းတစ်ခုက လူတော်တွေနဲ့ ကြည့် ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သာမာန်လူ တွေ အတွက်လည်း သူတို့နဲ့ ထိုက်တန်နဲ့နေရာရှိဖို့လိုပါလိမ့်မယ်။
အဲဒီလိုဖြစ်ဖို့အတွက် စနစ်တစ်ခုလုံး ကဖန်တီးမှ ရမှာပါ။ လူတစ်ယောက်ခြင်းကပဲ ပြုပြင် နေရင် သိပ်အရာမရောက်ပါဘူး။(လူတွေကောင်းဖို့ မလိုဘူးဟု ဆိုလိုခြင်းမဟုတ်ပါ စနစ်တစ်ခု လုံးပြင်မှာသာရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ )

အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
“Try to see the structure than events. “
“လတ်တလော အဖြစ်အပျက်ကလေးတွေထက် စနစ်တစ်ခုလုံးကို ခြုံပြီးကြည့်နိုင် အောင်ကြိုးစားပါ“ လို့ဘာသာပြန်ရ ရင်အဆင်ပြေမလားပဲ။

လူတိုင်းလူတိုင်း Prisoner’s dilemma ကရုန်းထွက်နိုင်ကြပါစေ။

ကိုးကား။ http://en.wikipedia.org/wiki/Prisoner%27s_dilemma

မှက်ချက်။ ဥာဏ်မှီလက်လှမ်းမှီသလောက်တင်ပြခြင်းဖြစ်ပါသည်။ ဝေဖန်အကြံပေးမှု့ကို ကြိုဆိုပါ၏။

မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။
http://www.walkinginthedesert.blogspot.com/

0 comments:

Visitor's Location

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP